Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူခရိုင်၊မြို့လှမြို့မှ Light House(အလင်းအိမ်)ကော်ဖီ Scrub ဈေးကွက်အခြေအနေ

       လူတို့သည် နေ့စဉ်လှုပ်ရှုားသွားလာနေသည့်အလျောက် မိမိတို့၏အသားအရေသည် နေလောင်ဒဏ်နှင့် လေဒဏ်ခံရသည့်အပြင် ဖုန်အညစ်အကြေးတို့ကပ်ငြိတတ်သဖြင့် အသားအရေ မကြည်လင်ခြင်း၊ ညစ်နွမ်းခြင်းများဖြစ်ပေါ်လေ့ရှိပါသည်။ ယခုနှစ်များတွင် အသားအရေပြုပြင် ထိန်းသိမ်းခြင်းများအတွက် Scrub တိုက်ခြင်းအလေ့အထသည် ခေတ်စားလာပါသည်။ Scrub တိုက်ခြင်းသည် အသားအရေအတွင်းပိုင်းရှိ အညစ်အကြေးများအားသန့်စင်ပေးပြီး ကိုယ်တွင်း အပူများကို စုပ်ယူပေးသော သဘာဝပစ္စည်းများ ဖြင့်ပေါင်းစပ်ထားသော အနှစ်တစ်မျိုးဖြစ်ပါသည်။

     Scrub တိုက်ရန်အတွက် ရေလုံလောက်စွာစိုစွတ်နေသော အသားအရေပေါ်သို့ Scrub ပမာဏအနည်းငယ်ယူကာ (၃)မိနစ်ခန့်ပွတ်တိုက်ပေးရပါသည်။ ထို့နောက်ရေဖြင့် ပြန်လည် ဆေးကြောပေးပြီး မိမိနှစ်သက်ရာ Lotion တစ်မျိုးလိမ်းပေးရပါသည်။ Scrub ကို တစ်ပတ်လျှင် တစ်ကြိမ် အသုံးပြုနိုင်ပြီး သာမန်အသားအရေပိုင်ရှင်များအတွက် တစ်ပတ်လျှင်နှစ်ကြိမ် အသုံးပြု နိုင်ပါသည်။

       အလင်းအိမ်(Light House) Coffee Scrub ကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာ ရှည်မြို့နယ်၊ မြို့လှမြို့တွင် ထုတ်လုပ်ပြီး ပါဝင်ပစ္စည်းများမှာ ကော်ဖီ၊ သကြား၊ ပျားရည်၊ သံလွင်ဆီ၊ မန်ကျည်းသီး၊ ရှားစောင်းလက်ပတ်၊ သံပုရာသီး၊ နနွင်းမှုန့်တို့ပါဝင်ပါသည်။ အလင်းအိမ် (Light House) Coffee Scrub(300 g)တစ်ဘူးလျှင် ၁၀၀၀၀/- ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး အသုံးပြုသူများ အကြိုက်တွေ့သဖြင့် အရောင်းသွက်ကြောင်း အလင်းအိမ်(Light House) ကော်ဖီမှုန့်နှင့် Coffee Scrub လုပ်ငန်းရှင် ဦးဇေယျာမင်း၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ပဲလိပ်ပြာဈေးကွက်

               တောင်ငူမြို့ဈေးများသို့ ဒေသထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ လာရောက် ရောင်းချလျက်ရှိရာ ယခုအခါ အညာဒေသထွက် ပဲလိပ်ပြာများ လာရောက်ရောင်းချ လျက်ရှိပါသည်။

          ယခင်က ပဲလိပ်ပြာ(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ် ရှိခဲ့ပါ သည်။ ယခုဩဂုတ်လတတိယပတ်တွင် ပဲလိပ်ပြာ (၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ်၊ တစ်ပိဿာ လျှင်(၁၂၀၀၀) ကျပ် ရှိသဖြင့် ယခင်ကထက် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးတက်ပါသည်။

