Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သာပေါင်းမြို့နယ်တွင် ဆောင်းသီးနှံများ ထပ်မံစိုက်ပျိုးမည့် စိုက်ဧက

              ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံများဖြစ်သည့် နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်းများကို စိုက်ပျိုးလျက်ရှိရာ မိုးစပါး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၆၈၂၉၇ ဧက၊ နွေစပါး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၉၄၀၀၂ ဧကစိုက်ပျိုးခဲ့ပါသည်။ ဆောင်းသီးနှံများသည် နေကြာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၃၅၅၂ ဧက၊ မတ်ပဲ ၁၆၂၃၄ ဧက၊ ပဲတီစိမ်း ၆၅၃၁ ဧက စိုက်ပျိုးခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင်လည်း မိုးစပါး ၆၈၂၉၇ဧက၊ နွေစပါး ၉၃၄၇၄ ဧက၊ နေကြာ ၇၇၅၂ ဧက၊ မတ်ပဲ ၁၆၂၃၄ ဧက၊ ပဲတီစိမ်း ၆၅၃၁ ကိုလည်း ထပ်မံစိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော ကန်စွန်းဥနှင့် ပိန်းဥ ဈေးနှုန်း

 

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ကန်စွန်းဥနှင့်ပိန်းဥ များ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကန်စွန်းဥနှင့် ပိန်းဥ များကိုဒေသတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့် အတွက် ကန်စွန်းဥနှင့် ပိန်းဥများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိ ကြောင်းသိရှိရပါသည်။   

            ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ပထမအပတ်အတွင်း ရောင်းချနေသော ကန်စွန်းဥနှင့် ပိန်းဥဈေးနှုန်းမှာ ကန်ဇွန်းဥ ၂၅ကျပ်သားလျှင်(၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၁၈၀၀)ကျပ်၊ တစ်ပိဿာလျှင် (၃၆၀၀)ကျပ်၊ အလားတူ ပိန်းဥဈေးနှုန်းများမှာ ၂၅ကျပ်သားလျှင် (၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၁၉၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသောဈေးသည် တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ( မုန့်တီ၊ မုန့်ဟင်းခါး  ) မုန့်ဖက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊မုန့်ဟင်းခါး) မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်များကို မုံရွာမြို့ပေါ်နှင့်ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

      ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ပထမအပတ်အတွင်း ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး ) မုန့်ဖက်ဈေးနှုန်းများမှာ (၁)ပိဿာလျှင် (၃၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၉၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင် (၉၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊မုန့်ဟင်းခါး) မုန့်ဖက် ရောင်းချသူထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ဒေသတွင်း ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ အထွက်တိုးနိုင်ရေး အတွက် မြို့နယ်စိုက်တိုးမြှင့် အဖွဲ့များ ပဲနှမ်းအသင်းကုန်စည်ဒိုင် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ ဦးအောင်လွင်နှင့် ညောင်တုန်းမြို့နယ် ပဲနှမ်းအသင်းအဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်မှ တာဝန်ရှိသူများက  (၂၄.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်၌ မြို့နယ်တာဝန်ခံရုံးခန်းမတွင် တွေ့ဆုံ၍ ဒေသတွင်း ဆောင်းသီနှံ စိုက်ပျိုးမှု တိုးတက်မြင့်မာရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် စိုက်တိုးမြင့်အဖွဲ့မှ တာဝန်ရှိသူက  ဒေသတွင်း စိုက်ပျိုးသီးနှံများဖြစ် သော စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ ဆီထွက်သီးနှံများ အထွက်တိုးရေးနှင့် လယ်ယာမြေလိုအပ်ချက် ဓါတ်မြေဩဇာ ထောက်ပံ့နိုင်ရေးကို တိုင်းဒေသကြီးမှ ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပြီး နည်းပညာပေးစိုက်ပျိုးရေးများကို ကွင်းဆင်းပညာပေးလျက်ရှိကြောင်း၊ စိုက်ပျိုးသူများအနေဖြင့် နှစ်စဉ်ကြုံတွေ့နေရသော ဆောင်းသီးနှံ စိုက်ပျိုးချိန်မှာ ရာသီဥတု အခြေအနေအပေါ် များစွာတည်နေရာ ရာသီဥတု ခန့်မှန်တွက်ချက်မှု များ အား မျက်ခြေမပြတ် လေ့လာသုံးသပ် နေရန်လိုအပ်ပြီး သီးနှံစိုက်ပျိုးရန် သင့်တော်သော မြေအခြေအနေအား ချင့်ချိန်တွက်ဆနိူင်ရန် လိုအပ်နေ၍ ထွက်ရှိလာသော သီးနှံအမျိုးအစားအလိုက်  ကုန်စည်ဒိုင်များမှ  စည်းမျဉ်းစည်းကမ်း များ အတိုင်း  သီးနှံများအရောင်းအဝယ်ပြုလုပ်၍ တင်ပို့မှုများ ကောင်းမွန်သောရလဒ်ကောင်း ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းကောင်း ဆွေးနွေးခဲ့သည်၊၊

 စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ ဆွေးနွေးရာ ကုန်စည်ဒိုင်နှင့် ပဲနှမ်းအသင်းများ ရှင်သန်နိုင်မှုအခြေအနေများ၊ အသင်းအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်နှင့် စည်းမျဉ်း၊ စည်းကမ်းများ ကိုရှင်းလင်းခြင်း၊ ၂၀၂၆ခုနှစ်၊ မတ်လတွင် ပဲအသစ်များ၊ စိုက်ပျိးသော ဆီထွက်သီးနှံများ ထွက်ပေါ်မည်ဖြစ်၍ စိုက်ပျိုးထွက်ရှိလာတဲ့ ဆီထွက်သီးနှံတွေကို ကုန်ကြမ်းထွက်ကုန်အဆင့်မှ တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်လာနိုင်ရေး၊ ဈေးကွက်ရရှိရေး အတွက် ကုန်သည်ကြီးတွေအသင်း၊ လုပ်ငန်းရှင်တွေ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဆီစက် လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း၍ စားသုံးဆီထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းတွေကို အဆင့်မြှင့်တင်ခြင်း၊ ဆီစက်တွေ အဆင့်မြင့်တင်ခြင်းနဲ့ ကြိတ်ခွဲထွက်ရှိလာတဲ့ ဆီကြိတ်ဖတ် တွေကို စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တိရစ္ဆာန်အစာအတွက် ပြန်လည်အသုံးချခြင်းလုပ်ငန်းတွေကို ဆက်စပ်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ဌာနဆိုင်ရာပညာရှင်များ ကြီးကြပ်မှု၊ မိတ်ဖက်ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ (Private Sector) နဲ့ စိုက်ပျိုးထုတ်လုပ်သူတွေ ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင် ဆီထွက်သီးနှံတွေ ပန်းတိုင်အထွက်နှုန်း ရရှိလာနိုင်မှာဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်မှ ထွက်ရှိသော နွားနို့နှင့် ဒိန်ချဉ်ဈေးကွက်

     မအူပင်ခရိုင် မအူပင်မြို့တွင် မြို့သစ် ရပ်ကွက်တွင်  ဒိန်ချဉ်တစ်ပိုင်တစ်နိုင် လုပ်ငန်းမှ  နို့စားနွားနှင့် အသားစားနွား စုစုပေါင်း ကောင်ရေ ၄၀ နီးပါး မွေးမြူထားကြောင်း၊ နို့စားနွားများမှ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် မိမိခြံမှ ထွက်ရှိသော နွားနို့များကိုသာ ထုတ်လုပ်ရောင်းချကြောင်း၊ တစ်ရက်ပျမ်းမျှ နွားကောင်ရေ ၃၀ မှ နွားနို့ ပိဿာ ၆၀ ပျမ်းမျှ ခန့်ရရှိပြီး ထိုနွားနို့မှတစ်ဆင့် နို့ထွက်ပစ္စည်း များကို ထုတ်လုပ်ရောင်း ချခြင်းဖြစ်ကြောင်း သိရသည်။

    နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ရောင်းဝယ်ရေးမှ  ဒိန်ချဉ် ကိုသာအဓိကထား ထုတ်လုပ်သည်။  ဒိန်ချဉ်တစ်ဘူးလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ် ငွေကျပ် ၁၇၀၀ ခန့် ကုန်ကျပြီး ပြန်လည်ရောင်းချသူ များသို့ ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ရောင်းချပေးရာတစ်ဘူး လျှင် အမြတ်ငွေကျပ် ၃၀၀ ကျပ်ခန့်သာ ရရှိသော် လည်း မိမိခြံမှ ထွက်ရှိသောနို့ကို ထုတ်ကုန်အဖြစ် ပြုလုပ်ရောင်းချခြင်းဖြစ်သည့်အတွက် အမြတ် အစွန်း အနည်းငယ်သာ ရယူခြင်းဖြစ်ကြောင်းလည်း သိရသည်။

     ထုတ်လုပ်မှုအနေဖြင့် တစ်ရက်လျှင် နို့ချဉ်ဘူး ၅၀၀ မှ ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ကြောင်း၊ မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော်လည်း ပြင်ပအလုပ်သမား ၅ ဦးခန့်ကို နေ့စဉ် အလုပ်ပေးနိုင်ကြောင်းသိရသည်။ အလုပ်သမားများကို တစ်လ လျှင် အနိမ့်ဆုံးလစာငွေကျပ် ၁၈၀၀၀၀ မှ အမြင့်ဆုံး ကျပ် ၃၀၀၀၀၀ အထိ ပေးလျက်ရှိသည်။ နွားနို ၁ပိဿာကို ဒိန်ချဉ် ၇ကျပ်သာ ထွက်ရှိကြောင်း ထုတ်လုပ်သူမှ ရှင်းပြသည်။ ဒိန်ချဉ်များကို‌ နေ့စဉ် တစ်နိုင်သာထုတ်လုပ်ပြီး နွားနို့ သီးသန့်ရောင်းချခြင်းများလည်းရှိသည်။ နွားနို့  ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ဒိန်ချဉ် ၁ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့်လက်ကား ရောင်းချပေးပြီး ဒိန်ချဉ် ဗူး တစ်ဗူးလျှင် လက်လီဈေး ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပျားသလက်နှင့် ပျားရည် ဈေးနှုန်း

       ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိသလို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ်လက်စားသမားလေးများလည်း ရှိပါသည်။ ထို လက်လုပ်လက်စားလုပ်ငန်းလုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ အခြားပန်းများနှင့် နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည်နှင့် ပျားသလက်ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက်နှင့် ပျားရည်ကို ကျွန်းလှမြို့ဈေးသို့ လာရောက်ရောင်းချကြပါသည်။

        နိုဝင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်နှုန်း၊ (၁၀)ကျပ်သားခန့် တစ်ပြားလျှင်(၁၂၀၀)ကျပ်နှင့် (၅)ကျပ်သားခန့် တစ်ပြားလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်း ကောင်း အလားတူပင် ပျားရည်ဈေးနှုန်းအနေဖြင့် ပျားရည်(၄၀)ကျပ်သားဝင် တစ်ပုလင်းကို (၁၈၀၀၀)ကျပ်၊ ပျားရည်(၂၀)ကျပ်သားဝင် ဂျပ်ပြား တစ်ပုလင်းကို(၉၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆောင်းဦးပေါက်ရာသီဖြစ်၍ ပန်းမျိုးစုံပွင့်သည့်အတွက် ပျားသ လက်၊ ပျားရည်ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပျားရည်ရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးမတက်တဲ့ နိုဝင်ဘာလ မတ်ပဲဈေးကွက်

       ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှန်းများမှာ ယင်အောက်တိုဘာလတွင် ရောင်းဝယ် ခဲ့သော ဈေးနှန်းထက် ယခုနိုဝင်ဘာလတွင် ဈေးကျနေသည်ကို တွေ့ရှိရပါသည်။

