Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်တွင်းကြီးမြို့ပေါ်ရှိ “ဇင်းနစ်” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းအား တွေ့ဆုံဆွေးနွေး အသိပညာပေး

 

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာ ဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ စားသုံးသူကာကွယ် ရေးဥပဒေပါပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်သွားရန် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးမှ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဖြင့် ပူးပေါင်း၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံရန် အတွက် ရည်ရွယ်၍ (၁၇.၃.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင်(၁)ရပ်ကွက်ရှိ ကိတ်မုန့်မျိုးစုံထုတ်လုပ်သည့် “ဇင်းနစ်” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

          မြို့နယ်တာဝန်ခံမှ အသိပညာပေးဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များ ထုတ်လုပ်ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာစေရန်အတွက် စားသုံးသူကာကွယ် ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍  တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်အနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် သည့် ကြေညာစာအမှတ်(၂/၂၀၁၉)နှင့်အညီ ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား နှင့်ကိုက်ညီမှုရှိပါက အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များ ခရိုင်/တိုင်းဒေကြီးဦးစီးမှူးရုံးသို့ ဆက်လက် တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားဌာန၏ ခွင့်ပြုချက်လိုင်စင်များ လုပ်ဆောင် ရန်လို အပ်ပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်းရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကလေးအသုံးအ‌ဆောင် ပစ္စည်းအမျိုးမျိုးနှင့် အဟာရမှုန့် ကုန်စည်များအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများ၊ အဟာရမှုန့်အမျိုးမျိုးအား အရည်အသွေးပြည့်ဝမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ခုနှစ်မတ်လ ၁၆ ရက်နေ့ နံနက် (၁၀း၃၀) နာရီခွဲအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချသော ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများတွင် ကျန်းမာရေထောက်ခံချက်ပါရှိမှု ရှိ/ မရှိ၊ အရည်အသွေး ပြည့်ဝမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အစားဖော်ပြချက် ကိုက်ညီမှုရှိ/မရှိ အရည်အသွေး စံသတ်မှတ်ချက်များ ပြည်မှီမှု ရှိ/မရှိကို ကို ကွင်းဆင်းစစ်ဆေး၍ ရောင်းချသောလုပ်ငန်းရှင်များကို လိုအပ်ချက်များအား လမ်းညွှန်မှာကြားခြင်း၊ ကလေးအဟာရ ဖြည့်စွပ်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်သော www.doca.gov.mm တွင် ကလေးအသုံးအဆောင်ကစားစရာအရုပ်များနှင့် စပ်လျဉ်း၍ ကုန်စည်သတိပေးချက်များ၊  ပြန်လည်သိမ်းဆည်သည့် တားမြစ်ကုန်စည်များအကြောင်းကို ဖော်ပြထားပြီး ဝင်ရောက်လေ့လာကြည်ရှုနိုင်ကြောင်းကို ဆိုင်ရှင်များသိရှိနိုင်ရန် အသိပညာပေး လမ်းညွှန်မှာကြား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် ဈေးကွက်အတွင်းရောင်းချနေသော ဘူးသွင်းစားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

                စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ရောင်းချနေသော ဘူးသွင်းစားသုံးဆီများ၏ အရည်အသွေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်အတွက် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ကန့်ဘလူမြို့ပေါ်ရှိ စျေးဆိုင်များနှင့် လက်လီအရောင်းဆိုင်များတွင် ရောင်းချနေသော ဘူးသွင်းစားသုံးဆီများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              ထိုသို့စစ်ဆေးရာတွင် စားသုံးဆီဘူးများ၏ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူနှင့် တင်သွင်းသူ အချက်အလက်များ၊ ပိဿာ၊ ကျပ်သား၊ အမှတ်တံဆိပ်နှင့် အရည် အသွေးအာမခံချက်များ ပြည့်စုံမှုရှိမရှိကို အသေးစိတ်စစ်ဆေးခဲ့ကြပြီး စံချိန်စံညွှန်းမပြည့်မီသော ပစ္စည်းများ မရောင်းချရန် ဆိုင်ရှင်များအား အသိပညာပေးညွှန်ကြားခဲ့ကြောင်း သိရသည်။

              ထို့အပြင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရည်အသွေးမမှန်ကန်သော စားသုံးဆီများ မဖြစ်ပေါ်စေရန် စနစ်တကျ စောင့်ကြည့်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စျေးကွက်များတွင် စားသုံးဆီများကို စည်းကမ်းတကျ ရောင်းချနိုင်ရေးနှင့် စားသုံးသူအခွင့်အရေးများ ကာကွယ်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများကို အစဉ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