          ပဲလိပ်ပြာသည် အခြားပဲများကဲ့သို့ ကြာကြာချက်စရာမလိုပဲ ခဏလေးနှင့် နူးလွယ်ပြီး အရသာ လည်း ချိုဆိမ့်သဖြင့် ပဲဟင်းရည်ချက်စားရာတွင် အလွန်ကောင်းမွန်ပါသည်။ ထို့အပြင် အခွံနှင့် တစ်မျိုး၊ အခွံခွာ၍ ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ချက်စားလျှင်လည်း အရသာ ကောင်းမွန် သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း တောင်ငူမြို့ရှိဈေးသည်များထံမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်း ရောင်းချနေသော နာနတ်သီးဈေးကွက်အကြောင်း

        ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင်တည်ရှိသော သီပေါမြို့နယ်သည် နာနတ်သီးအများဆုံး ထွက်ရှိရာ ဒေသဖြစ်ပြီး  သီပေါဘက်မှ နာနတ်သီးများကို ပြည်တွင်းဈေးကွက်အပြင် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ရေလမ်း၊ လေကြောင်းလမ်း များမှတစ်ဆင့် တင်ပို့ ရောင်းချလျက်ရှိကာ မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ လျက်ရှိပါသည်။ သီပေါနာနတ်သီးများသည် တရုတ်ဈေးကွက်တွင် ရှမ်းနာနတ်အဖြစ် အမှတ်တံဆိပ် တည်ဆောက်နိုင်ခဲ့ပြီး ပြည်ပဈေးကွက်အတွက် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီနေပါသည်။

       ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ ဈေးများနှင့် ကားလမ်းဘေး များတွင် ရှမ်းပြည်နယ်၊ သီပေါမြို့မှ နာနတ်သီးများကို ရောင်းချလျက်ရှိနေပါသည်။ သီပေါဘက်မှ လာသော နာနတ်သီးတွင် ပျားရည်နာနတ်နှင့် ကျောက်စိမ်းနာနတ်ဟူ၍ နှစ်မျိုးရှိပြီး အခြားနာနတ်သီး များထက် ပိုမိုချိုမြိန်ပြီး အနံ့ မွှေးကြိုင်ပါသည်။ ယခင်နှစ်က နာနတ်သီးတစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ် အထိ ရောင်းချခဲ့ပြီး ယခု၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် နာနတ်သီးတစ်လုံးလျှင်  ၃၀၀၀ ကျပ်ဖြင့် ရောင်းချ လျက်ရှိကာ ယခင်နှစ်ထက် ဈေး အနည်းငယ်သာမြင့်တက်သွားခဲ့ပြီး ယခုနှစ်တွင်လည်း နာနတ်သီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် မဟင်ကျေးရွာမှ ဥစားကြက်မွေးမြူရေးလုပ်ငန်း

       မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော ကျေးလက်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ကျေးလက်ဒေသသည် စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အများစုတို့ တည်ရှိရာလည်း ဖြစ်သည်။မွေးမြူရေးတွင် အသားတိုးကြက်၊ ဥစားကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ နှင့် ငုံး စသည်တို့ကို အဓိက မွေးမြူကြသည်။

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာမှ ဦးတင်ဖေသည် ဥစားကြက်မွေးမြူရေးလုပ်ငန်းဖြင့် အောင်မြင်လျက်ရှိသည်။ ဥစားကြက် မွေးမြူခြင်းလုပ်ငန်းကို ၁၉၉၄ ခုနှစ်က စတင်၍ အကောင် ၅၀၀ခန့် စတင်မွေးမြူဆောင်ရွက်ခဲ့သည်။ ယခုအခါ တစ်ခြံအကောင် ၃၀၀၀ဖြင့် စုစုပေါင်း ၁၂၀၀၀ခန့် မွေးမြူထားသည်။ ကြက်အကောင်ပေါက်များကို CP ကုမ္ပဏီမှ ဝယ်ယူရရှိပြီး ကြက်အကောင်ပေါက်(၁)ကောင်လျှင် ၂၅၀၀ကျပ် ဈေးပေးရကြောင်း၊ ဥစတင်ဥရန် (၅)လခန့် အစာကျွေးမွေးမြူရကြောင်း၊ (၅)လကျော်(၆)လပိုင်းအတွင်း မဒန်းဥ စတင်ဥပြီး ကြက်ဥကာလ (၁၈)လ အထိ ဥရရှိကြောင်း သိရသည်။

