Main menu

HighLight News

Powered by Drupal

မအူပင် စားအုန်းဆီ လက်လီလက်ကားအရောင်းဆိုင်များအား မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အဖွဲ့ဝင်များနှင့် ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အဖွဲ့ဝင်များသည် မြို့နယ်တွင်း ပြည်သူများ အခြေခံစားသောက်ကုန် စားအုန်းဆီများ ဈေးနှုန်းမှန်ကန်တည်ငြိမ်စွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့ဖြင့် လစဉ် ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပြီး (၅.၃.၂၀၂၅) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မအူပင်မြို့မဈေးအတွင်း စားအုန်းဆီ လက်ကားဆိုင် (၁၂)ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

              ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် စစ်ဆေးရေးအဖွဲ့တို့သည် မအူပင်စားအုန်းဆီအရောင်းဆိုင် ၁၂ ဆိုင်ကိုစစ်ဆေးရာ လက်ကားဆိုင်များမှ ဗီနိုင်းဖြင့် ဆီရောင်းချသည့် ပိဿာ၊ ရည်ညွှန်းဈေးနှန်း၊ ဆီစာအုပ်ဖြင့် လာရောက်ဝယ်ယူသူများ အဆင်ပြေစွာ ဦးစာပေးရောင်းချနိုင်ရေးနှင့် နေ့စဉ်ရောင်းချမှုစာရင်းများကို ကြည်ရှုစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်တို့မှ ဗီနိုင်းကို မြင်သာသောနေရာတွင် ချိတ်ဆွဲခြင်းမရှိခြင်းများ၊ ရည်ညွှန်းဈေး တိကျစွာဖော်ပြမှု အားနည်းခြင်း စသည်တို့ကို မပြုလုပ်ရန် လိုက်နာမှုမရှိပါက အဖွဲ၏ စီမံခန့်ခွဲရေးဥပဒေ၊ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေ စသည်တို့ဖြင့် အရေးယူဆောင်ရွက်ခံရမည်ကို သိရှိကြောင်း ကတိပြုလက်မှတ်ရေးထိုးမှတ်တမ်းများယူခဲ့ပြီး သက်ဆိုင်ရာအဖွဲ့တိူ့၏ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်မည်ကို  လုပ်ငန်းရှင်များက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်စားနိုင်သည့် ကြက်အူချောင်း ဝင်သွင်းရောင်းချနေမှု နှင့် ပတ်သက်၍ ညောင်တုန်းမြို့နယ်အတွင်း ရောင်းချဖြန့်ဖြူးနေမှုများကို စစ်ဆေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းစွာ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်ရေး ကုန်ဈေးနှုန်းမှန်ကန်စွာ ကုန်စည်များဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဒေသတွင်းရောင်းချနေသော အသင့်စားကြက်အူချောင်း၊ ဝက်အူချောင်းရောင်းဝယ်မှု အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်အတူ (၅.၃.၂၀၂၅) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချီမီဇင် ဒု-ဦးစီးမှူးက ညောင်တုန်းမြို့နယ် မြို့မဈေးနှင့် စတိုးဆိုင်(၅)ဆိုင်တွင် ရောင်းချနေသော အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ ရောင်းဝယ်ဖြန့်ဖြူးနေမှုကို မေးမြန်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကျော်ကျော်စတိုးဆိုင်တွင် Cp ကုမ္ပဏီမှ ရောင်းချလျက်ရှိသည့် အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများရောင်းချနေပြီး ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်ကြောင်းတွေ့ရှိရပြီး အခြားသော ဆိုင်(၄)ဆိုင်မှ အခြားတံဆိတ်ပါ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ဖော်ပြပါဝင်သည့် ကုန်စည်များကိုရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများသည် ရန်ကုန်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း ရောင်းချသူလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  လုံခြုံစိတ်ချရမှုရှိစေရန်၊ ထုတ်ကုန်လုံခြုံစတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် ရည်ရွယ်ချက်၍  ၅.၃.၂၀၂၅ ရက်နေ့တွင် ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဓနုဖြူမြို့ နယ် (၅)ရပ်ကွက်အတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသောစတိုးဆိုင်(၅)ဆိုင်သို့သွားရောက်၍  အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ သနပ်ခါး၊ အသားလိမ်းဆီ၊ မျက်နှာလိမ်းခရင်(မ်) နှင့် မျက်နှာသစ်ဆပ်ပြာကဲ့သို့သော အလှကုန်များကိုစစ်ဆေးခဲ့ရာ ထိုအလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/ မပါတို့ကို စစ်ဆေးပြီးစစ်ဆေးခဲ့သော ကုန်စည်များသည် တရားဝင်အသိအမှတ်ပြု ဆာတီဖီကိတ်ခွင့်ပြုချက်များပါဝင်ကြောင်း  တွေ့ရပါသည်။ ဆိုင်ရှင်များက ၎င်းတို့ရောင်းချသော ကုန်စည်များသည် ယခုအခါ တွင်ဝယ်ယူသူဝယ်ယူအသုံးပြုသူတို့အတွက် ရွေးချယ်ဝယ်ယူကြရာတွင် ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ အသိအမှတ်ပြု ပါသော ကုန်စည်များကိုသာကြည်ရှု့ပြီး ဝယ်ယူခြင်းများရှိသောကြောင့် တရားဝင်ထုတ်ကုန်လူသုံးများသောကုန်စည် ရွှေပြည်နန်း၊ Nivea၊ bella,  ကဲ့သို့သော အမှတ်တံဆိပ်ပါ ကုန်စည်များမှာ ပို၍ရောင်းရကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

