Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့ခရမ်းသီးဈေးနှုန်းဈေးကွက်

       ခရမ်းပင်သည် အာလူး၊ ခရမ်းချဉ်ပင်တို့နှင့် မျိုးတူသည်။ ဘဲဥပုံသဏ္ဌာန် ဖြစ်သည်။ အရွက်များ၏ အရောင်မှာ စိမ်းဖန့် ဖန့် နေသည်။ အောက်ဘက်တွင် အမွေးနုများရှိသည်။ ပန်းများ ပွင့်ရာတွင် ထီးတည်း ပွင့်သည်။ အရောင်မှာ အဖြူ၊ အဝါ၊ သို့မဟုတ် ခရမ်းရောင်နု ဖြစ်သည်။ အသီးများသီးရာတွင် တွဲလျားသီး၍ ပုံသဏ္ဌာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ ရှည်မြောမြော ဖြစ်သည်။ အရှည်မှာ လက်မမှ ၁၂ လက်မအထိ ရှိတတ်သည်။ အရွယ်မှာ ငန်းဥအရွယ်မှ လူကြီးကန်သော ဘောလုံး အရွယ်အထိ ရှိသည်။ အရောင်မှာ၊ အဖြူ၊ ခရမ်းရောင်၊ အနီ၊ သို့မဟုတ် အဝါ ဖြစ်သည်။ အခွံသည် ပြောင်ချော၍ တခါတရံ အစင်းများပါသည်။ ခရမ်းသီးများ မှည့်ရန် လမျှ ကြာသည်။ ခရမ်းသီးသည် အာဟာရဓာတ်ကို ကောင်းစွာ မပေးစွမ်း နိုင်သော်လည်း လူကြိုက်များပေသည်။ ခရမ်းပင်များတွင် ပိုးများ ကျရောက်တတ်သည်။ ပိုးကျလျှင် အရွက်များတွင် အပေါက်ငယ်ကလေးများ ဖြစ်လာသည်။ ထိုအခါ အပင်မကြီးထွားနိုင်တော့ချေ။ ပိုးများကို ကာကွယ်ရန် ဗေါ်ဒိုးမစ္စချာခေါ် အဆိပ်တစ်မျိုးကို အသုံးပြုကြသည်။ ထိုအဆိပ်မျိုးတွင် ဒုတ္ထာအပြင်၊ ထုံးနှင့်ရေကို :: အချိုးဖြင့် ရောစပ်ထားသည်။

    ခရမ်းမျိုးများမှာ ခရမ်းရှည်၊ ခရမ်းပုအကြီးစား၊ ခရမ်းပုအငယ်စား၊ ခရမ်းကြွပ်၊ ဆင်ခရမ်း၊ မြေပုံခရမ်း၊ ခရမ်းခဆော့၊ ခရမ်းစပ်၊ မြို့ဖျက်ခရမ်း၊ ထောပတ် ခရမ်း၊ လသာခရမ်းနှင့် ဆယ်စွယ်ခရမ်းများ ဖြစ်ကြသည်။ ခရမ်းသီးအကြီးတစ်လုံးလျင် (၅၀၀)ကျပ်မှအသေးတစ်လုံးလျင်(၃၀၀)ကျပ် ရရှိကြောင်း ပုသိမ်ဈေးကွက်မှ သိရသည်။

( DOCA)  ဧရာဝတီ

ပုသိမ်မြို့မုန်လာဥနီဈေးနှုန်းဈေးကွက်

     မုန်လာဥနီသည် ဟင်းသီးဟင်းရွက်အမျိုးအစားများအနက် တစ်မျိုးဖြစ်ပါသည်။ မုန်လာဥနီ၏အရောင်မှာ အနီရောင်ဖြစ်ပြီး အရသာမှာ ချိုပါသည်။ မုန်လာဥနီကို တို့စရာအဖြစ်လည်းကောင်း၊ ကြော်စားခြင်းနှင့် သုပ်စားခြင်းအပြင် ဖျော်ရည်အဖြစ်လည်းကောင်း အမျိုးမျိုးပြုလုပ်စားသုံးနိုင်ပါသည်။မုန်လာဥနီတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်း ကိုမဖြစ်စေဘဲ ဝမ်းမှန်စေပါသည်။ ထို့ကြောင့် အူမကြီးကင်ဆာဖြစ်ပွား နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါသည်။ မုန်လာဥနီကို မကြာခဏပုံမှန်စားသုံးပါက သွေးတွင်းကို လက်စထရောကို လျော့နည်းလာစေနိုင်ပါသည်။ ထို့ကြောင့် အဆီများ၍ နှလုံးသွေးကြောကျဥ်းခြင်း၊ အသည်းအဆီဖုံးခြင်းဖြစ်ပွားမှုကိုလျော့နည်းစေနိုင်ပါသည်။ သွေးတိုးရောဂါရှိသူများနှင့် သွေးအားနည်းရောဂါရှိသူများ ပို၍စားသုံးသင့်ပါသည်။

