Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျောက်ပန်းတောင်းမြို့နယ်မိုးစပါးစိုက်ပျိုးထားရှိမှုနှင့်ဆန်စပါးဈေးနှုန်း

မိုးစပါးစိုက်ဧကများကို ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင်ဆည် အထက်ဘက်ကျေးရွာများဖြစ်သည့်ဂွေးကုန်းရွာ၊လက်ပံအိုင့်ရွာ၊လဲဂွရွာ၊မုန့်ကုန်းရွာ၊ ဆပ်ပြာကျင်းရွာ၊ ညောင်ဖြူပင်ရွာနှင့် ရွာသစ်ရွာများ၌ စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးစပါးသီးနှံကို ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်း ထွက်ပေါ်မည်ဖြစ်ကြောင်း၊၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကြက်မောက်တောင်  ဆည်ရေသောက်‌ဒေသများ တွင်မိုးစပါး (၇၆၄) ဧကစိုက်ပျိုးထား ကြောင်းနှင့် စိုက်ပျိုးရန်ကျန်ရှိသော ဧကများ စက်တင်ဘာလ တွင်ဆက်လက် စိုက်ပျိုးနေကြောင်း စိုက်ပျိုး‌ရေးဦးစီးဌာန၏ စာရင်းများအရသိရှိ ရသည်။ စိုက်ပျိုး သည့် စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခနှင့် အောင်နိုင်တိုးစပါးမျိုးများကို စိုက်ပျိုးထားကြောင်း၊  ပျိုးထောင်ရက် (၂၁)ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်အထိ ငါးလကြာမြင့်ကြောင်း ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မိုးစပါးများ ရိတ်သိမ်း ထွက်ပေါ်မည် ဖြစ်ကြောင်း၊ မိုးလေဝသမှန်ကန်သည့် နှစ်များတွင် မိုးစပါးများကို စောစောစိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုနောက်ကျလျှင် မြေအောက်ရေသောက်စနစ် ဖြင့်စိုက်ပျိုး ကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် ၉၇ တင်းမှ ၁၀၀ တင်းခန့်ထွက် ရှိကြောင်း၊ ထွက်ပေါ်ချိန် စပါးတစ်တင်းလျှင် ဒေသပေါက်ဈေး (၁၈၀၀၀-၂၀၀၀၀) ကျပ်ခန့်ပေါက် ဈေးရှိသော်လည်း အရောင်း အဝယ်မရှိကြောင်း၊ ထွက်ရှိသောစပါးများကို ဒေသအတွင်းရှိစက် များ၌ကြိတ်ခွဲပြီး ရရှိလာသောဆန်သားများကို ‌ဒေသတွင်းဝမ်းစာနှင့် တိရိစ္ဆာန် အစာအဖြစ် အသုံးပြု ကြကြောင်း၊ ဒေသတွင်း‌ပေါက်ဈေးအနေဖြင့် မနောသုခဆန်တစ်တင်းခွဲ တစ်အိတ် လျှင် (၇၀၀၀၀-၈၀၀၀၀) ကျပ်ခန့်ရှိ ကြောင်းသိရှိရသည်။

DOCA( မန္တလေး)

အညာ ကြက်သွန်နီ စျေးကွက်

 မြင်းခြံမြို့နယ်တွင်းသို့ ၂၈-၈-၂၀၂၅ ရက်နေ့မှ ၄-၉-၂၀၂၅ ရက်နေ့ထိ တစ်ပတ်တာ အတွင်း ကြက်သွန်နီ ပိဿာချိန် ၄ သိန်းကျော်ဝင်ရောက်ခဲ့ပြီး ကုန်စည်ဒိုင် လက်ကားပြတ် ဈေးအနေဖြင့် အနိမ့် တစ်ပိဿာ ၅၀၀ ကျပ်မှ အမြင့် ၁၁၅၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ဈေးနှုန်းအပြောင်းအလဲ မရှိ မြို့ပေါ်လက်လီအရောင်း သမားများနှင့် နယ်ဝယ် တင်သမားများ ပုံမှန်အဝယ်ရှိအပြီး အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်းသိရသည်။

