Main menu

HighLight News

Powered by Drupal

မော်လမြိုင်မြို့နယ် အ - ထ - က (၃)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံဦးဆောင်သော ဝန်ထမ်းနှင့်အဖွဲ့သည် ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၁၆-၁-၂၀၂၃)ရက်နေ့ နံနက် ၁၀:၃၀ အချိန်တွင် မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အ - ထ - က(၃)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဝါဝါမြိုင် ဦးစီးအရာရှိက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ အသိပညာရရှိစေမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအား ဟောပြောဆွေးနွေးပြီး ဒေါ်အိအိစမ်း အကြီးတန်းစာရေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများကို ဟောပြောဆွေးနွေးခြင်း၊ FDA ဌာနမှလည်း စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဓာတုဆိုးဆေးများအကြောင်းတို့ကို ထည့်သွင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ(၂၀)ဦး ကျောင်းသား/သူ (၁၇၈)ဦးတက်ရောက်၍ တက်ရောက်လာသူများအား စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့က လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးဌာန၊ မွန်ပြည်နယ်မှ ပြည်နယ်ဦးစီးမှူးသည် ၁၆-၁-၂၀၂၃ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ ဆားထုတ်လုပ်မှုအခြေအနေ၊ ဈေးကွက်၊ ဈေးနှုန်းအခြေအနေ၊ ကြုံတွေ့ရသည့်အခက်အခဲများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌက မွန်ပြည်နယ်တွင် ဆားကွင်းဧက(၄၅၀၀)ဧကရှိပြီး တစ်ဧကလျှင် ဆားထွက်ရှိမှု (၁၀-၁၅)တန်ထွက်ရှိပြီး စုစုပေါင်းအထွက်နှုန်းမှာ (၄၅၀၀၀-၅၀၀၀၀)တန်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဆားကြမ်းတစ်ပိဿာလျှင် (၁၈၀-၂၀၀)ကျပ်၊ ဆားချော (၄၀၀-၅၀၀)ကျပ်ရှိပြီး၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများသို့ တင်ပို့ရကြောင်းသိရှိရပါသည်။ ၎င်းအနေဖြင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် အဆင့်မြင့်အိုင်အိုဒင်းဆားချောစက်ရုံတည်ဆောက်နိုင်ရေးကြိုးပမ်းလျက်ရှိပြီး မတည်ရင်းနှီးငွေ၊ ဈေးကွက်ရရှိရေးနှင့်ပတ်သက်၍ဆွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်၌ အဆင့်မြင့်အိုင်အိုဒင်း ဆားချောစက်ရုံတည်ဆောက်ခြင်းအား ကြိုဆိုပါကြောင်း၊ ပြည်တွင်း/ပြည်ပဈေးကွက်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့ဘက်က  လိုအပ်သည့်အကူအညီများကို ကူညီပေးသွားမည်ဖြစ်ကြောင်းတို့အား ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၁၃-၁-၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့ပေါ်ရှိ ဆေးဆိုင် (၁၀) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် New Magnate Co;Ltd မှ ဆေးဝါးတစ်မျိုးဖြစ်သော Diclon-M Tablet (Diclofenac Sodium 50 mg, Paracetamol 500 g) နှင့် ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ Diclon-M နှင့် ပုံစံတူတရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြနိုင်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ ရွှေရည်သန့်(ဘက်စုံသုံးဆပ်ပြာဆီကုန်ကြမ်းရောင်းဝယ်ရေး)လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်က  မိမိအနေဖြင့် ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည် (Shampoo)၊ သဘာဝခေါင်းလျှော်ရည်၊ လက်ဆေးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ ဆပ်ပြာခရင်(မ်)၊ အမွှေးဆီ၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး၊ Hand Gel များပြုလုပ်သည့်ကုန်ကြမ်းများကို အဓိကရောင်းချပြီး  ကုန်ချောပစ္စည်းများကိုလည်း ထုတ်လုပ်ရောင်းချကြောင်းသိရှိရသဖြင့် ကုန်စည်ကိုထုတ်လုပ်ရောင်းချရာတွင်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူကြရန်၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများနှင့် (၂/၂၀၁၉)တွင် ကုန်စည်အုပ်စု(၈)ခုပါဝင်ပြီး ဆပ်ပြာအရည်အမျိုးမျိုး၊ ဆပ်ပြာအခဲအမျိုးမျိုးနှင့် ဆပ်ပြာအမှုန့်အမျိုးမျိုး စသည့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် ပါဝင်ကြောင်းနှင့် အဆိုပါကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းအရာများပါဝင်သည့် စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တမူးမြို့နယ် ( မြို့မ- ၃ )ရပ်ကွက်ရှိ “အဓိပတိ” ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၁၇ ) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် တမူးမြို့နယ် တာဝန်ခံ ဉီးစွမ်းရည်နှင့်ဝန်ထမ်းများသည်  တမူးမြို့နယ်၊ (မြို့မ-၃)ရပ်ကွက်ရှိ “ အဓိပတိ ”  ဆန်စက်လုပ်ငန်းရှင် ဦးစိုင်းလင်းနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ တွေ့ဆုံဆွေးနွေးရာ ဆန်စက်လည်ပတ်မှုအခြေအနေများ၊ ရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို မေးမြန်းရာတွင် ဧရာမင်း(စပါး)သစ် (  ၁၆ )ပြည်ပါတစ်တင်းလျှင် ( ၁၁၀၀၀ )ကျပ်၊ ချင်း-၃ (စပါး)သစ် ( ၁၆ ) ပြည်ပါတစ်တင်းလျှင် ( ၈၀၀၀ မှ ၈၅၀၀ ) ကျပ်အထိ၊ မှော်ဘီ(စပါး)တစ်တင်းလျှင် (၉၀၀၀ မှ ၉၅၀၀ ) ကျပ်အထိ၊ နှင့် ဧရာမင်း(ဆန်)သစ် ( ၂၄ ) ပြည်ပါတစ်အိတ်လျှင် ( ၄၅၀၀၀ ) ကျပ်၊ ချင်း-၃( ဆန်)သစ် ( ၂၄ ) ပြည်ပါတစ်တင်းလျှင် (  ၃၃၀၀၀ ) ကျပ်၊ မှော်ဘီ(ဆန်)သစ် ( ၂၄ ) ပြည်ပါတစ်တင်းလျှင် (၃၃၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ဧရာမင်း၊ မှော်ဘီ၊ ချင်း-၃ (စပါး)သစ်များကို ဒေသတွင်းနှင့် မန္တလေး၊ မုံရွာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ဧရာမင်း(ဆန်)သစ်နှင့် မှော်ဘီ(ဆန်)သစ်၊ ချင်း-၃ (ဆန်)သစ်များကို ဒေသတွင်းသာရောင်းဝယ်ဖောက်ကားလျက်ရှိပြီး စပါးဈေးနှုန်းများအနေဖြင့် ပေါ်စတွင် ဧရာမင်း(စပါး)သစ် ( ၁၆ ) ပြည်ပါတစ်တင်းလျှင် ( ၉၀၀၀ ) ကျပ်ဈေးနှုန်းဖြင့် ဈေးဖွင့်ခဲ့သော်လည်း ယခုလအတွင်းတွင်  စပါးအဝယ်လိုက်သည့်အတွက် စပါးဈေးနှုန်းများနှင့် ဆန်ဈေးနှုန်းများမှာ အရောင်းအဝယ်သွက်လျက်ရှိပါကြောင်း ဆန်စက်လုပ်ငန်းရှင် ဉီးစိုင်းလင်း၏ ဆွေးနွေးပြောကြားချက်များအရသိရှိရပါသည်။ ထို့နောက် တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို အသိညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ တိုင်းရဲတပ်ဖွဲ့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဦးစီးကျင်းပသော စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်သည့် သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၃-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ တိုင်းရဲတပ်ဖွဲ့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဦးစီးကျင်းပသော စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်သည့်သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