             ယင်အောက်တိုဘာလ  စတုတ္ထပါတ်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်း မှာ ပိဿာ(၂၀) တစ်တင်းလျှင်ကျပ် (၈၅၅၀၀ မှ ၈၃၅၀၀)နှုန်းဖြင့် ဈေးပိတ်ခဲ့ပါသည်။

             ယခုနိုဝင်ဘာလ ပထမပါတ် အဖွင့်ဈေးမှာ ကျပ်(၈၃၅၀၀ မှ ၈၃၀၀၀) နှုန်းအထိ ဈေးအကျဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဒုတိယပါတ် ဈေးနှန်းမှာ ဆက်လက် ကျဆင်းလျှက်ရှိပြီး   ကျပ်(၈၃၀၀၀ မှ ၈၂၀၀၀) နှုန်း   အထိ ဈေးအကျဖြင့် ရောင်းဝယ်နေသည်ကို  တွေ့ရှိရပါသည်။

             ယခုတတိယပါတ်တွင် အရောင်းအဝယ် ဖြစ်နေသော ဈေးနှန်းမှာ အနည်းငယ်သာ ဈေးတက်ပြီး ပိဿာ(၂၀)တင်းကို ကျပ်(၈၂၀၀၀ မှ ၈၂၅၀၀)နှုန်း ဖြင့်သာအရောင်းအဝယ် ဖြစ်ကြောင်းသိရှိရပါသည်။

             ပွဲရုံများမှ တင်ပို့ရောင်းချမှု့ အခြေအနေမှာ ပွဲရုံရှိ လှောင်ပဲများကိုသာ တင်ပို့နေရကြောင်း ပွဲရုံထံမှ လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)                                                               

နတ်တလင်းဒေသထွက် ရှောက်ချိူသီး ဈေးနှုန်းဈေးကွက်

   နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြို့မဈေးကြီးနှင့် ညနေဈေးတို့တွင်ဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများနှင့် နတ်တလင်းဒေသထွက် ရှောက်ချိုသီးများ ကိုရောင်းချလျက် ရှိပါသည်။

   ရှောက်ချိုသီးကို နတ်တလင်းမြို့နယ် အနောက်စုကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ရှားဖြူကုန်းကျေးရွာ၊ ကြွက်နွယ်တောကျေးရွာ စသည့်ကျေးရွာများက ရှောက်ချိုသီးများကို ဈေးကွက် အတွင်း‌ လာရောက်ရောင်းချခြင်းဖြစ်ပြီး ယခုနိုဝင်ဘာလ တတိယပတ်၌ ရှောက်ချိူသီး တစ်လုံးလျှင် အရွယ်အစားကို လိုက်၍ (၂၀၀-၁၅၀)ကျပ်ဖြင့်ရောင်းချကြောင်း ရှောင်ချိူပင်တစ်ပင်လျှင် ရေမြေ အနေအထားပေါ် မှုတည်၍ တစ်နှစ်အလုံးရေ ၃၀၀ နှင့် ၁၀၀၀  ကြားထွက်ရှိပါကြောင်း ဈေးကွက် အနေဖြင့် ကျောင်းဈေးများ အချဉ်ပေါင်းသည်များက ဝယ်ယူပါကြောင်း ကြို့ပင်ကောက်မြို့၊ သုံးဆယ်မြို့များ သို့လည်းတင်ပို့ရောင်းချရသဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပါကြောင်း ရှောက်ချိုသီး ရောင်းဝယ်သူ တစ်ဦးထံမှ သိရသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၏ ဆန်စပါးဈေးကွက်