မြင်းခြံမြို့၊ အေးမြသီတာစျေး ၊ စံပြဈေးနှင့်ဈေးပြင်ဘက် ပြန်ကျတန်းမျာတွင် ရောင်းချ လျှက်ရှိသော နွေကြက်သွန်နီလက်လီတစ်ပိဿာဈေးနှုန်းများအနေဖြင့် (၈၀၀)ကျပ်စျေးနှုန်းမှ (၁၅၀၀)ကျပ်စျေးနှုန်းရှိကြောင်းသိရသည်။

ကြက်သွန်နီများကို အခွံပါးသည့်ချောင်းစနှင့် အခွံထူသည့်ကုန်းစဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ အခွံပါးသည့် ချောင်းစကြက်သွန်နီများကို တစ်ပိဿာလျှင်(၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ် စျေးနှုန်းဖြင့် ရောင်းချလျှက်ရှိပြီး အခွံထူသည့်ကုန်းစ ကြက်သွန်နီများကို တစ်ပိဿာလျှင်(၈၀၀) ကျပ်မှစတင်၍ (၁၀၀၀)ကျပ်၊ (၁၂၀၀)ကျပ်၊ (၁၃၀၀)ကျပ်၊ (၁၅၀၀)ကျပ်စျေးနှုန်းများအထိ အလုံးအကြီး အသေးပေါ် လိုက်၍ ချိုသာစွာရောင်းချလျှက်ရှိကြောင်းသိရသည်။ ထို့ပြင် ကြက်သွန်နီများကို မြင်းခြံအနီးကျေးရွာ များတွင် စိုက်ပျိုးကြသော်လည်း ကံဆင့်ကျေးရွာမှထွက်ရှိသော ကြက်သွန်နီများကို ဒေသခံများမှ ပိုမိုအထားခံ၍ ကြိုက်နှစ်သက်ကြ‌ကြောင်း ကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ အစေ့ထုတ်ပြောင်း(CP )ဈေးနှုန်းဈေးကွက်

          မြင်းခြံမြို့ပေါ်ဈေးကွက်သို့ CP အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ ကျေးရွာအများစုမှ ထွက်ရှိသော CP အစေ့ထုတ်ပြောင်းများရောင်းချလျက်ရှိပြီး ကုန်အဝင်မှာ တစ်ဖြည်းဖြည်း နည်းပါးလာကြောင်း ၊ ရာသီကုန် ကာလလည်းဖြစ်၍ အဝင်နည်းရခြင်းဖြစ် ကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောပြမှုအရသိရ ပါသည်။CP အစေ့ထုတ်ပြောင်း ဈေးနှုန်းအနေဖြင့် ဩဂုတ်လ စတုတ္တပတ်တွင် CP အစေ့ထုတ်ပြောင်း တစ်ပိဿာ ၁၄၃၀ - ၁၄၄၀ ကျပ်ဈေးဖြင့် အိတ် ၁၀၀၀-၁၅၀၀ ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ယခု စက်တင်ဘာလ ပထမပတ်၏ ၂-၉-၂၀၂၅ ရက်နေ့ဈေးအနေဖြင့် CP အစေ့ထုတ်ပြောင်း တစ်ပိဿာ ၁၄၀၀ ကျပ်သို့ဈေးနှုန်း ကျဆင်းသွားပြီး အိတ်ရေ ၇၀၀-၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၊ လှောင်လက် လုပ်ငန်းရှင်များမှ ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း တစ်ဆင့်ပြန်လည်၍ မန္တလေးနှင့် ရန်ကုန်ရှိ အစာစပ်စက်ရုံသို့ တင်ပို့ရောင်းချကြကြောင်းသိရသည်။မြင်းခြံမြို့နယ်အနေဖြင့် လက်ရှိကာလသည် ဧရာဝတီမြစ်ရေဝင်ပြီးကာလဖြစ်ပြီး CP အစေ့ထုတ်ပြောင်းများကို အောက်တိုဘာလနှင့်နိုဝင် ဘာလများတွင် စိုက်ပျိုးကြမည်ဖြစ်ကြောင်းလေ့လာသိရှိရပါကြောင်း ၊ ရှမ်းပြောင်း (CP)  များလည်း ထွက်ပေါ်နေပြီဖြစ်သည့်အတွက် မြင်းခြံဈေးကွက် အတွင်းသို့ လည်းရှမ်းပြောင်း(CP)များမကြာခင်ဝင်ရောက်လာမည်ဖြစ်သည့်အတွက် CP အစေ့ထုတ်ပြောင်း ဈေးကွက်အနေဖြင့် ဒေသထွက်ပေါ်ခြင်းမရှိ သော်လည်း ဈေးနှုန်းပြောင်းလဲနိုင်ဖွယ်မရှိကြောင်း လုပ်ငန်းရှင်းတစ်ဦး၏ ပြောကြားမှုအရသိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့၌ သကြားပြောင်းဖူးဈေး အနည်းငယ်တက်လျက်ရှိ

   သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီအလိုက် သီးထပ် စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဉ့်၊ အောက်ညဉ့်၊ သစ်ထောက်ကျွန်းကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ စက်တင်ဘာလ(ပထမပတ်)တွင် သကြားပြောင်းဖူး  ဈေးအနည်းကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ပြောင်းဖူး အရွယ်အစား၊ အစေ့အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြား ပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၄၅၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ်(၅၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ကျပ်(၇၀၀-၅၀၀)ဈေးဖြစ်ကြောင်း၊ ယခင်ဩဂုတ်လ (စတု တ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူး တစ်ဖူးလျှင် ကျပ်(၁၀၀)ခန့် ဈေးတက်၍ အရောင်း အဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ ယခုအချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ပျိုးမှု မရရှိသေး၍ အခြားမြို့နယ်များဖြစ်သည့် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက်ပြောင်းဖူးများ၊ ညောင်ဦးမြို့နယ်အတွင်း ရှိ ကျေးရွာများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ်အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ အကြော် ဆိုင်များ၊ အသုပ် မျိုးစုံဆိုင်များမှ ဝယ်ယူမှုများကြောင်း သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့အမှတ်(၂)ဈေး၌ ရောင်းချနေသော မာလကာသီးဈေးနှုန်း အခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ အမှတ်()ဈေးအတွင်း၌ ရောင်းချနေသော မာလကာသီးများကို ပခုက္ကူမြို့ပေါ်ရှိ မာလကာသီးခြံများနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း တောင်း၊  ပုပ္ပါးဒေသတို့မှ မှာယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၀၀၀) အလတ်ဈေး ကျပ်(၃၀၀၀) အနိမ့်ဈေး ကျပ်(၂၀၀၀) ဈေးနှုန်းဖြင့် အသီး၏ အရည်အသွေးအပေါ် မူတည်၍ ရောင်းချလျက်ရှိကြောင်း မာလကာသီး ရောင်းချသူထံမှ သိရှိရပါသည်။

 DOCA(မကွေး)

ပခုက္ကူမြို့မဈေး၌ရောင်းချနေသော ထောပတ်သီးဈေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌ ရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း)တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ကျောက်မဲ၊သီပေါ၊ နောင်ချို ဒေသတို့မှ တင်သွင်းကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော ထောပတ်သီး ဈေးနှုန်း များမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၀၀၀) အလတ်ဈေး ကျပ်(၃၀၀၀-၃၅၀၀) အနိမ့်ဈေး ကျပ်(၂၅၀၀) ဈေးနှုန်းဖြင့် အသီး၏ အရည်အသွေးအပေါ် မူတည်၍ အမျိုးအစားလိုက်ခွဲပြီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၏ သံပုရာသီးဈေးနှုန်းဈေးကွက်

