Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မုန်လာဥဖြူဈေးနှုန်းဈေးကွက်” 

             ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ မုန်လာဥဖြူများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်းမှ ဝင်ရောက်လျက်ရှိကြောင်း မုန်လာဥသီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း ၊ အေးသောဒေသနှင့် အပူပိုင်းဒေသတွင်လည်း စိုက်ပျိုးဖြစ်ထွန်းကြောင်း ပြင်ဦးလွင်၊ နောင်ချိုနယ် များတွင်လည်း စိုက်ပျိုးကြကြောင်း ၊ မုန်လာဥကို တစ်ပိုင်တစ်နိုင်အနေဖြင့် ရန်ပုံနှစ်ရွာ ၊ ကြက်ဆင်ကျေးရွာတို့တွင် စိုက်ပျိုးကြကြောင်း၊ မုန်လာဥ ဈေးနှုန်းအနေဖြင့်၊ တစ်စည်းလျှင်လက်ကားဈေး (၁၅၀၀/-)ကျပ်၊ လက်လီတစ်စည်းလျှင်(၂၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဟင်းသီးဟင်း ရွက်များထဲမှ အဟာရဓာတ် အများဆုံးပါဝင်သော မုန်လာဥဖြူကို လူအများနှစ်ကြိုက်စွာ စားသုံး လျက်ရှိကြောင်း၊မုန်လာဥဖြူကိုအချဉ်ရည်ဟင်း၊ဟင်းချိုချက်၍လည်းစားသုံးကြကြောင်း၊အတို့အမြုပ်အဖြစ်လည်းစားသုံးကြသလိုမုန်လာဥကိုအချဉ် တည်၍ လည်း ပြန်လည်ရောင်းချလျက်ရှိကြောင်း၊ မုန်လာဥဖြူအား စားသုံးခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သော အရာတွေကို တိုက်ထုတ်ပေး ခြင်း၊ အစာခြေစနစ်ကိုကျန်းမာစေနိုင်ခြင်း၊ကိုယ်ခံအားကောင်းစေခြင်းနှင့်နှလုံးကိုကျန်းမာစေကြောင်း၊အမျှင်ဓာတ်များစွာပါဝင်သောကြောင့် မုန်လာ ဥဖြူကိုနေ့စဉ် စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ 

DOCA(မန္တလေး)       

                                                                                             

 

မုံရွာမြို့တွင် ရောင်းချနေသော ကန်စွန်းဥနှင့် ပိန်းဥ ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာအတွင်းတွင် ကန်စွန်းဥနှင့်ပိန်းဥများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကန်စွန်းဥနှင့် ပိန်းဥများကိုဒေသတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အတွက် ကန်စွန်းဥနှင့် ပိန်းဥများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်အတွင်း ရောင်းချနေသော ကန်စွန်းဥနှင့် ပိန်းဥဈေးနှုန်းမှာ ကန်ဇွန်းဥ ၂၅ကျပ်သားလျှင်(၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၁၈၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၆၀၀)ကျပ်၊ အလားတူ ပိန်းဥဈေးနှုန်းများမှာ ၂၅ကျပ်သားလျှင် (၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၉၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ဗူးပင်စိုက်ပျိုးဝင်ငွေတိုး”

          ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ ကြက်သွန် တို့အပြင် ဗူးသီး သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ ကျောက်ဆည် မြို့နယ်တွင် ငယ်တိုး၊ ရှားပင်၊ ကျီးအိပ်ကျေးရွာများတွင်  စိုက်ပျိုးကြသည်။ ဗူးသီး စိုက်ပျိုးရာတွင် မြေဆွေး၊မြေဩဇာများသမအောင်ရောမွှေပြီးဘောင်ပြုလုပ်၍ စိုက်ပျိုးရကြောင်း၊ တစ်ပိုင်တစ်နိုင်အနေဖြင့်လည်း မိမိတို့လယ်ယာများနှင့် နေအိမ်များတွင်လည်းစိုက်ပျိုးကြကြောင်း၊ အများဆုံးစိုက်ပျိုးသော ဗူးသီးအမျိုးအစားများမှာ ဗူးသပိတ်၊ဗူးလယ်လှနှင့် ဗူးရှည်မျိုးများ ကိုစိုက်ပျိုးကြကြောင်း၊ ဗူးပင်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရပါကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ များအပါအဝင် စုစုပေါင်း (၈၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဗူးပင်စိုက်ပျိုးပြီး (၈၀-၉၀)ရက် အကြာတွင်  အသီးများစတင်ခူးစွတ် ရပါကြောင်း၊  ဗူးသီးကို  အခင်းထဲထိလာဝယ်ကြသလို၊ကိုယ်တိုင်လည်း  ဈေးများသို့  သွားရောက် ရောင်းချကြကြောင်း၊ အထွက်နှုန်းအနေဖြင့် အလုံးရေ (၇၀၀၀-၈၀၀၀) အထိထွက်ရှိကြောင်း၊   ဗူးသီးဈေးနှုန်း အနေဖြင့် အရွယ်အစားအပေါ် မူတည်၍ ဖောက်သည်ဈေး(၈၀၀-၁၀၀၀)ကျပ်၊ လက်လီဈေးနှုန်း အနေဖြင့်ဗူးသီးတစ်လုံးလျင်(၁၃၀၀-၁၅၀၀) ကျပ် အထိဈေးများ ရရှိကြောင်း၊ ဗူးညွန့် တစ်စီးလျင် (၃၀၀-၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိကြောင်း ဗူးသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)       

“ကန်စွန်းဥဈေးနှုန်းဈေးကွက်”

