Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အဆစ်အမြစ်ရောင်ရောဂါကိုသက်သာစေသောမိဿလင်

          မိဿလင်ပင်သည် မြန်မာနိုင်ငံတွင် သဘာဝအလျောက်ပေါက်ရောက်သည့် ဆေးဖက်ဝင် အပင် တစ်မျိုးဖြစ်၍ ၎င်းကို "ချင်းပင်" ဟုလည်း ခေါ်ဆိုကြကြောင်း၊ ရိုးရာဆေးပညာ၊ အိမ်သုံးဆေး နှင့်ဟင်းလျာချက်ပြုတ်ရာတွင် အစဉ်အဆက်အသုံးပြုလာခဲ့ကြကြောင်းသိရှိရသည်။ မိဿလင်ပင် သည်အမြင့် ၄–၆ ပေထိရှိပြီး အမြဲစိမ်းနှစ်ကြာခံပင်ငယ်မျိုး ဖြစ်ကြောင်း၊ အရွက်များသည် ချင်းရွက်နှင့်ဆင်တူကာ လှံစွပ်ပုံရှိ၍ ရွက်နားညီပြီး ချောမွေ့၍ အပွင့်များမှာ ညိုဝါရောင်ရှိကာ ပင်ခြေရင်းမှပွင့်ပြီး ချင်းပွင့်နှင့်တူကြောင်း၊ အမြစ်ဥမှာ ညိုဝါရောင်၊ အသားထူ၍မြစ်မြွှာ များဖြာ ထွက်၍   ပေါက်ရောက်ရာဒေသများအနေဖြင့် မြန်မာနိုင်ငံအနှံ့ (အထူးသဖြင့်မြောက်ပိုင်း ဒေသများ) တွင် သဘာဝအလျောက် ပေါက်ရောက်သည်။

            မြန်မာဆေးကျမ်းများအလိုအရ မိဿလင်သည် စပ်သောအရသာရှိ၍ အာနိသင်များအနေဖြင့် သွေးကိုကြေစေခြင်း၊ ဝမ်းမီးတောက်စေခြင်း၊ ဆီးများ စေပြီး လေကိုသက်စေခြင်း၊ ပူသောဂုဏ်သတ္တိရှိ၍ အအေးဒဏ်၊ လေနာများကို ကာကွယ်ပေး ခြင်းအာနိသင်များကို ပိုင်ဆိုင်သည်။ မိဿလင်ပင်၏ ပဉ္စငါးပါး(ဥ၊ ပွေ့ပိုင်၊ အရွက်၊ အပွင့်၊ အမြစ်)ကို ရောဂါအမျိုးမျိုးအတွက် အသုံးပြု နိုင်ပါသည်။ ခန္ဓာကိုယ် အတွင်းရောဂါများနှင့်ပတ်သက်၍ ချောင်းဆိုး၊ ပန်းနာ၊ သန်ချခြင်း များအတွက် ပဉ္စငါးပါးကို ဆေးဖော်စပ်အသုံးပြုနိုင်သည်။ ဝမ်းလျှောပါက မိဿလင်ဥကို နံနံစေ့နှင့် ရောကျိုပြီး သောက်သုံးနိုင်သည်။ ဝမ်းဗိုက်ထိုးအောင့်ခြင်းအတွက် မိဿလင်ဥ (၈)ပဲသားကို ရေနှင့်ကျိုတိုက်နိုင်သည်။ မီးယပ်ချုပ်ခြင်းများအတွက် အရည်ညှစ်၍ ဆားအနည်း ငယ်ထည့် သောက်ပါက သက်သာစေနိုင်သည်။ အတွင်းလိပ်ခေါင်းရောဂါအတွက် အစိုဥကိုထုခြေ၍ ပေါင်းရည် ယူကာ နံနက်စာ/ညစာစားပြီး သောက်သုံးနိုင်သည်။ခန္ဓာကိုယ်အပြင်ရောဂါများနှင့်ပတ်သက်၍ အဆစ်ရောင်၊ ဒူးရောင်၊ ခြေမျက်စိရောင် အမြစ် ဥကို ထုထောင်း၍ ကြပ်စည်းပေးနိုင်သည်။ ထိခိုက်ဒဏ်ရာ၊ အကြောထုံးနာများအတွက် ဥကိုကြိတ်၍ အုံပေးခြင်းဖြင့် နာကျင်မှုသက်သာစေသည်။ အအေးပတ်ခြင်း၊ လေဖြန်းခြင်း များအတွက် အရည်ညှစ်ပြီး ငရုတ်ကောင်းမှုန့်ထည့်ကာ လိမ်းပေးနိုင်သည်။ အရေပြားနှင့် နာတာရှည်ရောဂါများ နူနာ၊ ယားနာ၊ အနာကြီးရောဂါများအတွက် ပဉ္စငါးပါးကို ကုလားကင်ပွန်းသီး၊ နွားကျင်ငယ်ရည် တို့နှင့် ရောပြုတ်၍ လိမ်းနိုင်သည်။စားစရာအဖြစ် စားသုံးရာတွင် အပွင့်ကို ပြုတ်၍တို့စရာအဖြစ် စားသုံးနိုင်သည်။ ဟင်းချို ဟင်းခါး ချက်သောက်နိုင်ပြီး သုတ်၍လည်း စားကြသည်။ ဥနှင့်အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် အသုံးပြုနိုင်သည်။  မိဿလင်ပင်သည် ရိုးရာဆေးဝါးအပြင် ခေတ်ပေါ်ကျန်းမာ ရေးထုတ်ကုန်များတွင်ပါ အရေးပါသော ကုန်ကြမ်းတစ်ခုဖြစ်သည်။ ၎င်း၏ ဘက်စုံသုံးဆေးဖက် ဝင်ပုံ၊ လွယ်ကူစွာရှာဖွေရရှိနိုင်မှုတို့ကြောင့် မြန်မာ့ဆေးဝါးရင်းမြစ်များတွင် အဖိုးတန်အပင် တစ်မျိုး အဖြစ် တွင်တွင်ကျယ်ကျယ်အသုံးဝင်လျက်ရှိကြောင်း လေ့လာသိရှိရသည်။ 

