Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလပထမပတ်၌   ညောင်ဦးမြို့မဏိစည်သူဈေးရှိအခြေခံစားကုန်ဈေးနှုန်းများ

          ညောင်ဦးမြို့နယ်အတွင်းရှိ မဏိစည်သူဈေးတွင် သစ်သီးဝလံဟင်းသီးဟင်းရွက်၊ မုန့်မျိုးစုံ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၆၀၀၀-၆၅၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာ လျှင် (၇၂၄၅-၇၄၉၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၄၀၀-၁၄၅၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၆၀၀၀ - ၆၅၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၃၄၀၀၀-၃၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၃၄၀၀၀-၃၅၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၂၉၀၀၀-၃၀၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၁၅၀၀၀-၁၆၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၅၀-၅၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၆၅၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လထက်  ယခုလတွင် ဆန်ဈေးနှင့် ငါးဈေးနှုန်းများ မှာတည်ငြိမ်လျက်ရှိပြီး၊ ဆိတ်သား၊ ဝက်သားနှင့်  အမဲသားဈေးများမှာ ဈေးနှုန်းမြင့်တက်ခဲ့၍ ပဲဆီသန့်၊ စားအုန်းဆီ ကြက်သွန်နီ၊ ကြက်သွန်ဖြူများမှာ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

 

အဆုတ်အားကောင်းစေသောဆေးကုလားမ

            လျှော်ဖြူပင်ဆိုသည်မှာ မြန်မာနိုင်ငံတွင် ရိုးရာဆေးအဖြစ်စိုက်ပျိုးထားရှိ၍ ၎င်းအပင်မှ လျှော်ဖြူစေး(ခေါ်)ဆေးကုလားမများထွက်ရှိကြောင်းသိရှိရသည်။ အပင်ကြီးအမျိုးအစား ဖြစ်၍ နှစ်ပေါင်း (၈၀)ကျော်အသက်ရှင်နိုင်ပြီး အမြင့်(၆၀)ပေခန့်မြင့်ကြောင်း၊  လျှော်ဖြူပင်မှ ထုတ်ယူသော လျှော်ဖြူအစေး(ဆေးကုလားမ)သည် ရေကိုစုပ်ယူ၍ ပွစေနိုင်ပြီးရေးနှင့်စိမ်ထားပါကနူးညံ၍ ကော်ကပ်နိုင်စွမ်းရှိသည်။ လျှော်ဖြူပင်သည် ဆေးဝါး ထုတ်လုပ်မှု၊ အလှကုန်နှင့် အစားအသောက် ထုတ်လုပ်ရေးများတွင်အသုံးပြုကြောင်း၊  ဆေးကုလားမကို တိုင်းရင်းဆေးများ တွင်လည်း အသုံးပြုကြောင်း၊ လျှော်ဖြူစေးသည် ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝသော အာဟာရဓာတ် အရင်းအမြစ်တစ်ခုမဟုတ်ကြောင်း၊ ဆေးဘက်ဝင်သော ဆေးကုလားမ (၂)ကျပ်သားခန့်ကို(၈-၉)နာရီရေစိမ်ပြီး  ၎င်းနောက် ရေစစ်ပြီး ဆေးကုလားမပေါ်သို့ ကျောက်ဖရုံယို (၂)ကျပ် သားပါးပါးလှီးပြီးဖြူး၍ တစ်ညသိပ်ထားကြောင်း၊ နောက်တစ်နေ့ နံနက်စောစော အိပ်ယာ ထထချင်း အစာမစားခင် အကုန်စားလိုက်ပါ။ စားနိုင်သလောက်စားပါက အဆုတ်သန့်၍ အားကောင်းစေကြောင်း၊ အဆုတ်ရေဝင်ခြင်းနှင့် ရင်ကြပ်ချွဲကပ်ခြင်းတို့ကို သက်သာပျောက်ကင်းကြောင်း စာပေများမှ လေ့လာသိရှိရသည်။

DOCA (မန္တလေး)

 