              ကြက်စာအဖြစ် ပဲဖတ်၊ ပဲပုတ် ၊ CPစာ၊ ပြောင်း၊ ငါးခြောက်မှုန့်၊ ထုံးကျောက်၊ ခရုမှုန့် ၊ဖွဲနုတို့ အချိုးကျ ရောစပ်ကျွေးရပြီး ဥစားကြက်၏ ကုန်ကျစရိတ် (၇၀)ရာခိုင်နှုန်းသည် ကြက်စာဖြစ်သည့် အတွက် ကုန်ကြမ်းများဝယ်ယူကာ မိမိအိမ်တွင် အစာကြိတ်ရောစပ်ဆောင်ရွက်ကြောင်း သိရသည်။ ယခုအခါ ကြက်အကောင်၁၂၀၀၀ခန့်တွင် အကောင်ရေ (၆၀၀၀)ခန့် ဥနေသည့်အတွက် တစ်နေ့         ဥအလုံး (၆၀၀၀)နီးပါး ရရှိနေသည်။ ရရှိလာသည့် ဥများကို ဥကြီး၊ဥလတ်၊ ဥသေးဟူ၍ (၃)စားခွဲကာ ဈေးကွက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ မဟင်ကျေးရွာ ကြက်ခြံသို့ လာရောက်ဝယ်ယူသည့် ဖောက်သည်များကိုလည်း ရောင်းချပေးနေသည်။ထို့ပြင် တောင်ငူမြို့ပေါ်ရှိ ငါးသုံးလုံး ကြက်ဥပွဲရုံ သို့လည်း ရောင်းချပါသည်။ ကြက်စာဈေးနှုန်းပေါ် မူတည်၍ ကြက်ဥ အကြီး တစ်လုံးလျှင် ၄၈၀ကျပ်၊ အလတ်တစ်လုံးလျှင်၄၅၀ကျပ်နှင့် အသေးတစ်လုံးလျှင်၃၅၀ကျပ်ဖြင့် ရောင်းချပေးနေသည်

 

 

              မွေးမြူထားသည့် အကောင်ရေ (၈၀) ရာခိုင်နှုန်းအထက် ဥရရှိနေပါက အကျိုးအမြတ် ရရှိပါသည်။ ဝန်ထမ်းခန့်ထားခြင်း မရှိပဲ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မွေးမြူရေးကဏ္ဍအတွက် နိုင်ငံတော်မှ ချေးငွေများအတိုးနှုန်း သက်သာစွာဖြင့် ချေးပေးသည့်အတွက် များစွာအထောက်အကူပြုသည်။ဥတုံးသွားသည့်ကြက်များ အသားဈေးနှုန်းဖြင့် ရောင်းချသည်။ မွေးမြူရေးအခြေခံ စားသောက်ကုန်များ ထုတ်လုပ်ရောင်းချခြင်းသည် လူဦးရေ တိုးတက်များပြားလာခြင်းနှင့်အတူ ရေရှည်တွင် အလားအလာကောင်းများ ရှိနေခြင်းကြောင့် တိုးချဲ့ မွေးမြူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရမည်းသင်းမြို့နယ် စပါးဈေးကွက်ဈေးနှုန်း