DOCA(မန္တလေး)

 

 

ဆီးဖြူသီး၌ဗီတာမင်စီကြွယ်ဝကြောင်း 

                    ဆီးဖြူသီးပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင်ပေါက်ရောက်သောအပင်တစ်မျိုးဖြစ်ပြီး အစိမ်းရောင် (သို့) အဝါရောင်အစင်းရှိပြီး ချိုသလိုချဉ်သလိုခါးသလိုနှင့် အရသာတစ်ကယ်စုံ တဲ့အသီးဖြစ်ကြောင်း၊ ဆီးဖြူသီးတစ်လုံး၏ အာဟာရတန်ဖိုးသည် လိမ္မော်သီးအလုံး ၂၀ နှင့်ညီမျှ ကြောင်း၊ လိမ္မော်သီးထက် ဗီတာမင်စီပါဝင်မှုပိုမိုများပြား၍ ကျန်းမာရေးနှင့် ခန္ဓာကိုယ်အတွက် ကိုယ်ခံအားကို ကောင်းမွန်စေသဖြင့် အသုံးပြုကျကြကြောင်း၊ Antioxidant အများအပြားပါဝင်သောကြောင့်ကင်ဆာဆဲလ်ပြန့်နှံ့မှုကို လျှော့ချပေးကြောင်း၊ ဆီးဖြူသီးကိုစားသုံးခြင်းဖြင့် အသည်းမှာ ဖြစ်ပေါ်နေသော အဆိပ်အတောက်များကို ဖယ်ရှားပေး၍ အသည်းနှင့်ဆိုင်သော ရောဂါဝေဒနာသည် တို့အတွက် အဓိကအားထားရာ သဘာဝဆေးစွမ်းထက်တဲ့ အသီးဖြစ်ကြောင်း၊ ဆီးချိုရောဂါ သမားများအတွက် အထူကောင်းမွန်သောကြောင့် ၎င်းကိုစားသုံးခြင်းဖြင့် ဆီးချိုထိန်းညှိ ပေးကြောင်း၊ အစာအိမ် အနာအမျိုးမျိုးအတွက် ဆီးဖြူသီးကိုစားပေးသင့်ကြောင်း၊ သွေးသားသန့် စင်၍  သွေးတွင်းအဆိပ် အတောက်များနှင့်  ဗိုင်းရပ်စ်ပိုး၊ ဗက်တီးရီးယားများနှင့် အဏုဇီဝပိုး မွှားများကို ဖယ်ရှားပေးကြောင်း၊ချောင်းဆိုး၊ပန်းနာ၊လေနာတို့ကိုသက်သာပျောက်ကင်းကြောင်း၊ ဆီဖြူသီးကိုစားပေးခြင်းဖြင့် အသက်ကိုရှည်စေ၍ ချောင်းဆိုး၊ပန်းနာ၊ လေနာ၊တို့ကို ပျောက်ကင်းကြောင်း စာပေများမှ ဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)

