Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်ရှိဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁.၁၀.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီအချိန်၌ ဈေးရပ်ကွက်ရှိဆန်ဆိုင်များတွင် ရောင်းချပေးနေသောဆန်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဈေးရပ်ကွက်ရှိ ဒေါ်မိုးသီတာဆန်ဆိုင်နှင့် ဦးအောင်ထက်ဆန်ဆိုင်တို့တွင်ရောင်းချပေးနေသော ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချနေမှုအပေါ်  သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန် ရှင်းလင်းပြောကြားခဲ့ပြီး  ဆန်ဆိုင်ပိုင်ရှင် များအားဆန်ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းကြီးမြင့်နေမှုအပေါ်  မိမိတို့ရောင်းချနေသောဆန်များအား စားသုံးသူပြည်သူများသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအားရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀)အချိန်တွင် အမှတ်(၆)ရပ်ကွက် ရွေးနဒီဈေးအတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေများအားကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အမှတ်(၆)ရပ်ကွက် ရွှေနဒီဈေးအတွင်းရှိ စိန်ပြည်ကျော်ဆေးဆိုင်တွင် ရောင်းချနေသော ဆေးနှင့်ဆေးဝါးပစ္စည်းများကို စစ်ဆေးခဲ့ရာ ရောင်းချနေသောဆေးဝါးများကို ရန်ကုန်မြို့တွင်ရှိသောဆေးဝါးကုမ္ပဏီများမှ ဝယ်ယူရရှိပြီး ယခင်ဈေးနှုန်းများထက်(၅)ရာခိုင်နှုန်းခန့်သာ အနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ မိမိတို့လိုအပ်လျက်ရှိသောဆေးဝါးများကို အခက်အခဲမရှိဝယ်ယူရရှိနိုင်ကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးသိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၂.၁၀.၂၀၂၄) ရက်နေ့ ၊ညနေ (၁၅:၃၅)နာရီအချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိစားအုန်းဆီကုမ္ပဏီများမှ စားသုံးဆီများအား တော်ဝင်ဧကရာဇ်ကုမ္ပဏီ (ယာဉ်အမှတ်  8F-6136)မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၉)ပေပါ (သို့) ပိဿာ ၄၂၉၀ သည်လပွတ္တာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက္ကား ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်ရှိ တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်  (၂.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့ နယ်ရှိဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးသိန်းစိုးဦး၏ နေအိမ်တွင်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းအခြေအနေနှင့် ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံက မိုးစပါးစိုက်ပျိုးရာသီတွင် အရည်အသွေးပြည့်မီသောစပါးများ အထွက်တိုးနိုင်ရေးအတွက် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ဆောင်ရွက်သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ အသင်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းဝင်များနှင့်ညှိနှိုင်း၍ အဆင့်မြင့် ဆန်စက်အစိတ်အပိုင်းများပြောင်းလဲတပ်ဆင်နိုင်ရေး၊ ပြည်ပသို့အရည်အသွေးမြင့်ဆန်များတင်ပို့နိုင်ရေး၊ အသင်းဝင်များနှင့်ပုံမှန်တွေ့ဆုံ၍ နည်းပညာနှင့် ဈေးကွက်အခြေအနေများမျှဝေခြင်း ဆန်စက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူ၊ စက်ပိုင်၊ ကုန်သည်များ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လိုအပ်သောနည်းပညာအရင်းအနှီးထောက်ပံ့မှုများရရှိပါက လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်မှ စက်မှုသုံးဆီလုပ်ငန်းရှင်များအား ခွဲတမ်းရှိသောစားအုန်းဆီများနှင့် ပတ်သက်၍ဟောပြောဆွေးနွေးပွဲပြုလုပ်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ (၂.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦး နှင့်ဝန်ထမ်းများသည် စက်တင်ဘာလအတွက် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသော လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဆီထုတ်ယူရရှိနိုင်ရေးနှင့် လိုက်နာရမည့်စည်းကမ်းချက်များအား ဟောပြောဆွေးနွေးခဲ့ပါသည်။