ဗီတာမင်အီးကြွယ်ဝစွာပါဝင်သောသစ်ကြားသီး

         သစ်ကြားသီးသည် ကျန်းမာရေးအတွက်  အကျိုးရှိစေသော အာဟာရဓာတ်များစွာကြွယ်ဝသော အခွံမာသီးတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင်စိုက်ပျိုးကြကြောင်း၊ ခန္ဓာကိုယ်အတွက် သဘာဝအာဟာရများအနေဖြင့် အိုမီဂါ 3 ၊ဖက်တီးအက်ဆစ်စသည်တို့ကြွယ်ဝပြီး သွေးကြောကျန်းမာရေးအတွက်ကောင်းမွန်ပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကိုလျော့ချပေးကြောင်း၊ ခန္ဓာကိုယ်အတွက်ရောင်ရမ်းမှုကိုသက်သာစေပြီး ဆီးချိုနှင့်နှလုံး ရောဂါများကို ကာကွယ်ပေးကြောင်း၊ ရင်သား၊ ဆီးကျိတ်နှင့် အူမကြီးကင်ဆာများ မဖြစ်အောင် ကာကွယ်ပေးကြောင်း၊ ကိုလက်စထ‌ရောကို ကျဆင်းစေပြီး သွေကြောကျန်းမာရေးကို ကောင်းမွန်စေ ကြောင်း၊ အိုမင်းရင့်ရော်မှုကြောင့်ဦးနှောက်နှင့်၏ လုပ်ဆောင်ချက်ကို နှေးကွေးစေပြီး မှတ်ဉာဏ် အတွက်ကောင်းမွန်စေကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝသဖြင့် အူမကြီးကျန်းမာရေးကို အထောက်အကူပြု ၍ ဝမ်းမှန်စေကြောင်း၊ ဗီတာမင်အီးကြွယ်ဝသဖြင့် အန်တီအောက်ဆီဒင့်များ ပါဝင်၍  ခန္ဓာကိုယ်အတွင်း ရှိ Stress များကိုတိုက်ဖျက်ပေးကြောင်း၊ သတိပြုရန်အချက်မှာ သစ်ကြားသီးသည် ကယ်လိုရီများပြီး ကျန်းမာရေးနှင့် ညီညွတ်သောအဆီဓာတ်များစွာ ပါဝင်သဖြင့် အလွန်အကျွံစားသုံးပါက ကိုယ်အလေး ချိန်တက်နိုင်၍ တစ်နေ့လျှင် (၇-၁၀)စေ့ခန့်စားသုံးသင့်ကြောင်း စာပေများမှဖတ်ရှု့သိရှိရသည်။

DOCA (မန္တလေး)

 

                                                                                                   

                  

