Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

           (၁၄-၂-၂၀၂၂)နေ့ နံနက်(၀၉:၃၀)အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ဦးဆောင်ပြီး ထွေအုပ်၊ စည်ပင်၊ ကျန်းမာရေး၊ မွေး/ကု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ (စစ်တွေခရိုင်ဦးစီးမှူး) ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့ပေါ် ရပ်ကွက်ရှိ စတိုးဆိုင်များ၊ ဈေးဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

         ကွင်းဆင်းစစ်ဆေးရခြင်း၏ ရည်ရွယ်ချက်မှာ ဈေးကွက်အတွင်း အသင့်စားအသားချောင်း၊ အသားလုံး၊ အသားပြားများ၊ငါးအသားချောင်းနှင့် ပင်လယ်စာချောင်းအမျိုးမျိုးတို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံချက်ရယူထားခြင်းမရှိဘဲ နယ်စပ်ဒေသမှ တရားမဝင် ဝင်ရောက်လာပြီး ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချနေကြောင်း‌တွေ့ရှိရသည့်အတွက် ၎င်းအစားအသောက်များအား စားသုံးမိသည့် ကလေးသူငယ်များကို အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဆိုးကျိုးများဖြစ်ပေါ်နေသည့်အတွက် စားသုံးသူမိဘပြည်သူများဆင်ခြင်သတိပြု ရှောင်ရှားနိုင်ကြရန်နှင့် ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ စတိုး/ဈေးဆိုင်(၅)ဆိုင်အား စစ်ဆေးခဲ့ရာ ဆိုင် (၄)ဆိုင်တွင် စားသုံးရန်မသင့်သည့် အသင့်စား အသားချောင်း၊ အသားလုံးနှင့် အသားပြားများရောင်းချ‌နေကြောင်းတွေ့ရှိရသည့်အတွက် FDA မှ ရောင်းချသူများအား ဤအသင့်စား အသားချောင်း၊ အသားလုံးနှင့်အသားပြားများသည် စားသုံးသူများအား အသက်အန္တရာယ် ထိခိုက်စေနိုင်သည့်အတွက် ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ဆက်လက်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက ရောင်းဝယ်ဖောက်ကားသူများအား အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခြင်းနှင့် သတိပေးတားမြစ်ခြင်း စားသုံးသူရေးရာဦးစီးဌာနမှလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသည့် ကုန်ပစ္စည်းများအား ရောင်းချပါက ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး စားသုံးရန်မသင့်သည့် ထိုင်းစာသားအမှတ်တံဆိပ်ပါ အသားချောင်း၊ အသားလုံး၊ အသားပြား ပစ္စည်းအမျိုးအမည်(၂၀)မျိုး အရေအတွက်(၆၆)ထုပ် အားပူးပေါင်းအဖွဲ့မှ သိမ်းဆည်းခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

မုန့်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၁၀.၂.၂၀၂၂ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီတွင် ဝါးခယ်မ မြို့နယ်၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချသောမုန့်များ၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိကို စိစစ်ဆောင်ရွက်ပြီး မုန့်ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ဥပဒေပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အထူးစျေးနှုန်းဖြင့်ရောင်းချသော စက်သုံးဆီအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦး‌အောင်သိန်း ဦးဆောင်၍ ပြည်တွင်းတာဝန်ခံဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့်အဖွဲ့သည် (၉.၂.၂၀၂၂) ရက်နေ့တွင် လက်ပံတန်းမြို့နယ် DENKO စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ သတ်မှတ်ထားသော စက်သုံးဆီခွဲတမ်းများ၊ သတ်မှတ်အရည်အသွေးမပြည့်မှီသော ကုန်စည်များအား အမျိုးအစားတူကုန်စည်နှင့် ရောနှောရောင်းချခြင်းမပြုရန်နှင့် စျေးနှုန်းများ အရည်အသွေးများ အချိန်အတွယ်ပမာဏများအတိုင်း မှန်ကန်ပြည့်စုံစွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံဦးမြင့်သူသည် တောင်ငူမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၈ ရက်နေ့က တောင်ငူမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးနှင့် သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ထားသောဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရောင်းချရေးတို့ကို စစ်ဆေးကြည့်ရှုပြီး ဌာနဆိုင်ရာများအလိုက် လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပါသည်။

          စားသုံးသူရေးရာဦးစီးဌာန တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့်ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူ စိတ်ကျေနပ်မှုရှိရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရေးလုပ်ငန်းရှင်များအား မှာကြားခဲ့ပြီး ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၂၀ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)   

တောင်ငူမြို့နယ်အတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချသော စက်သုံးဆီဆိုင်များအား ကွင်းဆင်းစိစစ်