      ထို့ပြင်မုန်လာဥနီကို များများစားသုံးပေးသင့်ပါသည်။ ဗီတာမင်စီလည်း ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး အအေးမိခြင်း၊ ရောဂါပိုးအလွယ် တကူဝင်ရောက်ခြင်းများမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ပုသိမ်မြို့တွင် မုန်လာဥနီ(၁၀)သားလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

 

( DOCA  ဧရာဝတီ)

ပုသိမ်မြို့ရုံးပတီးသီးဈေးနှုန်းဈေးကွက်

       ရုံးပတီသီး ဆိုတာက ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ရုံးပတီသီးကိုကြော်စားတာ၊ ချဉ်ဟင်းချက်စားတာနဲ့ ပဲဟင်းတွေထဲထည့်တာ၊ပြုတ်ပြီး အတို့အမြှုပ်အဖြစ်စားသုံးတာ။ ကင်ပြီးဖြစ်ဖြစ် ဆီပူထိုးပြီးဖြစ်ဖြစ် အချဉ်ရည်နဲ့တို့စားတာမျိုးလုပ်စားလို့ရပါတယ်။ ရုံးပတီသီးမှာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်တဲ့ အာဟာရဓါတ်တွေများစွာပါဝင်နေပြီးရုံးပတီသီးမှာ ခန္ဓါကိုယ် အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး သဘာဝ ဝမ်းနုတ်ဆေးတစ်ခုလို့တောင် ဆိုရပါမယ်။ ဝမ်းချုပ်တာကို သက်သာစေနိုင်မှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ ပျစ်ချွဲချွဲ အစေးလေးတွေက အူမကြီးအတွင်း ချေဖျက်ပြီးအစာတွေကို ပို့ဆောင်ရာမှာချောဆီအနေနဲ့ လုပ်ဆောင်ပေးပြီး ဝမ်းသွားရတာ ကိုလွယ်ကူစေမှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ အမျှင်ဓါတ်က အူအတွင်းမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေအတွက် အာဟာရဖြစ်စေပြီး အစာချေ လမ်းကြောင်းရဲ့ရေဓါတ်ကို ထိန်းညှိပေးပါ ကြောင်းသိရပါသည်။

    ထို့ပြင် ရုံးပတီးသီး အတောင့်ကြီး (၆)တောင့်(၁)စီးလျင်(၆၀၀)မှအတောင့်သေး(၆)တောင့် (၁)စီးလျင် (၄၀၀)ကျပ်ရရှိကြောင်း သိရပါသည်။

 

( DOCA  ဧရာဝတီ)

သပြေငုတ်ဈေးနှုန်းဈေးကွက်

    မြန်မာလူမျိုးတို့ ဘုရားပန်းတင်သည့်အခါ အောင်သပြေပန်းမှာ မပါမဖြစ်ဖြစ်ပါတယ်။ ယခုဆိုလျှင် ပန်းစျေးကွက်တွင် မြန်မာသပြေ လို့ခေါ်တဲ့ အောင်သပြေညွန့်အပြင်၊ အဲ့ဒီအောင်သပြေကိုမှ ငုတ်လေးတွေ တူးရောင်းတဲ့ သပြေငုတ်၊ အညွှန့်လေးတွေ ရဲရဲတောက်နေအောင်လှတဲ့ အာဆီယံသပြေ စတဲ့ သပြေပန်းမျိုးစုံကလည်း သူ့စျေးကွက်နဲ့သူ နေရာယူလျှက်ရှိပါသည်။သပြေပင်ကို ရာသီမရွေး စိုက်ပျိုးနိုင်ပါတယ်။ ရေကြိုက်သည့် အပင်အမျိုးအစားဖြစ်သည့်အတွက် သပြေပင်စိုက်တော့မယ်ဆိုရင် ရေရရှိတဲ့ အရပ်ဒေသ၊ ရေသွယ်ယူလို့ လွယ်ကူတဲ့ နေရာမျိုးမှာ စိုက်ပျိုးရပါမယ်။ သပြေပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည်။

