Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့၏တညင်းသီးဈေးနှုန်းဈေးကွက်

            မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်သည် နှစ်ရှည်ပင်သီးနှံများကို စိုက်ပျိုးကြ သော်လည်း တညင်းသီးပင်စိုက်ပျိုးဖြစ်ထွန်းမှုမရှိကြောင်း၊ တညင်းပင်သည် မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် ပေါက်ရောက်မှုနည်းပြီး၊ အအေးပိုင်းဒေသများဖြစ်သော ရှမ်းပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ပြင်ဦးလွင်ဒေသများတွင်ပေါက်ရောက်ကြောင်း၊ ထွက်ပေါ်ချိန်မှာ(မေလမှ ဩဂုတ်လ)  နွေရာသီနှင့် မိုးရာသီ အစောပိုင်းကာလများတွင် ထွက်ပေါ်ချိန်ကြောင်းသိရသည်။ မြင်းခြံဈေးကွက်တွင်စက်တင်ဘာလပထမပတ်တွင် တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ပေါက်ဈေး ရှိကြောင်း၊ စားသုံမှုများ၍ ဈေးကွက်တွင်အရောင်းအသွက်လျက်ရှိကြောင်း၊ မြစ်ကြီးနားဒေသထွက် တညင်းသီးများကို မှာယူတင်သွင်းပြီး မြင်းခြံဈေးကွက်သို့ ရောင်းချကြောင်း၊ ကုန်သည်၏ပြောပြချက်အရသိရသည်။ စားသုံးမှုအနေဖြင့် တညင်းသီးကိုပြုပ်စားခြင်း၊ ချက်စားခြင်း၊ လဘက်ဖြင့်သုပ်စားခြင်း၊ တညင်းသီးဆားရည်စိမ်ကို ငပိရည်နှင့် စားခြင်းစသည်ဖြင့် စားသုံးနိုင်သလို ကျန်းမာရေးအနေဖြင့် တညင်းသီးတွင် သကြားဓာတ်များ၍ ဆီးချိုရှိသူများ သတိထား စားသုံးသင့်ကြောင်း၊ ကယ်လိုရီများ၍ အလွန်အကျွံစားပါက ကိုယ်အလေးချိန်တက်နိုင်ကြောင်း၊ တညင်းသီးကို ကျန်းမာရေးနှင့် သင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း သိရှိ ရပါသည်၊၊

DOCA(မန္တလေး)

ငပုတောမြို့နယ်၌ ဒေသထွက် နေလှန်းဆားများ အရောင်းအဝယ် ကောင်းမွန်နေ

          ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ ဝယ်လိုအား ကောင်းပြီး  အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်မှ နေလှန်းဆားထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးမြတ်၏ ပြောဆိုချက်အရ သိရသည်။

          ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ပြီး လက်ရှိအချိန်ထိ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။ "ဒေသထွက် နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ရန်ကုန်ဈေးကွက်က ပိဿာ အများအပြားကို ဝယ်ယူနေတာပါ။ လတ်တလောအနေနဲ့  တစ်ရက်ကို  နေလှန်းဆားပိဿာ ၂၅၀၀ ကနေ ၅၅၀၀ အထိ အရောင်းအဝယ်ကောင်းနေပါတယ်။ အခုလိုဆားအရောင်းအဝယ် ကောင်းလာ တော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိပြီး အဆင်ပြေ လာပါတယ်''ဟု ဒေါ်အေးမြတ်ကပြောသည်။

          ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်း လုပ်ကိုင်သူများက စနစ်တကျ ထုတ်လုပ်ပြီး   ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့်လုပ်ငန်းများတွင် အဓိကအသုံးပြုကြ ကြောင်း ၊  နေလှန်းဆားများ အရောင်းအဝယ် ကောင်းမွန်နေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုရှိလာသဖြင့်   ဒေသဈေးကွက်အတွင်း   ဈေးနှုန်းများ   တည်ငြိမ်စေမည်ဖြစ်ပြီး ဆားလုပ်ငန်း လုပ်ကိုင်သူများနှင့် ဆက်စပ်သူများ၏ သက်သာချောင်ချိရေးကို အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း   သိရသည်။   