     ပြည်ခရိုင်အတွင်း စပါးသစ်များ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ပါသည်။ ပြည်ခရိုင်တွင် စပါး စိုက်ဧက (၂၂၆၄၉၇)စိုက်ပျိုးပြီး ရိတ်သိမ်းပြီးစီးမှုမှာ (၅၂၆၆၇)ဧကရှိပါသည်။ အထွက်နှုန်းအနေဖြင့် (၉၁.၈၉)% ထွက်ရှိပါသည်။ စပါးသစ်များမှာ ယခင်နှစ် စပါးသစ်ပေါ်ချိန်တွင် (၄၆)ပေါင် တင်း(၁၀၀) လျှင် (၁၄၀၀၀၀၀)ကျပ်ဈေးရှိခဲ့ပါသည်။ ယခုနှစ် နိုဝင်ဘာလတွင် စပါးအသစ် (၄၆)ပေါင် ဧည့်မထ စပါးအုပ်စုဈေးမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် ပြည်မြို့နယ်တွင် (၁၂၄၀၀၀၀)ကျပ်၊ ရွှေတောင်မြို့ နယ်တွင် (၁၂၄၀၀၀၀)၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၆၀၀၀၀)ကျပ်၊ ပန်းတောင်းမြို့နယ်တွင် (၁၂၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး လက်ကားရောင်းချသော ဆန်သစ်ဈေးများမှာ အင်းမ ရဲဘော်ရိုးရိုး (၅၀၀၀၀)၊ အင်းမစူပါ  (၅၃၀၀၀)၊ ကရင်မဆန် (၄၅၀၀၀)၊   ဆင်းသွယ် (၄၃၀၀၀)     ရိုးနီ(အသစ်)(၈၈၀၀၀)၊ ရတနာတိုး (၄၂၀၀၀)၊ မှော်ဘီသစ် (၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ လက်လီ ရောင်းချသော ဆန်ဆိုင်များတွင် ဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ်မှ (၄၃၀၀)ကျပ်အထိရောင်းချသော်လည်း ဆန်သစ်ဈေးများမှာ လက်ကားရောင်းချသော ဆန်များဈေးကျဆင်းနေကြောင်းသိရပါသည်။ Export ရောင်းချနိုင်ခြင်းမရှိဘဲ တိုင်းတွင်းနှင့် အခြားတိုင်းများသို့သာ တင်ပို့ရောင်းချရသည့်အတွက် ဆန်ဈေးများကျဆင်းနေရခြင်း ဖြစ်ပါသည်။

          ပြည်ခရိုင် အခြားတိုင်းများဖြစ်သည့် မကွေးတိုင်းသို့ ဆန်အိတ်ရေ (၃၀၀)ခန့်၊ ရန်ကုန်သို့ ဆန်အိတ်ရေ (၈၀၀၀)ခန့်တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ရောင်းချနေသော ခရမ်းကစော့သီး

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခရမ်းကစော့ပင်များ စိုက်ပျိုးထားကြောင်းသိရသည်။ ပြည်မြို့အတွင်းရှိ ဈေးများတွင် ခရမ်းကစော့သီးများ အရောင်း သွက်နေကြောင်းသိရသည်။ ခရမ်းကစော့သီးတွင် ဗီတာမင် A , C  သံဓါတ်စသည်တို့ အကျိုးပြု ဓါတ်ပေါင်းများ ပါဝင်ပြီး အစာစားချင်စိတ်ကိုဖြစ်စေခြင်း၊ အစာချေဖျက်ခြင်းကိုကူညီပေးခြင်း၊ အစာအိမ်အနာကို ပျောက်ကင်းစေခြင်း၊ လည်ချောင်းနာခြင်းကို သက်သာစေခြင်း၊ အသားဝါခြင်းကို ကာကွယ်ပေးခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်များကို လှုံ့ဆော်ပေးခြင်းစသည့် အစွမ်းသတ္တိများ ရှိကြောင်း သိရသည်။

          ခရမ်းကစော့သီးများကို မီးကင်ပြီးစားလို့ရသလို ပြုတ်ပြီး တို့စရာအဖြစ်စားသုံးကြပါသည်။ ခရမ်းချည်သီးဖြင့်လည်း ချက်ပြုတ်၍စားလို့ရကြောင်းသိရသည်။ ပြည်ဈေးကွက်တွင် ရောင်းချ နေသော ခရမ်းကစော့သီးဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်တို့ဖြင့် ရောင်းချနေကြောင်းသိရသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း