                                                                                                          

                       

ဆေးကုလားမ စားသုံးခြင်းဖြင့်အဆုပ်အားကောင်းကြောင်း

                  လျှော်ဖြူပင်ဆိုသည်မှာ မြန်မာနိုင်ငံတွင် ရိုးရာဆေးအဖြစ်စိုက်ပျိုးထားရှိ၍ ၎င်းအပင်မှ လျှော်ဖြူစေး(ခေါ်)ဆေးကုလားမများ ထွက်ရှိကြောင်းသိရှိရသည်။ အပင်ကြီးအမျိုးအစားဖြစ်၍ နှစ်ပေါင်း (၈၀) ကျော်အသက်ရှင်နိုင်ပြီး အမြင့်(၆၀)ပေခန့်မြင့်ကြောင်း၊လျှော်ဖြူပင်မှ ထုတ်ယူသော လျှော်ဖြူအစေး(ဆေးကုလားမ)သည် ရေကိုစုပ်ယူ၍ပွစေနိုင်ပြီး ရေးနှင့်စိမ်ထားပါကနူးညံ၍ ကော်ကပ် နိုင်စွမ်းရှိသည်။ လျှော်ဖြူပင်သည် ဆေးဝါးထုတ်လုပ်မှု၊ အလှကုန်နှင့် အစားအသောက် ထုတ်လုပ်ရေး များတွင်အသုံးပြုကြောင်း၊ ဆေးကုလားမကို တိုင်းရင်းဆေးများ တွင်လည်းအသုံးပြုကြောင်း၊ လျှော်ဖြူစေးသည် ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝသော အာဟာရဓာတ် အရင်းအမြစ်တစ်ခု မဟုတ်ကြောင်း၊ ဆေးဘက်ဝင်သော ဆေးကုလားမ (၂)ကျပ်သားခန့်ကို(၈-၉) နာရီရေစိမ်ပြီး  ၎င်းနောက် ရေစစ်ပြီး ဆေးကုလားမပေါ်သို့ ကျောက်ဖရုံယို (၂)ကျပ် သားပါးပါးလှီးပြီးဖြူး၍ တစ်ည သိပ်ထားကြောင်း၊ နောက်တစ်နေ့ နံနက်စောစော အိပ်ယာထထချင်း အစာမစားခင် အကုန်စား လိုက်ပါ။ စားနိုင်သလောက်စားပါက အဆုတ်သန့်၍ အားကောင်းစေကြောင်း၊ အဆုတ်ရေဝင်ခြင်းနှင့် ရင်ကြပ်ချွဲကပ်ခြင်းတို့ကို သက်သာပျောက်ကင်းကြောင်း စာပေများမှ လေ့လာသိရှိရသည်။

DOCA(မန္တလေး)

