Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့၊ ကိုးသောင်းဈေးရှိ ငါးဈေးနှုန်းများ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသလို စားသုံးသူများနေ့စဉ် ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားကုန်ဈေးနှုန်းများ အသားဈေးနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်တွင် ရောင်းချနေသော ငါးသလောက်(၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးကြင်းဖြူ (၁၀)ကျပ်သာလျှင် (၁၈၀၀)ကျပ်၊ ငါးသလဲထိုး (၁၀)ကျပ် သားလျှင် (၄၀၀၀)ကျပ်၊ ငါးစရစ် (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ ငါးခူဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ လယ်ကြားငါးခူများမှာ (၁၀)ကျပ်သာလျှင် (၃၀၀၀-၄၀၀၀)ကျပ်၊ ပုဇွန်ဈေးနှုန်းများမှာ ပုဇွန်ကြားနှင့် ရေချိုပုဇွန်ထုပ်မှာ(၁၀)ကျပ်သားလျှင် (၄၅၀၀-၆၅၀၀)ကျပ် ပုဇွန်စိတ်ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်း ငါးရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ ခဝဲသီးဈေးကွက်

  ခဝဲသီးသည် ဘူး၊ ဖရုံအမျိုးအစားတွင် ပါဝင်ပါသည်။ နှစ်ပတ်လည်စိုက်ပျိုး၍ ရနိုင်ပါသည်။ နွယ်ပင်အမျိုးအစားဖြစ်ပါသည်။ လတ်ဆတ်နေချိန်တွင် ခဝဲသီး၏အရောင်မှာ အစိမ်းရင့်ရောင် ဖြစ်ပါ သည်။ အသီး၏ဘေးပတ်လည်တွင် စောင်း (သို့) မြောင်းကလေးများပါရှိပါသည်။

          ခဝဲပင်၏ အပွင့်မှာ အဝါရောင်ရှိပါသည်။ ခဝဲသီးပင်များသည် နှစ်စဉ်တန်ဆောင်မုန်းလတွင် အသီး များလှိုင်လှိုင်ရရှိပါသည်။ ခဝဲပင်မှာ အပုမျိုးနှင့် အရှည်မျိုးဟူ၍ (၂) မျိုးရှိပါသည်။ အပုမျိုးမှာ အလုံးအပု လေးများဖြစ်ပြီး အရှည်မျိုးမှာ တစ်ပေခန့် ရှည်ပါသည်။

          ခဝဲပင်များအား မိုးရာသီ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် အစိုက်များပါသည်။ စက်တင်ဘာလ နှင့် အောက်တိုဘာလများတွင် ခူးဆွတ်ရပါသည်။ ခဝဲပင်များအား စင်ထုးပြီးစိုက်ပျိုးခြင်း၊ ဝါးတန်းထိုး စနစ် စသဖြင့် စိုက်ပျိုးကြပါသည်။ ခဝဲပင်များအား အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ခဝဲပင်မှ စိုက်ပျိုးပြီး ၁လခွဲ ၂လအကြာတွင် အသီးများခူးဆွတ်ပြီး ဈေးကွက်အတွင်း ရောင်းချ၍ ရပါသည်။

          ဈေးကွက်အတွင်း ရောင်းချရာတွင် ဟင်းသီးဟင်းရွက်ဒိုင်များမှ အခင်းပြတ်ဝယ်ယူပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ ပီနံအိတ်များအတွင်းထည့်ပြီး ကုန်တင်ကားများဖြင့် တင်ပို့ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသည့် ခဝဲသီးဈေးမှာ အတောင့်အပုများအား ၁၀တောင့်ပါတစ်စည်းလျှင် ၅၀၀ ကျော်၊ အတောင့်ရှည်အသီးတစ်တောင့်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းဝယ် ဖြစ်နေပါသည်။

DOCA(ပဲခူး)

ကျိုက်မရောမြို့နယ်၌ မိုးနှမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

      မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဒေသတွင်းနှမ်းမျိုးနှင့် စားသုံးဆီဖူလုံပိုလျှံစေရေး အတွက် မိုးနှမ်းစိုက်ခင်း (၃၅) ဧကလျာထာစိုက်ပျိုးလျက်ရှိရာ နိတုံကျေးရွာ၌ သိပ္ပံနည်းကျ တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဒေသခံ တောင်သူများ စားသုံးဆီပိုလျှံနေကြောင်းသိရသည်။

