Main menu

HighLight News

Powered by Drupal

ဓနုဖြူမြို့အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝင်ထမ်းများသည် ဓနုဖြူမြို့နယ် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအား မတ်လအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအား စစ်ဆေးဆောင်ရွက်ကာ အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ ၂၀၂၆ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် သွားရောက်၍ စည်းကမ်းချက်များနှင့် အညီဆောင်ရွက်နေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 

          ကွင်းဆင်းစစ်ဆေးရာတွင် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသည် ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍဖြစ်သည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ခရီးသည်ပို့ဆောင်မှုအခြေအနေများ၊ ဆန်ဆာဖြင့် ပို့ကုန်ပစ္စည်းများမှန်ကန်စွာ အချိန်နှင့် တပြေးညီ ပို့ဆောင်နိုင်ရေးအသိပေးခြင်း၊ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး ကားမောင်းနှင်သူနှင့် ကားတွင် စပယ်ယာလိုက်ပါဆောင်ရွက်သူများမှ စားသုံးသူစိတ်ကျေနပ်မှုရှိစွာ တပြေးညီဝန်ဆောင်မှုပေးနိုင်ရေး၊ များမကြာမီကာလတွင် သင်္ကြန်ကာလရောက်ရှိမည်ဖြစ်၍ ကားလက်မှတ်ဈေးနှုန်းများ အဆမတန်ကြီးမြင့်ရောင်းချမှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော စည်းကမ်းများ၊ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြို အသိပညာပေးTalk   Show   ပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ၊မြောင်းမြမြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍(၁၃.၃.၂၀၂၆)ရက်နေ့၊ မွန်းလွှဲ(၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံမှာ ကမ္ဘာ့စားသုံးသူများနေ့ကို အစပြုခဲ့ကြတာကတော့ အနောက်နိုင်ငံသားများဖြစ်ကြောင်း၊ (၁၉၆၀)နောက်ပိုင်းလောက်မှာ အနောက်နိုင်ငံသားတွေဟာ စားသုံးသူများကိုကာကွယ်ပေးရန်နှင့် စားသုံးသူအခွင့်အရေးများ ရရှိနိုင်စေရေးတို့အတွက် အရေးဆိုမှုများကိုတွင်တွင်ကျယ်ကျယ်ဆောင်ရွက်လာခဲ့ကြပြီး အနောက်နိုင်ငံသားတွေရဲ့ အရေးဆိုဆောင်ရွက်မှုတွေရှိလာတဲ့အပေါ် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက(၁၉၆၂)ခုနစ်၊ မတ်လ(၁၅)ရက်နေ့မှာ ကျင်းပပြုလုပ်သည့် ကွန်ဂရက် လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် “စားသုံးသူကာကွယ်ရေးနှင့် ပက်သက်သည့်အချက်အလက်များအား” အလေးထား ထည့်သွင်းပြောကြားရာမှ အစပြုပြီး နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်း စားသုံးသူများ၏အခွင့်အလမ်းများကို ဂရုပြုကာ အလေးထားမြှင့်တင်သည့်အနေဖြင့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”အခမ်းအနားအား အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့(Consumer International)မှ ဦးဆောင်၍ နှစ်စဉ်နှစ်တိုင်း ကျင်းပဆောင်ရီက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်းစားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စားသုံးသူကာကွယ်ရေး ဥပဒေရေးဆွဲပြဌာန်းခြင်းများကို ၂၀၁၄ခုနှစ် တွင် စတင်၍ နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်း “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”(World Cosumer Right Day) ကို ကျင်းပခဲ့ရာ ယခုနှစ်တွင် (၁၁) နှစ်သို့ပြည့်မြောက်ခဲ့ပြီး၊ စာတမ်းများဖက်ကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ၊Billboardများ စိုက်ထူခြင်းနှင့် Media Campaignများ ပြုလုပ်ခြင်းစသည့် လုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးများနေ့အကြောင်းကို အသိပညာပေးTalk Showတွင် အကျယ်တဝံ့ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)   

