Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ခရမ်းကြွပ်သီးဈေးနှုန်းဈေးကွက်”

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံမျိုစုံ စိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံဖြစ်‌သော ခရမ်းကြွပ်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းကြွပ်သီးအပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်သီးစိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကို ပျိုးထောင်ခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းဟူ၍ နှစ်မျိုးစိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းကြွပ်သီးကို ပျိုးထောင်ပြီး စိုက်ပျိုးမည်ဆိုပါက ပျိုးသက် တစ်လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ()()လ အကျော်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ပြီးမှ တစ်ပတ်နှင့် တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း၊ သက်တမ်းအနေဖြင့် ()လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊ မျိုး၊ သွင်းအားစုအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်အနေ ဖြင့် (၉၀၀၀၀၀-၁၀၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီး လက်ကားဈေးအနေဖြင့် တစ်ပိဿာ လျှင် (၂၀၀၀/-)ကျပ်၊ လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၂၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀/-) အမြတ်ရရှိကြောင်း၊ ခရမ်းကြွပ်သီးကို ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူပြီး ကျောက်ဆည်မြို့ရှိ မြို့မဈေး၊ အေးမြကြည်လင်ဈေး၊ စဉ့်ကိုင်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ရှမ်းမြေပဲထောင့်အစိုများ ဈေးကွက်အတွင်းသို့ဖြိုင်ဖြိုင်ဝင်ရောက်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကုန်စိမ်းပွဲရုံများသို့ ရှမ်းမြေပဲထောင့်အစိုများ ဈေးကွက်အတွင်းသို့ ဖြိုင်ဖြိုင်ဝင်ရောက်လာပြီး အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ မြေပဲထောင့်အစိုများသည် ယခုအချိန်တွင် မြေပြန့်ဒေသများမှ  ထွက်ရှိမှုနည်းပါးပြီး  တောင်ပေါ်ဒေသများဖြစ်သည့် ပင်းတယ၊ အောင်ပန်း၊ ရေဦး၊ ရွာငံဒေသများမှ အဓိကအများဆုံး ဝင်ရောက်လာကြောင်း၊  မြေပဲစိုက်ပျိုးရာတွင် မြေပဲပင်များကို ကျင်းတူးကာ တစ်ကျင်းလျှင် နှစ်စေ့နှုန်းဖြင့် တစ်တောင်ခြားစိုက်ပျိုးကြကြောင်း၊ တစ်ပတ်အကြာတွင် အညှောင့်များ စတင်ထွက်ရှိပြီး သုံးလအကြာတွင် စတင်နှုတ်ယူ၍ရကြောင်း၊ သဲနှုန်းမြေပေါ်တွင် စိုက်ပျိုးပါက အထွက်နှုန်းတိုး ကြောင်း၊ မြေပဲများအား နှုတ်ယူပြီးပါက မြေပဲတောင့် အစိုများကို  ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြပါကြောင်း၊ ရောင်းချရာတွင် လက်ကားဈေးအနေဖြင့်  မြေပဲအစို (၁)ပြည်လျှင် (၂၀၀၀/-)ကျပ်၊ လက်လီဈေး(၁)ပြည်လျှင်(၂၅၀၀/-)ကျပ် များဖြင့် ရောင်းဝယ်ဖြစ်နေကြောင်း၊ ဈေးသည်များမှလည်း ရှမ်းမြေပဲများကိုဝယ်ယူ၍ အစိမ်းရောင်းချသလို ပြုတ်၍လည်း ရောင်းချလျက်ရှိကြောင်း၊ မြေပဲကို ပြုတ်ပြီးပြန်လည်ရောင်းချပါက အစို(၁)ပြည်လျှင်(၂၅၀၀/-)ကျပ်ဈေးဖြစ်ပြီး၊ ပြုတ်၍ရောင်းချပါက (၁)ဗူးလျှင်(၅၀၀/-)ကျပ်နှင့်  (၁)ပြည်လျှင်(၄၀၀၀/-)ကျပ်ရရှိသောကြောင့် ပိုမိုအကျိုးမြတ်ဖြစ်ထွန်းကြောင်း၊ မြေပဲစားသုံးခြင်းဖြင့် ပရိုတိန်းဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်တို့ ပါဝင်ကြောင်း၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးကြောင်း အဆစ်ရောင်ရမ်းခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း လေ့လာသိရှိရပါသည်။ ကျန်းမာရေး အကျိုးကျေးဇူးရှိသော မြေပဲကို ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ထန်းလက်ကုလားထိုင်ပြုလုပ်ခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ”

         ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစား၊ အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောက်ဆည်မြို့နယ်၊ကျောင်းကုန်းကျေးရွာရှိ ထန်းလက်ကုလားထိုင် ပြုလုပ်ရောင်းလျက်ရှိသည့်လုပ်ငန်းအား  ကွင်းဆင်းလေ့လာခဲ့ပါသည်။ ၄င်းလုပ်ငန်းအား  မိသားစုတစ်နိုင် တစ်ပိုင်အပိုဝင်ငွေရရှိရေးပြုလုပ်ရောင်းချလျက်ရှိပါသည်။ ကျောင်းကုန်းကျေးရွာတွင် ထန်းလက်ကုလားထိုင်လုပ်ငန်းကို မိရိုးဖလာအဖြစ် ရှေးယခင်မှစ၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ထန်းလက်ကုလားထိုင်ပြုလုပ်ရန်အတွက် ထန်းကြီးလက်ဖျားကို ထန်းပင်မှခုတ်ယူပြီး နေပူခံကာအခြောက်လှမ်းထားရကြောင်း၊ ယင်းသို့နေပူခံကာ အခြောက်လှမ်းထားသော ထန်းလက်ကုလားထိုင်သည် ရေရှည်ခိုင်ခံ့မှု ရှိမည်ဖြစ်ကြောင်း၊ ထန်းလက်ကုလားထိုင်တစ်လုံး ပြုလုပ်မည်ဆိုပါက ထန်းအလက်(၃၀)ကုန်ကျမည်ဖြစ်ပြီး (၁)လက်လျှင်(၁၀၀/-)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ကုလားထိုင်တစ်လုံးအား ထန်းလက်များဖြင့်သာပြုလုပ်ထားပြီး ကုလားထိုင်ခိုင်ခန့်ရန် အတွက်သံမှိုကိုအသုံးပြု၍ထိန်းထားကြောင်း၊ ကုလားထိုင် တစ်လုံးလျှင် (၁)လက်မသံနှင့်(၅)မတ်သံ (၅)ကျပ်သားကုန်ကျမည်ဖြစ်ပြီး သံမှိုစျေးအနေဖြင့်(၇၀၀/-)ကျပ်ကုန်ကျကြောင်း၊ လူတစ်ဦး(၁)ရက်လျှင် ကုလားထိုင်တစ်လုံးပြီးစီးကြောင်း၊ ကုလားထိုင်တစ်လုံးပြုလုပ်ရာတွင် အပြီးအစီး (၄၅၀၀-၅၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ကျေးရွာအတွင်း ပြန်လည်ရောင်းချပါက တစ်လုံးလျှင်(၁၀၀၀၀/-) ကျပ်အထိရှိပြီး ပြုလုပ်ရောင်းချသူများအနေဖြင့် နေ့စားလုပ်အားခနှင့်ယှဉ်လျှင် တွက်ခြေကိုက်ကြောင်း၊ မပြုလုပ်နိုင်သူများမှ ငွေကြိုတင်‌ပေး၍ ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချကြကြောင်း၊ ကြိုတင်ပေးယူ၍ ပြန်လည်ရောင်းချသောကြောင့် ကုလားထိုင်တစ်လုံးလျှင်(၁၁၀၀၀/-)ကျပ်ပေးဝယ်၍ ပြန်လည်ရောင်းချကြကြောင်း၊ လူတစ်ဦးလျှင် (၁)ရက် တစ်လုံးခန့် ပြုလုပ်၍ရောင်းချပါက တစ်လအကျိုးအမြတ်အနေဖြင့် (၁၄၀၀၀၀-၁၅၀၀၀၀)ကျပ်အထိရရှိနိုင်ကြောင်း၊ ကျောင်းကုန်းကျေးရွာမှ ထန်းလက်ကုလားထိုင်ပြု လုပ်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“တိုင်ထောင်ပဲထောင့်ရှည်စိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း၌ရှိသော တောင်သူများသည် စပါးနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြသော်လည်း ဝယ်လိုအားရှိပြီး နေ့စဉ်ဝင်ငွေရရှိရေးအတွက်  သီးပင်စားပင်များကိုလည်း စိုက်ပျိုးရောင်းချလျက်ရှိရာ ကျောင်းကုန်း၊ ကလိုင်ကျော်နှင့် မြောင်းဘောင်ကျေးရွာတွင် စိုက်ပျိုးလျက်ရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။ ပဲထောင့်ရှည်စိုက်ပျိုးမှုအနေဖြင့် တိုင်ထောင်ဝါး၊မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲထောင့်ရှည်မျိုးအနေဖြင့် အစိမ်းရောင်မျိုး၊ ကတီပါရောင်ဟူ၍ နှစ်မျိုးရှိရာ အများဆုံးစိုက်ပျိုးသောမျိုးမှာ အစိမ်းရောင်မျိုးကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ တိုင်ထောင်ပဲသည် စိုက်ပျိုးပြီး တစ်လအတွင်း ထွက်ပေါ်သောကြောင့် ရာသီမရွေး၊ အချိန်မရွေးစိုက်ပျိုးကြကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၅၀၀)ပိဿာခန့် ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၇၅၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ပဲထောင့်ရှည်များ လှိုင်လှိုင်ခူးဆွတ်နေရပြီး ရောင်းဈေးအနေဖြင့် ပွဲရုံသွင်းဈေး တစ်ပိဿာလျှင် (၂၅၀၀/-)ကျပ် သွင်းရပြီး၊ လက်လီရောင်းဈေးအနေဖြင့် တစ်ပိဿာလျှင် (၃၀၀၀/-) ကျပ်ဖြင့် ရောင်းချကြကြောင်း၊ နေ့စဉ်ခူးဆွတ်ပြီး ရောင်းချရသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ပဲထောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကင်ပွန်းချဉ်ပင်စိုက်ပျိုးခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ”

          ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲမျိုးစုံနှင့်နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံများအပြင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ကျေးလက်တောရွာများ၌ သဘာဝအလျှောက်ပေါက်ရောက်သည့် စားသုံးပင်ဖြစ်သလို ခြံစည်းရိုးများတွင်စိုက်ပျိုးသည့် ဆူးခြုံပင်တစ်မျိုးဖြစ်သော ကင်ပွန်းချဉ်ပင်ကိုလည်း စိုက်ပျိုးလာကြပါသည်။ ကင်ပွန်းချဉ်ပင်စိုက်ပျိုးရာတွင် အစေ့မှမျိုးယူ၍စိုက်ပျိုးရကြောင်း သိရှိရပါသည်။