ဖျာပုံမြို့ရှိ ကြက်အူချောင်းနှင့် ဝက်အူချောင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ပေါ်ရှိ စတိုးဆိုင်၊ ကုန်မျိုးစုံဆိုင်နှင့် ကုန်စိမ်းအရောင်းဆိုင်များတွင် CP ကုမ္ပဏီမှ  ရောင်းချလျက်ရှိသော  အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်း တင်သွင်းရောင်းချမှုရှိ/ မရှိ ကွင်းဆင်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော cp ကုမ္ပဏီမှ  ရောင်းချလျက်ရှိသော  အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ ရောင်းချမှု မရှိပဲ  “ရေတာရှည်” အမှတ်တံဆိပ် ကြက်အူချောင်း၊ ဝက်အူချောင်း။ “Top Star” အမှတ်တံဆိပ် ကြက်အူချောင်း၊ “နွယ်နီ” အမှတ်တံဆိပ် ကြက်အူချောင်းတို့သာ ရောင်းချလျက်ရှိပြီး  အဆိုပါ အမှတ်တံဆိပ်များတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ၍ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့ ပြည့်သူဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

           စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ကျောင်းကျန်းမာရေးဝန်ထမ်းတို့ ပူးပေါင်း၍ မတ်လ (၃)ရက်နေ့တွင်  စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ကျန်းမာရေးဝန်ထမ်း (၈၂)ဦးအား  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

             အဆိုပါ ဟောပြောပွဲကို ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ပြီး ဆေးရုံအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် ကျန်းမာရေးအကြောင်း သိကောင်းစရာများ ပြောကြားခြင်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်မှ  စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့် စားသုံးသူအခွင့်အရေး၏ တာဝန်များ၊ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဆုံးရှုံးနစ်နာမှုများ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးခြင်းနှင့် ဆောင်ရွက်မှုအခြေအနေများ မိတ်ဖက်ဌာနများနှင့် ဈေးကွက်အတွင်းစစ်ဆေးဆောင်ရွက်မှုများ၊ online မှ ရောင်းချသူများအနေဖြင့် မှတ်ပုံတင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင် မိမိဖုန်းဖြင့် online တွင် ဝင်ရောက်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ကိုယ်ရေးအချက်အလက်နှင့် တကွ သက်ဆိုင်ရာထောက်ခံချက်များ ပြည့်စုံစွာပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ထားမှု့ မရှိသော online ရောင်းဝယ်မှုများအား အရေးကြီးကုန်စည် ဥပဒေအရအရေးယူနိုင်ပြီး တရားဝင်မဟုတ်သော online sale များမှ ဝယ်ယူခြင်းမပြုကြရန် အသိပေး ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့ရှိ အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးသည် ၂၀၂၅ခုနှစ် မတ်လ (၄)ရက်နေ့တွင် နံနက်(၁၀:၀၀)နာရီအချိန်တွင် အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား စစ်ဆေးရေးမှူး၏ တာဝန်များအရ ပြည်တွင်းထုတ်လုပ်သည့် ကုန်စည်များနှင့် ပြည်ပမှတင်သွင်းသော ကုန်စည်များ ဘေးအန္တရာယ်ရှိ/ မရှိ၊ (၁၀)ဂရမ် အထက် အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ စစ်ဆေးခြင်းတွင် ကုန်အညွန်းအမှတ်အသားများပါရှိမှု၊ မြန်မာဘာသာဖြင့် ဖော်ပြချက်များ၊ သုံးစွဲမှုအညွန်း၊ ထားသိုသိမ်းဆည်းပုံအညွန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များပါရှိမှုတို့ကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ပုဒ်မ (၄၁) (၄၃)အရ  ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများ တစ်စုံတစ်ရာအန္တရာယ်မဖြစ်စေရေး ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ပေးရန်  အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၄.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ တာကြီးတန်း၊ အမှတ်(၂)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ခွဲတမ်းရစားသုံးဆီများရောင်းချရာတွင် ထားရှိရမည့်စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ တွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်ဘက်မှလည်း သိလိုသည်များမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၄.၃.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင်ဇလွန်မြို့နယ်၊ စက်ကြီးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ဓနသိဒ္ဓိ”ဆန်စက်လုပ်ငန်းရှင် ဦးစိုးနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှုမရှိစေရေးတို့ကို ဦးစားပေးရောင်းချပေးစေလိုကြောင်း၊  စပါးဝယ်ယူရရှိမှုအခြေအနေ၊ ကြိတ်ခွဲမှုပုံစံ၊ အခြောက်ခံမှု၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု၊ အကျိုးအမြတ်တို့ကိုဆွေးနွေးခဲ့ပြီး၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်လုပ်ငန်းစဉ်များ ဆောင်ရွက်ထားမှုရှိ/ မရှိ၊  လုပ်ငန်းရှင်ဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေးနှုန်း အနိမ့်အမြင့် အပေါ် ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၃.၃.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ စတိုးဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားအဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသိကောင်း စရာများအကြောင်း စသည်တို့ကို  အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် စားအုန်းဆီအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၄.၃.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊  ကုန်သည်လမ်း၊ လမ်းမတော်(မ)ရပ်ကွက်နှင့် မေတ္တာလမ်း၊ ဆန်တန်းရပ်ကွက်ရှိ စားအုန်းဆီ ရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့အား ရှောင်တခင်ကွင်း ဆင်းစစ်ဆေးခဲ့ပါ သည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် ဟင်္သာတဆီထုတ် လက်ကားကိုယ်စားလှယ်များမှ ဇလွန်မြို့ နယ်အတွက် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်းသိရှိရပြီး စားအုန်းဆီအရောင်းဆိုင် (၇)ဆိုင်အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News