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် တောင်ငူမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးကော်မတီဝင်များဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ တောင်ငူမြို့နယ်အတွင်း အထူးဈေးနှုန်းဖြင့် ရောင်းချသည့် စက်သုံးဆီဆိုင်များသို့ ကွင်းဆင်း၍ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် နံနက် ၁၀ နာရီတွင် တောင်ငူမြို့ရှိ Regency စက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း၊ နံနက် ၁၁:၃၀ နာရီတွင် တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန် လမ်းရှိ Nilar Yoma စက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း ရောက်ရှိပြီး ဈေးနှုန်းနှင့် အချင်အတွယ်မှန်ကန်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ခရိုင်ဦးစီးမှူးက စက်သုံးဆီဈေးနှုန်း မြှင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချကြရန် သက်ဆိုင်ရာဆိုင်တာဝန်ခံများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး / ထုတ်လုံ တာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ ကန်ရိုးကျေးရွာရှိ ကာယဗလဆီစက်နှင့် အမှတ် ၁၈ ရပ်ကွက်ရှိ ဝင်းဆီစက်များသို့ သွား ရောက်၍ ဆီကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများကို လေ့လာပြီး သိရှိလိုသည်များကို မေးမြန်းရာ ဆီစက်ပိုင်ရှင်များက ရှင်းလင်းဖြေကြားပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး အမှတ်တံဆိပ်ဖြင့် ရောင်းချဖြန့်ဖြူးသည့် စားသုံးဆီများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန် အကြံပြုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်းအတွင်း လူစီးနင်းမောင်းနှင်နိုင်သော သမန်းမွှေစက်တုံးကရိယာမောင်းနှင်သရုပ်ပြ

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံဦးဇော်ဇော်ထွေးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဘိုးကြာညိုကျေးရွာ စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်း၌ အမှတ် ၅၈ စက်မှုလယ်ယာစခန်းက ပြုလုပ်သည့် လူစီးနင်းမောင်းနှင်နိုင်သော သမန်းမွှေစက်တုံးကရိယာ မောင်းနှင်သရုပ်ပြပွဲသို့ တက်ရောက်လေ့လာခဲ့ပါသည်။

                အဆိုပါသရုပ်ပြမောင်းနှင်ပွဲသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမိုးထက်နှင့် ရေတာရှည်မြို့နယ်မှ တာဝန်ရှိသူများတက်ရောက်ပြီး စက်မှုလယ်ယာဦးစီးဌာန တောင်ငူခရိုင် ဦးစီးမှူးဦးအောင်သိန်းလွင်က စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း စီမံကိန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူးဦးသန်းဦးက စက်ကရိယာနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြပါသည်။

          ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဘိုးကြာညိုကျေးရွာ စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၂၄.၉ သန်းဖြင့် ဆောင်ရွက်လျှက်ရှိပြီး နွေစပါးအတွက် လုပ်ငန်းလျာထားချက်မရှိသေးသော်လည်း စီမံကိန်းဆောင်ရွက်မှု ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် နွေစပါးစိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီအ‌ရောင်းဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်အတွင်း၌ (၄.၂.၂၀၂၂) ရက်နေ့၊ နေ့လည်(၁၄:၀၀) နာရီ အချိန်တွင် ခရိုင်ဦးစီးမှူးဦးအောင်သိန်း၊ မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့် စားသုံး/ထုတ်လုံတာဝန်ခံဒေါ်ခိုင်ခိုင်ရီတို့သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        စျေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့်ပတ်သတ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၁/၂၀၂၁) ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဟင်းသီးဟင်းရွက်ဆီ (Vegetable oil, cooking oil) အမျိုးအစားများနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြသောနေရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ ကုန်စည်၏အမျိုးအမည်ကို တိကျစွာဖော်ပြရန်မည်ဖြစ်ပါကြောင်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်များ ပြည့်စုံစွာဖော်ပြရန် ဥပဒေအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီးနောက် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

        ပဲခူးတိုင်းဒေသကြီ၊း စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊  ကြို့ပင်ကောက်မြို့နယ် တာဝန်ခံ ဒေါ်ရီရီရှိန်သည် (၃.၂.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ကြို့ပင်ကောက် မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်မှ စားသုံးသူကာကွယ်ရေးဉပဒေအခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁ ၊  ၄၂ ပါ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ဖော်ပြရမည့် အချက်အလက်များကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကိုထုတ်ပြန်ခဲ့သည့် ဟင်းသီးဟင်းရွက်ဆီ (vegetable oil, cooking oil) အမျိုးအစားများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ် အသားဖော်ပြသော နေရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော  ကုန်စည်၏အမျိုးအမည်ကိုတိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း ၊ ညွှန်ကြားချက် စတင်ထုတ်ပြန်ပြီး (၆)လပြည့်သည့်နေ့တွင် အာဏာတည်မည်ဖြစ်ကြောင်းတို့ကို အများပြည်သူများနှင့် လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online က တစ်ဆင့်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

အထူးဈေးနှုန်းဖြင့်ရောင်းချသောစက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ (၄.၂.၂၀၂၂)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ် ၊ ရွာဟောင်းကုန်းကျေးရွာရှိ Asia Energy နှင့် Regency စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးက နိုင်ငံတော်မှ စက်သုံးဆီဈေးနှုန်းမြှင့်တက်မှုမရှိ စေရေးနှင့်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ် နှုန်းဖြင့်ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ရောင်းချရာတွင် သုံးစွဲသူများအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် အထူးစျေးနှုန်းထက်ကျော်လွန်၍ မရောင်းချရန်နှင့် အချင်အတွယ်မှန်ကန်မှု ရှိစေရေး အရည်အသွေးကောင်းမွန်သော စက်သုံးဆီများသာ ရောင်းချရန်အတွက် စျေးကွက်စောင့် ကြည့်စစ်ဆေးနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဖွဲ့ဖွဲ့စည်း၍ တာဝန်ပေးထားသည့်အတွက် လာရောက်စစ်ဆေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အထူးဈေးနှုန်းဖြင့်ရောင်းချ နေသည့် စက်သုံးဆီများဖြစ်သော Diesel ၊ Premium Diesel များအား (၂၀)လီတာဝင်စံခွက်ဖြင့် ချင်တွယ်စစ်ဆေးပြီး မှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