Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရမည်းသင်းမြို့နယ်၏ ပဲကြော်/ပဲလှော်လုပ်ငန်း

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ရမည်းသင်းမြို့နယ်တာဝန်ခံ၊ ဦးစန်းအောင် (ဒု-ဦးစီးမှူး) သည် ၁၅.၈.၂၀၂၅ ရက်၊ နံနက် (၁၀.၃၀) နာရီအချိန်တွင် ရမည်းသင်းမြို့နယ် သိမ်ကုန်းစံပြကျေးရွာရှိ ဦးဆန်းဝင်း၏ ဒေသထုတ်ကုန်ပဲကြော်၊ ပဲလှော်လုပ်ငန်းအား သွားရောက်ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

         ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံမှ ဒေသထုတ်ကုန် MSME လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၏၊ ထုတ်လုပ်နိုင်မှုအခြေအနေ၏၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ အကျိုးအမြတ်ရရှိမှုအခြေအနေနှင့် ဈေးကွက်တင်ပို့နိုင်မှုအခြေအနေများအား မေးမြန်းဆောင်ရွက်ခဲ့ပါသည်။ ကုန်ကြမ်းဖြစ်သော ပဲများကို မန္တလေး၊ မိတ္ထီလာ ၊တပ်ကုန်း၊ လယ်ဝေးမြို့နယ်မျာမှ ဝယ်ယူရသည်ဟု သိရပါသည်။ ပဲကြီး တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ၆၀၀၀/ကျပ်၊ မြေပဲတစ်ပိဿာလျှင် ၇၅၀၀/ကျပ်၊ တရုတ်ပဲကြီးတစ်ပိဿာလျှင် ၁၃၀၀၀/ကျပ်၊ ရွှေယင်းမာပဲတစ်ပိဿာလျှင် ၄၀၀၀/ကျပ်၊  ထောပတ်ပဲတစ်ပိဿာလျှင် ၅၀၀၀/ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူရပါသည်။ ပဲကြော်၊ ပဲလှော်လုပ်ငန်းကို လက်ရှိလုပ်သား(၂၀)ဦး၊ ပဲကြော်ဖို(၂)ဖို၊ ပဲလှော်ဖို(၄)ဖိုဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ပဲကြော်ရန်အတွက် (၁)ရက်လျှင် စုစုပေါင်းပဲကုန်ကြမ်း(၁၅၀)ပိဿာခန့်ကြော်ပြီး ကုန်ချော (၁၄၅)ပိဿာ ခန့်ထွက်ရှိကြောင်း၊ ပဲလှော်ပြုလုပ်ရန်အတွက် စုစုပေါင်းကုန်ကြမ်း(၂၂၅)ပိဿာ ခန့်ရှိပြီး ကုန်ချော(၂၀၀)ပိဿာခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ပဲဖူးကြော် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကုလားပဲခြမ်းကြော်တစ်ပိဿာလျှင်(၉၀၀၀/)ကျပ်၊ တရုတ်ပဲကြော်တစ်ပိဿာလျှင်(၁၃၀၀၀/)ကျပ်၊  မြေပဲကြော်တစ်ပိဿာလျှင်(၁၁၅၀၀)ကျပ်၊ ပဲကြီးလှော်တစ်ပိဿာလျှင်(၇၅၀၀/)ကျပ်၊ ရွှေယင်းမာပဲ လှော်တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ကုလားပဲလုံးလှော်တစ်ပိဿာ (၉၀၀၀)ကျပ်၊ ထောပတ်ပဲလှော် တစ်ပိဿာ(၉၅၀၀)ကျပ်၊ မြေပဲဆားလှော်တစ်ပိဿာ (၁၂၅၀၀)ကျပ် ဖြင့်ရောင်းချရကြောင်းသိရပါ သည်။ (၁)ရက်လျှင်ကုန်ကြမ်းပဲအပါအဝင် အလုပ်သမားခ၊ ဆီနှင့် အထွေထွေစုစုပေါင်းကုန်ကျစရိတ် (၃၅)သိန်းခန့်ရှိပြီး ကုန်ချောဖြစ်သည့်ပဲကြော်၊ ပဲလှော်ရောင်းရငွေမှာ(၄၀)သိန်းခန့်ရရှိသည့်အတွက် အကျိုးအမြတ်အနေဖြင့် (၅)သိန်းခန့်ရှိကြောင်း၊ ပဲလှော်ပဲကြော်များကို ဒေသတွင်းရှိအရောင်းဆိုင်များတွင်လည်းကောင်း၊ ပျော်ဘွယ်၊ တပ်ကုန်မြို့များသို့လည်းကောင်း တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရာသီစာကင်းမှုံသီး၊ ကဆစ်သီး

