Main menu

HighLight News

Powered by Drupal

ဟင်္သာတမြို့နယ် ကလေးဖြည့်စွက်စာ အာဟာရမှုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၃.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ နတ်မော်လမ်း အား/ကာဆိုင် ခန်းများရှိ စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ရောင်းချသော ကလေးဖြည့်စွက်စွာ အာဟာရမှုန့်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်‌ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေးဆိုင်ဘေးထွက် ဆိုးကျိုးဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး  ကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသား‌/ ကျောင်းသူများ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းလေ့လာခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စုရှိ စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းသား/ကျောင်းသူ(၅၂)ဦးသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည်(၁၆:၀၀)နာရီအချိန်တွင် ခရိုင်စိုက်တိုးမြှင့်ဥက္ကဌ ဦးအောင်မြင့်စိုး၊  ခရိုင်စိုက်တိုး မြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့် ဥက္ကဌ ဦးညွှန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့ နယ်တာဝန်ခံတို့သည်  နတ်မော်ကျေးရွာနေ တောင်သူဦးလှစိုး စိုက်ပျိုးထားသော ဆောင်းနေကြာစိုက်ခင်းသို့ ကွင်းဆင်းလေ့လာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းလေ့လာရာတွင် တောင်သူ ဦးလှစိုး၏ လယ်မြေဧရိယာ( ၃ ဧက )တွင် စိုက်ပျိုးထားရှိသော ရေဆင်းစပ်မျိုး-(၁) နေကြာမျိုး အောင်မြင်ဖြစ်ထွန်းနေမှု၊ နေကြာမျိုးစေ့များအား စိုက်ပျိုးဆောင်ရွက်မှု ပုံစံအဆင့်ဆင့်နှင့် နေကြာပင်များ ဖြစ်ထွန်းအောင်မြင်ရေးအတွက် ဝတ်မှုံကူးရန် ပျားပုံးများထားရှိမှု၊ ပျားမျိုးများခွဲခြားမှုပုံစံများစသည်တို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒေါ်ကလျာနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်သင်းသင်းဆွေတို့မှ  ချပြရှင်းလင်းဆောင်ရွက်နေမှုတို့အား ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေး၍ လိုအပ်သည် များအားဖြည့်စွက် ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြပြီး ညနေ(၁၈:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် (၁၄.၂.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အားသာချက်/ အားနည်းချက်များအကြောင်း Talk Showအစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးက  အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်းဖြစ် ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းတွင် အားသာချက်နှင့်အားနည်းချက်ဟူ၍ ယှဉ်တွဲဖော်ပြထား ပြီး၊ အားသာချက်မှာ အွန်လိုင်းစနစ်ဖြင့်ဈေးဝယ်ရာတွင် ကိုယ်တိုင်သွားရောက်ဝယ်ယူရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည့် နေရာမှမဆို အချိန်မရွေးဝယ်ယူနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့် ကိုက်ညီ သည့် ကုန်စည်ကို အွန်လိုင်းဆိုင်များမှ ပိုမိုရွေးချယ်နိုင်ခြင်း၊ ဈေးနှုန်းသုံးသပ်နိုင်ခြင်း၊ အခြားဝယ်ယူသူ များ၏ သုံးသပ်ချက်များ၊ သတ်မှတ်ချက် များအားဝင်ရောက်ကြည့်ရှု၍ ဝယ်ယူရာတွင် အထောက်အကူ ဖြစ်စေခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ အိမ်/ ကားဂိတ် အရောက်ပို့ဆောင်သည့် စနစ်ပါရှိခြင်းကြောင့် အချိန်မကုန်စေဘဲ အလွယ်တကူဝယ်ယူ ရရှိနိုင် ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အွန်လိုင်းဈေးဝယ်ယူခြင်း ၏ အားနည်းချက်အနေဖြင့် ပို့ဆောင်သည့် စနစ်ပါဝင်ခြင်းကြောင့် အပိုကုန်ကျစရိတ်ရှိခြင်း၊ အချိန်လိုအပ်ချက်ရှိခြင်း၊ အစားထိုးလဲလှယ်မှုများ၏ လုပ်ငန်းစဉ် ရှုပ်ထွေးမှုရှိနိုင်ခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ လိမ်လည်ဖော်ပြခြင်း၊ ငွေပေးချေမှုဆိုင်ရာအချက်များ ချိုးဖောက်ခံရနိုင်ခြင်း၊ တရားမဝင်သောအွန်လိုင်းများမှ လိမ်လည်မှုခံရနိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့နယ် သဲရိုးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄.၂.