            ရမည်းသင်းမြို့နယ်တွင် ဩဂုတ်လ တတိယပတ်၌ စပါးဈေးကွက်မှာ အရောင်းအဝယ် အေးနေကြောင်း သိရသည်။ ဒေသတွင်း စိုက်ပျိုးထွက်ရှိသော စပါးမျိုးမှာ ပဒေသာ၊ မနောသုခ၊ ထိုင်းနှံကောက် မျိုးများစိုက်ပျိုးကြရာ နွေစပါးအနေဖြင့် မနောသုခနှင့် ထိုင်းနှံကောက်များထွက်ရှိရာ ဒေသတွင်းစပါး ပွဲစားများနှင့် ဆန်စက်များသို့ ရောင်းချရပါသည်။ ယခုနှစ်နွေစပါးမှာ ဇွန်လမှစ၍ ရိတ်သိမ်းခဲ့ရာ ဈေးကွက်သို့ တင်ပို့ရာတွင် အဝယ်အေးကြောင်းသိရသည်။ ဩဂုတ်လလယ်၌ ဖြစ်ပေါ်နေသော နွေးစပါး အသစ်ဈေးများမှာ စပါး တစ်တင်းလျှင် မနောသုခမှာ (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ ထိုင်းနှံကောက်မှာ (၁၁၅၀၀) ကျပ် ဈေးရှိပြီး၊ ယခင်မိုးစပါးဈေးများမှာ အစိုဓါတ်အနည်းငယ် လျော့လာပြီဖြစ်၍ စပါးတစ်တင်းလျှင် မနောသုခမှာ (၁၈၀၀၀) ကျပ်၊ ထိုင်း နှံကောက်မှာ (၁၂၀၀၀) ကျပ်၊ မဂျမ်းတော (ပဒေသာ) မှာ (၂၆၀၀၀) ကျပ် ဈေးရှိကြောင်း ဆန်စက်ပိုင်၊ စပါးပွဲစားများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာပေါက်ချောင်းဈေးဘုရားပန်းဈေးကွက်

         မိတ္ထီလာမြို့ရှိ ပေါက်ချောင်းဈေးသည် မိတ္ထီလာ(တောင်)ကန်၏ အနီးနားမှာရှိပြီး နေ့စဉ်ပိတ်ရက်မရှိ ဈေးသည်၊ ဈေးဝယ်များနှင့် စည်ကားလျက်ရှိပါသည်။ ပေါက်ချောင်းဈေးတွင် အသားငါး၊ ဟင်းသီးဟင်းရွက်၊ ဘုရားပန်းစသည့် လက်လီဈေးသည်များမှာ ဈေးဝယ်များနှင့် နေ့စဉ်အရောင်းသွက်သည်ကို တွေ့ရသည်။

          ဩဂုတ်လ တတိယပတ်၊ ပေါက်ချောင်းဈေးရှိ ဘုရားပန်းဈေးသည်များတွင် ပန်းတိမ်မနိုင်၊ ကျောက်ဆည်သပြေငုတ်၊ ဂန္ဓမာ(အဖြူ/အဝါ/ပန်း/ခရမ်း) တို့အပြင် ယခုတပတ်မှာတော့ သစ္စာပန်းများပါ ရောင်းချနေတာကိုတွေ့ရပါတယ်။ ဈေးနှုန်းများအနေနဲ့ ပန်းတိမ်မနိုင်(၁၀ခက်စီး) တစ်စီး (၄၀၀၀-၅၀၀၀)ကျပ် ဂန္ဓမာ(အဖြူပွင့်အကြီး) တစ်စီး (၅၀၀၀)ကျပ် အဝါပွင့်ကြီးတစ်စီး (၄၀၀၀) ပန်းခရမ်းရောင် အပွင့်သေးတစ်စီး (၃၀၀၀)ကျပ် ကျောက်ဆည်သပြေငုတ် တစ်ငုတ် (၁၀၀၀) ကျပ် သစ္စာပန်းအဖြူ (၅)ခက်စီးတစ်စီး (၃၀၀၀)ကျပ်များနဲ့အရောင်းအဝယ်ဖြစ်နေပြီး ဩဂုတ်လဆန်းနှင့် နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်း သိရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအနေနှင့် နေအိမ်၊ ဘုန်းကြီးကျောင်းမှာရှိတဲ့ ဘုရားပန်းကိုမညှိုးအောင် ကပ်လှူကြတဲ့အတွက် ဘုရားပန်းဈေးကွက်ကတော့ ရာသီမရွေးအရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာ ဆားဈေးကွက်