        ကင်ပွန်းချဉ်ရွက်သည် အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းကိုလည်းသက်သာစေကြောင်း၊ ဆံသားပျက်စီးမှုကို သဘာဝအတိုင်းပြန်လည်ကုသပေးနိုင်ခြင်း၊ ကင်ပွန်းချဉ်ရွက်ကို ခေါင်းလျော်ရည်နှင့် ရေချိုးဆပ်ပြာများပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်ပါကြောင်း၊ အရေပြားရောဂါများကုသရာတွင်လည်းအသုံးပြုနိုင်ပါကြောင်း ကျန်းမာရေးဗဟုသုတများအရသိရှိရပါသည်။ ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးတွင် ကင်ပွန်းချဉ်ရွက်(၁၀) ကျပ်သားလျှင်(၁၅၀၀/-)ကျပ်၊ (၁)ပိဿာလျှင်(၁၂၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။ ကင်ပွန်ချဉ်ရွက်ကိုကြော်စားခြင်း၊ ဟင်းချိုချက်၍သောက်သုံးခြင်း၊ အချဉ်ရည်ဟင်းပြုလုပ်၍လည်း ချက်ပြုတ်စားသုံးကြသောကြောင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် စိုက်ပျိုးထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ကြက်ဟင်းခါးသီးစားသုံးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးနှင့် စျေးနှုန်းစျေးကွက်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိတောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်စသည့် သီးနှံမျိုးစုံအားစိုက်ပျိုးကြသည့်အပြင် ကြက်ဟင်းခါးသီးသီးနှံကိုလည်း မိသားစုတစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိစိုက်ပျိုးလာကြပါသည်။ ကြက်ဟင်းခါးသီး သီးနှံသည် ခါးသည့်အရသာရှိသောကြောင့် သွေးလည်ပတ်မှုကောင်းမွန်စေခြင်း၊ မျက်စိနှင့် အာရုံကြောစနစ်ကိုကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေခြင်း၊ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကိုလည်း ထိန်းချုပ်ပေးနိုင်ခြင်း၊ အမြင်အားရုံကိုလည်းကောင်းမွန်စေခြင်းနှင့် ကြက်ဟင်းခါးသီးအရည်သည်လည်းအနာနှင့် ယားယံမှုများကုသရာတွင်လည်း အလွန်အသုံးဝင်ပါကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါးသီး သီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဗိုလ်တစ်ထောင် မျိုးကိုအများဆုံးစိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ကျောင်းကုန်း၊ ကလိုင်ကျော်နှင့်မင်းစုကျေးရွာများတွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကို ပျိုးထောင်ပြီး ရက်(၂၀)ခန့်အတွင်းတွင်စိုက်ပျိုးရပါကြောင်း၊ စိုက်ပျိုးပြီး(၃)လခန့်အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ပါကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ်အထွက်နှုန်းများပိုမိုလာကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် စတင်ခူးဆွတ်ချိန်တွင် ပိဿာ(၂၀၀-၃၀၀) ခန့်ထွက်ရှိပြီး အများဆုံးထွက်ရှိသောအချိန်တွင် ပိဿာ(၄၅၀-၅၀၀)ခန့်အထိထွက်ရှိကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊ မြေပြင်ခြင်း၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၇၀၀၀၀၀/-)ကျပ်ကျော်ခန့်ကုန်ကြကြောင်း၊ ကြက်ဟင်းခါးသီးစျေးနှုန်းအနေဖြင့် လက်လီစျေးအနေဖြင့် (၁)ပိဿာလျှင်(၃၀၀၀/-)ကျပ်၊ လက်ကားစျေးအနေဖြင့်(၁)ပိဿာလျှင် (၂၅၀၀/-)စျေးနှုန်းစျေးနှုန်းများဖြင့်ရောင်းချရပါကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်းများမတူညီကြောင်း၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူသည့်အတွက်ကြောင့် သယ်ယူစရိတ်သက်သာကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချကြကြောင်း၊ ကျန်းမာရေးအတွက်လည်းအသုံးဝင်ပြီး တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရ သရှိရပါသည်။