      အဆိုပါ  နှမ်းများကို သိပ္ပံနည်းကျ တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးကြပြီး ထယ်ရေး ကောင်းမွန်စွာ မြေပြင်ပြီး မိမိတို့လိုအပ်သော အပင်ကြား၊ အတန်းကြား ရရှိရေး နွားထွန်ဖြင့် ထွန်ကြောင်း၊ အကျယ်ပေးပြီးနို့ဆီဗူးအခွံဖြင့် ပြုလုပ်ထားသည့် နှမ်းစိုက်ကိရိယာြဖင့် စိုက်ပျိုးရကြောင်း တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးခြင်းသည် ပေါင်းပေါက်စရိတ် သက်သာစေပြီး တစ်ဧက အပင်ဝင်ဆန့်မှု ပြည့်မီရေး နှမ်းပင်များ သားခွဲရာတွင်လည်းကောင်း ပေါင်းမြက်များ ရှင်းလင်းရာတွင်လည်းကောင်းလွယ်ကူပြီးလိုအပ်သည့်အခါရေသွင်းရာ၌ထိန်းညှိသွင်းနိုင်သဖြင့်အပင် ဖြစ်ထွန်းမှုကောင်းမွန်ပြီး အထွက်နှုန်းလည်း ကောင်းမွန်ကြောင်း နှမ်းစိုက်တောင်သူများ ထံမှသိရသည်။

     ကျိုက်မရောမြို့နယ်တွင် ဒေသတွင်းဆီထွက်သီးနှံဖူလုံရေးအတွက် မိုးနှမ်းအပြင် မိုးမြေပဲများကိုလည်း စိုက်ပျိုးကြသဖြင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရှိကြောင်း နှမ်းမျိုးနှင့် မြေပဲမျိုးများကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝယ်ယူပြီး နည်းပညာများကိုလည်း စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများကကူညီ ပံပိုးလျက်ရှိ​ကြောင်း သိရသည်။

DOCA (မွန်)

ပြည်ကုန်စည်ဒိုင်၏ အောက်တိုဘာ ဒုတိယပတ် ပဲမျိုးစုံဈေး

  ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ သီးနှံများအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          အောက်တိုဘာ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် (၉၀၀၀၀ - ၉၀၅၀၀) ဈေးဖြင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် (၂၅၀) ခန့် အဝယ်ရှိပါသည်။ အောက်တိုဘာ ဒုတိယပတ်တွင် ပဲစဉ်းငုံ တစ်တင်းကို ကျပ် (၈၀၀၀၀) ကျပ်ဖြင့် ဈေးကျနေခဲ့ပြီး အရောင်းအဝယ်မှာ တစ်ခါတစ်ရံ မှသာဖြစ်ပြီး အဝယ် ဖြစ်လျှင်အိတ် (၂၀၀) ခန့် အရောင်းအဝယ်ရှိပါသည်။ ကုလားပဲ (HL) တစ်တင်း ကို (၈၆၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို ကျပ် (၉၃၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် (၃၀၀) ခန့် အဝယ်ရှိပါသည်။

          အောက်တိုဘာ ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၂၀၀၀၀) ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၁၀၀၀၀၀) ကျပ်ဖြင့် ဈေးအေးနေပြီး တစ်ရက်ကို အိတ် (၃၀၀) ခန့် မြို့တွင်း ပဲကြော်သမား များ အဝယ်ရှိပါသည်။

          အောက်တိုဘာ ဒုတိယပတ်တွင် စားတော်ပဲကျွန်း တစ်တင်းကို (၂၃၀၀၀၀) ကျပ်ဖြင့် စားတော်ပဲ (ကျွန်း) ဈေးမြင့်နေပြီး မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၂၀ - ၂၅) ခန့်သာ အဝယ်ရှိပါ သည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ်မှာ သွက်လျှက်ရှိပြီး တစ်ချို့ပဲများမှာ လက်ကျန် နည်းလျက်ရှိပါသည်။

DOCA(ပဲခူး)

ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်မြို့ရဲ့ငါးသလောက်ငါးဈေးကွက်

  “အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက်၊ ဟူ၍ အဆိုရှိသကဲ့သို့ ငါးတွင်လည်း “မယားမှာ ဆံတောက်၊ ငါးမှာငါးသလောက်” ဟူ၍စာချိုးရှိကြပါသည်။ ပြည်ပပို့ကုန်အဖြစ် နာမည် ကြီးပြီး တန်ဖိုးမြင့်ငါးတစ်မျိုးလည်းဖြစ်ပါသည်။ အသားမှာနူးညံ့ပြီး အနံ့အရသာထူးခြား ကောင်းမွန်လှပါသည်။ ငါးသလောက်ကို အရသာရှိသော ငါးအဖြစ် လူသိများကြပါသည်။ အဆိုပါ ငါးသည် ရေချို ရေငန် နှစ်ရပ် လုံးတွင် နေထိုင်ကြပါသည်။ ငါးသလောက်အစစ်၏ ကိုယ်သည်ပြား၍ ဗျက်အနည်းငယ်ကျယ်သည်။ ကျောဆူးတောင်အထက်နားသည် အလယ်၌ခွက်၍ အမြီးခွသည် စောက်နက်၍ အဖျားနှစ်ခုသည် ဘေးသို့ကားထွက်နေပြီး အကြေးများသည် ခေါင်းမှအမြီး တိုင်အောင် ညီညီညာညာရှိပါသည်။ အရောင်မှာ ရွှေရောင်သန်းလျက်ရှိ၍ တစ်ခါတစ်ရံ ကန့်လန့် အမည်းစင်းများ ထင်နေတတ်ပါသည်။ အထူးသဖြင့် ငါးသလောက်ငယ်များတွင် ကျောပိုင်း၌ ကန့်လန့်အမည်းစင်းများ ပါလေ့ရှိပါသည်။ ငါး၏ခန္ဓာကိုယ် အရှည်မှာ ၁ပေအထိရှိကြပါသည်။ ငါးသလောက်ငါးကို အရိုးနူးအောင်ပေါင်းစားခြင်း၊ ငါးသလောက်ကင်၊ ငါးသလောက်ကြော်၊ ငါးသလောက်အစပ်ဟင်း၊ ငါးသလောက်သုပ် ဟင်းလျာအဖြစ် စားသုံးကြရုံမက ငါးပိဆားနယ် အဖြစ်လည်း စားသုံးကြပါသည်။ ယခုလ အောက်တိုဘာဒုတိယအပတ်တွင် ငါးသလောက် ငါးဈေး မှာ ငါးသလောက်ငါးတစ်ပိဿာလျှင် ကျပ် (၄၀၀၀၀ - ၃၅၀၀၀) ရှိပြီး ဈေးကောင်းရပြီး အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သီတင်းကျွတ်အတွက် ရောင်စုံဖယောင်းတိုင်ဈေးကွက်

   မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များတွင် သီတင်းကျွတ်မီးထွန်းပူဇော်ပွဲသည် အစည်း ကားဆုံးဖြစ်သည်။ ဘုရား၊ စေတီ၊ ပုထိုးကျောင်းကန်များ၊ လမ်းများ၊ အိမ်များတါင် ဆီမီးထွန်းညှိ ပူဇော်ကြပါသည်။ ခေတ်ကာလ တဖြည်းဖြည်းရွေ့လျောလာသောအခါ မီးထွန်းပွဲတော်များကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပြောင်းလဲကျင်းပလာကြပါသည်။ သီတင်းကျွတ်အခါသမယမှာ ဆီးမီး မြိုင်မြိုင်ပူဇော်နိုင်ဖို့ ရောင်တော်စဉ်နဲ့ ထွန်းညှိဖို့ အထွန်းခံဖယောင်းတိုင် ကုန်ကြမ်းဈေးလေး အနည်းငယ်တက်သွားသည့်အတွက် ဖယောင်းတိုင် ဈေးလေးပါ အနည်းငယ်တက်သွားပေမဲ့ လူသုံး ကုန် ဈေးကွက်အတွင်း ဖယောင်းတိုင်များ ဈေးကောင်းနေပြီး ထုတ်လုပ်သည့်လုပ်ငန်းရှင်များလည်း ရောင်းအားတက်နေကြောင်း ဖယောင်းတိုင်လုပ်ငန်းလုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်များထံမှ သိရှိရပါသည်။ ရောင်စုံဖယောင်းတိုင်အသေးတစ်ထုပ်လျှင် ယခင်က ကျပ် (၇၅၀) မှ ယခင် သီတင်းကျွတ် ကာလတွင် ရောင်စုံဖယောင်းတိုင် အသေးတစ်ထုပ်လျှင် ကျပ် (၉၀၀) ၊ အနီရောင်သတ်သတ်၊ အဝါရောင်သတ်၊ အဖြူရောင်သတ်သတ်၊ ရွှေရောင်၊ ငွေရောင်၊ အစိမ်းရောင်သတ်သတ်ချည်းပါသည့် (၂၁) ချောင်းပါ ဖယောင်းတိုင် တစ်ထုတ်လျှင် ကျပ် (၁၂၀၀)၊ ဓါတုဖယောင်းတိုင် အလတ် အချောင်း(၅၀) ပါတစ်ထုတ်လျှင် ကျပ် (၃၅၀၀)၊ ငါးချောင်းပါ ဖယောင်းတိုင်အလတ်အမျိုး အစားတစ်ထုတ်လျှင် ကျပ် (၁၅၀၀)၊ ငါးချောင်းပါ ဖယောင်းတိုင်အကြီး တစ်ထုတ်လျှင် ကျပ် (၂၅၀၀)၊ အလှရောင်စုံဖယောင်းတိုင်များမှာ ဒီဇိုင်းကိုလိုက်ပြီး အကြီး အသေး ဆိုဒ်ပေါ်မူတည်၍ အနည်းဈေးမှာ တစ်တိုင်လျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၀၀၀၀) အထိရှိပြီး ဘုရားဆီးမီး ပူဇော်မည့် သူများအနေဖြင့် စိတ်ကြိုက်ဝယ်ယူ ပူဇော်နိုင်ကြပါသည်။ လက်ရှိကာလ တွင် ဖယောင်းတိုင်မှာ ဝယ်လိုအားကောင်းနေပြီး ဈေးကွက်လိုအပ်ချက် မြင့်မားနေကြောင်း သိရှိရပါ သည်။ သီတင်းကျွတ်အတွက် ရောင်စုံဖယောင်းတိုင်ဈေးကွက်အနေဖြင့် ဈေးနှုန်းအနည်းငယ် မြှင့်တက်လာသော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်၏ မိုးမြေပဲ အခြေအနေ

   ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် မိုးမြေပဲ (၁၅၃၄၃) ဧကစိုက်ပျိုးရန် လျာထားပြီး လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ မိုးမြေပဲအဖြစ် ဗီယက်နမ်၊ ဆင်းပဒေသာ - ၁၁ နှင့် ဆွန်တာနီမျိုးများကို စိုက်ပျိုးကြပါသည်။ အထွက်နှုန်းအနေဖြင့် ပန်းတိုင်အထွက်နှုန်း (၇၁) တင်း သတ်မှတ်ထားပြီး (၇၅၊ ၇၈) တင်းထွက်ရှိသည့်အပြင် အချို့ (၈၀) တင်းကျော်အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် အခွံအပါ (၁)ပိဿာလျှင် ကျပ် (၂၈၀၀ မှ ၃၀၀၀) အထိ ရရှိပြီး အခွံချွတ်ပြီး (၁)ပိဿာလျှင် (၆၅၀၀ - ၆၈၀၀) အထိရရှိကြောင်း သိရှိရပါသည်။ အထွက်နှုန်းမှာ ပန်းတိုင်အထွက်နှုန်းထက် ပိုမိုကျော်လွန်သည့်အပြင် ယခင်နှစ်ထက်ပါ အထွက်နှုန်းပိုခဲ့ပါသည်။ သို့သော် ဈေးနှုန်းမှာမူ ယခင်နှစ်ကထက် လျှော့နည်းသွားကြောင်း တောင်သူတစ်ဦးထံမှ သိရှိခဲ့ရ ပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ မှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်  မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်(၈)ဆိုင် ရှိရာ ၂၀၂၅ခုနှစ် ယခင်စက်တင်ဘာလ (ဒုတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၉၆၄)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင်(၃၀၃၄)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၆၁၄)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၁၉)ကျပ် ဖြင့်ရောင်းချလျှက်ရှိ ကြောင်းသိရပါသည်။