             မိတ္ထီလာဈေးကွက်၌ ဩဂုတ်လအတွင်း ဆားဈေးကွက်မှာ အရောင်းအဝယ်အေး၍ ဈေးငြိမ်နေကြောင်း သိရသည်။ ဆားဈေးကွက် ရိုးရိုးဆား၊ အိုင်အိုဒင်းဆားဟူ၍ ရှိသော်လည်း ရိုးရိုးဆားမှာ အရောင်းပိုသွက်သည်ကို တွေ့ရသည်။ မိတ္ထီလာဈေးကွက်သို့ ရိုးရိုးဆားကို ဧရာဝတီတိုင်းဒေသကြီးမှ၊ အိုင်အိုဒင်းဆားကို ရန်ကုန်မှ တင်သွင်းကာ ရိုးရိုးဆားကို လက်လီအနေဖြင့် တစ်ပိဿာ၊ ငါးဆယ်ကျပ်သား၊ နှစ်ဆယ့်ငါးကျပ်သား၊ အိုင်အိုဒင်းဆားကို သုံးဆယ်ကျပ်သား အထုပ်များပြန်လည်ထုပ်ပိုး ကာရောင်းချကြပါသည်။ ဆားဈေးကွက်မှာ နွားစာသိုလှောင်ချိန် ဖေဖော်ဝါရီလ၊ မကျီးရွက်၊ သရက်သီးတို့  ဆားစိမ်သည့် မတ်၊ ဧပြီလများတွင် အရောင်းအဝယ်သွက်ပြီး၊ ဆားဈေးနှုန်းမှာ မြန်မာနိုင်ငံသို့ မိုးဦးကာလမုန်တိုင်းဝင်ချိန် သင်္ကြန်ပြီးကာလ၌ ဈေးတက်လေ့ရှိကြောင်းသိရသည်။ မိတ္ထီလာမြို့နယ်တွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းမှာ လက်ကားဈေးမှာ (၂၅) ပိဿာတစ်အိတ်လျှင် (၃၈၅၀၀) ကျပ်၊ တစ်ပိဿာ လက်ကားဈေး (၁၅၅၀) ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၁၆၀၀) ကျပ်၊ (၅၀) ကျပ်သားပါ တစ်ထုပ်လျှင် (၁၀၀၀) ကျပ်၊ (၂၅) ကျပ်သားတစ်ထုပ်လျှင် (၅၀၀) ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ် (၁၀၀၀) ကျပ်ဈေးရှိပြီး၊ သင်္ကြန်နောက်ဈေးငြိမ်နေကြောင်း၊ တောင်သူများအနေဖြင့် ဆားကို နွားစာသိုလှောင်ချိန်မှာပင် တစ်နှစ်စာဝယ်ယူမှုများကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ အာလူးဈေးကွက်

           မိတ္ထီလာမြို့နယ်သည် စားဖိုဆောင်သီးနှံများအနက် အာလူးကို စိုက်ပျိုးမှုမရှိသော်လည်း စားသုံးမှုရှိသည့်အတွက် ဈေးကွက်တစ်ခုအနေနှင့် အရောင်းအဝယ်ရှိသည်ကို တွေ့ရပါသည်။ မိတ္ထီလာဈေးကွက်သို့ အာလူးကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ အောင်ပန်း၊ ဟဲဟိုးတို့မှ ဝင်ရောက်ကြောင်း သိရသည်။ အာလူးကို ဟင်းလျာအဖြစ်ချက်ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးသည့်အပြင် အကြော်စုံလုပ်ငန်းများလည်း အာလူးကြော်ပြုလုပ်ရန် အများအပြားဝယ်ယူမှုရှိပါသည်။ မိတ္ထီလာဈေးကွက်တွင် အာလူးဈေးမှာ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသည့်အတွက် ဇူလိုင်လဆန်းရှိ အာလူးတစ်ပိဿာလက်လီဈေးမှာ (၄၀၀၀-၄၅၀၀) ရှိခဲ့ရာမှ ဇူလိုင်လလယ်မှစ၍ ဩဂုတ်လလယ်ထိ တစ်ပိဿာ (၂၅၀၀-၄၀၀၀) ကျပ်ဖြင့် ဈေးအေးလာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ ကုန်စိမ်းပွဲရုံတန်းရှိ ကျောက်ဖယုံသီးဈေးကွက်

