Main menu

HighLight News

Powered by Drupal

ဒေးဒရဲမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

       ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံသည်(၂၅-၂-၂၀၂၆)ရက်နေ့၊‌ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင်ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေးဒရဲမြို့ အမှတ်(၂) ရပ်ကွက်ရှိဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ‌ဆွေးနွေးခဲ့ကြသည်။     

        အဆိုပါတွေ့ဆုံ  ဆွေးနွေးရာတွင်မြို့နယ်တာ၀န်ခံက လက်ရှိစပါးထွက်ရှိမှုအပေါ် ဝယ်ယူနေမှုဈေးနှုန်း အခြေအနေများ၊ လက်ရှိ စပါးဈေးနှုန်းအခြေအနေများ၊ ဆန်စက်တွင်အသုံးပြုသော စပါးအခြောက်ခံစက်အခြေအနေများကို မေးမြန်းဆွေးနွေးခြင်း၊ မြို့နယ်ဆန်စပါး ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း‌ဆောင်ရွက်နိုင်ရေးနှင့် အသင်းအဖွဲ့များ ရှင်သန်နိုင်ရေး စုပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဒေသတွင် ဈေးနှုန်းဈေးကွက်အခြေအနေများကို အသင်းအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ပြီး မြေပြင်အခြေအနေမှန်များကို သုံးသပ်၍ စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊  Gasifier လည်ပတ်မှု နည်းစနစ်မှန်ကန်စေရေး၊  ဆန်စက်မှ ရထုတ်ကျန် စပါး/ ဆန်စာရင်းများကိုလည်း စာရင်းပြုစုထားရှိရန်၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည့်အခါ အဆင်ပြေလွယ်ကူစွာ တင်ပြဆွေးနွေးနိုင်ကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း ဒေးဒရဲမြို့နယ်မှဆန်စက်လုပ်ငန်းရှင်၈ဦးတက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင် အလှကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊‌ ဒေးဒရဲမြို့နယ်တာ၀န်ခံရုံးမှ ဦးသိန်းမောင်(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဒေးဒရဲမြို့နယ်အတွင်းရှိ အလှကုန် ပစ္စည်းအရောင်းဆိုင်များအား (၂၄.၂.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်းပြီး  အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့ (Community Centre) ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် (အကြို)အသိပညာပေးဆွေးနွေးပွဲ(TalkShow)ပြုလုပ်

          ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖျာပုံခရိုင်၊‌ ဒေးဒရဲမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၆ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို (၂၅-၂-၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံဦးသိန်း‌မောင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ စားသုံးသူအခွင့်အရေးမဆုံးရှုံးစေရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဥပဒေများ ပြဌာန်းခဲ့မှု၊ မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်‌ပေးရေး ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းနိုင်မှု၊ စားသုံးသူများ၏ အခြေခံအခွင့်အရေး(၈)ချက်နှင့် ၂၀၂၆ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့်  ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “ထုတ်ကုန်‌ဘေးကင်း လုံခြုံမှယုံကြည်စိတ်ချစားသုံးသူဘ၀” စသည်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ မကိုဠ်ဂျိုးဖြူဆန်စက်တွင် ဆန်စပါးလက်ကျန်စာရင်းနှင့် MyRo တွင် သက်တမ်းတိုးနိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးဦးစံကြည်နှင့် ဝန်ထမ်းများသည် မြောင်းမြမြို့နယ် မြရတနာရပ်ကွက်ရှိ မကိုဠ်ဂျိုးဖြူ ဆန်စက်သို့ (၂၄.၂. ၂၀၂) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြခရိုင်ဦးစီးမှူးမှ ဆန်စက်လုပ်ငန်းရှင်အား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီဆန်နှင့် ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်းဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန်နှင့် MyRoတွင်   မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအားအချိန်မီUpdateဖြည့်သွင်းနိုင်ရေးနှင့်မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးသက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက် ရွေးဧရာလမ်းရှိ တိုးတက်ဟန်မုန့်ဟင်းခါးခေါက်ဆွဲလုပ်ငန်းသို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးဉီးမြင့်ဌေးသည် (၂၃.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၁) ရပ်ကွက် ရွေးဧရာလမ်းရှိ တိုးတက်ဟန်မုန့်ဟင်းခါးခေါက်ဆွဲလုပ်ငန်းသို့ MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် တိုးတက်ဟန်မုန့်ဟင်းခါးခေါက်ဆွဲလုပ်ငန်းပိုင်ရှင်အား ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ကုန်ချောထွက်ရှိမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းစုံစမ်းပြီး မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆပ်မှုရှိစေရေး အဓိကထားဆောင်ရွက်ရန်၊ ဓါတုဆေးဝါး များသုံးစွဲခြင်းမပြုရန်၊ မိမိတို့ဌာနမှထုတ်ပြန်ထားသော ဥပဒေများအား အသေးစိတ်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် ဂျုံးဂျုံးကျကျေးရွာရှိ ဘိုဘိုပဲကြော်လုပ်ငန်းသို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၂၃.၂.၂၀၂၆)ရက်နေ့    နေ့လယ် (၁၂း၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ ဂျုံးဂျူံးကျကျေးရွာရှိ ဘိုဘိုပဲကြော်လုပ်ငန်းသို့ MSMEsလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ဘိုဘိုပဲကြော်လုပ်ငန်းပိုင်ရှင်အား ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ကုန်ချောထွက်ရှိမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းစုံစမ်းပြီးမိမိတို့ ဆောင်ရွက်နေသောလုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိစေရေး အဓိကထားဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ပါ ဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း(၁၈)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသေးစိတ်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် သရောကွေ့အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၂၄.၂.၂၀၂၆) ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ သရောကွေ့အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ပြည်သူများအား မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊  ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့)တစ်ခု ထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောပြစ်မှု ပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များ သိရှိလိုပါက ခရိုင်စားသုံးသူ ရေးရာဦးစီးမှူးရုံးတွင် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်လည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျေးလက်ပြည်သူများထံဆီဝယ်ယူခွင့် စာအုပ်ဖြင့်ဆီရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၂၀.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ သံလွင်ကွင်းကျေးရွာရှိ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် စားသုံးသူပြည်သူများထံသို့ ဆီရောင်းချပေးမှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှု အားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းများဖြင့် အရေအတွက်၊ အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာဖြင့် ပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးနေမှုတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ဆက်လက်၍ မြို့နယ်တာဝန်ခံမှ ဆီစာအုပ်ဖြင့် ဝယ်ယူနေသော အိမ်ထောင်စုများအား  တစ်လအတွင်း ဆီရရှိမှုအကြိမ်အရေအတွက်နှင့် ဆီ (၅၀)ကျပ်သားလျှင်ဝယ်ယူရသည့်ဈေးများအား မေးမြန်းဆွေးနွေးခဲ့ကြောင်း၊ (၂၀.၂.၂၀၂၆)ရက်နေ့တွင် တစ်ပိဿာလျှင် (၇၀၀၀/-)ကျပ်နှုန်းဖြင့် ဆီပိဿာ ၁၁၀ အား သံလွင်ကွင်းကျေးရွာရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

        ဇလွန်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီ ခွဲတမ်းရအရောင်းဆိုင်များအနေဖြင့်  ကျေးရွာ/ ရပ်ကွက်အလိုက် အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့်ရောင်းချခြင်း၊ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချထားမှုများအား စစ်ဆေးခဲ့ပြီး၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး စိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့ လယ်တော်ကျေးရွာရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့  နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ လယ်တော်ကျေးရွာရှိ ခရိုင်ဆီလုပ်ငန်းရှင် အသင်းရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က  ၂၀၁၅ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား ပထမဦးစွာရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်ရန်အချက်များ၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ရရှိပြီးသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချရန်နှင့် စားအုန်းဆီများသိုလှောင်ဖြန့်ဖြူးမှုရောင်းချမှုနှင့်ပတ်သက်၍လည်း ဒေသအရောက် ဈေးနှုန်းများအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်ခစရိတ်အပြင် ၂% အမြတ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စားသောက်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍   MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၂.၂၀၂၆) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့ ပိန်းအင်းအုပ်စု၊ ဂွေးချိုကျေးရွာရှိ လုပ်ငန်းရှင်နေအိမ်၌ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောခြင်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ ထုတ်လုပ်လျက်ရှိသောလုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News