Main menu

HighLight News

Powered by Drupal

မော်လမြိုင်မြို့နယ်တွင် စည်သွပ်ဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ၁၀-၁၀-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်ကွက်ရှိ Ocean Supercenter သို့သွားရောက်၍ အသားဟင်း၊ ငါးဟင်းစည်သွပ်ဘူးများပေါ်တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စတေကာကပ်၍ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များမှာ တူညီမှုမရှိဘဲ ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အသားဟင်း၊ ငါးဟင်းစည်သွပ်ဘူးများပေါ်တွင် စတေကာကပ်ထားခြင်းကိုမတွေ့ရှိရဘဲ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂ / ၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

         ၉-၁၀-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ PT Power ၊ Htet ၊ Denko ၊ မိဘမေတ္တာ၊ ချောစုစက်သုံးဆီဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာ၌ စက်သုံးဆီများအရည်အသွေးပြည့်ဝမှန်ကန်မှုရှိ/ မရှိ၊ အလေးချိန်လီတာမှန်ကန်မှုရှိ/ မရှိ၊ သတ်မှတ်ခွဲတမ်းများအတိုင်း အမှန်တကယ်ရောက်ရှိမှုရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းများအတိုင်း မှန်ကန်စွာရောင်းချခြင်း ရှိ/ မရှိ၊ စက်သုံးဆီများ ဆီလက်ကျန်မှန်ကန်မှုရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးသည် Shwe Mar Ga Golden & Mining Co.,Ltd ၏ ရော်ဘာစက်ရုံသို့ ကွင်းဆင်းစစ်ဆေး

         ၉-၁၀-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မုဒုံမြို့နယ်၊ သာယာကုန်းကျေးရွာ၊ မြစိမ်းတောင်ဘုရားလမ်း၊ ဦးပိုင်အမှတ် (၄၂) တွင်တည်ရှိသော Shwe Mar Ga Golden & Mining Co.,Ltd ၏ ရော်ဘာစက်ရုံသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

        အဆိုပါရော်ဘာစက်ရုံကို ၂၀၁၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဝန်ထမ်းအင်အား (၁၀၀) ခန့်ဖြင့် Crumb Ruber, MSR Ruber များကိုထုတ်လုပ်ကြောင်း၊  ရော်ဘာကုန်ကြမ်းများကို မုဒုံ၊ သံဖြူဇရပ်တို့မှ ဝယ်ယူစုဆောင်ပြီး စက်လည်ပတ်မှုမှာ ရော်ဘာရာသီဖြစ်သော စက်တင်ဘာလမှ မေလထိ (၉)လခန့်လည်ပတ်ကြောင်း၊ တစ်လလျှင် ကုန်ကြမ်းတန်ချိန် (၂၀၀၀) ခန့်ကြိတ်နိုင်ကြောင်းသိရှိရသည်။

          ရော်ဘာကုန်ကြမ်းဖြစ်သော ရော်ဘာခွက်ကျန်၊ ဆွဲဖတ်၊ ရော်ဘာအထူပြားများကို အဆင့်ဆင့်သန့်စင်ခြင်း၊ ကြိတ်ခြင်း၊ ပေါင်းခံခြင်း၊ အခြောက်ခံခြင်းများပြုလုပ်ကာ 35 Kg ရော်ဘာတုံးများပိုင်းဖြတ်၍ ပါကင်ထုပ်ပိုးခြင်းများ ပြုလုပ်ကာ ရန်ကုန်မှတစ်ဆင့် ပြည်ပသို့တင်ပို့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဟင်္သာတမြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

           ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများနှင့် အဖွဲ့များသည် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် စားသုံးသူ ပြည်သူများမှ ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းဖြင့် ထိခိုက်နစ်နာမှုမရှိစေရေးအတွက် လုပ်ငန်းရှင်များမှ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များစောင့်ထိန်းပြီး စားသုံးသူအကျိုး အလေးထားသည့်သူများဖြစ်စေရန်ရည်ရွယ်လျက် ဟင်္သာတမြို့၊ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားဆိုင်ရာအချက်များအား လိုက်နာမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူ‌ရေးရာဦးစီးဌာနမှ ခရိုင်စစ်ဆေးရေးမှူးများ၊ မြို့နယ်စစ်ဆေးရေးမှူးများနှင့် ဆက်စပ်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များသည် ဟင်္သာတ မြို့နယ်၊ ပဒေသာဈေးအတွင်းရှိ ကုန်စုံဆိုင်(၃)ဆိုင်နှင့် ဌေးဝင်းဈေးအတွင်းရှိ ကုန်စုံဆိုင်(၃)ဆိုင်တို့တွင် ရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံကိုက်ညီမှုရှိ/ မရှိ၊ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉၊ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁တို့အား လိုက်နာဆောင်ရွက်မှုရှိ/ မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များဖော်ပြပါဝင်မှုရှိ/ မရှိ စသည့်အချက်များအားစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ အဆိုပါဆိုင်များတွင် ဗူးများပေါ်၌ ရိုက်နှိပ်ထားသည့် အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များ ကွဲလွဲစွာထုတ်လုပ်ထားသည့် “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ ရောင်းချမှုရှိ/ မရှိကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