           မိတ္ထီလာမြို့ရှိပေါက်ချောင်းဈေးတွင် ရာသီစာကင်းမှုံသီး၊ ကဆစ်သီးများ ရောင်းလျက်ရှိကြောင်း သိရသည်။ ကဆစ်သီးမှာစိုက်ခင်းနှင့် သီးသန့်စိုက်ပျိုးမှုနည်းပြီး လယ်/ယာခင်းများအတွင်း မိုးရာသီအလေ့ကျပေါက်ရောက်မှုမှရရှိပြီး ကင်းမှုံသီးမှာလည်း မိုးရာသီတွင်နွယ်ပင်များ၌ လှိုင်လှိုင်သီး လေ့ရှိပါသည်။ ကဆစ်သီးကိုခရမ်းချဉ်သီးနှင့်ရော၍မီးဖုတ်ထောင်းခြင်း၊ ချဉ်ပေါင်၊ အမဲသားတို့နှင့်ရော၍ ချက်ပြုတ်ခြင်းတို့ဖြင့်စားသုံးကြပြီး၊ ကင်းမှုံသီးကိုလည်းမီးဖုတ်ထောင်းခြင်း၊ ကြော်ချက်ခြင်းတို့ဖြင့်ရာသီစာအဖြစ် နှစ်ခြိုက်စွာစားသုံးကြပါတယ်။ ဒီလိုရာသီစာကင်းမှုံသီး၊ ကဆစ်သီးတို့ဟာ  မိုးရာသီမှာလှိုင်လှိုင်ပေါ်လေ့ရှိပြီး မိတ္ထီလာမြို့ ပေါက်ချောင်းဈေးမှာတော့ကင်းမှုံသီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ကဆစ်သီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ရှိပြီး ရမည်းသင်း၊ ပျော်ဘွယ်မြို့များမှဝင်ရောက်ကာ မိတ္ထီလာမြို့၊ မြို့မဈေးကြီးမှတစ်ဆင့် ပြန်လည်ဝယ်ကာရောင်းချကြောင်း ကုန်စိမ်းလက်လီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ဈေးကွက်တွင် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့မဈေးအတွင်း ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်း၌ ဂေါ်ဖီနှင့် ပန်းဂေါ်ဖီများကို ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်းဘက်မှ ဝင်ရောက်လျက်ရှိပါသည်။

          ဩဂုတ်လ တတိယပတ်တွင် ပန်းဂေါ်ဖီအသေးတစ်ပွင့်လျှင် (၈၀၀)ကျပ်၊ အလတ်တစ်ပွင့်လျှင် (၁၅၀၀)ကျပ်၊ အကြီးတစ်ပွင့်လျှင်(၂၀၀၀)ကျပ်ရှိကြောင်း၊ ဂေါ်ဖီအသေးတစ်ထုပ်လျှင်(၅၀၀)ကျပ်၊ အလတ်တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ အကြီးတစ်ထုပ်လျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခင်လနှင့်ကာလတူ နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၂၀၀)ကျပ်၊ အလတ်တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ အကြီးတစ်ပွင့်လျှင်(၅၀၀)ကျပ်၊ ဂေါ်ဖီအသေးတစ်ထုပ် လျှင်(၂၀၀) ကျပ်၊ အလတ်တစ်ထုပ်လျှင်(၃၀၀)ကျပ်နှင့် အကြီးတစ်ထုပ်လျှင်(၈၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း၊  ဈေးနှုန်းမြင့်တက်လာခြင်းမှာ စိုက်ကွင်းများအတွင်း မိုးမပြတ်ရွာသွန်းမှုကြောင့် ရေနစ်မြှုပ်သဖြင့် ဈေးကွက်အတွင်း အဝင်နည်းလာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(မန္တလေး)