အရေးအကြောင်းများကိုသက်သာစေသောလိမ္မော်သီး

             လိမ္မော်သီးသည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ရရှိနိုင်သော လူကြိုက်များသည့် ချိုချဉ်အရသာရှိသောအသီးတစ်မျိုးဖြစ်၍ ကျန်းမာရေးအတွက် ဗီတာမင်စီကြွယ်ဝသောကြောင့် ကလေးမှသည် လူကြီးအထိကြိုက်နှစ်သက်သည့် အသီးအနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။ ကယ်လိုရီ၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝသောကြောင့် လိမ္မော်သီးကို တစ်နေ့တစ်လုံး စားသုံးသင့်ကြောင်း၊ ဗီတာမင်စီနှင့် ဗီတာမင်ဘီဓာတ်ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အရေပြားကျန်းမာရေးအတွက်အထောက်အကူပြု၍ နှာခေါင်းနာ၊ လျှာကွဲနာ၊ ပါးစပ်ထောင့် ကွဲသောရောဂါများကိုသက်သာစေကြောင်း၊ ဖောလစ် အက်ဆစ်ကြွယ်ဝသောကြောင့် အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးသင့် ကြောင်း၊ ကျောက်ကပ်ကျောက် တည်ခြင်းကိုကာကွယ်ခြင်း၊ နှလုံးအားကောင်းစေခြင်း၊ သွေးအား ကောင်း၍ သံဓာတ်စုပ်ယူမှုအား ကောင်းခြင်း၊ ဓာတ်တိုးဆန့်ကျင်ဓာတ်များ ပါဝင်သောကြောင့် ကင်ဆာရောဂါကို လျှော့ချပေးနိုင်ကြောင်း၊ အမျှင်ဓာတ်များကြွယ်ဝစွာ ပါဝင်သောကြောင့် ဆီးချို ရောဂါကိုထိန်းပေး၍ ဝမ်းချုပ် ခြင်းကိုကာကွယ်ကြောင်း၊ တစ်ပတ်လျှင် (၂-၃)ကြိမ်စားပေးသင့်ကြောင်း၊ ဖျော်ရည်ဖျော် သောက်ခြင်းထက် အသီးအတိုင်းစားပါက ဆေးဖက်ဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုကြောင်း၊ ပိုတက်ဆီယမ်ကြွယ်ဝသောကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူ ပြုကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာပါဝင်သောကြောင့် မျက်စိကျန်းမာရေးအတွက်ကောင်းမွန်ကြောင်း၊ဗီတာမင်စီကြွယ်ဝစွာပါဝင်သောကြောင့်အရေပြားအတွက်ကော်လာဂျင်ထုတ်လုပ်မှုကို အထောက် အကူပြု၍ အရေးအကြောင်းများကို ကာကွယ်ပေးသဖြင့် အရသာရှိသောလိမ္မော်သီးသည်  နေ့စဉ်စား သုံးသင့်သောသစ်သီးတစ်မျိုးဖြစ်ကြောင်း လေ့လာ့သိရှိရသည်။

DOCA (မန္တလေး)

 

ရဲယိုသီး၏ကျန်းမာရေးအကျိုးကျေးဇူးများ

          ရဲယိုသီးသည် မြန်မာ့ရိုးရာဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေး၍ ရောဂါအမျိုးမျိုးကိုသက်သာကြောင်း၊ ဝေဒနာမျိုးစုံကိုသက်သာစေရန် ရဲယိုသီးလတ်လတ်ဆတ် ဆတ်ကိုအစေ့ထုတ်ပြီး ပြုတ်၍ထန်းလျက်ဖြင့်ယိုထိုးခြင်း၊ အသီးကိုသုပ်စားခြင်း၊ အသီးမှည့်ကို ဆားနှင့်တို့စားခြင်း၊ ပျားရည်ဆမ်းပြီးစားခြင်း၊ ဖျော်ရည်လုပ်သောက်ခြင်းများစသည်တို့ပြုလုပ်၍ အသုံးပြုကြကြောင်း၊ ရဲယိုသီး၏ ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် သွေးအားကောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်းကြောင့် လက်ဖျား၊ ခြေဖျားအေးခြင်းကို သက်သာစေကြောင်း၊ ကိုယ်ခန္ဓာကိုယ် အတွက် ခုခံအားကိုမြှင့်တင်ပေး၍ ရောင်ရမ်းမှုကို လျော့ချပေးကြောင်း၊ Antioxidant မြင့်မားစွာ ပါဝင်သောကြောင့် ရောဂါပိုးများကို တိုက်ထုတ်ပေးပြီး ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းမှုကို ထိရောက်စွာလျော့နည်းစေ၍ ဝမ်းချုပ်ခြင်းများကိုသက်သာစေကြောင်း၊ Proxeronine ဓာတ်ပါဝင် သဖြင့် သွေးဖိအားကိုမျှတအောင် ထိန်းညှိပေးသဖြင့် သွေးတိုးရောဂါကို သက်သာကြောင်း၊ ဗီတာမင်စီကြွယ်ဝစွာပါဝင်သောကြောင့် အသားအရေ ကိုကြည်လင်စေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေကြောင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ ကြွက်သားနာကျင်ခြင်းများကို လျော့ချပေး ကြောင်း၊ အာရုံကြောကိုပြေလျော့စေသည့် အာနိသင်ရှိ သောကြောင့် စိတ်ဖိစီးမှုကို သက်သာစေပြီး ကောင်းစွာအိပ်စက်ခြင်းကို အထောက်အကူပြုကြောင်း၊ သတိပြုရန်အချက်မှာ ရဲယိုသီးတွင် ပိုတက်စီယမ်ဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် ကျောက်ကပ်ရောဂါရှိသူများ၊ သွေးထဲတွင် ပိုတက်စီယမ် မြင့်မားနေသူများအနေဖြင့် ရှောင်ရှားသတိပြုရန် စားသုံးသင့်ကြောင်းစာပေ များမှဖတ်ရှု့သိရှိရသည်။