   လူတို့သည် သံပုရာသီးကို နေ့စဉ်အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရ အသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ သံပုရာ သီးကို ပခုက္ကူမြို့အနီးတစ်ဝိုက်ရှိ ကျွန်းဦး၊ ကျွန်းညို၊ ကံလှကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့ ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင် ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာပင် တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၇၀-၉၀)အထိ ထွက်ရှိကြောင်း၊ ပခုက္ကူ ဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရသည်။ ပခုက္ကူဈေးကွက်တွင် ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊စက်တင်ဘာလ (ပထမပတ်)တွင် ဆယ်လုံးလျှင် ကျပ်(၅၀၀)၊ တစ်လုံးလျှင် ကျပ်(၇၀)ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ သံပုရာသီးများကို ပခုက္ကူဈေးကွက်မှတစ်ဆင့် မြို့ပေါ်ရှိ စားသောက် ဆိုင်များနှင့် ကုန်စိမ်းဈေးကွက် များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်သည်ဝါတွင်းကာလဖြစ်၍ ဖျော်ရည်အဖြစ် သောက်သုံးမှု များခြင်းကြောင့် ပိုမိုအရောင်းအဝယ်သွက်ကြောင်း ဈေးကွက် မှ သိရပါသည်။

DOCA(မကွေး)

             

ပခုက္ကူမြို့၏ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့  ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူ များ ဝယ်ယူသုံးစွဲလျက်ရှိသည့် ကြက်သွန်ဖြူသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်းဒေသကြီး အအေးပိုင်း ဒေသများ ဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်ဒေသများတွင် အများဆုံး စိုက်ပျိုးကြောင်း၊ ပခုက္ကူ ဈေးကွက်သို့ ယောနယ် ဒေသနှင့် ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူများဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ် ကြောင်း  သိရှိရသည်။

      ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ဗမာကြက်သွန်ဖြူ အလုံးအကြီး အသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၀၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ရှမ်းကြက်သွန်ဖြူ(ဥကြီး) မျိုး တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀-၁၃၀၀၀)ဈေးရှိပြီး ယခင် ဩဂုတ်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ ကြက်ဥဈေးနှုန်းငြိမ်၍အရောင်းအဝယ်ဖြစ်နေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှု နည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှု မလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ကြက်ဥဈေးနှုန်းများ ဈေးငြိမ်၍ အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၄၂၀၀၊ ၄၅၀၀၊ ၄၇၀၀)ဈေးရှိပြီး တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ယခင်ဩဂုတ်လ (ပထမပတ်)တွင် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ယခု ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်လအတွင်း ကြက်ဥများ ဈေးငြိမ်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။                       

          ကြက်ဥသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ပြည့်ဝသော အစားအစာတစ်မျိုး ဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရ သော အစားအစာတစ်မျိုးဖြစ်ခြင်းအပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်း ကြောင့် အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

မုံရွာမြို့၏ ပန်းသီးနှင့် နဂါးမောက်သီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးနှင့် နဂါးမောက်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီးနှင့် နဂါးမောက်သီးများကို သစ်သီးပွဲရုံများ မှ မှာယူရောင်းချလျက်ရှိကြောင် သိရှိရပါသည်။     နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်း နွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။ ပန်းသီးနှင့် နဂါးမောက်သီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးပြီး၊ ပန်းသီး ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်များ ပြုလုပ်စာသောက်ရသည့်အတွက် လူကြိုက်များ ကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၁)လုံးလျှင် (၃၅၀၀)ကျပ်၊ (၃)လုံးလျှင်(၁၀၀၀၀)ကျပ်နှင့်  ပန်းသီးအလုံးသေး (၄)လုံးလျှင် (၅၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ နဂါးမောက်သီး အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၆၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း