၂၀၂၅) နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ သဲရိုးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအား လူငယ်အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က အစားအသောက်များတွင်ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများ အကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးက အားကစားသိပ္ပံကျောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေး နွေးခဲ့ပြီး နံနက်(၁၁:၃၀)အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည်(၁၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါအစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူသည် မိမိတို့ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူ ဖြေရှင်း ဆောင်ရွက် ခြင်း၊ အရောင်းပြေစာပေးအပ်ခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံချက်ပေးခြင်း၊ ရောင်းချသော ကုန်စည်၏ ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေး ပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်များ အနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိ သော ကုန်စည်များရောင်းချခြင်း၊   စားသုံးသူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုအမူများ၊ အပြော အဆိုများ ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်မှု ပြုလုပ်နေသော လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံ တင်လက်မှတ်တင်ထားခြင်းဖြင့် ရရှိနိုင်သည့် အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ရှင်းလင်းရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူသည် မိမိ၏ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကြောင့်မဟုတ်လျှင် စားသုံးသူ၏နစ်နာဆုံးရှုံးမှုသည်  တိုင်ကြားခံရပါက ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့် ရှိခြင်း၊ မိမိလုပ်ငန်းနှင်ပတ်သက်၍ တရားဝင်အရေးဆိုတင်ပြပိုင်ခွင့်ရှိခြင်း၊ မိမိလုပ်ငန်း၏ နာမည် ကောင်းပြန်လည်ရရှိနိုင်သည့် အခွင့်အရေးရှိခြင်း စသည့် အကျိုးရလဒ်များရရှိပြီး၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရာတွင်လည်း သဘောတူညီချက်၊ တန်ဖိုးတို့နှင့်အညီ ငွေပေးချေမှုကိုလက်ခံ ရယူပိုင်ခွင့်ရှိခြင်း၊ အွန်လိုင်းစနစ်တွင်လည်း မှတ်ပုံတင်လက်မှတ်ပါအမည်ဖြင့် ‌ရောင်းချခွင့်ရှိခြင်း စသည့် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့်အရေးများအကြောင်းအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်းရှိ စားသုံးဆီလက်လီ/ လက္ကားအရောင်းဆိုင်များအားရှောင်တခင်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးလုပ်ငန်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်းရှိ စားသုံးဆီ လက်လီ/ လက္ကား ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင်များအား ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတမြို့ရှိ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြား မသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများမြင်သာသောနေရာတွင် ချိတ်ဆွဲထားမှုရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပွင့်ဖြူမြို့၊ မြို့မဈေး၌ ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများဘေးကင်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပွင့်ဖြူမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် သက်တမ်းလွန်နေသော ပစ္စည်းများ၊ ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ မင်းဘူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ် ဖွဲ့တို့ပူးပေါင်းပြီး မင်းဘူးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး မြို့နယ်တာဝန်ခံမှ ဆေးဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးများပြတ်လပ်မှုမရှိစေရေးတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်၌ စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံရေး ကွင်းဆင်းဆောင်ရွက်

           မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ် ရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ရေးအတွက် (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ချောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍  စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေးနှင့် လုပ်ငန်းရှင်အခက်အခဲများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ်မသုံးစွဲ ရေးနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲစေရေး စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ မြို့မစျေးတွင် ရောင်းချလျက်ရှိသော ကုန်စည်များ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန် နှင့် မှိုတက်နေသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြမထားသောကုန်စည်များ ရောင်းချမှုမရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News