     ထို့ပြင်သပြေငုတ်သည် ဘုရားပန်းတင်ရာတွင် ကြာရှည်ခံသောကြောင့် လူကြိုက်များပါသည်။ သပြေငုတ်အကြီးတစ်ပင်လျှင် (၁၅၀၀)၊အသေး (၃)ပင်လျှင် (၁၀၀၀) ရောင်းရကြောင်း သိရှိရပါသည်။

( DOCA  ဧရာဝတီ)

မအူပင်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိသော မုန်လာဥ ဈေးနှုန်းဈေးကွက်

        မအူပင်ခရိုင် မအူပင်မြို့နယ်၊ တလုပ်လပ်ကျေးရွာတွင် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော မုန်လာဥဖြူကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ 

      စိုက်ပျိုးရာတွင် မုန်လာဥဖြူကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၃၀-၄၀ အကြာတွင် တူးဖော်ရကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် မျှားနီတံဆိပ်နှင့် ဆင်စွယ်မုန်လာတံဆိပ်ပါ မုန်လာဥဖြူမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ငါးသိန်းခန့် ကုန်ကျပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် မုန်လာဥဖြူ ၆၀၀၀-၇၀၀၀ ခန့် ထွက်ရှိကြောင်း၊ လက်ကားဈေး မုန်လာဥ ဖြူတစ်ဥလျှင် ငွေကျပ် ၃၀၀ နှင့် ရှစ်ဥပါ တစ်စည်းလျှင် ငွေကျပ် ၂၅၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ကိုးသိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအရောက် အခင်းပြတ် လာရောက်ဝယ်ယူ၍ မအူပင်မြို့ပေါ်ရှိ ကုန်စိမ်းသည်များထံသို့ တင်ပို့ရောင်းချကြပြီး အချို့တောင်သူများမှာလည်း ရန်ကုန် - အတက် ကားလမ်းဘေးတွင် ရောင်းချမှုများလည်းရှိကြောင်း၊ ယခုနှစ် မုန်လာဥဖြူ စတင်ထွက်ပေါ်ချိန်တွင် ဈေးကောင်းရရှိ၍ တောင်သူများ အကျိုးအမြတ် ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် ပြည်သူများအား သင်တင့်မျှတသော ဈေးဖြင့် ဆန်များရောင်းချပေးလျက်ရှိ

        ၂၈.၁၁.၂၀၂၅ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင်‌ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဆန်စက် အသင်းရုံးရှေ့တွင် ရပ်ကွက်နေပြည်သူများအား ဒုတိယနေ့အဖြစ်  ဧရာဝတီ ပေါ်ဆန်းဆန်နှင့် ဆင်းသုခဆန်များအား နေ့စဉ် ဆက်လက်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

       ထိုသို့ရောင်းချရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များအသင်းနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကြီးကြပ်မှုဖြင့် ညောင်တုန်းမြို့နယ်ဆန်စက် အသင်းရုံးရှေ့တွင် ရပ်ကွက်နေပြည်သူများကို ဧရာဝတီပေါ်ဆန်း ၃အိတ်၊ ဧည့်မထဆန် ၈ အိတ်ကို ဧရာဝတီပေါ်ဆန်း ၁ပြည် (၅၀၀၀)ကျပ်၊ ဧည်မထဆန် ၁ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းချပေးနေပြီး ပြည်သူများ အား လွပ်လပ်စွာဝယ်ယူလျက်အားပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ မြို့နယ်တွင်း ဆန်ဆန်ကြီးများအား မိမိတို့လက်ဝယ်တွင် ရောင်းချရန် သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးထားကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ ဘူးကင်းမွန်ခြောက်ဈေးနှုန်း

    ကင်းမွန်များကို ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပေါ်တွင် မီးထွန်းထားသော ကင်းမွန်ဖမ်းလှေများဖြင့် ဖမ်းယူကြလေ့ရှိကြပြီး ကင်းမွန်ကိုရေ ခဲရိုက်၍ လည်းကောင်း အခြောက်လှန်း၍လည်းကောင်း ပြည်တွင်း/ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိကြကြောင်း သိရှိရပါသည်။ ကင်းမွန်ခြောက်ပြုလုပ်ရာတွင် သဘာဝအလျောက် အနေဖြင့် အခြောက်လှန်းခြင်းနှင့် ပြုတ်၍အခြောက်ပြုလုပ်ခြင်းဟူ၍ (၂)မျိူးရှိကြပြီး သဘာဝအနေဖြင့် အခြောက်ပြုလုပ်ထားသော ကင်းမွန်ခြောက်များ ပြုလုပ်ရောင်းချကြကြောင်း သိရှိရပြီး ဝယ်ယူသူများ များပြားကြောင်းလည်း သိရှိရပါသည်။ ကင်းမွန်ခြောက်များထဲမှ ကင်းမွန်ခြောက် အငယ်များကို သနပ်နှင့် အကြောက်အလှော်များတွင် ဈေးသက်သာသောကြောင့် သုံးစွဲလျက်ရှိကြောင်း သိရှိရပါသည်။ 

    ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဘူးကင်းမွန်ခြောက်ဈေးနှုန်းမှာ ဘူးကင်းမွန်ခြောက်တစ်ပြည်လျှင် (၁၈၀၀၀)ကျပ်နှင့် နို့ဆီဘူးလေးဘူးလျှင် (၉၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ လူကြိုက်များသောငပိဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ငပိကို အဓိကထားလုပ်ကိုင်လျက် ရှိပါသည်။ ငပိကို ‌ဒေသထွက် ပုစွန်၊ဂွေး၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်းတစ် မျိုးလည်း ဖြစ်ပါသည်။ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြသည့်အပြင် တို့စရာ ငပိထောင်းအဖြစ်လည်း သုံးစွဲကြပါသည်။ မြိတ်ဒေသထွက်ငပိသည် မြန်မာနိုင်ငံ အမြို့မြို့အနယ် နယ်သို့ တင်ပို့လျက်ရှိပြီး လူကြိုက်များသောကြောင့် ဈေးကောင်းရရှိကြောင်းလည်း သိရှိရပါ သည်။ ငပိအမျိုးအစားအမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်း ရှိ ကြောင်းသိရှိရပါသည်။ မြိတ်ဒေသထွက်ငပိကို ထားဝယ်မြို့က ပိုမိုဝယ်ယူကြကြောင်းလည်း သိရှိ ရပါသည်။

          ယခု၂၀၂၅ခုနှစ်ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိငပိဈေးနှုန်းမှာ (၈၀၀၀)ကျပ်မှ (၉၀၀၀)ကျပ်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိရောင်းအားကောင်းသောမျှစ်ချဉ်

     တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ စျေးများတွင် မိုးရာသီတွင်အထွက်များသော မျှစ်ချဥ်သည်  အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်သည့်အပြင် စားဖိုသီးနှံများလည်း ပေါများသောဒေသဖြစ်ပါသည်။ မျှစ်ကိုမိုးရာသီ၌သာ ရရှိသောကြောင့် ကျန်ကာလများတွင် အလွယ်တကူရရှိနိုင်ရန် အချဥ်ဖောက်၍စားသုံးကြသလို ကြော်ချက်၊အပြုတ်၊ အတို့ အမြုပ်အဖြစ်လည်းစားသုံးကြသည်။ ချဉ်သောအရသာရှိ၍ အနံ့ပျင်း သောကြောင့် မျှစ်ချဥ်ကို ဟင်းခပ်အမွှေးအကြိုင် များများဖြင့်ချက်စားလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ရရှိမည်ဖြစ်ပါသည်။

၂၀၂၅ခုနှစ်၊ ယခုဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသောမျှစ်ချဥ် ဈေးနှုန်းမှာ (၁၀၀၀၀)ကျပ်နှင့် (၁၂၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ပဲပင်ပေါက်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ပဲပင်ပေါက်ကို နေရာအနှံအပြားတွင် တစ်နိုင်တစ် ပိုင် စိုက်ပျိုးကြပြီး ရောင်းချကြပါသည်။ ပဲပင်ပေါက်ကို ပဲတီပင်ပေါက်ဖောက်၍ ရောင်းချလျက် ရှိရာ ပဲတီစိမ်းအပင်ပေါက်ရာတွင် လည်း အသစ်ပေါ်သောပဲတီစိမ်းကို အပင်ဖောက်၍မရကြောင်း ပဲတီစိမ်းအဟောင်းကိုသာရှာဝယ် ပြီး ပဲတီပင်ဖောက်ကြကြောင်း သိရှိရပါသည်။ ယခင်အပတ် ဆိပ်ကြီးစည်ပင်သာယာဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းဈေးများတွင် တခြားကုန်စည်ဒိုင်များမှ လည်း ဝယ်ယူရောင်းချနေကြောင်း ကုန်စိမ်းရောင်းချနေသူထံမှ သိရှိရပါသည်။

          ယခုဒီဇင်ဘာလပထမပတ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပဲပင်ပေါက် ဈေးနှုန်းမှာ တစ်ထုပ်လျှင်(၅၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင်(၄၅၀၀)ကျပ်ရှိကြောင်း သိရှိရပါ သည်။

 DOCA(တနင်္သာရီ)

 

 

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း