Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့၌ရောင်းချနေသောရခိုင်ငှက်ပျောသီးဈေးနှုန်း

                  မြင်းခြံမြို့၊အေးမြသီတာဈေးတွင် သစ်သီးဝလံများ အမျိုးစုံလင်စွာ ရောင်းချလျက်ရှိရာ၊ ရခိုင်ငှက်ပျောသီးများကိုလည်း ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ရခိုင်ငှက်ပျောသီးများကို ကျောက်ဆည်မြို့နှင့် ပဲခူးမြို့တို့မှ တင်သွင်း‌ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချ နေသော၊ ရခိုင်ငှက်ပျောသီး အဖီးကြီးတစ်ဖီးလျှင် (၂၅၀၀)ကျပ်၊ အဖီးလတ်တစ်ဖီးလျှင် (၂၀၀၀) ကျပ်၊ အဖီးသေးတစ်ဖီးလျှင်(၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ချို၍အရသာရှိသော ကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ်ငှက်ပျောသီးအဖီး (၅၀-၁၀၀) ဖီးခန့် ရောင်းချ ရကြောင်း သစ်သီးရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။ ရခိုင်ငှက်ပျောသီးသည် အခြားမျိုး ကွဲငှက်ပျောသီးများထက် သေးငယ်ပြီးအခွံပါးကာ အရသာမှာလည်း ပိုပြီးချိုမြိန်၍ စားသုံးခြင်းဖြင့်  အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ဗီတာမင် ဓာတ်နှင့် သဘာဝသကြားဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားမြှင့်တင်ပေးခြင်းနှင့် အစာခြေစနစ်ကိုကောင်းမွန်သော ကြောင့် စားသုံးမှုများပြားပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သစ်သီးရောင်းချသူ၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)       

နှလုံးကျန်းမာစေသောပိန်းဥ

               ပိန်းဥသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအနှံအပြားတွင် စိုက်ပျိုးစားသုံးကြသော ဟင်းသီး ဟင်းရွက် တစ်မျိုးဖြစ်ကြောင်း၊ မြန်မာလူမျိုးအများစုမှာ ပိန်းဥနှင့် ပိန်းဥရွက်ကို ဟင်းချိုချက်စားခြင်း၊ ကြော်ချက်စားခြင်းနှင့် ပြုတ်စားခြင်းစသည်ဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ ပိန်းဥမှာပါဝင်သော ပိုတက်စီယမ်ဓာတ်သည် နှလုံးသွေးကြောများအား သွေးဖိအား ကိုလျော့ကျစေပြီး အာရုံကြောစနစ်၏ လုပ်ဆောင်ချက်ကိုလည်း မြှင့်တင်ပေးခြင်းကြောင့် ဦးနှောက်၏ လုပ်ဆောင်ချက်ကိုလည်း ပိုကောင်းစေ ကြောင်း၊   ပိန်းဥမှာပါရှိသည့် Cryptoxanthin ကအဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း၊ အမျှင်ဓာတ် ပါဝင်မှုမြင့်မားသောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးပြုသောကြောင့် အစာချေဖျက်နိုင်အား ပိုကောင်းစေကြောင်း၊ အမျှင်ဓာတ်က အူတွင်းအစာချေ လှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းမှန်စေ၍ ဝမ်းချုပ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းကိုလည်း ကာကွယ်ပေးပြီး၊ အမျှင်ဓာတ်က ခန္ဓာကိုယ်အတွင်း အင်ဆူလင်နှင့် ဂလူးကို့စ်ဓာတ်ထွက်ရှိမှုကို ထိန်းညှိပေးခြင်းကြောင့် ဆီးချို သွေးချိုဖြစ်နိုင်ခြေကိုလျော့ချပေးကြောင်း၊ ဗီတာမင်အီးနှင့် ဗီတာမင်အေ ပါဝင်သောကြောင့် အသားအရေကြည်လင်ဝင်းပစေပြီး ဆဲလ်ကျန်းမာပြီး အနာကျက်မြန်စေ၍ အမည်းစက်တွေကင်းစေပြီး အရေအကြောင်းများကို လျော့နည်းစေ၍ အသားအရေဝင်း လက်လှပစေကြောင်း၊  ပိန်းဥကိုစားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးနှင့် သွေးပေါင် ချိန်ထိန်းညှိရာတွင် အထောက်အကူပြုကြောင်း၊ အခွံမာပြီး အညိုရောင်သန်းကာ အတွင်းသာမှာ အဖြူရောင်၊ ပန်းရောင်(သို့) ခရမ်းရောင်ရှိသော ပိန်းဥများမှာ နှလုံးကျန်းမာစေကြောင်း စာပေများမှ လေ့လာဖတ်ရှု့ရသည်။