DOCA (မန္တလေး)

 

                                                                                                   

  ပရိုတင်းဓာတ်ကြွယ်ဝသောကြက်ဥ၏အာဟာရ

           လူအများစုသည် ကြက်ဥပြုတ်ကို အများအားဖြင့် နံနက်စာအဖြစ် စားသုံးကြကြောင်း၊ ကြက်ဥသည်မြေဓာတ်နှင့် ရေဓာတ်မျှတမှုရှိပြီး စွမ်းအင်ပေးကြောင်း၊ အာဟာရဓာတ်ပြည့်ဝသော အစားအစာတစ်မျိုးဖြစ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်အတွက် ကြွက်သား များတည်ဆောက်ခြင်း၊  ပြုပြင်ခြင်းနှင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များအတွက် အကျိုးပြုပြီးသော ကြောင့် ကလေးမှသည် လူကြီးအထိ သတ္တုဓာတ်များ ပါဝင်သောကြောင့် စားသုံးသင့်ကြောင်း၊ ပရိုတင်းဓာတ်ကြွယ်ဝသော ကြက်ဥကိုစားသုံးခြင်းသည် ကြွက်သားများသန်မာစေသောကြောင့်  အားကစားသမားများအတွက် အကောင်းဆုံးအစားအစာတစ်ခုဖြစ်ကြောင်း၊ ကိုလင်းဓာတ်ပါဝင် သောကြောင့် ဦးနှောက်နှင့် အာရုံကြောစနစ်ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း၊ ဗီတာမင်အေ၊ ဗီတာမင်ဒီနှင့် ဇင့်ဓာတ်တို့ပါဝင်သောကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးကြောင်း၊ဗီတာမင်ဒီကြွယ်ဝ၍ အရိုးများသန်မာစေကြောင်း၊ အာဟာရဓာတ်များစွာပါဝင်သော အစားအစာ တစ်ခုဖြစ်ပြီး နေ့စဉ်စားသုံးပါက ပရိုတင်းဓာတ်ကြွယ်ဝကြောင်းလေ့လာဖတ်ရှု့ရသည်။ မြင်းခြံမြို့၊ အေးမြသီတာဈေး၌ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလပထမပတ်တွင်ကြက်ဥတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်ပိဿာခန့်ပေါက်ဈေးများဖြင့်‌ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)