ဒန့်သလွန်ရွက်၏ကျန်းမာရေး    

                 ဒန့်ဒလွန်ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ကြောင်း၊ ဒန့်ဒလွန်ပင် ၏အရွက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းဆေးများတွင်အသုံးပြုကြကြောင်း၊  ဒန့်ဒလွန်ပင်၏ပင်စည်သည် အဖြူရောင်ဖြစ်ပြီး ကျွတ်ဆက်သည့်အကိုင်းအလက်များနှင့် ဘဲဥပုံ အစိမ်း ရောင်အရွက်များပါရှိပါသည်။ ဒန့်ဒလွန်ရွက်တွင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင်စီ၊ ပိုတက် ဆီယမ်စသည့် အာဟာရဓာတ်များစွာပါဝင်ကြောင်း၊ ဒန့်ဒလွန်တွင် မှိုပိုးကို သေစေနိုင်သည့် အာနိသင်ရှိ၍ ရောဂါပိုးများကိုတိုက်ဖျတ်ပေးနိုင်သည့် အစွမ်းရှိသည့်အပြင် ရောင်ရမ်းမှုကိုလျော့ ပါးစေနိုင်သည့် အစွမ်းလည်းရှိကြောင်း၊ ဒန့်ဒလွန်ရွက်တွင်ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် ပရိုတင်း ဖြစ်ပေါ်မှု အတွက်အသုံးဝင်သည့်  အမိုင်နိုအက်ဆစ်များပါဝင်ပြီး ခန္ဓာကိုယ်၏ ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း၊ ဒန့်ဒလွန်ရွက်သည် အနာ ဖြစ်ခြင်း၊ အပူလောင်ခြင်း၊ ပြတ်ရှဒဏ်ရာများနှင့် အသေး စားဒဏ်ရာများကိုလည်းသက်သာစေ နိုင်ပြီး အနာကျက်လည်း မြန်စေကြောင်း၊ နို့တိုက်မိခင် များအတွက်လည်း ဒန့်ဒလွန်ရွက်ကိုစားသုံး ပေးခြင်းဖြင့် နို့ထွက်အား ကောင်းပြီး သံဓာတ်ကြွယ်ဝကြောင်း၊  အဆီများကိုလောင်ကျွမ်းစေနိုင်ပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်ပြီး နှလုံးနှင့်ပါတ်သက်သော ရောဂါများကို လျော့ချပေးကြောင်း၊ ဒန့်ဒလွန်ရွက်သည် ဆီးချိုရောဂါကို ထိန်းချုပ်ပေး၍ သွေးတွင်း သကြား ဓာတ်ကိုလည်းလျော့ချပေးကြောင်း၊ ဗီတာမင်Cတို့ပါဝင်သောကြောင့် အသားအရည်ကို ကြည်လင်ပြီး သွေးသားသန့်စင်၍ ဦးရေပြားသွေးလည်ပတ်မှုကိုကောင်းမွန်ပြီး ဆံပင်များကိုနက် မှောင်သန်စွမ်းကြောင်း၊ဒန့်ဒလွန်ရွက်ကို စားသုံးပေးခြင်းဖြင့်ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းနှင့်အခြားအာရုံကြောဆိုင်ရာဝေဒနာများကို သက်သာစေနိုင်ကြောင်း၊ ဒန့်ဒလွန်ရွက်သည် အစာကြေလွယ်ပြီး အစာချေဖျတ်မှုကိုကောင်းမွန်ကြောင်း၊သံဓာတ်ပြည့်ဝသောကြောင့် ကိုယ်ခံအား  ကောင်းစေပြီးအသည်းနှင့် အရိုးကျန်းမာသန်စွမ်းကြောင်း၊ ဆီးကျောက် တည်ခြင်းမှ ကာကွယ်၍၊ ကျောက်ကပ်ရောဂါမဖြစ်အောင်တားဆီးပေးကြောင်း၊ သွေးတိုးဝေဒနာရှင်များအနေဖြင့် ဒန့်သလွန် ရွက်နှင့်ဒန့်သလွန်သီးများကို ပုံမှန်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေနိုင်ကြောင်း စာပေများမှဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)