DOCA(စစ်ကိုင်း)

“အောင်ကိုလတ်” အမှတ်တံဆိပ် နေကြာစေ့ ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

           ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၁)  အတွင်းရှိ အောင်ကိုလတ် အမှတ်တံဆိပ် နေကြာစေ့ ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့စစ်ဆေးရာတွင် အောင်ကိုလတ် အမှတ်တံဆိပ် နေကြာစေ့သည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ကြပါသည်။ 

DOCA( ရှမ်း)

 

မြိတ်မြို့တွင် ဆန်နှင့် ဆီစျေးနှုန်းတည်ငြိမ်စေရေး ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

 

    တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့များဖြစ်သော စားသုံးသူ ရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စီမံကိန်း ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ မတ်လ(၂၀)ရက်နေ့တွင် မြိတ်မြို့၊ တောရကျောင်းရပ်၊ ရှမ်းချောင်းလမ်းရှိ ဆန်နှင့်ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့ဆန်အရောင်ဆိုင်များတွင် ရောင်းချနေသော ဆန်စျေးနှုန်း များအား စစ်ဆေးခဲ့ကြပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရန်၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမရှိစေရန် စစ်ဆေးခဲ့ကြပြီး မြိတ်မြို့၊ ရှမ်း ချောင်းရပ်နှင့် တောရကျောင်းရပ်ရှိ ဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများ အတိုင်း ရောင်းချမှုရှိစေရန်နှင့် အလေးချိန်မှန်ကန်စွာဖြင့်ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)

 

စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပခြင်း

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ပင်လုံမြို့နယ်၊ နောင်လိုင့် ကျေးရွာတွင် စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ)က စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူများ၏အခွင့်အရေးနှင့်ပတ်သက်၍စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

April Hair Tonic အမှတ်တံဆိပ် ဆံပင်ဖြန်းဆေးအား ကွင်းဆင်းစစ်ဆေးခြင်း

                            ၂၀၂၆ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲတို့ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)နှင့် ရပ်ကွက် (၃)အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသော April Hair Tonic အမှတ်တံဆိပ် ဆံပင်ဖြန်းဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ April Hair Tonic အမှတ်တံဆိပ် ဆံပင်ဖြန်းဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာတွင် သက်ဆိုင်ဌာန၏ ထောက်ခံချက်နှင့်  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး တရားမဝင်တင်သွင်းထားသော အလှကုန်ပစ္စည်းများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ယင်းနောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အလှကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များအား သက်တမ်းလွန် အလှကုန်ပစ္စည်းများ နှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချ ခြင်း မပြုလုပ်ရန်နှင့် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ၊ မှတ်ပုံတင်အမှတ် Import Registration No.(IR)များ ဖော်ပြထားသော အလှကုန်ပစ္စည်း များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ”ကို သိရှိ လိုက်နာဆောင်ရွက်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

 

ပြည်မြို့ပေါ်ရှိ ဆန်ဆိုင်များ နှင့်ဆန်စက်များအားမြေပြင်ကွင်းဆင်းစစ်ဆေး

             ၂၀၂၆ ခုနှစ်၊မေလ ၉ ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ပြည်မြို့ပေါ်ရှိ ဆန်ဆိုင် (၃) ဆိုင်နှင့် ဆန်စက်(၂)စက်တို့အား ဈေးကွက်အတွင်း စပါး/ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ သိုလှောင်ဈေးကစားမှု မဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် မြေပြင်ကွင်း ဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များအနေဖြင့် ကရင်မဆန် ၂၄ ပြည်(၁)အိတ် လျှင် ၅၃၀၀၀ ကျပ်၊ ငွေတိုး(၁)အိတ်လျှင် ၅၆၀၀၀ ကျပ်၊ မှော်ဘီ(၁)အိတ်လျှင် ၅၅၀၀၀ ကျပ်၊ ကျောက်ရွေး(၁)အိတ်လျှင် ၅၆၀၀၀ကျပ်ဈေးဖြင့်ရောင်းချလျက်ရှိပြီး ရွှေဘိုအစားထိုး ပုသိမ်ပေါ်ဆန်း စိုက်ပျိုးရာဒေသကိုလိုက်၍ ဆန်အရည်အသွေးပေါ်မူတည်ပြီး ဆန် ၂၄ ပြည်(၁)အိတ်လျှင် ၉၀၀၀၀ ကျပ်၊ ၉၆၀၀၀ ကျပ်၊ ၁၂၅၀၀၀ ကျပ်၊ ၁၃၀၀၀၀ ကျပ်၊၁၅၅၀၀၀ ကျပ်ဈေးများဖြင့် ဈေးကွက်အတွင်း ရောင်းချလျက် ရှိပါသည်။