DOCA (ဧရာဝတီ)

 ကန့်ဘလူမြို့ပဲဈေးကွက်၌ စွန်တာနီ(ပဲနီ)ဈေးနှုန်း မြင့်တက်လျက်ရှိ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာ နှင့်အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံ စွန်တာနီ(ပဲနီ)(၁၃၉၃)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

          ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၁၀၄၅၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လစတုတ္ထပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၁၅၀၀) ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးမြွေထိုးခြောက်ပိဿာ ၆၅၀၀၀ အထိ တင်ပို့ရောင်းချ

   ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း  ငါးမြွေထိုးခြောက် ပိဿာ  ၆၅၀၀၀  အထိ   တင်ပို့ရောင်းချခဲ့ ကြောင်း ကျိုက်လတ်မြို့နယ် ရှိ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်နီဝင်း၏ပြောကြားချက်အရ  သိရသည်။ 

          "ကျိုက်လတ်မြို့နယ်ကနေ ငါးခြောက် တွေကို လစဉ်တင်ပို့ရောင်းချနေပါတယ်။ ဇူလိုင်လ ပထမပတ်လောက်ကတည်းက ရန်ကုန်ဈေးကွက်ကို  ငါးမြွေထိုးခြောက်တွေ တင်ပို့ရောင်းချ အားကောင်းခဲ့ပါတယ်။ တစ်လတာကာလအတွင်း ငါးမြွေ ထိုးခြောက်ပိဿာ ၆၅၀၀၀ အထိ တင်ပို့ ရောင်းချခဲ့ရပါတယ်။  ငါးမြွေထိုးခြောက် လုပ်ငန်းက ဒေသအတွက် အလုပ်အကိုင် ဖန်တီးပေးတဲ့ လုပ်ငန်းပါ။ အခုလို ငါးမြွေထိုးခြောက်တွေ  ဝယ်ယူမှုများလာတာကြောင့် ငါးမြွေထိုးခြောက်လုပ်ငန်း နဲ့    ဆက်စပ်လုပ်ကိုင်တဲ့သူတွေအားလုံး အဆင်ပြေလာပါတယ်''  ဟု ဒေါ်နီဝင်းက ပြောသည်။ 

          ကျိုက်လတ်မြို့နယ်မှ   ရန်ကုန်ဈေး ကွက်သို့    ဇွန်လအတွင်းက   ငါးမြွေထိုး ခြောက်ပိဿာ ၅၅၀၀၀ သာ တင်ပို့ရောင်းချ နိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာ ကာလ အတွင်း     ငါးမြွေထိုး ခြောက်ပိဿာ  ၆၅၀၀၀  အထိ  တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်၌ နာနတ်သီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

   ဧရာဝတီတိုင်းဒေသကြီး   ဇလွန်မြို့နယ်မှ ဒေသထွက် နာနတ်သီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ဇလွန်မြို့နယ်မှ  သစ်သီးမျိုးစုံရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေးသူ၏ ပြောပြချက်အရ သိရသည်။

          ဇလွန်မြို့နယ်၌    ဇူလိုင်လနောက်ဆုံးပတ်မှစ၍ နာနတ်သီးများ  ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ တစ်ရက်လျှင် အလုံးရေ ၃၅၀၀၀ မှ ၄၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ "ဇလွန်မြို့နယ်ကနေထွက်ရှိတဲ့  နာနတ်သီးတွေ အဝယ် လိုက်ပြီး အရောင်းအဝယ် ကောင်းလာပါတယ်။   နာနတ်သီးတွေက  အရည်အသွေးလည်း ကောင်း တဲ့အတွက်  ဒေသဈေးကွက်နဲ့  တခြားဒေသ   သီးနှံဈေးကွက်က  ဝယ်လက်တွေက အဝယ်လိုက် နေပါတယ်။   ဒေသထွက်နာနတ်သီးတွေက  ပိုးမွှားကင်းရှင်းပြီး အရည်အသွေး‌ကောင်းမွန်ပါတယ်" ဟု ဒေါ်အေးသူကပြောသည်။ ဇလွန်မြို့နယ်ဒေသထွက်  နာနတ်သီးများနှင့် တခြားကုန်စိမ်းများကို ဒေသဈေးကွက်အပြင် ပုသိမ်၊ ပန်းတနော်၊ ဟင်္သာတ  စသည့်ဒေသများသို့လည်း တင်ပို့ရောင်းချ လျက် ရှိကြောင်း သိရသည်။ 