လေးညှင်းပွင့်၏လျို့ဝှက်ချက်

      မြန်မာနိုင်ငံတွင် လေးညှင်းပင်များကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ များတွင် စိုက်ပျိုးကြောင်းသိရှိရသည်။လေးညှင်းပွင့်သည် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးအဖြစ် သာမက ဆေးဖက်ဝင်ပြီး အလွန်အသုံးဝင်သောကြောင့် မြန်မာတိုင်းရင်းဆေးပညာများတွင် အသိအမှတ်ပြုထားကြောင်း၊ လေထိုးလေအောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းစသည့် အစာခြေစနစ်များအတွက် သက်သာစေကြောင်း၊ အစာစားပြီးနောက် လေးညှင်းပွင့် အနည်းငယ်စားပေးခြင်းဖြင့် အစာကြေလွယ်စေကြောင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးပြီး နာတာရှည် ရောဂါများကိုကာကွယ်ပေး၍ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုရောဂါများကို တိုက်ဖျက်ပေးကြောင်း၊ သွားကိုက်သည့်အခါ လေးညှင်းပွင့်ကို ကိုက်သည့်သွားနှင့် ကပ်ထားပါက နာကျင်မှုကိုသက်သာစေပြီး သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သဘာဝဆေးတစ်မျိုး ဖြစ်ကြောင်း စာပေများမှလေ့လာ သိရှိရသည်။  မြန်မာနိုင်ငံတွင် လေးညှင်းပင်များကို တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့များတွင် စိုက်ပျိုးကြောင်းသိရှိရသည်။

DOCA(မန္တလေး)

 

ကနဖော့ရွက်ဖြင့်ကိုယ်အလေးချိန်ထိန်းကြမယ်

            ကနဖော့ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုး ဖြစ်ပြီး ကန်စွန်းရွက်လို ရေထဲမှာပေါက်‌ရောက်လေ့ရှိသော အပင်တစ်မျိုးဖြစ်ကြောင်း၊ အပင်၏ ပဉ္စငါးပါးလုံးဆေးဖက်ဝင်သော်လည်း ကနဖော့ရွက်ကို အသုံးပြုများပြားကြောင်း သိရှိရသည်။ အရွက် ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့်ဦးနှောက် ပူခြင်းကိုသက်သာ၍အေးစေပြီး အရေပြားနှင့်  အကြောရောဂါများအတွက်လည်း စားသုံးပါကသက်သာစေကြောင်း၊ အရွက်ကိုနွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ သောက်သုံးပေးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်ကင်းစေကြောင်း၊ ခန္ဓာကိုယ် ဖောရောင်ခြင်းများဖြစ်ခဲ့သော်  ကနဖော့ရွက်ပြုတ်ကိုတို့စား၍ သော်လည်းကောင်း၊ အရွက်ပြုတ်ရည် ဖြင့် ချွေးအောင်းပေးပါကလည်း ဖောရောင်ခြင်းများကို သက်သာပျောက် ကင်းကြောင်း၊ ၎င်းအပင်၏ ပဉ္စငါးပါးကိုပြုတ်၍ အရည်ကိုပျားရည်နှင့် ရောသောက်ပါက ကျောက်ရောဂါ ကို  သက်သာပျောက်ကင်း ကြောင်း၊ ကနဖော့ပင်တစ်ပင်လုံး၏ ပဉ္စငါးပါးကို မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်းအားနည်းသော ရောဂါများ ပျောက်ကင်းကြောင်း၊ ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ဖျားနာခြင်း၊ အအေးမိခြင်း၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်ခြင်းများကို သက်သာပျောက်ကင်းကြောင်း၊ ကျောက်ကပ်အညစ်ကြေး များကို လည်း ထိထိ‌ရောက်ရောက်သန့်စင်ပေကြောင်း၊ ဆီးသွားရခတ်နေသူများ ကနဖော့ရွက်ကို သုတ်စား ခြင်းဖြင့် ဆီးရွှင်စေကြောင်း၊ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် အဆာခံနိုင်စေပြီး ကယ်လိုရီနှင့် အဆီဓာတ် ပါဝင်မှု နည်းသောကြောင့် ကိုယ်အလေးချိန်မတက်အောင် ထိန်းပေးပြီးဝိတ်ကျစေရန် အထောက်အကူပြုကြောင်း လေ့လာဖတ်ရှု့ရသည်။

DOCA(မန္တလေး)

မင်းဘူးမြို့၊ မြို့မဈေး၌ နံနံပင်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်သွက်လျက်ရှိ

 