ဂွေးသီး၏ကျန်းမာရေးအကျိုးကျေးဇူးများ

           ဂွေးသီးပင်များသည် နှစ်ရှည်အပင်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်၍ အသီးကိုစားသုံးနိုင်သောအပင်ဖြစ်ပြီး ပန်းပွင့်သည်အဖြူရောင်ဖြစ်၍ အပင်အမြင့် မှာ ပေ(၃၀-၄၀)ခန့်အထိရှိ‌ကြောင်း၊ ဝင်ငွေရစီးပွားဖြစ်သောအပင်ဖြစ်ပြီး  ကျန်းမာရေးအတွက် လည်း ဆေးဖက်ဝင်သော အပင်ဖြစ်ကြောင်းသိရှိရသည်။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသော ဗီတာ မင်စီကြွယ်ဝစွာပါဝင် သဖြင့်အဆုတ်နှင့် အာရုံကြောများကိုအားကောင်းစေကြောင်း၊ သံဓာတ် ပါဝင်မှုကြောင့် သွေးအားနည်းခြင်းရောဂါကို ကာကွယ်ပေးကြောင်း၊ အသားအရေ နူးညံ့ချောမွတ်စေ၍ နှလုံးနှင့် သွေးလည်ပတ်မှုကောင်းမွန်စေသလို သွေးဖိအားကိုလည်း ထိန်းညှိပေးကြောင်း၊ အမျှင်ဓာတ်နှင့် Antioxidant များပါဝင်သောကြောင့် ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးနှင့် အဆိပ်အတောက်များ ကိုဖယ်ရှားပေးကြောင်း၊ ဂွေးသီးသည် ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်၍  အရည်ရွှမ်းပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေကြောင်း၊ အသီးတွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သဖြင့် အစာအိမ်နှင့် အူလမ်းကြောင်း အတွက်ကောင်းမွန် ကြောင်း၊ အညာ‌ဒေသဖြစ်သော မြင်းခြံမြို့တွင်ဂွေးသီးများကို အသုပ်၊ အထောင်းများပြုလုပ်၍ ပြုလုပ်၍စားသုံးကြသလို ဂွေးသီးငပိချက်၊ ဂွေးသီးမြေပဲဆံချက်နှင့် ဂွေးသီးဝက်သားချက်များအဖြစ် ချက်ပြုပ်စားသုံးကြာင်း သိရှိရသည်။

DOCA (မန္တလေး)

ပန်းတနော် မြို့နယ်မှ ထွက်ရှိသော အောက်တိုဘာလ ဆန်နှင့် ဆန်ကွဲများ ရန်ကုန် စီးထွက်မှု အခြေအနေ

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ စီးထွက်လျက်ရှိပြီး  ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

   ပန်းတနော် မြို့နယ်အနေဖြင့်  ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့်  ၁၃၆၇၂ အိတ်၊ တန်အားဖြင့် ၆၈၄ တန်နှင့်  ဆန်ကွဲအနေဖြင့် ၄၁၀၉ အိတ်၊ တန်အားဖြင့်၂၀၅ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၂၂၈၁  အိတ် နှင့် ၊ ဆန်ကွဲ ၅၅၀၀  အိတ် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၁၃၉၁ အိတ် ပိုမို တင်ပိုခဲ့ကြောင်းနှင့်  ဆန်ကွဲ ၁၃၉၁ အိတ် လျော့နည်း တင်ပို့နိုင်ခဲ့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

  ဆန်များကို ရန်ကုန်သီလဝါ ဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း၊ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့ တို့သို့ လည်းကောင်း ဆန်ကွဲများကို စက်မှုဇုန်လုပ်ငန်းများသို့လည်းကောင်း နေ့စဉ်တင်ပို့လျက် ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်မှ ထွက်ရှိသော ဆန်/ဆန်ကွဲ အောက်တိုဘာလ ရန်ကုန် တင်ပို့နှိုင်မှုနှင့် အခြားမြို့နယ် စီးထွက်မှု အခြေအနေ

  မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်(၁၉)စက်မှ ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်/ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထားတင်ပို့လျက်ရှိပါသည်။ ၂၀၂၅ခုနှစ် အတွင်း အောက်တိုဘာလ ၁လအတွင်း ဆန်တင်ပို့မှု ၁၄၇၇၅ အိတ်နှင့် တန်အားဖြင့် ၇၃၉ အိတ်၊  ဆန်ကွဲအနေဖြင့် ၇၄၈၉ အိတ်၊ တန်အားဖြင့် ၃၇၅ တန်၊ ယခင်လတင်ပို့မှုမှာ ဆန်အိတ် ၁၃၃၄၃ အိတ်၊ ဆန်ကွဲ အိတ် ၆၄၃၁ အိတ်  နှိုင်းယှဉ်တင်ပို့မှုမှာ ဆန် ၁၄၃၂ အိတ် တိုးမြင့်တင်ပို့ပြီး ဆန်ကွဲအနေဖြင့်  ၁၀၅၈ အိတ် ပိုမို တင်ပို့ကြောင်း တွေ့ရှိရသည်။ 