DOCA(မန္တလေး)       

အညာဒေသဖြစ်သောမြင်းခြံမြို့၏ထန်းပင်မြစ်ဈေးနှုန်း

               ထန်းပင်မြစ်များကို အညာဒေသ၌ ထန်းမြစ်(သို့မဟုတ်) ထန်းပင်ပေါက် ဟုခေါ်ဆိုကြ ကြောင်း၊ မြင်းခြံမြို့၊အေးမြသီတာဈေးသို့ ရောင်းချသော ထန်းပင်မြစ်များကို ဒေသတွင်းမှထွက်ရှိသော ကျေးရွာများမှလာရောက်ရောင်းချသလို တောင်သာမြို့၊ နွားထိုးကြီးမြို့တို့မှလည်း လာရောက်‌ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ထန်းပင်မြစ် လက်လီ(၁၀)ချောင်းပါ တစ်စည်းလျှင်(၁၀၀၀)ကျပ်၊ လက်ကား (၅၀)ချောင်းပါ တစ်စည်းလျှင်(၄၅၀၀)ကျပ် ခန့်ပေါက် ဈေးများဖြင့် ရောင်းချကြောင်း၊ ရာသီပေါ်ထန်ပင်မြစ်များသည် ပေါ်ဦးပေါ်ဖျားဖြစ်၍ စားသုံးမှုများ ပြားပြီး ဈေးကွက်၌ အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ နေ့စဉ်ထန်းပင်မြစ် အရေအတွက် (၅၀-၁၀၀) ချောင်းခန့် ရောင်းချရကြောင်း၊ ထန်းပင်မြစ်ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ထန်းပင်မြစ်များသည် ထန်းသီးစေ့မှ ထွက်ရှိလာသော အမြစ်ချောင်းများဖြစ်ပြီး ဆောင်းရာသီကာလ တွင်သာရရှိသည့် ရာသီစာတစ်မျိုးဖြစ်သလို အညာဒေသ၌ ထွက်ရှိသောအစားအစာ တစ်မျိုးပင်ဖြစ်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့် မန္တလေးကိုက်လံဟင်းရွက်စျေးကွက်

      မန္တလေးစျေးကွက်အတွင်း နတ်တော်လဆန်းပိုင်းတွင် ကိုက်လံဟင်းရွက်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ လစတုတ္ထပတ်အတွင်း ကိုက်လံဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်း လျှင် ၅၅၀၀ကျပ်နှင့် ၆၅၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၇၀၀ကျပ် နှင့် ၉၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံ ဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀)စီး နှင့်(၆၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးဂေါ်ဖီထုပ်စျေးကွက်

         နတ်တော်လဆန်းကာလအတွင်း ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီထုပ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်လျော့ကျကာ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာ လစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ထုပ် ၁ ခုလျှင် အပွင့်(ကြီး) ၁၆၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊ အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။  မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့် (၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်ရှိကြက်ဥ၊ ဘဲဥနှင့်ငုံးဥစျေးကွက်