DOCA (ဧရာဝတီ)   

စျေးနှုန်းကျဆင်းလာသောမုန့်ဖက်(မုန့်တီ၊ မုန့်ဟင်းခါး)

          MSMEလုပ်ငန်းများဖြစ်သော မုန့်ဖတ်(မုန့်တီ၊မုန့်ဟင်းခါး) လုပ်ငန်းများကို မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင်မုန့်တီ၊ မုန့်ဟင်းခါးဖတ် ၂၅ ကျပ်သားလျှင် (၆၅၀)ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်ဩဂုတ်လ ပထမပတ်တွင် ရောင်းချခဲ့သော မုန့်ဖတ် ၂၅ ကျပ်သားလျှင် ၈၀၀ ကျပ်၊ တစ်ပိဿာလျှင် (၃၀၀၀) ကျပ် ပေါက်ဈေးရှိခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် မုန့်ဖတ် ၂၅ ကျပ်သားလျှင် (၁၅၀) ကျပ်၊ တစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ မုန့်ဖတ်ထုတ်လုပ်သော ကုန်ကြမ်းဆန်များဈေးနှုန်း ကျဆင်းသောကြောင့် မုန့်ဖတ်ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ နေ့စဉ်ပုံမှန်ကုန်ချိန် (၁၀၀-၁၅၀) ပိဿာခန့်ရောင်းကုန်ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မု့န်တီ၊ မုန့်ဟင်းခါးလက်သုတ် ရောင်းချသူများမှလည်း ဝယ်ယူကြောင်း၊ အလှူပွဲ၊ မွေးနေ့ပွဲ၊ ဘုရားပွဲများတွင် အော်ဒါအမှာရှိပါက မုန့်ဖတ်များပိုမို ထုတ်လုပ်ရကြောင်း MSME လုပ်ငန်းဖြစ်သော မုန့်ဖတ်ထုတ်လုပ်ရောင်းချသူ၏ ပြောပြချက်အရပါ သိရှိရသည်။

DOCA(မန္တလေး)

ဈေးနှုန်းကျဆင်းလာသောချဉ်ပေါင်ရွက်

           မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်ကျေးရွာ၊ တလုပ်ကျေးရွာနှင့် လေးအိမ်တန်းကျေးရွာများတွင် ချဉ်ပေါင်ရွက်များကို စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ ၎င်းကို မိုးရာသီဖြစ်သော ဇွန်လမှ ဩဂုတ်လအထိ စိုက်ပျိုးကြောင်း၊ ရေစီးရေလာကောင်းပြီး သဘာဝမြေဩဇာကြွယ်ဝတဲ့မြေနုမှာ စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်မှ ၆၀ ရက်ခန့်အတွင်း ခူးဆွတ်၍ဈေးကွက် သို့တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

            မြင်းခြံမြို့ရှိကုန်စိမ်းဈေးဖြစ်သော အေးမြသီတာဈေးတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ရောင်းချနေသော ချဉ်ပေါင်ရွက် ၁၀ စည်းလျှင် (၅၀၀)ကျပ်ခန့် ပေါက်ဈေးများ ဖြင့်ရောင်းချကြောင်း၊ ယခင် ဩဂုတ်လပထမပတ်တွင် ချဉ်ပေါင်ရွက်  (၁၀)စည်းလျှင် (၁၀၀၀) ကျပ် ပေါက်ဈေးများရှိခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ချဉ်ပေါင်ရွက် ၁၀ စည်းလျှင်(၅၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ယခုမိုးရာသီကာလတွင် ချဉ်ပေါင်ရွက်နုများ  ထွက်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းများကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။  စားဖိုဆောင်အုပ်စုဝင်ချဉ်ပေါင်ရွက်သည် နေ့စဉ်အရံဟင်းလျာများတွင် ချက်ပြုတ်စားသုံးကြသောကြောင့် စီးပွားဖြစ်စိုက်ပျိုးပါက မိသာစုစားဝတ်နေရေး အဆင်ပြေကြောင်း နေ့စဉ်ချဉ်ပေါင်ရွက် အစည်းရေ (၅၀၀-၁၀၀၀)စည်းခန့်အရောင်း အဝယ်ဖြစ်ကြောင်း ချဉ်ပေါင်စိုက်ဝောာင်သူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏မတ်ပဲတစ်ဧကကုန်ကျစရိတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

             မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်သည် အပူပိုင်းဒေသမိုးနည်းရပ်ဝန်းဒေသတစ်ခုဖြစ်ပြီး ဆည်ရေသောက်အသင့်အတင့်ရှိ၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိပါသည်။ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြင်းခြံမြို့နယ်အနေဖြင့် မတ်ပဲဆောင်းသီးနှံကို(၆၃၀)ဧက စိုက်ပျိုးထားခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှအထွက်နှုန်း(၁၁)တင်းနှုန်းထွက်ရှိခဲ့ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။

          မတ်ပဲသီးနှံကို ဆောင်းရာသီဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြပြီး၊ မတ်လ၊ ဧပြီလနှင့်မေလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ(၄)လ အကြာတွင် ရိတ်သိမ်းရကြောင်း၊ ဒေသအနေဖြင့် အများဆုံးစိုက်ပျိုးသောမျိုးမှာ ရေဆင်း-၄ မျိုးဖြစ်ပြီး စိုက်ပျိုးမှုပုံစံမှာ ပက်ကျဲစနစ်နှင့် စိုက်တန်းကျင်းဖော်၍ စိုက်ပျိုးမှုများရှိရာ စိုက်တန်းကျင်းဖော်ပြီး စိုက်ပျိုးမှုများကြကြောင်း၊ တစ်ကျင်းလျှင်(၃-၄)လက်မခြား၍ ကျင်းအနက်တစ်မခန့် တစ်ကျင်းလျှင် မျိုးစေ့နှစ်စေ့ချ၍ စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ကုန်ကျမှုအနေဖြင့်(၆-၈)ပြည်ခန့် ကုန်ကျကြောင်း၊ ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးလျှင် (၁၀-၁၂)ပြည်ခန့်ကုန်ကျကြောင်း၊ တစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကုန်ကျ စရိတ်(၆၃၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းအရ တစ်ဧကတောင်သူအကျိုးအမြတ်အနေဖြင့်(၃၉၃၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ မြို့နယ်အတွင်း စိုက်ပျိုးမှုများသောကျေးရွာများမှာ ခေါင်းကွဲ၊ တလုပ်၊ တောပုနှင့်ဆင်ချောင်းကျေးရွာများဖြစ်ကြောင်း၊ ဒေသတွင်းကျေးရွာများမှ ထွက်ရှိသော မတ်ပဲများကို မြင်းခြံမြို့ရှိ ပွဲရုံများသို့ တင်သွင်းရောင်းချကြကြောင်း၊ ထိုမှတစ်ဆင့် မန္တလေးမြို့နှင့်ရန်ကုန်မြို့ လှိုင်သာယာသို့ တင်ပို့ရောင်းချကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာပထမပတ်တွင် မြင်းခြံကုန်စည်ဒိုင်တွင် မတ်ပဲထိပ်စ တစ်တင်းလျှင် (၉၀၀၀၀) ကျပ်၊ မတ်ပဲ(အလတ်စ) တစ်တင်းလျှင်(၈၀၀၀၀)ကျပ်၊ မတ်ပဲအောက်စတစ်တင်းလျှင် (၅၆၀၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နေ့စဉ်အိတ်အရောင်းအဝယ် (၅၀-၁၀၀) အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင်မတ်ပဲဈေးများ ကျဆင်းခဲ့ကြောင်း ပဲကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ဈေးနှုန်းအမြင့်တက်လာသောဂွေးသီး

          မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ခြံစည်းရိုးများတွင် ဂွေးသီးပင်များကို စိုက်ပျိုးထားရှိကြကြောင်း၊ ဂွေးသီးပင်သည် နှစ်ရှည်ပင်မျိုးဖြစ်ပြီး ဇွန်လဆန်းမှစ၍ ရာသီပေါ်ဂွေးသီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရာသီချိန်ကုန်ဆုံးမည်ဖြစ်ကြောင်း၊ ဂွေးသီးပင်တွင် ဂွေးချိုပင်နှင့်ဂွေးချဉ်ပင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ဂွေးချိုသီးများကို အချဉ်ပေါင်းပြုလုပ်ရာတွင် သရေစာအဖြစ် စားသုံးကြကြောင်း၊ ဂွေးချဉ်သီးများကို အိမ်ရှင်မများအနေဖြင့် ဟင်းချက်ရာတွင် စားသုံးကြကြောင်း သိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာပထမပတ်တွင် ဂွေးသီး ၂၅ လုံးလျှင် (၁၅၀၀)ကျပ် ပေါက်ဈေး များဖြင့်ရောင်းချကြောင်း၊ ယခင်ဩဂုတ်လ ပထမပတ်တွင် ဂွေးချဉ်သီး(၂၅)လုံးလျှင် ၁၀၀၀ ကျပ် ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ဂွေးသီး ၂၅ လုံးလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ရာသီပေါ်ဂွေးသီးများ ကုန်ဆုံး ခါနီးပြီဖြစ်သောကြောင့် ဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်ကြောင်း၊ အသီးလတ်ဆတ်မှုနှင့် အရွယ် အစားအပေါ်တွင် မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ စားသုံးမှုအနေဖြင့် ဂွေးသီး (အချဉ်သီး) များကို ဂွေးသီးငပိချက်၊ ဂွေးသီးအမဲသားနှပ်ချက်၊ ဂွေးသီးမြေပဲဆံချက်နှင့် ဂွေးသီးငါး အစပ်ချက်၊ ဂွေသီးဝက်သားနှပ်ချက်များသည် စားသုံးမှုများပြားသောကြောင့် ဈေးနှုန်းမြင့်တက်သော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံ‌ဒေသထွက်ငါးဘတ်ငါးဈေးနှုန်းဈေးကွက်

         မြင်းခြံ‌မြို့နယ်အတွင်းရှိ လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်ကျေးရွာနှင့် အနိမ့်ကျေးရွာတို့သည် ဧရာဝတီမြစ်ဖြင့်နီး၍ ကျေးရွာသူ၊ ကျေးရွာသားများသည် ငါးဖမ်းလုပ်ငန်း၊ ငါးရောင်းချခြင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ မြစ်အတွင်းမှရရှိသောငါးများကို အနီးအနားပတ်ဝန်းကျင်များသို့ရောင်းချ၍ ပိုလျှံသေားငါးများကို ‌စံပြဈေးနှင့် အေးမြသီတာဈေးများသို့ ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ရောင်းချနေသော ဈေးနှုန်းများအနေဖြင့် ငါးဘတ် ၂၅ ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၆၀၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ငါးဘတ်မွှေကြော်သည် လူသိများသော ဟင်းတစ်မည်ဖြစ်ပြီး "ငါးဘတ်ပုပ်ပုပ်၊ ငရုတ်စပ်စပ်" ဟူ၍ဆိုရိုးစကားအတိုင်း လူကြိုက်များ၍ စားသုံးမှုများသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ မြစ်အတွင်းမှ ငါးငယ်များ၊ အင်းဆက်များကိုများကို စားသောက်ကြီးထွားသော  သဘာဝအသားစားငါးများဖြစ်၍ ငါးဘတ်အသားမှာ နုညံ့ချိုမြသောကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း၊  ဈေးကွက်တွင်နေ့စဉ် (၁၀-၂၀) ပိဿာချိန်ခန့်ရောင်းချရကြောင်း၊ မြစ်အတွင်းမှ သဘာဝငါးဘတ်ဈေးနှုန်းသည် မွေးမြူရေးငါးများထက် ဈေးနှုန်းပိုများကြောင်း ငါးရောင်းချ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း