DOCA(မန္တလေး)

ဆိပ်ဖြူမြို့နယ်၌ ခရမ်းချဉ်သီးစိုက်တောင်သူများအကျိုးအမြတ်ရရှိ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရွာသစ် အနောက်ပိုင်း ရပ်ကွက်နှင့် ရေလယ်ကျွန်း၊ ကိုးတောင့်ကျေးရွာများတွင် ဒေသခံတောင်သူများသည် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းကို ဒေသစီးပွားဖြစ် လုပ်ကိုင်ကြပြီး ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ငရုတ်သီးနှံများကို အများဆုံးစိုက်ပျိုးကြ၍ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုး လာကြကြောင်း၊ ပင်ထောင်ခရမ်းချဉ်မျိုးကို ရေသွင်းစိုက်ပျိုးကြောင်း၊ (၅)ဧကခန့် စိုက်ပျိုးထားကြောင်းသိရှိရပါသည်။

    ခရမ်းချဉ်ပင်ကို မိုးဦးကာလ ဇွန်လတွင် စိုက်ပျိုးပြီး နှစ်လခန့်အကြာ ဩဂုတ်၊ စက်တင်ဘာ လဆန်းပိုင်းတွင် အသီးဆွတ်ခူးရကြောင်း၊ ထိုင်ဝမ်မျိုးများကို စိုက်ပျိုးပြီး တစ်ဧကမျိုးစေ့ (၆)ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ကို ပျိုးထောင်ပြီး ပျိုးပင် တစ်လသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ ခရမ်းချဉ်ပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးရ၍ မျိုး၊ သွင်းအားစု၊ မြေပြင်ခ၊ ရေသွင်းခ၊ အလုပ်သမားခ စုစုပေါင်း တစ်ဧက ငွေကျပ်(၁၅)သိန်းခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် အသီးတင်မှုများ၍ အထွက်နှုန်းကောင်းမည်ဖြစ်ကြောင်း၊ (၅)ရက်ခြား တစ်ကြိမ်ဆွတ်ခူး ကြောင်း၊ ခရမ်းချဉ်သီး စတင်ဆွတ်ခူးချိန်မှ အသီးကုန်ဆုံးချိန်အထိ တစ်ဧကအထွက် နှုန်းပိဿာ (၃၅၀၀-၄၀၀၀)ခန့် ထွက်ရှိကြောင်း၊ ယခုသီးနှံပေါ်ချိန် ဈေးကွက်တွင် ခရမ်းချဉ်သီး တစ်ပိဿာ လက်ကားဈေး ကျပ်(၁၀၀၀-၁၅၀၀)၊ လက်လီ ဈေး ကျပ်(၂၀၀၀-၂၅၀၀)ဈေးဖြင့် ရောင်းချရကြောင်း၊ ‌ဈေးကွက်အနေဖြင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဝယ်ယူခြင်းအပြင် ဆိပ်ဖြူမြို့ပေါ် ကုန်စိမ်းဈေး ကွက်နှင့် ချောက်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ တောင်သူများအနေဖြင့် သီးနှံပေါ်ချိန် ဈေးကောင်း ရရှိ၍ အဆင်ပြေကြောင်း၊ လက်ရှိပေါက်ဈေးထက်ဈေးနှုန်းကျဆင်းခြင်းမရှိ ရောင်းချရပါက တစ်ဧက အကျိုးအမြတ် ကျပ်သိန်း(၄၀)ခန့် ရရှိမည်ဖြစ်ကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့နယ်၌ (မိုး)စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မြင်ကဝ၊ အောက်ဆိပ်၊ ချင်တောင်၊ ကူရှည်၊ ရွာမ၊ အလယ်စု၊ တပေါင်း၊ လိပ်ခြံ၊ ကုန်းရွာ၊ ကျောင်းရွာ၊ ညောင်နီချောင်းကျေးရွာ များနှင့် အခြားကျေးရွာများတွင် (မိုး)စပါးများ စိုက်ပျိုးလျက်ရှိရာ ဆင်းသုခနှင့်ဧရာပဒေသာစပါးမျိုးကို အဓိကထားစိုက်ပျိုးကြပြီး ဧရာမင်း၊ ရတနာတိုး စသည့် စပါးမျိုးများ စိုက်ပျိုးပြီး စိုက်ဧက အနေဖြင့် (၁၀၀၀၀)ခန့် စိုက်ပျိုးကြောင်း သိရှိရသည်။