        မန္တလေးစျေးကွက်ရှိ  ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများ နတ်တော်လဆန်းကာလတွင် ဝယ်ယူမှုများပြားခြင်းနှင့် ဝင်ရောက်မှုအနည်းငယ်လျော့ကျသွားခြင်းတို့ကြောင့်  စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်းပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ မွေးမြူ ရေးခြံထွက်ကြက်ဥများ ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။ ဘဲဥနှင့်ငုံးဥမှာ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကိုင်၊ ကျောက်ဆည်မြို့နယ်များရှိ မွေးမြူရေးခြံတို့မှ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာ ကြက်ဥ (၃၀လုံး ပါ ၁၀ကဒ်) တစ်ဆွဲလျှင်၁၃၅၀၀ဝိ/- နှင့်၁၃၈၀၀ဝိ/-၊လက်လီစျေးအနေဖြင့် ကြက်ဥတစ်လုံးလျှင် ၄၅ဝိ/-နှင့်၅၀ဝိ/- ၊  ဘဲဥတစ်လုံးလျှင် ၅၈ဝိ/-နှင့် ၆၀ဝိ/- ၊ငုံးဥ(၁၀)လုံးလျှင် ၂၃၀ဝိ/- နှင့် ၂၅၀ဝိ/-  စျေးဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်လျက်ရှိသည့် မန္တလေးစကားဝါပန်းစျေးကွက်

         မန္တလေးမြို့၊ ရေနီမြောင်းစျေးတွင်‌ ဆောင်းဦးရာသီချိန်ဖြစ်၍ စကားဝါပန်းကုံးများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပားဒေသ) တို့မှထွက်ရှိသည့် ပန်းများနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်စကားဝါပန်းနှင့် စကားဖြူပန်းများ ဝင်ရောက်မှုများပြားကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်  နိုဝင်ဘာလစတုတ္ထပတ်အတွင်း စျေးနှုန်းများမှာ စကားဝါပန်းနှင့် စကားဖြူပန်း ၁၀ ကုံးလျှင် လက္ကား စျေး၂၅၀ဝိ/-နှင့် ၂၈၀ဝိ/- ၊လက်လီစျေး ၃၀၀၀ ကျပ် နှင့် ၃၅၀၀ကျပ်စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏တရုတ်နံနံစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်း

            မြင်းခြံမြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိ၍  ဥယျဥ်ခြံမြေလုပ်ငန်း များလုပ် ကိုင် လျက်ရှိပြီး ဓါးကျွန်းကျေးရွာ၊ တလုပ်ကျေးရွာနှင့် ဆင်ချောင်းကျေးရွာတို့တွင် မိသားစု တစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် ဟင်းခက်အမွှေးအကြိုင်အဖြစ်အသုံးပြုသော တရုတ်နံနံများ စိုက်ပျိုးထားကြောင်းသိရှိရသည်။  စိုက်ခင်းများမှထွက်ရှိသော တရုတ်နံနံများကို အေးမြသီတာ ဈေးသို့ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ် နိုဝင်ဘာလ၌ ရောင်းချနေသော တရုတ်နံနံအစည်းသေးတစ်စည်းလျှင် (၃၀၀)ကျပ်၊ (၁၀)စည်းလျှင် (၂၅၀၀) ကျပ်ခန့် ပေါက်ဈေးများ ဖြင့်ရောင်းချလျက်ရှိကြောင်း စားသုံးမှုများပြားပြီး အရောင်းအဝယ်ကောင်း ကြောင်း၊ ဟင်းခက် အမွှေးအကြိုင် ဖြစ်သောကြောင့် စားသောက်ဆိုင်များမှ ဝယ်ယူမှုများပြားပြီး၊ စီးပွားဖြစ်အဆင် ပြေကြောင်း  နံနံစိုက်တောင်သူ၏ပြောပြချက် အရသိရှိရသည်။ ကျန်းမာရေးအကျိုး အကျေးဇူးအနေ ဖြင့် တရုတ်နံနံကိုစားသုံးခြင်းဖြင့် သွေးတိုးကျခြင်း၊ ခေါင်းကိုက်သက်သာခြင်း၊ စိတ်လှုပ်ရှားမှုကို လျော့ချပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကိုအထောက်အကူ ပြုသောကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အမျှင်ဓာတ်ကြွယ်ဝသောလိမ္မော်သီး 