သာယာဝတီမြို့၌ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရုံး၌ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ‌ဒေါ်အေးသန္တာထွန်းတို့သည် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်နီလာနှင့် (၈-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေ အခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဖြင့် စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ဘိလပ်မြေရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်း

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ဘိလပ်မြေဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများအား ဈေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်အတွင်း မြို့နယ်အလိုက် အပတ်စဉ်အင်္ဂါနေ့တိုင်း ဘိလပ်မြေဆိုင်များသို့သွားရောက်၍ ဘိလပ်မြေအမျိုးအစားအလိုက် ဈေးနှုန်းများနှင့် မြေပြင်လက်ကျန်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဇလွန်မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံ

           စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံမှ (၈-၁၀-၂၀၂၄)ရက်နေ့ နေ့လည်(၁၅:၀၀) နာရီအချိန်တွင်၊ ဆန်စက်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူးဦးသန်းစိုးနှင့် တွေ့ဆုံ၍ အသင်းမှ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှုများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

       ထိုသို့ ဆွေးနွေးခဲ့ရာတွင် ဇလွန်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနေဖြင့်  ဆန်စက်လုပ်ငန်းရှင်အသင်းသားများမှာ မိမိတို့စိတ်သဘောထားဖြင့် စပါးအစို (၅၅)ပေါင် တင်း(၁၀၀)လျှင် ၁၆၅၀၀၀ဝိ/-ဈေးဖြင့် ဝယ်ယူပြီး အစိုဓါတ်များသောစပါးများကိုအခြောက်ခံကာ ချက်ချင်းကြိတ်ပြီး ရန်ကုန်သို့တိုက်ရိုက်ရောင်းချရကြောင်း ၊ စားသုံးပိုလျှံမှုအား တွက်ချက်ပြီး ဒေသတွင်းဆန်စားသုံးမှု၊ ဝယ်ယူမှု၊ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး၊ ရောင်းသူနှင့် ဝယ်သူအကြား နှစ်ဦးနှစ်ဖက်မျှတသောဈေးနှုန်း ဖြစ်ပေါ်စေရေး၊ ဆန်များ ဈေးနှုန်းသင့်တင့်စွာ ပြည်သူများဝယ်ယူစားသုံးနိုင်ရေးကို ဆက်လက်၍လည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများလက်ဝယ်တွင် စပါးများရှိနေချိန် ထိုက်သင့်သော ဈေးနှုန်းရရှိမှသာ အမှန်တကယ်အကျိုးရှိမှာဖြစ်ကြောင်းနှင့် မျိုးကောင်းမျိုးသန့်စပါးများကို တောင်သူလက်ဝယ် လုံလုံလောက်လောက်ရရှိမှသာ စပါးပိုမိုထွက်ရှိပြီး တောင်သူများအဆင်ပြေမှာဖြစ်ကြောင်း အကြံပြုဆွေးနွေးမှုများကို မေးမြန်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ခွဲနိုင်ရေးဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၇.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ လယ်တော်အဝေးပြေးကားဝန်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံး၌ ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် ဟင်္သာတမြို့နယ်တာဝန်ခံဦးမိုးကျော်မှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ကျေးရွာ၊ ရပ်ကွက်အတွင်းရောင်းချရာတွင် အုပ်ချုပ်ရေးမှူးများအနေဖြင့် ကုန်စုံဆိုင်ပိုင်ရှင် များအားစနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ ပြည်သူလူထုများလက်ဝယ်သို့အရောက်ရောင်းချပေးနိုင်ရေး၊ စားအုန်းဆီရောင်းချသောကုန်စုံဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင်ချိတ်ဆွဲထားရန်၊ အိမ်ထောင်စုစာရင်းကိုင်ဆောင်ထားသည့် အိမ်ထောင်စုတိုင်းကို ရောင်းချပေးရန်၊ အဆင်မပြေမှုများရှိလာလျှင်လည်း မိမိကိုယ်တိုင် ကျေးရွာများသို့ လာရောက်၍အဆင်ပြေချောမွေ့စေရေး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းဟောပြောခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များ မေးမြန်း၍အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လက်ပံတန်းမြို့ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၉-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည်  (၉-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် မင်းလှမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကိုရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - HighLight News