        ထိုသို့အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦးက စားသုံးသူကာကွယ်ရေးဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများပေါ်ပေါက်လာရခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့်လုပ်ဆောင်ချက်မျး၏ ကွဲပြားပုံအကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်အသုံးပြုလိုက်သော ကုန်စည်ကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှုကြောင့်ဖြစ်စေ ထိခိုက်နစ်နာမှုများရှိပါက မိမိတို့၏ စားသုံးသူအခွင့်အရေးကို အဆုံးရှုံးမခံဘဲ တိုင်ကြားကြစေလိုကြောင်း၊ ပြည်သူအားလုံးကို တိုင်ကြားသည့် အလေ့အကျင့်များရှိစေလိုကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ဘက်မှလည်း လိုက်နာရမည့်တာဝန်များကို လိုက်နာကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီး၊ ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားပြီး ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကြောင့် တိုင်ကြားလာသောကိစ္စရပ်များအားလည်း ဌာနမှညှိနှိုင်းပေးသဖြင့် အဆင်ပြေသွားသည့် အမှုကိစ္စများ များစွာရှိပါကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိပါကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး သင်တန်းသူများမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊  ပြန်လည်ဖြေကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet ပုံစံတူဆေးဝါးအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းတို့သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနများနှင့်ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet (Diclofenac Sodium 50mg, Paracetamol 500g) ပုံစံတူဆေးဝါးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။
        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် တရားမဝင် Diclon-M Tablet ပုံစံတူဆေးဝါးအား အဆိုပါဆေးဝါးပစ္စည်းအရောင်းဆိုင် (၆) ဆိုင်တွင် ရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဒု-ခရိုင်ဦးစီးမှူးက ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet ပုံစံတူဆေးဝါးအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resgistration No.(IR)များ ဖော်ပြထားသောဆေးနှင့် ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် ကွင်းဆင်းစစ်ဆေး အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဖောင်းပြင်မြို့နယ် ကျွန်းရွှေဝါရပ်ကွက်ရှိ(အမှတ်-၈၇ကျောင်း )တွင် စားသုံးသူအသိပညာပေးဟောပြော

      ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၁၆ ) ရက်နေ့ နံနက်( ၁၀:၃၀ )နာရီအချိန်တွင်  ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်ရှိ( အမှတ်- ၈၇ )ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် ဆရာ/ဆရာမ ( ၂၈ ) ဉီးနှင့် ကျောင်းသား/ သူ ( ၅၂ ) ဦး၊ စုစုပေါင်း ( ၈၀ )ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။ဟောပြောပွဲ၌ ကျွန်းရွှေဝါရပ်ကွက်ရှိ( အမှတ်-၈၇ )ကျောင်းမှ ဆရာကြီး ဉီးဇော်ဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဖောင်းပြင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဉီးကျော်သန်းစိန်  (ဒု-ဉီးစီးမှူး)က   အစားအသောက်များကို ဝယ်ယူရာတွင် သတိပြုရမည့်သိကောင်းစရာများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲအခမ်းအနားကို နေ့လယ် ( ၁၁:၃၀ ) အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)       

မကွေးမြို့၊ ဖိုလေးလုံးကျေးရွာ၌ ထုတ်လုပ်သော “ခန့်ခန့်”အမှတ်တံဆိပ်လုပ်ငန်းရှင်အား ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေး

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး၊ ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁၂-၁-၂၀၂၃)ရက်နေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ဖိုလေးလုံးကျေးရွာ၌ ထုတ်လုပ်သော “ခန့်ခန့်”အမှတ်တံဆိပ် (မာလာရှမ်းကော၊ မာလာရှုးရှဲ၊ ဆီချက်ခေါက်ဆွဲ) လုပ်ငန်းရှင် ဦးဖြိုးဝေအား ခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာ‌ပေးဆွေးနွေးခဲ့ပါသည်။