          (မိုး)စပါးများကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)မှ စတင်စိုက်ပျိုးကြပြီး ရက်ပေါင်း (၁၂၀) အကြာတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းနှင့် ပျိုးထောင်ပြီး ပျိုးပင်စိုက်ခြင်း နည်းလမ်းနှစ်မျိုးဖြင့် စိုက်ပျိုးရပြီး ပျိုးထောင်စိုက်ပျိုးပါက စပါးမျိုး တစ်တင်းခွဲခန့် ကုန်ကျပြီး တိုက်ရိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးပါက တစ်တင်းခန့် ကုန်ကျကြောင်း၊ မိမိဒေသထွက် စပါးမျိုးကို စိုက်ပျိုးပြီး တစ်တင်းလျှင် ငွေကျပ်(၃၀၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် တစ်ဧက ငွေကျပ်(၁၀)သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ် တစ်ဧက လျှင် အထွက်တင်း(၈၀-၉၀)တင်းထိ ထွက်ရှိပြီး တစ်တင်းလျှင် ငွေကျပ်(၃၀၀၀၀)ဈေးဖြင့် ရောင်းချ ရကြောင်း၊ ဈေးကွက်အနေဖြင့် ဆိပ်ဖြူ မြို့နယ်တွင်းရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များမှ ဝယ်ယူ ကြောင်း၊ ယခုနှစ်တွင်လည်း အထွက်နှုန်း ကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်ပိုမိုရရှိ နိုင်ကြောင်း စပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဧရာအနောက်မြို့တော်မှ မြန်မာညှပ်ဖိနပ်များ၏ ဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ပခုက္ကူမြို့ပေါ်ရှိ အမှတ်(၁၂)၊ အမှတ်(၁၃)နှင့် အမှတ် (၁၄)ရပ်ကွက်များတွင် မြန်မာ့သားရေညှပ်ဖိနပ်များကို ရှေးယခင်များစွာကပင်လုပ်ကိုင် လာကြပါသည်။ မြန်မာ့သားရေညှပ်ဖိနပ်များမှာခိုင်ခန့်ခြင်း၊ ကျန်းမာရေးနှင့်လည်းညီ ညွတ်ခြင်း၊ စီးရသည့် နေရာမှာ လည်းသက်တောင့် သက်သာရှိခြင်းတို့ကြောင့် လူကြိုက်များလှပါသည်။  ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့ညှပ်ဖိနပ်လုပ်ငန်းများဖြစ်သော ဧရာဝဏ်ဆင်၊ ခိုပျံ၊ ဂရိတ်၊ မောင်မယ်၊ မြအိုးစည်၊ ရွှေကျားနှင့် ရွှေအိုးစည် ဖိနပ်လုပ်ငန်းများမှာ လုပ်သားဦရေ (၁၀) ဦးမှ (၂၀)ဦးဖြင့်လုပ်ကိုင်လျက်ရှိပါသည်။

     မြန်မာ့ညှပ်ဖိနပ်ကို နွား၏သားရေအရိုင်းဖြင့် ပြုလုပ်ရပါသည်။ နွား၏ သားရေအရိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံနှင့် ပခုက္ကူခရိုင်  ကန်တော်ဒေသတို့မှ ဝယ်ယူရကြောင်း၊ မြန်မာ့သားရေဖိနပ်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများကို  မန္တလေးတိုင်း ဒေသကြီးမှ ဝယ်ယူရကြောင်း၊ မြန်မာ့ညှပ်ဖိနပ်ကို မစီး ကျားစီးများ၊ ကလေးစီး သားရေဖိနပ်များ ပြုလုပ်ရောင်းချလျက်ရှိကြောင်း၊ သားရေဖိနပ်ကို အမျိုး အစားကိုလိုက်၍  ကျားစီးသားရေဖိနပ်  တစ်ရံလျှင် ကျပ် (၁၅၀၀၀) မစီး သားရေ ဖိနပ်တစ်ရံလျှင် ကျပ် (၁၃၀၀၀) ကလေးစီး တစ်ရံလျှင် ကျပ်(၁၀၀၀၀)ဖြင့် ရောင်းချနေကြောင်း၊ သားရေညှပ် ဖိနပ်များအပြင် ကတ္တီပါဖိနပ်များကိုလည်း ပြုလုပ်ရောင်းချလျက်ရှိပါကြောင်း၊ မြန်မာ့ သားရေညှပ် ဖိနပ်သည် မြန်မာလူမျိုးများအတွက် နွေ၊ မိုး၊ ဆောင်း ရာသီသုံးပါးအတွက်  မရှိမဖြစ် လိုအပ်သလို အလှူ၊ မင်္ဂလာပွဲများတွင်လည်း ပွဲတက် ဖိနပ်အဖြစ်အစီးများသောဖိနပ်ဖြစ်ကြောင်း၊ မြန့်မာ့သားရေ ညှပ်ဖိနပ်များကို မြန်မာပြည် အောက်ပိုင်း၊ အထက်မြန်မာပြည်များသို့ဖြန့် ဖြူးရောင်းချလျက်ရှိကြောင်း ဖိနပ်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

“တစ်ပိုင်တစ်နိုင်ဘဲမွေးမြူ”

         ဘဲကိုလွန်ခဲ့သော နှစ်ပေါင်း (၄၀၀၀)ကျော်ကပင် အိမ်မွေးတိရိစ္ဆာန်များအဖြစ် စတင်မွေးမြူခဲ့ကြပါသည်။ ဘဲမွေးမြူရေးကို မြန်မာပြည်အနှံ့အပြားစီးပွားဖြစ်သောလည်းကောင်း၊ တစ်ပိုင် တစ်နိုင်အဖြစ်သောလည်းကောင်း မွေးမြူခဲ့ကြပါသည်။ ဘဲမွေးမြူရာတွင် မိုးရွာသွန်းမှုအကောင်းဆုံး မြို့နယ်များတွင် အများဆုံးမွေးကြသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် ဘဲကိုအများဆုံး မွေးမြူလျက်ရှိကြောင်း သိရှိရပါသည်၄င်းဒေသများသည် မြစ်ချောင်း၊ အင်းအိုင်နှင့် ရေနက်ကွင်းစသည့်နေရာပေါ်များသည့်အတွက် ဘဲများ၏ သဘာဝ ဓလေ့နှင့်ကိုက်ညီပြီး ၎င်းတို့လိုအပ်သည့် အစားအစာများကို အလွယ်တကူစားသောက်နိုင်သဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ဘဲမွေးမြူရာ၌ အရင်းအနှီး နည်းပါးပြီး စီးပွားရေးအကျိုးအမြတ်ပိုမိုရရှိနိုင်ပါသည်။ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း (၇၀%)သည် အစာအာဟာရ ဝယ်ယူကျေးမွေးစရိတ်ဖြစ်သည့်အတွက် ယခုကဲ့သို့ သဘာဝအစားအစာပေါများသည့် နေရာဒေသများတွင်  ဘဲမွေးမြူရန်အတွက် ပို၍ အကောင်းဆုံးခွင့်လမ်းတစ်ခုဖြစ်ပါသည်။ ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင်လည်း တစ်ပိုင်တစ်နိုင် ဘဲမွေးမြူလာသည်ကိုလည်း နေရာဒေသအတော်များများတွင် တွေ့ရှိခဲ့ရပါသည်။ ယခု ဘဲမွေးမြူသူများသည် အစားအစာစရိတ် သက်သာစေရန်အတွက် လူကိုယ်တိုင်ဘဲအုပ်များကို စပါးခင်းများအတွင်း လွှတ်ကျောင်းစေကာ စပါးခင်းအတွက်လည်း ပေါင်းပင်နှင့်ပိုးမွှားများ ရှင်းလင်းစေပြီး၊ စပါးခင်းအတွက်လည်း အထူးကောင်းမွန်စေပါသည် ။ ဘဲများသည် အာဟာရဓါတ်များ နေ့စဉ်မှန်မှန်စားသုံးရသည့်အတွက် ဘဲဥများပိုမိုဥချနိုင်ပြီး ဘဲအုပ် အကောင်(၁၀၀)မွေးမြူထားပါက ဘဲဥအလုံးရေ (၁၅၀-၂၀၀)လုံး ရရှိကြောင်း၊ ဘဲဥစျေးနှုန်းအနေဖြင့် တစ်လုံးလျှင် လက်လီ(၇၀၀-၈၀၀)ကျပ်၊ လက်ကားစျေး(၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေစေသော ဘဲများကို တစ်ပိုင်တစ်နိုင် မွေးမြူသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း