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်းရွာ၊ ရေတွင်းကုန်း၊ ရေမြတ်စသည့်ကျေးရွာများမှထွက်ရှိသည့် နံနံပင်များသည် နိုဝင်ဘာလ(တတိယပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် နံနံပင်(၁၀)ကျပ်သားလျှင် ကျပ်(၆၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်း ရလျက်ရှိသည့် အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ထောပတ်သီး၏အာဟာရ

             ထောပတ်သီးပင်သည် နှစ်ရှည်ပင်အမျိုးအစား အပင်ကြီးမျိုးဖြစ်၍ စိုက်ပျိုးပြီး သုံးနှစ်ကြာမှ အသီးများစတင်သီးကြောင်း၊  မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)   မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်အဓိက စိုက်ပျိုးထွက်ရှိကြောင်းသိရှိရသည်။ ထောပတ်သီးများထွက်ပေါ်ချိန်မှာ အောက်တိုဘာလမှ ဇန်နဝါရီလအထိဖြစ်ပြီး၊မျိုးကွဲများအနေဖြင့် ဟာစ်(Hass)၊ဘေးကွန်(Bacon)၊ ဖွတ်(Fuerte)၊ လမ် (Lamb Hass) စသည့်တို့ဖြစ်ကြောင်း၊ ထောပတ်သီးအခွံသည် အစိမ်းရင့်ရောင်ရှိပြီး အဆီဓာတ် ပိုများ၍ ဖောလစ်အက် ဆစ်၊ပိုတက်ဆီယမ်၊အမျှင်ဓာတ်၊များနှင့် Omega-3 ဓာတ် များပါဝင်ပြီး၊ သွေးပေါင်ချိန်ထိန်းချုပ်ရန်၊ ဝမ်းချုပ်မှုမှကာကွယ်ရန်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်ကာ ကင်ဆာနှင့် အဆစ် အမြစ်ရောင်ရမ်းမှုကို ကာကွယ်ပေးကြောင်း၊ ဗီတာမင်အီးကြွယ်ဝသောကြောင့် အသားအရေ ကြည်လင်ပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်ကြောင်း၊ အာရုံကြောလုပ်ဆောင်မှုနှင့် သွေးကြောများ ကျန်းမာခြင်းကို အထောက်အကူပြုကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ဝမ်းချုပ်ခြင်း ကိုကာကွယ်ပေး၍ ထောပတ်သီးတွင် အာဟာရဓာတ်များစွာပါဝင်ကြောင်း လေ့လာဖတ်ရှု့ရသည်။ ထောပတ်သီးဝယ်ယူလျှင် အညှာအောက်အစိမ်းရောင်ရှိ၍ မှည့်ရန်အကောင်းဆုံးအသီးဖြစ်ပြီး ရွေးချယ် သင့်ကြောင်း၊ အသီးကိုလက်ဖဝါးပေါ်တင်၍ ကိုင်ဆကြည့်ပါကအလေးချိန်ပါလျှင် ထောပတ်သီး အရည်အသွေးကောင်းကြောင်း သိရှိရသည်။

DOCA(မန္တလေး)                          

မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ဈေးနှုန်းမြင့်တက်

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ကို နတ်တလင်းမြို့၊ ဖျာပုံမြို့နှင့် ရန်ကုန်မြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ငဖန့်ဝိုင်းငါးပိကောင်()ပိဿာလျှင် ကျပ်(၃၆၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကျပ်(၃၄၀၀၀) ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလတွင် ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ သယ်ယူစရိတ်မြင့်လာသည့်အတွက် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

မင်းဘူးမြို့၊ မြို့မဈေး၌ သခွာသီးများစတင်ဝင်ရောက်အရောင်းအဝယ်သွက်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်း ကျေးရွာ၊ ရေမြက်၊ ရေတွင်းကုန်း၊ ရွာသာ၊ ကြာကန်၊ လေးအိမ်တန်းနှင့် လက်ပံတောကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသည့် သခွာသီးများ နိုဝင်ဘာလ(တတိယပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် သခွာသီး()တောင့်လျှင် ကျပ်(၁၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက် ရှိသည့်အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း