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူမြို့နယ် အနေဖြင့် ဆန်စက် ၁၉ စက်ရှိပြီး ဒေသထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

  အခြားမြို့နယ်တင်ပို့မှု အနေဖြင့် အောက်တိုဘာလ ဆန် ၁၆၆၇၅၀ အိတ်၊ ဆန်ကွဲ ၅၃၂၄၀ အိတ် နှင့် ယခင်လက ဆန် ၁၈၈၂၀၀အိတ်၊ ဆန်ကွဲ ၇၃၂၅၀ အိတ် ကို ယခုလ ၂၁၄၅၀အိတ်၊ ဆန်ကွဲ ၂၀၀၁၀အိတ် လျောနည်းတင်ပို့ ကြောင်းတွေ့ရှိရပြီး လျော့နည်းရခြင်းမှာ ဒေသထွက် စပါးများ ထွက်ရှိမှု နည်းပါးသေးသဖြင့် မိုးလေဝသအခြေအနေများကြောင့် စပါးအခြောက်လှန်းရန် လိုအပ်နေသေးသောကြောင့် မြို့နယ်တွင်း ဆန်/ဆန်ကွဲအကျန်များကို တင်ပို့ခြင်းဖြစ်ကြောင်း မြို့နယ်ကုန်သည်များထံမှ သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်ဒေသထွက် ပြုလုပ်ရောင်းချနေသော ငါးငပိ ဈေးနှုန်း

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တွင် မြစ်ချောင်းများမှ ဖမ်းယူရရှိသော ငါးများကို ငါးပိပြုလုပ်၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိပါသည်။ ထွက်ရှိသော ငါးပိများမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဇာနများမှ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

   ငါးများကို မြို့နယ်အတွင်းမှ ထွက်ရှိသော ရေချိုငါးများဖြင့် ပြုလုပ်ကြောင်း လုပ်ငန်းရှင်က ရှင်းပြသည်။  အဆိုပါ ငါးကုန်ကြမ်းများကို ဆားနှင့်နယ်ပြီး ထမင်းဖြင့်အချဉ်သိပကြာ အိုးထဲတွင် (၄-၅) လခန့် သိုလှောင်ရပြီး ထွက်ရှိလာသော ငါးပိများကို မြို့နယ်အတွင်းသို့ ရောင်းချကြောင်း၊ ငါးပိကို အကောင်သေးပြုလုပ်ရာတွင် ငါးခုံးမ၊ ငါးဘဲငါးလေးများဖြင့် ပြုလုပ်ပြီး၊ ငါးအကောင်ကြီး ငါးပိကို ငါးရံ့ဖြင့် ပြုလုပ်ကြောင်း’၊ ဈေးကွက်အတွင်းသို့ ရောင်းချသည့်အခါ နိုဝင်ဘာလဈေးအနေဖြင့် ငါးအကောင်သေး ငပိ ၁ပိဿာ ၇၀၀၀-၈၀၀၀ကျပ်၊ ငါးအကောင်းကြီး ၁ပိဿာ ၁၀၀၀၀-၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင် လများဖြစ်သော ဩဂုတ်၊ စက်တင်ဘာလများက ငါးပိဈေးနှုန်းများမှာ အကောင်သေး ၁ပိဿာ ၄၀၀၀-၅၀၀၀ကျပ်နှင့် အကောင်ကြီး ၁ပိဿာ ၈၀၀၀ကျပ် သာရှိပြီး ယခုရောင်းချသော ငါးပိများမှာ ဧပြီလသိပ်ငါးများကို ထုတ်ယူရောင်းချ၍ ဈေးကောင်းမွန်လျက်ရှိ ကြောင်း ဈေးကွက်အတွင်းနှင့် ငါးပိလုပ်သူလုပ်ငန်းရှင်ထံမှ သိရသည်။ ဈေးကွက်အတွင်းရောင်းချနေ‌သော ငါးပိများကို မိတ်ဖက်ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေး၍ နမူနာ ယူစစ်ဆေးခြင်း၊ ဓါတုကင်းစင်စွာ အသုံးပြုရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း