          ဆန်စက်များအနေဖြင့် ဒေသမှထွက်ရှိသော ဧည့်မထစပါးများသာ ကြိတ်ခွဲလျက်ရှိပြီး ကြိတ်ခွဲ ရရှိသော ဆန်နှင့်ဆန်ကွဲများကို ရန်ကုန်၊ တောင်ကြီးမြို့များနှင့် အခြားဒေသများသို့ တင်ပို့ရောင်းချ လျက်ရှိပါကြောင်း၊ ဧည့်မထ ၂၅ % ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၅၅၀၀၀ ကျပ်၊ ဆန်ကွဲ ၄၇၀၀၀ - ၄၈၀၀၀ ကျပ်၊ ဖွဲနုတစ်ပေါင်လျှင် ၄၄၀ ကျပ်ဖြင့်တင်ပို့ရောင်းချလျက်ရှိပါသည်။

          ပြည်ခရိုင်အတွင်း ဆန်ဆိုင်နှင့်ဆန်စက်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသော ဈေးနှုန်းဖြင့် ဧည့်မထ ၂၅ % ဆန် တစ်ပြည်လျှင် ၂၃၀၀ ကျပ်နှုန်းဖြင့် Vinyl ကပ်၍ နေ့စဉ်ရောင်းချ ပေးလျက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မြောင်းမြခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊  ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီလက်လီ၊ လက္ကားအရောင်းဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၁၇.၃.၂၀၂၆)ရက်နေ့ မွန်းလွှဲ(၁၅း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီ လက်လီ၊ လက္ကားအရောင်းဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော  စားသုံးဆီလက်လီ၊ လက္ကား ရောင်းချနေသူလုပ်ငန်းရှင်များအား ခရိုင်/မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းမြင့်မားခြင်းနှင့် ပတ်သက်၍ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုလုပ်ကြရန်၊ စားသုံးသူပြည်သူများအား ထင်ယောင်ထင်မှားဖြစ်စေပြီး ရောနှောရောင်းချခြင်းမျိုးမပြုလုပ်ကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်ဆက်လက်ပြီးမြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် ကုန်အမှတ်တံဆိပ်အလိုက် ဆီအမျိုးအစား ကွဲပြားခြားနားမှုကို စားသုံးသူပြည်သူများအား ရှင်းလင်းပြောကြား၍ ရောင်းချပေးရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များမှတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်းချက်များအား မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည် ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ) 

ပြည်ခရိုင်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်လီဆိုင်များအား ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက်

            ပြည်ခရိုင်အတွင်း ခွဲတမ်းရစားအုန်းဆီများ ဖြန့်ဖြူးရောင်းချလျက်ရှိသော  လက်ကားကိုယ်စား လှယ်များနှင့်ပူးပေါင်း၍ ၎င်းတို့ဖြန့်ဖြူးထားသော သက်ဆိုင်ရာမြို့နယ်အလိုက် လက်လီအရောင်းဆိုင် များသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ (၉.၃.၂၀၂၆)ရက်နေ့တွင် ရွှေတောင် မြို့နယ်မှ လက်လီအရောင်းဆိုင်များအား လည်းကောင်း၊ (၁၀.၃.၂၀၂၆)ရက်နေ့တွင် ပြည်မြို့ပေါ်ရှိ လက်လီအရောင်းဆိုင်များနှင့် ပန်းတောင်း မြို့နယ်အတွင်းရှိ ဆင်တဲ၊ပန်းတောင်းနှင့် ဥသျှစ်ပင်မြို့တို့မှ လက်လီအရောင်းဆိုင်များအားလည်းကောင်း ကွင်းဆင်းကြီးကြပ်စစ်ဆေးရာတွင် လက်လီအရောင်း ဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ ရရှိသည့် အရေအတွက်အတိုင်း အပြည့်အဝရောင်းချမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိတို့ကို ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ မြေပြင်ကွင်းဆင်းကြီးကြပ်စစ်ဆေးရာတွင် လက်လီအရောင်းဆိုင်များအနေဖြင့် ခွဲတမ်းရ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချလျက်ရှိပြီး အရေအတွက်အပြည့်အဝ ရောင်းချလျက်ရှိပါကြောင်း၊ အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်လည်း စနစ်တကျပုံမှန်ရောင်းချလျက်ရှိပါကြောင်း၊ အရောင်းဆိုင်များတွင်လည်း လမ်းညွှန်မှာကြားချက်များအတိုင်း နေ့စဉ်ရောင်းချသည့် ဈေးနှုန်းများအား Vinyl ကပ်၍ ရောင်းချနေသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