           လူတို့သည်ကျန်းမာရေးနှင့်ညီညွတ်မျှတပြီး အဟာရဓာတ်များပါဝင်သော သီးနှံများကိုလည်း ရွေးချယ်စားသုံးလျက်ရှိကြောင်း ၊ ၄င်းသီးနှံများမှ ကျန်းမာရေးနှင့်ညီမျှပြီး အဟာရလည်းဖြစ်သော ကန်စွန်းဥများကို လူများကြိုက်နှစ်သက်စွာ စားသုံးလျက်ရှိပါသည် ။ ကျောက်ဆည်မြို့ရှိ ဈေးကွက်အတွင်းသို့ ကန်စွန်းဥများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဝင်ရောက်သော ကန်စွန်းဥမျိုး များမှာ ရွှေဝါ နှင့် ငချိပ် မျိုးများဖြစ်ကြောင်း၊ ကန်စွန်းဥကို ပြုတ်စား၍သော်လည်းကောင်း၊ မီးဖုတ်စား၍သော်လည်းကောင်း၊ ပေါင်းစား၍သော်လည်းကောင်း၊ ယိုထိုးစား၍သော်လည်းကောင်း၊ မုန့်မျိုးစုံ ပြုလုပ်ရာမှာလည်း ပါဝင်ပစ္စည်းအဖြစ်လည်း အသုံးပြုကြကြောင်း ၊ ကန်စွန်းဥ စားသုံး ခြင်းဖြင့် အမြင်အာရုံကောင်းမွန်စေခြင်း ၊ သွေးဖိအားကို ထိန်းညှိပေးခြင်း ၊ အစာခြေဖျက်ရန် ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း ၊ ဗီတာမင်အေ ချို့တဲ့မှုကို ကာကွယ် ပေးခြင်း ၊ မှတ်ဉာဏ်ကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိပါသည် ။ ကန်စွန်းဥသည် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သောအဆာပြေအစားအစာတစ်ခုဖြစ်ကြောင်း၊ကန်စွန်းဥဈေးနှုန်းအနေဖြင့်ကန်စွန်းဥရွှေဝါ(၁)ပိဿာလျှင် (၁၅၀၀-၂၀၀၀ )ကျပ် ၊ ကန်စွန်းဥ ငချိပ် (၁)ပိဿာလျှင်(၂၀၀၀-၂၅၀၀) ကျပ်ဈေးနှုန်းများဖြင့် စျေးကွက်အတွင်းရောင်းဝယ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)       

 

မုံရွာမြို့တွင် ရောင်းချနေသော ( မုန့်တီ၊ မုန့်ဟင်းခါး  ) မုန့်ဖက်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးတွင်  (မုန့်တီ၊မုန့်ဟင်းခါး) မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ်လည်ကောင်း တစ်နိုင်တစ်ပိုင်ဖြင့်လည်ကောင်း လုပ်ကိုင်လျက်ရှိပါသည်။ (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်များကို မုံရွာမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါးရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

         ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်အတွင်းတွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်ဈေးနှုန်းများမှာ (၁)ပိဿာ လျှင် (၃၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၉၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၉၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်တွင် ‌ရောင်းချလျက်ရှိသော ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက်ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

        နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက်ဈေးတို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၀ဝိ/-) ကျပ်မှ (၁၂)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး(အသေး) (၁)လုံး လျှင် (၄၀၀)ကျပ်နှင့် (အကြီး)(၁)လုံးလျှင်(၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ရှောက်ချိုသီးနှင့် သလဲသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ‌ရှောက်ချိုသီးနှင့် သလဲသီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှောက်ချိုသီးများကို ကျောက်မဲနှင့် သီပေါနယ်များမှ ဝင်ရောက်လျက်ရှိပြီး သလဲသီးများကို မုံရွာမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ရှောက်ချိုသီးဈေးနှုန်းများမှာ ရှောက်ချိုသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ်ဖြင့်လည်းကောင်း၊ သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၄၀၀) ကျပ်၊ အသေး (၁)လုံး လျှင်(၇၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးတွင် ရောင်းချနေသော ဖက်ဖယ်ရွက်၊  ဆူးပုတ်ကြီးရွက်နှင့် ကင်းပွန်းချဉ်ရွက် ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက် အသီးအရွက်များဖြစ်သည့်   ဖက်ဖယ်ရွက်၊ ဆူးပုတ်ကြီးရွက်နှင့် ကင်ပွန်းချဉ်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ဖက်ဖယ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၃၀၀)ကျပ်မှ (၅၀၀)ကျပ်၊ ဆူးပုတ်ကြီးရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၃၅၀)ကျပ်၊(၂)စည်းလျှင် (၇၀၀)ကျပ်နှင့်  ကင်းပွန်းချဉ်ရွက်ဈေးနှုန်းမှာတစ်စည်း လျှင် (၂၅၀)ကျပ်မှ (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးတွင်ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်းဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်တွင် စိုက်ပျိုးသီးနှံများဖြစ်သည့် ငရုတ်သီး၊ ကြက်ဟင်းခါး၊ ဘူးသီး၊ ပဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ကန်စွန်းရွက်နှင့် ချဥ်ပေါင်ရွက် စသည့်သီးနှံများ စိုက်ပျိုးကြပါသည်။ စာဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးစိမ်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မုံရွာမြို့၊ ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ငရုပ်သီးစိမ်း (၂၅)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ ငရုပ်သီးစိမ်း (၁)ပိဿာလျှင်  (၅၀၀၀)ကျပ် ဖြင့်  ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ  စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၆၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၈၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၈၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း