          “ခန့်ခန့်”အမှတ်တံဆိပ် (မာလာရှမ်းကော၊ မာလာရှုးရှဲ၊ ဆီချက်ခေါက်ဆွဲ) အသင့်စားအထုပ်များကို ဒေသတွင်းမကွေးမြို့နှင့် နီးစပ်ရာမြို့များဖြစ်သည့် တောင်တွင်း၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်နှင့် စလင်းမြို့များသို့ ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)မှ လုပ်ငန်းရှင် ဦးဖြိုးဝေအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဝင်ငွေတိုးဖို့ မြေစာဥစိုက်ပျိုးစို့

       မြေစာဥပင်ကို အပူပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ဆေးဖက်ဝင်သော သီးနှံတစ်မျိုးဖြစ်သောကြောင့် မြေစာဥစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း တွင်ကျယ်လာခဲ့ပါသည်။ နွေရာသီအစောပိုင်းတွင် စိုက်ပျိုးပြီး တစ်ရာသီခံသော သီးနှံတစ်မျိုးဖြစ်ပါသည်။ အပင်ပုံစံမှာ အရွက်များထောင်မတ်ပြီး တစ်မီတာခန့်ရှည်လျားပါသည်။ မြေစာဥပင်ကို ရေအမြဲတမ်းလွှမ်းနေသော လယ်ယာမြေများတွင် စိုက်ပျိုး၍ရပြီး စပါးပြီးလျှင်လည်း သီးလှည့်စိုက်ပျိုး၍ရပါသည်။ မျိုးဥများကို စိုစွက်သည့်ပျိုးခင်းများတွင် ဦးစွာပျိုးပြီးမှစိုက်ပျိုးရန် ကွင်းသို့ ပြောင်းရွေ့စိုက်ပျိုးသည်ဟု သိရှိရပါသည်။ စိုက်ကွင်းကိုရေသွင်းပေးရပြီး (၆) လအကြာတွင် ရိတ်သိမ်းနိုင်ပါသည်။ မြေစာဥသည် အကြီးဆုံးအနေဖြင့် နှစ်လက်မခန့်အချင်းရှိပါသည်။ မြေစာဥပင်ကို အနံကျယ်သော ပလက်စတစ်ပုံး၊ ရေကန်ငယ်တို့တွင်လည်း အလွယ်တကူစိုက်ပျိုးနိုင်ပါသည်။ ပန်းအိုး၊ ရေအိုး၊ ရေပုံးထဲတွင်လည်း အိမ်တွင်း၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ပါသည်။ မြေစာဥကို ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသောက်နိုင်သလို အစိမ်းလည်းစားသောက်နိုင်ပါသည်။ ထို့ပြင် မြေစာဥကို အခွံခွာပြီး စည်သွပ်ဘူးထဲ၌ထည့်ကာ တာရှည်ခံတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်လည်း ထုတ်လုပ်ကြပါသည်။ မြေစာဥတွင်  ကစီဓါတ်၊ ပရိုတင်းဓါတ်၊ အမျှင်ဓါတ်တို့ပါဝင်ပါသည်။ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေသည့် ဓါတ်များကိုလည်း ဖယ်ရှားပေးပါသည်။ သွေးတိုးကျစေပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပေးကာ ကင်ဆာပျံ့ျံ့ခြင်းကိုလည်း တာဆီးပေးပါသည်။ မြေစာဥကို အလွန်အကျွံစားမိလျှင် မအီမသာဖြစ်၍ ပျို့အန့်ခြင်းများဖြစ်တတ်ပါသည်။ ဈေးကွက်တွင် ဝက်မြေစာဥချို၊ စီးအလုံးဆိုဒ်အကြီး အစိမ်းတစ်ပြည်လျှင် ၃၈၀၀-၄၀၀၀ ကျပ်အထိရောင်းချ၍ အသင့်စားသုံးရန် ပြုတ်ပြီးသား တစ်ပြည်လျှင် ၄၅၀၀-၅၀၀၀ ကျပ်ဖြင့် ပြည်ဈေးကွက်တွင်ရောင်းချလျက်ရှိပါသည်။ ဝက်မြေစာဥပင်များသည် စိုက်ပျိုးရလွယ်ကူသောကြောင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News