Main menu

HighLight News

Powered by Drupal

ညောင်လေးပင်မြို့ မြို့မစျေးကြီးအတွင်း ဆပ်ပြာမွှေးခဲများနှင့်ပတ်သက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

                ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ညောင်လေးပင် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂.၅.၂၀၂၂ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် ၊ မြို့မစျေးအတွင်း ပင်ရင်းကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ ၊ ဖော်ပြပါ အလေးချိန်နှင့် အမှန်တကယ်ပါဝင်သော အလေးချိန် ကိုက်ညီမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချလျှက်ရှိသော ဆပ်ပြာမွှေးခဲများအနက် အချို့ဆပ်ပြာမွှေးခဲများသည် ဖော်ပြထားသော အလေးချိန်နှင့် ပါဝင်သောအလေးချိန် အနည်းငယ်လျော့နည်းသည်ကို တွေ့ရှိရပါသဖြင့် မြို့မစျေးကြီးအတွင်းရှိ  ကုန်စုံဆိုင်များအား ဖော်ပြပါ အလေးချိန် နှင့် အမှန်တကယ်ပါဝင်သော အလေးချိန် ကိုက်ညီမှုမရှိသည့် ကုန်ပစ္စည်းများအား ကုမ္ပဏီသို့ ပြန်လည်ပြောကြားပြီး လဲလှယ်၍ ပြန်လည်‌‌ရောင်းချရန် ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စာသုံးသူကာကွယ်‌ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

 

မြိတ်မြို့၊ ကလွင်သုဿန်ဘေး တွင် ဓါတုဆေးဝါးများအား မီးရှို့ဖျက်ဆီး

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များဖြစ်ကြသော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာ (ခရိုင်မီးသတ်)ဌာနများ ပူးပေါင်းအဖွဲ့သည် ၂၀၂၂ခုနှစ်၊ မေလ (၁၃)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီ အချိန်တွင် JDS ကုမ္ပဏီမှဓါတုဆေးဝါးများကို မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်သုဿန်ဘေး၌ မီးရှို့ဖျက်စီးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

         အဆိုပါဆေးဝါးများသည် JDS ကုမ္ပဏီမှ သက်တမ်းကုန်နေသောဆေးဝါးနှင့် ပျက်စီးနေသောဆေးဝါး(၈၀)မျိုးဖြစ်ပြီး မီးရှို့ဖျက်စီးခဲ့သောဆေးဝါးများ၏ စုစုပေါင်းတန်းဖိုးမှာ ၃၆၈၀၀၀၀၀ိ/- ခန့် ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲ

           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ၊ ဒိုးတန်းကျေးရွာအုပ်စု ၊ တောင်ဘို့ကိုးလုံးကျေးရွာ ၊ ဘုန်းတော်ကြီးကျောင်း၌ ၂၈.၄.၂၀၂၂ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် ဒိုက်ဦးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ မြို့နယ် ဆည်မြောင်း ဦးစီးဌာန၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဖိတ်ကြားထားသော တောင်သူများ တက်‌ရောက်၍ စိုက်ပျိုးရေး ၊  မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ နည်းပညာပေးသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးဝင်းမြင့်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ၊ ဦးစီးမှူးမှ နည်းပညာပေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်ပျိုးရေး၌ အဓိကဖြစ်သော မြေ ၊ မျိုး ၊ ပိုးမွှားများအကြောင်းကို လည်းကောင်း ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌‌ရေး ဦးစီးမှူးက မြစိမ်းရောင် စီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိရေးကို လည်းကောင်း ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးမှ အသားကဏ္ဍတိုးတက်‌ရေးအတွက် လည်းကောင်း၊ စက်မှုလယ်ယာဦးစီးမှူးမှ ကောက်စိုက်စက် ၊ ရိတ်သိမ်းစက်များ အကြောင်းကို လည်းကောင်း ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလို၍ မေးမြန်းချက်များကို သက်ဆိုင်ရာ ဌာနများမှ ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့နယ် ဓာတ်မြေသြဇာ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

         ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၃) စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) ၌ ၂၇.၄.၂၀၂၂ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး  ၊ ဝန်ကြီးချုပ်မှ ထောက်ပံပေးအပ်သော ဓာတ်မြေသြဇာအိတ်များကို တစ်နှစ်သုံးသီး စိုက်ပျိုးသော ဒိုးတန်းကျေးရွာမှ တောင်သူဦးမောင်စိုးထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောတောင်သူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ အမှာစကားပြောကြားခဲ့ပြီး တောင်သူဦးမောင်စိုးက ဓာတ်မြေသြဇာ ၂၀ အိတ်အား ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားမည်

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၃ပုဒ်မခွဲ(က)(၄)အရ စစ်ဆေးရေးအရာရှိများခန့်အပ်တာဝန်ပေးခဲ့ပြီး စစ်ဆေးရေးအရာရှိများအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအပါအဝင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ နည်းစနစ်ကျနစွာဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေပွဲကို ၂၀၂၂ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရုံးအမှတ် ၅၂ စားသုံးသူရေးရာ ဦးစီးဌာန နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၁/၂၀၂၂)ကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခု (၂/၂၀၂၂) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို (၅)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ စစ်ဆေးရေးအရာရှိ (၄၈)ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဆက်လက်၍ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ရန် ကျန်ရှိသည့် စစ်ဆေးရေးအရာရှိများကိုလည်း ယခုကဲ့သို့ အသုတ်လိုက်ခွဲ၍  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

        ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်သွားစေရေးတို့အတွက် ၂၀၂၂ခုနှစ် ဧပြီလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများ(၁၈)ကြိမ် ဆောင်ရွက်ခဲ့ပြီး ယခုမေလပထမပတ်နှင့် ဒုတိယပတ်အတွင်း(၂၀)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်စားသုံးသူများအနေဖြင့်  ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေ ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန် တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ် ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရေကြည်မြို့နယ်၊ ကြာကန်ကျေးရွာဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရေကြည်မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့် ဝန်ထမ်းများသည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ကြာကန်ကျေးရွာဓမ္မာရုံ၌ (၁၂.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျေးရွာနေပြည်သူ(၃၀)ဦးအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး မိမိတို့နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက်လည်း စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့်အညီ သိရှိနိုင်ရန် ရည်ရွယ်၍ ယခုလို စားသုံးသူ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြို့မဈေးရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ  ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့နှင့် ပူးပေါင်း၍  (၁၃.၅. ၂၀၂၂)ရက်နေ့ နံနက်(၁၀:၄၀)နာရီအချိန်တွင် ဝါးခယ်မမြို့၊ မြို့မဈေးရှိ ဆေးဝါးရောင်းချနေသော ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Bella  Plus  Plaster နှင့်ပတ်သက်၍ ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ် Import မှ Registration No, (IR) များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိနှင့် Online ပေါ်တွင် ကြော်ငြာ၍ ရောင်းချနေသော ရသေ့ဆေး(သို့)ထိုင်းတိုင်းရင်းဆေးများရောင်းချခြင်း  ရှိ/မရှိစစ်ဆေး ခဲ့ပြီး သတ်မှတ်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးမှတ်ပုံတင်မရှိသောဆေးများအား ရောင်းချခြင်းမပြုရန် ဆေးဝါးရောင်းချနေသော ဆေးဆိုင် ပိုင်ရှင်များအား အသိပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဆေးဝါးရောင်းချနေသည့် အရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၁၀.၅.၂၀၂၂) ရက်နေ့၊နံနက် (၁၁:၃၀)အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့မဈေး၊ အောင်သာယာဈေး၊ ဆိပ်ကမ်းသာဈေးများအတွင်း ရောင်းချနေသော ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များ၌ Bella Plus Plaster များ ဆိုင်တင်ရောင်းချမှု ရှိ/မရှိ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင် အမှတ်နှင့်Import Registration NO.  (IR) များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဆိုင်ရှင်များအား Bella Plus Plaster သတ်မှတ် ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသောဆေးဝါးများ၊ သက်တမ်းလွန်ပစ္စည်းများ၊ ဆေးဝါးမှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများအား ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Online ပေါ်တွင်ရောင်းချနေသည့် ထိုင်းတိုင်းရင်းဆေး (ရသေ့ဆေး)အား ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၅.၂၀၂၂) ရက်နေ့တွင် Online ပေါ်တွင်ရောင်းချနေသည့် “ရသေ့ဆေး” ဟု ခေါ်ဆိုသည့် ထိုင်းတိုင်းရင်းဆေးများ စစ်တွေမြို့မဈေးအတွင်း ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ယင်း “ရသေ့ဆေး” (သို့) ထိုင်းတိုင်းရင်းဆေးသည် ထိုင်းနိုင်ငံ၏ FDA က ဘေးအန္တရာယ်ရှိ သည့်ဆေးအဖြစ် ထုတ်ပြန်ထားသည့် ဆေးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တရားဝင်ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဖြစ်ကြောင်းသိရှိရသည့်အတွက် ဈေးကွက်အတွင်းရောင်းချမှုမရှိ စေရေး၊  မိဘပြည်သူများအနေဖြင့် ၎င်းဆေးအား သုံးစွဲမှုမရှိစေရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ စေရန် ရည်ရွယ်၍ သွား‌ရောက်စစ်ဆေးရခြင်းဖြစ်ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်တွေမြို့ မြို့မဈေးအတွင်း ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိခဲ့ရပြီး စစ်တွေမြို့နယ်တာဝန်ခံက ရောင်းချသည့်ဆေးဆိုင် လုပ်ငန်းရှင်များအား “ရသေ့ဆေး”(သို့) ထိုင်းတိုင်းရင်းဆေးသည် Online ပေါ်တွင် အကိုက်အခဲ ရောဂါပေါင်းစုံပျောက်ဆေးအဖြစ် ကြော်ငြာရောင်းချနေကြောင်း၊ ၎င်းဆေးအား ထိုင်းနိုင်ငံမှ ဘေးအ‌န္တရာယ်ရှိသည့် ဆေးအဖြစ်ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံတွင်လည်း တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဖြစ်၍ သုံးစွဲသူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် မှာယူရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။                                                             

DOCA(ရခိုင်)  

Pages

Subscribe to RSS - HighLight News