Main menu

HighLight News

Powered by Drupal

အင်္ဂပူမြို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင်  ကညွှတ်ကွင်းကျေးရွာအုပ်စု၊ အ - လ - ကကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖက်ရှုရမည်ဖြစ်ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင်ဝင်ရောက်လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဟင်္သာတမြို့ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင်  ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊  စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန်စံညွှန်းပြည်မီရေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ/ချောဆီများာ တင်သွင်းရောင်းချခြင်းမပြုရန်၊  ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသောရည်ညွှန်းဈေးများအတိုင်း ရောင်းချရန်၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံး လုပ်နည်းဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များပြည့်မီကျော်လွန်အောင် ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)၊ ထူထောင်ရေးရပ်ကွက်ရှိ “သန့်စင်”ဆန်လှော်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်က  ဆန်လှော်မှုန့်ရောင်းချသည့်လုပ်ငန်းကို လုပ်ကိုင်လာခဲ့သည်မှာ (၃)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ပုံမှန်ဝယ်ယူသည့် ဖောက်သည်များလည်း ရှိလာပြီဖြစ်၍ “သန့်စင်”အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလိုသောကြောင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များကိုလည်း သိရှိလိုကြောင်းဆွေးနွေးရာ  စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူကြရန်နှင့် ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ”ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည်  စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို ပြည်သူအများ သိရှိနားလည်စေရန် ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနှင့် ရှုထောင့်ပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
        ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့  (နေ့လယ် ၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးတာဝန်ထမ်းဆောင်နေသော ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန်သည် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စားသုံးသူများအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်းသိရပါသည်။
    မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်စိုးက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန်က စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တ၀င့်ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ထိုသို့ ရှင်းလင်းဆွေးနွေး‌ရာတွင် စားသုံးသူအဓိပ္ပါယ်နှင့်စားသုံးသူကာကွယ်ရေးအဓိပ္ပါယ်၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအကြောင်း မိတ်ဆက်ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးများအကြောင်း၊ "ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက" ဆောင်ပုဒ်အတိုင်း ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်များနှင့်ပတ်သက်၍ အာမခံမှုပေးထားသည့်အပေါ် စားသုံးသူများက တောင်းဆိုနိုင်သည့်အခွင့်အရေးများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ထုတ်ကုန်များကို လုံခြုံ စိတ်ချရမှုရှိစေရန် ဥပဒေပါအတိုင်း ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံအောင် ထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ စာသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်‌ပေါ်လာပါက စားသုံးသူများအနေဖြင့် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များရှိ စားသုံးသူရေးရာဦးစီးဌာန၏ (Consumer Information and Complaint Center) CICC စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ၌ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သည့် ( www.doca.gov.mm ) (Complaint System) Mobile Application ဖြစ်သည့် Doca Myanmar Mobile app Consumer Call Center (1535) သို့ ဆက်သွယ်၍ တိုင်ကြားနိုင်ကြောင်းပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး  စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်နေသည့် အခြားလုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်း ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

ကုန်မျိုးစုံရောင်းချသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၁၈)ရက်နေ့အချိန်တွင်  ရွှေဘိုမြို့ပေါ်ရှိ ကုန်မျိုးစုံလက်လီ/ လက်ကားရောင်းချသည့် ဆိုင်(၂)ဆိုင်အား ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အဖွဲ့ဝင်(၅)ဦးဖြင့် COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့စစ်ဆေးရာ၌ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချသည့်ကော်ဖီမစ်များအား စစ်ဆေးရာ COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေနိုင် သည့် စားသောက်ကုန်များကို ရောင်းချမှုမရှိကြောင်း တွေ့ရှိရသဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများနှင့်  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းများကို  အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ချောင်းဆုံမြို့နယ် အ - ထ - က (ခွဲ) ကရင်ဝင်းစိန်ကျောင်း၌ မုန့်ဈေးတန်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၁:၅၀ နာရီအချိန်တွင် ချောင်းဆုံမြို့ အ - ထ - က(ခွဲ) ကရင်ဝင်းစိန် ကျောင်း၌ မုန့်ဈေးတန်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

        စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ချောင်းဆုံမြို့ အ - ထ - က(ခွဲ) ကရင်ဝင်းစိန်ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ကျောင်းသား/သူများ  ဘေးကင်းလုံခြုံမှုရှိစေရေး ကျောင်းမုန့်ဈေးတန်းစစ်ဆေးခဲ့ရာတွင်   ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ဖော်ပြသည့်အမှတ်အသား ထင်ရှားမှုရှိ/ မရှိ၊  ကုန်စည်များကို ရောင်းချရာတွင် ဘေးအန္တရာယ်ဖြစ်စေသည့်အစားအစာများ ရောင်းချမှုရှိ/ မရှိ၊ စားသုံးသူတို့အား လိမ်လည်လှည့်ဖြားမှုမရှိစေရန် ကျောင်းဈေးသည်များကိုလည်း အသိပညာပေးခြင်း၊ သတိပေးခြင်းနှင့် လိုက်နာရမည့်အချက်တို့အား ရှင်းလင်းဆောင်ရွက်ခြင်းပြုလုပ်ခဲ့ကြောင်း၊ ယခုတွေ့ရှိမှုအရ ရောင်းချလျက်ရှိသည့် အ - ထ - က(ခွဲ) ကရင်ဝင်းစိန် ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းစစ်ဆေးခဲ့ရာတွင် သန့်ရှင်း၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များသာရောင်းချကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်ကုန်ညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၀) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်ညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ အသစ်ထပ်မံပြောင်းလဲလိုက်သည့် ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေ၊ ကွင်းဆင်းစစ်ဆေးရာတွင် အဓိကထားစစ်ဆေးသည့် ထုတ်ကုန်များအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းအခြေအနေ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတို့နှင့်ပတ်သက်၍ သိကောင်းစရာများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

   

ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်အရောင်းအဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျိုက်ထိုမြို့ရှိ စားသောက်ကုန်ရောင်းချသောဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသောက်ကုန်အရောင်းဆိုင်(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့်ခဲ့ပြီး အဆိုပါဆိုင်များတွင် COFFEE SHOP (Very Good) တံဆိပ်ပါ ကော်ဖီကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ အဆိုပါကော်ဖီများရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပါသည်။

     ထို့နောက် ဆိုင်ရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသောကုန်ပစ္စည်းများကိုရောင်းချရန် ပညာပေး ဆွေးနွေးခဲ့ပါသည်။ထို့နောက်း ကုန်အညွှန်းအမှတ်အသာ ဖော်ပြချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖော်ပြပါရှိသော လက်ကမ်းစာစောင်အားဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် တရားမဝင်ဆေးဝါးရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျိုက်ထိုမြို့ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့ပေါ်ရှိ ဆေးဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အဆိုပါ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများအား ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ တရားမဝင်ဆေးများ ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပါသည်။

     ထို့နောက် ဆေးဆိုင်ပိုင်ရှင်များအား မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်သောဆေးဝါးများကို ရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသောဆေးဝါးများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

ဘီးလင်းမြို့၊ ရပ်ကွက်များရှိ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၃-၁-၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့၊ ရပ်ကွက်များရှိ အခြေခံလူသုံးကုန်၊ စားသောက်ကုန်များ ရောင်းချလျက်ရှိသော စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် COFFEE SHOP (very good) ကော်ဖီကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုရှိ/မရှိစစ်ဆေးခဲ့ရာ အဆိုပါကော်ဖီများ ရောင်းချမှုမရှိကြောင်းသိရှိရပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် သိကောင်းစရာများကို ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News