ရေကြည်မြို့နယ်တွင် စားသုံးသူအခွင့်အရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် (၁၁.၃.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရေကြည်မြို့နယ်တာဝန်ခံ ‌ဒေါ်ချယ်ရီမြင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ဆက်ဦးစီးမှူးရုံးတွင် ၂၀၂၆ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသုံးသူအခွင့်အရေးအသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဒေါ်ချယ်ရီမြင့်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကိုမတ်လ (၁၅) ရက်နေ့ ကျင်းပလျက်ရှိရာ စားသုံးသူများ၏ အခွင့်အရေးများကို သိရှိစေရန်၊ ဘေးကင်းလုံခြုံသော ကုန်စည်နှင့်ဝန်ဆောင်မှု့များရရှိစေရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပလျက်ရှိခြင်း၊ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှ စတင်၍ စားသုံးသူကာကွယ်ရေး ဥပဒေကို ပြဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှစတင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို နှစ်စဉ်ကျင်းပလျက် အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကိုအာဆီယံနိုင်ငံများနှင့် အတူဆောင်ရွက်ခြင်း၊ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်ဖြစ်သော “ ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ ” နှင့်အညီ အရည်အသွေးပြည့်ဝသော ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန် နိုင်ငံတော်မှ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အားပေးဆောင်ရွက်လျက်ရှိခြင်း၊ စားသုံးသူများသည် မိမိတို့၏ အခွင့်အရေးများကို သိရှိနားလည်တောင်းဆိုရယူနိုင်ရန် စားသုံးသူအခွင့်အရေး (၈) ချက်ကို အသိပညာပေးဆောင်ရွက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် စားသုံးသူရေးရာဦးစီးဌာနသည် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားစီစစ်ခြင်းတို့ကို မိတ်ဖက်ဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦး‌ဝင်းမင်းစိုး(ဦးစီးအရာရှိ) သည် ၁၃-၃-၂၀၂၆ ရက်နေ့ (၁၁:၃၀) နာရီအချိန်၌ ဓနုဖြူမြို့၊ ၉ရပ်ကွက်၊ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၅)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ မြို့နယ်ဦးစီးမှူးရုံးတွင် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁) ပုဒ်မ၂။ ပုဒ်မခွဲ(ဂ) အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပုဒ်မ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း စသည့်အချက်များအကြောင်းအပြင် ဥပဒေအခန်း(၁၄)ပုဒ်မ ၂၇ အရ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းနှင့် ကျန်းမာ‌ရေးဝန်ကြီးဌာနမှ အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အမိန့်ထုတ်ပြန်ခြင်း အကြောင်း၊ အီလက်ထရောနစ်အငွေ့ ရှူစက်ဖြစ်သည့်၊ အီလက်ထရောနစ်စီးကရက်ကဲသို့သော ပစ္စည်းများအကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့်အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်အကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ အထိမ်းအမှတ် စားသုံးသူအသိပညာပေး Talk show

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှဒေါ်ချိုမီဇင် ဒုဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူများနေ့အကြောင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         ထို့နောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အချက်များကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ သိလိုသည်များကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ရှင်းလင်းရာ  ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံ၊ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းရဲ့  ရည်ရွယ်ချက်၊ မြန်မာနိုင်ငံမှာ“ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့”အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနေမှုအခြေအနေများ၊ ၂၀၂၆ခုနှစ် ဆောင်ပုဒ်ဖြစ်သော “ထုတ်ကုန် လုံခြုံစိတ်ချမှ ယုံကြည် စိတ်ချစားသုံးသူဘဝ” ဆောင်ပုဒ်ဖြင့် ပြသိမ်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်မည့် အစီအစဉ်များ၊  အာဆီယံနိုင်ငံများနှင့် ပူးပါင်းဆောင်ရွက်မှုအခြေအနေနဲ့ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းမှု အခြေအနေများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပပြုလုပ်

          ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် မတ်လ ၁၅ ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ စုစုပေါင်း (၂၉၅) ဦးတက်ရောက်ခဲ့ပါသည်။

     ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယနေ့ကျင်းပပြုလုပ်သော စားသုံးသူများ၏ အခွင့်အရေးနှင့် လိုအပ်ချက်အကြောင်းကို အသိပညာပေးသည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဖြစ်သည့် မင်္ဂလာရှိသော အခမ်းအနားဖြစ် ကြောင်း၊ ၂၀၁၆ ခုနစ်မှစတင်၍ နှစ်စဉ် မတ်လ (၁၅) ရက်နေ့၊ ကမ္ဘာ့စားသုံးသူများနေ့ အခမ်းအနားကို ကျင်းပလျက်ရှိရာ (၁၁) ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၊ ကမ္ဘာ့စားသုံး သူအခွင့်အရေးများနေ့ အထိမ်းအမှတ်မှာ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူ ဘဝ” ဖြစ်ကြောင်း ဘေးကင်းစိတ်ချရသော  ထုတ်ကုန်များထုတ်လုပ်နိုင်မှသာ လူသားတို့အတွက် ကျန်းမာရေးကောင်းမွန်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ရေးစပ်သီကုံးထားသော သီချင်းဖြင့် ဌာနမှ ဝန်ထမ်းသမီးပျိုလေးများမှ ကပြဖျော်ဖြေခြင်း၊ မမပုသိမ်သူတေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ video clip ပြသခြင်း၊ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ် ပြခန်းများအား ဝန်ကြီးချုပ်မှ လှည့်လည်ကြည့်ရှု၍ တက်ရောက်လာသော ဧည့်သည်များမှ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်း၊ တိုင်းဦးစီးမှူးနှင့် ဒုတိုင်းဦးစီးမှူးတို့က ဆုချီးမြှင့်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် စံပြဈေးစည်ပင်နှင့်ပူးပေါင်း၍  (၁၀-၃-၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် သင်္ဃန်ကျွန်းမြို့နယ်၊ စံပြဈေးအတွင်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးမှူးက  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောလျှပ်စစ်ပစ္စည်းမျာတွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊  သတိပေးချက်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖော်ပြထားမှုရှိ/ မရှိတို့ ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော လျှပ်စစ်ပစ္စည်းများကိုသာ ဈေးကွက်အတွင်းရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိနိုင်ရန် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောက်ဥက္ကလာပမြို့နယ်ရှိ “ဆေးကုမ္မဏီ/ဆေးဂိုဒေါင်များအား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် (..၂၀၂ )ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တရားမဝင်ဆေးဝါးများ၊ စံမမီဆေးဝါးများနှင့် သက်ဆိုင် ရာဌာနများမှထောက်ခံချက်မပါသော ဆေးဝါးများရောင်းချမှုမရှိစေရေး မြောက်ဥက္ကလာပမြို့နယ်ရှိ ဆေးကုမ္မဏီ၊ ဆေးဂိုဒေါင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီရောင်းချမှုရှိ/ မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းများရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများပါဝင်မှု ရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)သည်(၉.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင် ဈေးရုံစည်ပင်ရုံး၌ ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ အသိပညာပေးဟောပြောရာတွင်ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က ၂၀၁၉ခုနှစ်၊ စား သုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာအချက်အလက်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ရန် CICC ရုံးခန်း များဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်းသိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်ရရှိပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံပါ (၂)ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၆.၃.၂၀၂၆) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာနှင့် လှပဒါးကျေးရွာများသို့သွားရောက်၍ စားအုန်းဆီလက်လီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခွဲတမ်းရရှိသောစားအုန်းဆီများအား မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာနှင့် လှပဒါးကျေးရွာများရှိ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း လက်လီကိုယ်စားလှယ်တို့မှ တစ်ဆင့်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူ ဌာနဆိုင်ရာများမှ ထိုသို့ရောင်းချနေမှုအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ အလေးချိန်ပြည့်/ မပြည့်၊ ခွဲတမ်းရစားအုန်းဆီများအား ပြည့်ဝစွာရောင်းချခြင်းရှိ/ မရှိနှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရေး ရောင်းချရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းနှင့် ရောင်းချသူအမည်တို့ ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News