          လိမ္မော်သီးသည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ရရှိနိုင်သော လူကြိုက်များသည့် ချိုချဉ် အရသာရှိသောအသီးတစ်မျိုးဖြစ်၍ ကျန်းမာရေးအတွက် ဗီတာမင်စီကြွယ်ဝသောကြောင့် ကလေးမှ သည် လူကြီးအထိကြိုက်နှစ်သက်သည့် အသီးအနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။ ကယ်လိုရီ၊ ကစီ ဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝသောကြောင့် လိမ္မော်သီးကို တစ်နေ့ တစ်လုံး စားသုံးသင့်ကြောင်း၊ဗီတာမင်စီနှင့်ဗီတာမင်ဘီဓာတ်ပါဝင်သောကြောင့်ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးခြင်း၊အရေပြားကျန်းမာရေးအတွက်အထောက်အကူပြု၍ နှာခေါင်းနာ၊ လျှာကွဲနာ၊ ပါးစပ်ထောင့် ကွဲသောရောဂါများကိုသက်သာစေကြောင်း၊ ဖောလစ် အက်ဆစ်ကြွယ်ဝသောကြောင့် အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးသင့်ကြောင်း၊ ကျောက်ကပ်ကျောက် တည်ခြင်းကိုကာ ကွယ်ခြင်း၊ နှလုံးအားကောင်းစေခြင်း၊ သွေးအားကောင်း၍ သံဓာတ်စုပ်ယူမှုအား ကောင်းခြင်း၊ ဓာတ်တိုးဆန့်ကျင်ဓာတ်များ ပါဝင်သောကြောင့် ကင်ဆာရောဂါကို လျှော့ချပေးနိုင်ကြောင်း၊ အမျှင် ဓာတ်များကြွယ်ဝစွာ ပါဝင်သောကြောင့် ဆီးချိုရောဂါကိုထိန်းပေး၍ ဝမ်းချုပ် ခြင်းကိုကာ ကွယ်ကြောင်း၊ တစ်ပတ်လျှင် (၂-၃) ကြိမ်စားပေးသင့်ကြောင်း၊ ဖျော်ရည်ဖျော်သောက်ခြင်းထက် အသီး အတိုင်းစားပါက ဆေးဖက်ဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုကြောင်း၊ ပိုတက်ဆီယမ် ကြွယ်ဝသောကြောင့် နှလုံးကျန်းမာရေး အတွက် အထောက်အကူပြုကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာ ပါဝင် သောကြောင့် မျက်စိကျန်းမာရေး အတွက်ကောင်းမွန်ကြောင်း၊ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သောကြောင့် အရေပြား အတွက် ကော်လာဂျင်ထုတ်လုပ်မှုကို အထောက်အကူပြု၍ အရေးအကြောင်းများကို ကာကွယ် ပေးသဖြင့် အရသာရှိသောလိမ္မော်သီးသည်  နေ့စဉ်စားသုံးသင့်သော  သစ်သီးတစ်မျိုး ဖြစ်ကြောင်း လေ့လာ့သိရှိရသည်။

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်ရှိ ဆီနေကြာကြိတ်ဖတ်စျေးကွက်

       နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့် ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာနှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ၃တင်းဝင်(၂၇ပိဿာပါ) တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၄၀၇ ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် ၃၄၀ဝကျပ်နှင့် ၃၅၀၀ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းတစ်အိတ်လျှင် ၂၃၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၈၅၁၈ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ပေါက်စျေးနှိုင်းယှဉ်ပါက ဆီနေကြာစျေး အနည်းငယ်လျော့နည်းသွားပြီး၊ နေကြာကြိတ်ဖတ်စျေးမှာ စျေးကောင်းရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း