           မိတ္ထီလာမြို့၊ မြို့မဈေးကြီးရှိ ဖြိုးဝေကုန်စိမ်းတန်းတွင် နယ်ခုံမှ ဝင်ရောက်သောကုန်စိမ်းများအနက် ကျောက်ဖယုံသီးမှာလည်း အပါအဝင်ဖြစ်ပါသည်။ ကျောက်ဖယုံသီးမှာ မိတ္ထီလာဈေးကွက်အတွင်း ဝမ်းတွင်း၊ သာစည်တို့မှ ဝင်ရောက်ပြီး၊ မိတ္ထီလာမြို့မဈေးကြီးမှတဆင့် လက်လီဈေးများ၊ ကျေးရွာများမှ ဝယ်ယူသူများကို လက်လီ၊ လက်ကားပြန်လည်ရောင်းချကြပါသည်။ ကျောက်ဖယုံသီးမှာ နွေဦးကာလ ရှင်ပြုအလှူပြုလုပ်သည့်ကာလများတွင် ပိုမိုအရောင်းသွက်ပြီး၊ ယခုအချိန်မှာတော့ အရောင်းအဝယ် ပုံမှန်ရှိကြောင်း၊ ကျောက်ဖယုံသီးတစ်လုံးလျှင် အလုံးကြီး၊အသေးအပေါ်မူတည်ပြီး (၂၀၀၀-၃၀၀၀) ကျပ်ရှိကြောင်းနှင့် ကာလကြာရှည်စွာအထားခံကြောင်း ကုန်စိမ်းပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ဂျင်းတက်/ဂျင်းပေါက်ဈေးကွက်

         မိတ္ထီလာမြို့ဈေးကွက်၌ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်လာသောကုန်စည်များအနက် ဂျင်းတက်မှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဂျင်းတက်မှာ အသား/ငါးချက်ပြုတ်ရာတွင် အညှီနံ့ ပျောက်စေရန် အသုံးပြုသည့် ဟင်ခတ်အမွှေးအကြိုင်တစ်ခုဖြစ်သည့်အပြင် လဘ္ဘက်နှင့်တွဲဘက်၍ ဂျင်းလဘ္ဘက်၊ အထူးသဖြင့် ဂျင်းပေါက်(ဓါးစင်း)ကို ပဲကြော်စုံဖြင့် ခရမ်းချဉ်သီး၊ ပဲမှုန့်စသည်တို့နှင့် သုပ်၍ စားသုံးမှုများသဖြင့် ဈေးကွက်၌ နေရာတစ်နေရာနှင့် ရပ်တည်နိုင်တာကိုတွေ့ရသည်။ ဂျင်းတက်မှာ မိတ္ထီလာဈေးကွက်သို့ ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုး၊ အောင်ပန်း၊ တောင်ကြီးတို့မှ  ဝင်ရောက်ပြီး  ဒေသတွင်း၌ ဂျင်းကို အတက်အတိုင်းသော်၎င်း၊ ပြန်လည်ရောင်းချကြရာ ဂျင်းတက်တစ်ပိဿာလျင် ၄၀၀၀/ကျပ်၊ ဂျင်းပေါက်တစ်ပိဿာလျင်(၆၀၀၀/)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း