      ထိုသို့ ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသောလုပ်ငန်းရှင်များအား စက်တင်ဘာလအတွက်စက်မှုသုံးဆီ ဒုတိယအကြိမ် ခွဲတမ်းရရှိမှုအပေါ်  ငွေပေးသွင်းရေး၊ ဆီထုတ်ယူရေး၊ ဆီထုတ်ကိုယ်စားလှယ်မှ အမြန်ဆုံးဆောင်ရွက်ရန်နှင့် လုပ်ငန်းအတွက်ရရှိသော စက်မှုသုံး စားအုန်းဆီများအား မိမိလုပ်ငန်း၌သာ အသုံးပြုရန်နှင့် ပြင်ပသို့ပြန်လည်ရောင်းချခြင်းမပြုလုပ်ရန် ဌာနမှ ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ညွှန်ကြားဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူးမှလည်း ခွဲတမ်းရရှိသောစားအုန်းဆီများအား စက်မှုလုပ်ငန်းသုံး လုပ်ငန်းရှင်များမှ မိမိတို့ရရှိလာသောဆီခွဲတမ်းများအတွက် ငွေးကြေးများကို အချိန်မီပေးသွင်းရန်၊ ဆီပေပါများကိုလည်း အချိန်နှင့်တပြေးညီပေးပို့နိုင်ပါရန်နှင့် လိုအပ်သည်များကိုလည်း ဆက်လက်ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြို့မဈေးရှိစားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁.၁၀.၂၀၂၄)ရက် နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်းအပြင်ရှိ လက်လီ/လက္ကား ရောင်းချနေသောစားအုန်းဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အထက်ဌာန၏လမ်းညွှန်ချက်အရ စားအုန်းဆီ ရောင်းချနေသောလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းကို စားသုံးသူပြည်သူများမြင်သာသောနေရာတွင် ဗီနိုင်းဖြင့် ချိတ်ဆွဲထားရှိရန်၊ ရန်ညွှန်းဈေးအတိုင်း ရောင်းချပေးရန်၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်၊ ဒုတိယအကြိမ်အထိ ခေါ်ယူသတိပေး ဝန်ခံကတိရေးထိုးစေပြီး တတိယအကြိမ်ဖြစ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ အမိန့်၊ညွှန်ကြားချက်၊ ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် လက်လီ/လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်ပိုင်ရှင်များအား အသိပေးဆွေးနွေး မှာကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စက်တင်ဘာလအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြု လျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့်အပ်ထားသော စစ်ဆေးရေး အရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်းတွင် ဒုတိယခရိုင် ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် ဦးစားပေး ကုန်စည် (၁၀)မျိုးမှ (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးအား ပခုက္ကူ၊ ဆိပ်ဖြူမြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်(၃)ကြိမ်၊ ပခုက္ကူမြို့ အမှတ်(၁၇) အခြေခံပညာမူလတန်းလွန်ကျောင်းရှိ မုန့်ဈေးတန်း(၁)ဆိုင်နှင့် ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းရှိ မုန့်ဈေးတန်း (၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် (၂)ကြိမ်၊ ပခုက္ကူမြို့ အမှတ်(၄)ရပ်ကွက်၊ ထင်းတန်းလမ်းရှိ ကုန်စုံဆိုင်(၃)ဆိုင်အား ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်(၁)ကြိမ် စုစုပေါင်း(၆)ကြိမ်အား  မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် အောက်တိုဘာလ ၃ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ မင်းကြီးဆွေရပ်ကွက်ရှိ King Kaytumati Garment Co.,Ltd သို့ သွားရောက်လေ့လာခဲ့ရာ လုပ်ငန်းရှင် ဒေါဖြိုးဖြိုးဝင်းနိုင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ King Kaytumati Garment Co.,Ltd သည် အထည်ချုပ်လုပ်ငန်းဆောင်ရွက်ပြီး ဒေသတွင်းလူငယ်လူရွယ်များအား အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးပါသည်။

           ဆက်လက်၍ မြို့နယ်တာဝန်ခံသည် ကေတုမတီမြို့၊ တပင်ရွှေထီးရပ်ကွက်ရှိ လုပ်ငန်းသစ်တည်ထောင်သည့် Tiger Htoo Kyaw Co.,Ltd သို့ရောက်ရှိပြီး မြေပြင်အခြေအနေကို စစ်ဆေးကြည့်ရှုရာ ဒါရိုက်တာ ဦးဇော်မင်းထွေးက ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုပြသခဲ့ပါသည်။ Tiger Htoo Kyaw Co.,Ltd သည် ဆံပင်လုပ်ငန်းများဆောင်ရွက်သည့် ကုမ္ပဏီဖြစ်ပါသည်။

          မြို့နယ်တာဝန်ခံသည် ကုမ္ပဏီများသို့ ရောက်ရှိလေ့လာကြည့်ရှုစဉ် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သနပ်ပင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိဝန်ထမ်းများသည် (၃-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် သနပ်ပင်မြို့အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့်ရေးသားဖော်ပြ၍ ရောင်းချရန်နှင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီကို စာအုပ်စနစ်ဖြင့် ထုတ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

          အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားအုန်းဆီကို စာအုပ်စနစ်ဖြင့် ထုတ်ယူနိုင်ရေး အစည်းအဝေးကျင်းပခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥက္ကဋ္ဌ ဦးဇေယျာဟိန်းက အိမ်ထောင်စုစာရင်းကို စာအုပ်တွင်ကပ်ထားရန်၊ ဧည့်သည်ဆိုလျှင်လည်း ဧည့်စာရင်းတွင် ကပ်ထားရန်၊ အင်းစိန်မြို့နယ်အတွင်း နေထိုင်သူများကိုသာရောင်းချပေးရန်၊ စားသောက်ဆိုင်များမှ ခွဲတမ်းများအား ပုံမှန်ထုတ်ယူနေသူထံမှသာထုတ်ယူရန်၊ သန်းခေါင်စာရင်းတွင် ပါဝင်သောသူများကိုသာဆီထုတ်ပေးရန်နှင့် နေ့စဉ်ရောင်းချမှုမှတ်တမ်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ Report တင်ပြရန် ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