        ယခု အောက်တိုဘာလ (ဒုတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီ ဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၇၆၃)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင်(၂၈၃၉)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၅၄၄)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၀၉၄)ကျပ် ဖြင့်ရောင်းချလျှက်ရှိ ကြောင်းသိရပါသည်။

         ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ (92)တစ်လီတာလျှင် (၂၀၁)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၁၉၅)ကျပ် ၊ ဒီဇယ်ရိုးရိုးဈေးနှုန်းမှာ တစ်လီတာ (၇၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်)  တစ်လီတာ လျှင်(၁၂၅)ကျပ် ဈေးကျသွားကြောင်း သိရပါသည်။

DOCA(ပဲခူး)

ညောင်တုန်းမြို့နယ်တွင် ရောင်းချနေသော သစ်ကြားသီး ဈေးနှုန်း

  ဝိတ်ကျချင်တဲ့သူတိုင်း သစ်ကြားသီးစာပေးနိုင်ကြောင်း ကျန်းမာရေးစာစောင်များအရ သိရသည်။ ဖတ်ဖူးကြမှာပါ။ ကိုယ်အလေးချိန်ထိန်းဖို့ အတွက်ရော၊ ဗိုက်အဆာခံဖို့အတွက်ရော အစေ့အဆံ တွေ စား၍ရနိုင်သည်။ သစ်ကြားသီး  ၁၂ လုံးကနေ ၁၄ လုံးလောက်စားလိုက်ရင် ကယ်လိုရီ ၁၉၀ လောက်ရပေမယ့် သူ့ထဲမှာပါတဲ့ အဆီဓာတ်တွေက ကိုယ်အလေးချိန်တက်စေတာ၊ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတာ တစ်ခုမှ မရှိဟုသိရသည်။  သစ်ကြားသီးမှာပါတဲ့ အမျှင်ဓာတ် တွေက အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ပေါက်ပွားစေတဲ့အတွက် ဝမ်းမှန်ပြီး ကိုယ်အလေးချိန်ထိန်းပေးသည်။

          သစ်ကြားသီးကို ညောင်တုန်းမြို့နယ်တွင် ရောင်းချသူများရှိ၍ ဒေသတွင်းရောင်းချမှုမှ ရောင်းအားကောင်း၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။ ရောင်းချသည့်အနေဖြင့် သစ်ကြားသီး ၂၅လုံးပါ တစ်ထုတ်လျှင် ၆၃၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဈေးကောင်း၍ သစ်ကြားသီးသည် ဦးနှောက်လုပ်ဆောင်တာ တွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါသည်။ သစ်ကြားသီးမှာ အဟာရ တန်ဖိုးများစွာ ပါဝင်တာကြောင့် တစ်နေ့တာအတွက်လိုအပ်တဲ့ အဟာရဓာတ်ကို ကောင်းကောင်းရရှိစေသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်မှ ထွက်ရှိသော ဆန်နှင့် ဆန်ကွဲများ ရန်ကုန်တင်ပို့မှု အခြေအနေ

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၄၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

   ညောင်တုန်းမြို့နယ် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့် ၁၃၆၅၅၀အိတ်၊ တန်အားဖြင့် ၆၈၂၇ တန်နှင့်  ဆန်ကွဲအနေဖြင့် ၄၂၂၉၂ အိတ်၊ တန်အားဖြင့်၂၁၁၀တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၁၃၂၅၀ အိတ် နှင့် တန်အားဖြင့်  ၅၆၆၀ တန်ကိုလည်းကောင်း၊ ဆန်ကွဲ ၃၃၅၁၀ အိတ်နှင့် တန်အားဖြင့်၁၆၇၅တန် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၂၃၃၀၀အိတ် ပိုမိုတင်ပိုခဲ့ကြောင်းနှင့်  ၈၇၈၂အိတ် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း