“ဈေးကောင်းရရှိနေသောဝါးနှီးဖျာ”

          မန္တလေးတိုင်း‌‌ဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၊ မှိုင်းဟင်ကျေးရွာ၊ ရန်အေးကျေးရွာနှင့် ကျောက်ဆောက်ကျေးရွာတွင် ယခင်ဘိုးဘွားများ လက်ထပ်ကတည်းက ဝါးနှီးဖျာများကို ယက်လုပ်၍ အသက်မွေးဝမ်းကြောင်းပြုကြ ကြောင်းသိရှိရပါသည်။ ဝါးအမျိုးအစား အမျိုးမျိုးရှိသော်လည်း ဝါးနှီးဖျာယက်လုပ်ရန်အတွက် မျှင်ဝါးကိုသာအသုံးပြုပါသည်။ ဝါးနှီးဖျာ ယက်လုပ်ရာတွင် နှီးအကြောဖျာ၊ နှီးအောက်ဖျာ၊ နှီးသားဖျာဟူ၍ (၃)မျိုးယက်လုပ်နိုင်ကြောင်း၊ ဝါးလုံး(၃)လုံးကို နှီးနွှာဖြင့်ယက်လုပ်ရာတွင် (၅)ပေ (၆)ပေ တစ်ချပ်ရရှိကြောင်း၊ နှီးကြောဖျာ ယက်လုပ်ရာတွင် ဝါး၏ အကြောလေးများဖြင့်သာ ယက်လုပ်သဖြင့် ဝါးအလုံးရေပိုမိုကုန်ကျကြောင်း၊ ထိုနှီးများမှ ပိုသောနှီးများကို နှီးအောက်ဖျာအဖြစ် ယက်လုပ်ကြောင်း၊ နှီးအောက်ဖျာမှာ အကွက်စိတ်စိတ်ယက်လုပ်ထားသဖြင့် နှမ်း/မြေပဲဆံများလှမ်းရာတွင် အသုံးပြု၍ရကြောင်း၊ မျှင်ဝါးတစ်လုံးလျှင် (၂၅၀၀/-)ကျပ် ခန့်ရှိပြီး၊ နှီးဖျာကအဖြစ် တစ်လုံးလျှင် (၁၀၀၀/-)ကျပ်ရှိကြောင်း၊ ဖျာများကို ကိုယ်တိုင်လည်းယက်လုပ်သလို လုပ်ခစားပေး၍လည်း ယက်လုပ်ကြကြောင်း၊ နှီးဖျာတစ်ချပ်လျှင် ယက်ခ၊ လုပ်သားခ (၇၀၀၀/-)ကျပ်၊ လူတစ်ဦး တစ်ရက်လျှင် ဖျာ(၃)ချပ်မှ (၄)ချပ်အထိ ပြီးစီးအောင် ယက်လုပ်နိုင်ကြ ကြောင်း၊ ဖျာဈေးနှုန်းအနေဖြင့် (၅)ပေ (၆)ပေ တစ်ချပ်လျှင် (၂၅၀၀၀/-)ကျပ်၊ (၄)ပေ (၅)ပေ တစ်ချပ်လျှင် (၂၀၀၀၀/-)ကျပ်၊ (၁၀)ပေ ပတ်လည် တစ်ချပ်လျှင် (၆၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဖောက်သည်ဈေးအနေဖြင့် (၁၀)ချပ်မှ (၂၅)ချပ်အထက်ဝယ်ယူပါက တစ်ချပ်ကို (၃၀၀၀/-)ကျပ်ခွာ၍ ရောင်းချပေးကြောင်း၊ ဈေးကွက်အနေဖြင့်ဖျာများကို ဖောက်သည်ပေးရောင်းချသလို ကိုယ်တိုင်လည်း ဆိုင်ကယ်များပေါ်တင်၍ ရွာစဉ်လှည့်၍လည်း ရောင်းချလျက်ရှိကြောင်း၊ ဝါးနှီးဖျာယက်လုပ်သော ကျေးရွာများအနေဖြင့် တောင်သူလုပ်ငန်း လုပ်ကိုင်သူနည်းပါးပြီး ဝါးနှီးဖျာကို အဓိကထား၍ ယက်လုပ်ကြကြောင်း၊ အမျိုးသားများက ဝါးများဝယ်ယူပေးခြင်း၊ နှီးဖျာပေးခြင်းများကို ပြုလုပ်ပေးကြောင်း၊ အမျိုးသမီးများက အိမ်တွင်းမှုကိစ္စများပြုလုပ်ရင်း တစ်ပိုင်တစ်နိုင် မိသားစု အပိုဝင်ငွေများရရှိအောင် မိရိုးဖလာ နှီးဖျာများယက်လုပ်၍ ရောင်းချလျက်ရှိပြီး ကျန်းမာရေးနှင့် ညီညွှတ်၍ ဈေးနှုန်းသင့်တင့်သောကြောင့် ဝါးနှီးဖျာများကို ဝယ်ယူသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“စျေးကောင်းရ၍ CP ဝက်မွေးမြူသူများပြားလျှက်ရှိ”

          မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော ဒေသတစ်ခုဖြစ်သည့်အလျှောက် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်သီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော ဝက်မွေးမြူခြင်းလုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိပါသည်။ ဝက်မွေးမြူခြင်းဖြင့် ကျေးလက်နေ ဒေသပြည်သူများ ပုံမှန်ဝင်ငွေရရှိလျှက်ရှိကြောင်း၊ ယခုအချိန်တွင် ဝက်သားစျေးများ ကောင်းမွန်သောကြောင့် ဝက်မွေးမြူသူများ စီးပွားဖြစ်တွက်ခြေကိုက်လျက်ရှိကြောင်း၊ အများဆုံးမွေးမြူသော ဝက်မျိုး မှာအသားတိုးဝက်(CP)မျိုးများကို အများဆုံးမွေးမြူကြကြောင်း၊ မွေးမြူရာတွင်စနစ်တကျ ကွန်ကရစ်ခင်း၍ အမိုးအကာများဖြင့်သန့်ရှင်းသပ်ရပ်စွာ မွေးမြူကြကြောင်း၊ (CP)ဝက်မျိုး၊ ဝက်ပေါက်တစ်ကောင် (၁)လခွဲ(၂)လသား ဝက်များကို (၅၀၀၀၀၀-၆၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ဝယ်ယူ၍မွေးရကြောင်း၊ ထိုသို့ဝယ်ယူရာတွင် 1Kg တွင် (၄၀၀၀၀/-)ကျပ်ရှိပြီး ကီလိုဂရမ်ပေါ်မူတည်၍ စျေးပေးရကြောင်း၊ (CP)ဝက်မျိုးများသည် မွေးမြူပြီး (၃-၄)လအကြာတွင် ရောင်းတန်းဝင်ဝက်များဖြစ်လာကြောင်း၊ သက်တမ်းတို၍ စီးပွားဖြစ်မြန်ကြောင်း၊ (CP)ဝက် ၁၀ကောင်လျှင် အစာဖိုး(၁)ရက်လျှင်(၈၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း၊ (CP)ဝက်စာ 50kgအိတ် တစ်အိတ်လျှင် (၁၀၀၀၀၀/-)ကျပ်ပေးရကြောင်း၊ (၁)ကောင်မွေးမြူသူများအနေဖြင့် အစာ 50kg အိတ် တစ်အိတ်ဝယ်ထားလျှင် (၁)လခန့်အထိ ကျွေးနိုင်ကြောင်း၊ အချိန်(၅၀)ရှိ ရောင်းတန်းဝင်ဝက်များကို စျေးကွက်သို့တင်ပို့ရောင်းချကြောင်း၊ ဝက်ဝယ်ယူသူများအနေဖြင့် ဝက်ခြံအထိ လာရောက်ဝယ်ယူကြကြောင်း၊ ဝက်စျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၃၆၀၀၀/-)ကျပ် စျေးဖြင့်ရောင်းချရကြောင်း၊ အချိန်(၅၀)အထက် (CP)ဝက် တစ်ကောင်လျှင်(၁၆-၁၇)သိန်းအထိစျေးရရှိကြောင်း၊ ဝက်မွေးမြူမှုအကျိုးအမြတ်အနေဖြင့်(CP) ဝက် တစ်ကောင်လျှင် ဝက်ဖိုး(၅၀၀၀၀၀/-)ကျပ်၊ အစာဖိုး(၈၀၀၀၀၀/-)ကျပ် နှုတ်ပြီးပါက ယခင်က တစ်ကောင်လျှင်(၃၅၀၀၀၀/-)ကျပ်သာ မြတ်ခဲ့ရာ ယခုအချိန်တွင် ဝက်စျေးများကောင်းမွန်သဖြင့် (CP)ဝက် တစ်ကောင်လျှင်(၅၀၀၀၀၀-၆၀၀၀၀၀) ကျပ်အထိမြတ်ကြောင်း၊ ဝက်မွေးမြူသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကုန်စိမ်းသီးနှံများ စီးဝင်မှုနှင့်ဈေးနှုန်းအခြေအနေ”

              မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ ကုန်စိမ်းပွဲရုံများသို့ တောင်ပေါ်ဒေသမှဝင်ရောက်လာသော ကုန်စိမ်းသီးနှံများသည် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်းကို မန္တလေးမြို့နှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ ပွဲရုံပိုင်ရှင်များထံမှ သိရသည်။ လက်ရှိအချိန်တွင် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့တို့တွင် တောင်ပေါ်ဒေသများမှ ထွက်ရှိသည့် ကုန်စိမ်းသီးနှံများသည် နေ့စဉ်ကားအစီးရေ (၈၀)စီးခန့် ပုံမှန်ဝင်ရောက်နေကြောင်း၊ ယခုလက်ရှိ ဈေးနှုန်းများမှာ ခရမ်းချဉ်သီး လက်ကားတစ်ပိဿာလျှင် (၁၈၀၀-၂၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ဂေါ်ရခါးသီး လက်ကား တစ်ပိဿာလျှင် (၄၂၀၀-၄၃၀၀)ကျပ်၊ လက်လီ တစ်ပိဿာ လျှင် (၄၅၀၀-၄၆၀၀)ကျပ်၊ မုန့်ညင်း လက်ကားတစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ်၊ ဂေါ်ဖီ လက်ကား တစ်ထုပ်လျှင် (၅၀၀-၆၀၀)ကျပ်၊ လက်လီ တစ်ထုပ်လျှင် (၈၀၀-၁၀၀၀)ကျပ်၊ ပန်းမုံလာ လက်ကားဈေး တစ်ပွင့် (၁၀၀၀-၁၅၀၀)ကျပ်၊ လက်လီဈေး တစ်ပွင့်လျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အာလူး လက်ကားတစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ်၊ ဂျင်း လက်ကား တစ်ပိဿာလျှင် (၁၅၀၀/-) ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်၊ မျှစ်ချဉ် လက်ကား တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၃၅၀၀/-)ကျပ်၊ ခရမ်းသီး အလုံးကြီး တစ်ပိဿာလျှင် (၂၅၀၀/-)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၃၂၀၀/-)ကျပ်နှင့် ရွှေဖရုံသီး အလုံးကြီး တစ်လုံးလျှင် (၁၀၀၀/-)ကျပ်၊ အလုံးသေး တစ်လုံးလျှင် (၅၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။ ကုန်စိမ်း သီးနှံများသည် မြေပြန့်ဒေသမှ ဝင်ရောက်မှုနည်းပါးပြီး တောင်ပေါ်ဒေသများဖြစ်သည့် ပင်းတယ၊ အောင်ပန်း၊ ရေဦး၊ ရွာငံ ဒေသများမှ အဓိကအများဆုံး ဝင်ရောက်ပြီး ၎င်းသီးနှံများသည် ရာသီ အလိုက်ထွက်ရှိသော သီးနှံများဖြစ်၍တောင်သူများအတွက် အကျိုးဖြစ်ထွန်းသည့် သီးနှံများဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

“သခွားစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက်ဝယ်လိုအားရှိသော သခွားသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ သခွားစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ဝယ်၍ ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်း (၂၅)ရက်မတိုင်မီ စိုက်ခင်းထဲသို့ ပြောင်းရွေ့ စိုက်ပျိုးရကြောင်း၊ မျိုးစေ့ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ သခွားမျိုးစေ့ တစ်ထုတ် လျှင် (၃၅၀၀၀-၄၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကမျိုး (၂၀၀)ဂရမ် စိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ တိုင်ထောင်ဝါး၊ ပလပ် စတစ်လိပ်ဖိုး များအပါအဝင် စုစုပေါင်း (၆၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ သွင်းအားစုများ ပိုမိုသုံးစွဲပါက ကုန်ကျစရိတ် ပိုမိုများပြားနိုင်ကြောင်း၊ သခွားစိုက်ပျိုးရာတွင် တန်းကြားတစ်ပင်လျှင် (၃)ပေခြား၊ (၂)ပေခြား၍ စိုက်ပျိုးကြောင်း ၊ တစ်ဧကလျှင် အပင် (၇၀၀၀)ကျော်ခန့် ဝင်ဆန့်ကြောင်း ၊ စတင်အသီးသီးချိန်မှ (၃)လုံးအထိ တင်စေပြီး တင်းနစ်ဘောလုံး အရွယ်အစားရောက်လျှင် တစ်ပင်ကို (၂)လုံးသာ ယူကြောင်း၊ အသီးတင်ပြီး (၁၀)ရက်တစ်ကြိမ် သွင်းအားစုများ ထည့်ပေးရကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး (၃၅)ရက်၊ (၄၅) ရက်တွင် အသီးများစတင်ခူးခွတ်နိုင်ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှု မျိုးအနေဖြင့် ရွှေသခွား၊ ကျောက်စိမ်း သခွားနှင့် ပိုက်ကွက်သခွားမျိုးများကို စိုက်ပျိုးကြကြောင်း၊ ဇွန်လဆန်းတွင် စိုက်ပျိုးခဲ့သောကြောင့် စက်တင်ဘာလဆန်းပိုင်းတွင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် အလုံး ပေါင်း (၁၄၀၀၀)ခန့် ထွက်ရှိကြောင်း၊ ခရိုင်အတွင်း လက်ရှိစိုက်ပျိုးမှု အနည်းငယ်သာရှိပြီး စိုက်ပျိုးသောရွာမှာ မြေစိုရွာဖြစ်ကြောင်း၊ ယခုလက်ရှိဈေးကွက်အတွင်း ဝင်ရောက်နေသော သခွားသီးများ မှာ မြို့နယ်အတွင်း ထွက်ရှိသော အသီးများဖြစ်ပြီး သစ်သီးဆိုင်များမှ ဝင်ရောက်သော အသီး အနည်းငယ်သာရှိကြောင်း ထွက်ပေါ်ချိန်မှသာ အသီးများဖြိုင်ဖြိုင်ရောင်းချနိုင်မှာဖြစ်ကြောင်း သစ်သီးရောင်းချသော ဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ သခွားဈေးနှုန်းအနေဖြင့် ကျောက်စိမ်းသခွား/ ပိုက်ကွက်သခွား တစ်လုံးလျှင် အလုံးသေး (၇၀၀၀/-)ကျပ်၊ အလုံးကြီး (၁၀၀၀၀/-) ကျပ်၊ ရွှေသခွား တစ်လုံးလျှင် အလုံးကြီး(၈၀၀၀/-)၊ အလုံးသေး (၅၀၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ သစ်သီးဆိုင်များ၊ သစ်သီးပွဲရုံများနှင့် ဈေးများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ စိုက်ခင်းထဲ အရောက်လာရောက် ဝယ်ယူသူများလည်းရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဆူးပုတ်ပင်စိုက်ပျိုးဝင်ငွေတိုး

           ကျောက်ဆည်ခရိုင်အနေဖြင့် စိုက်ပျိုးရေးကိုအခြေခံပြီး ရေမြေသဘာဝကောင်းမွန်သည့်ခရိုင် တစ်ခုဖြစ်သည့်နှင့်အညီ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်ရာတွင် ဟင်းသီး ဟင်းရွက်များအနက်မှ ဆူးပုတ်ပင်များကိုလည်း အလေးထားစိုက်ပျိုးလာကြသည်ကိုလည်း တွေ့ရှိရ ပါသည်။ ဆူးပုပ်ပင်တွင် ဆူးပုပ်ကြီးနှင့် ဆူးပုပ်ကလေး (၂)မျိုးရှိရာ ဆူးပုပ်ကြီးမျိုးမှာ ဆူးပုပ်ကလေး မျိုးထက်အပင်နှင့်အရွက် အရွယ်အစားပိုကြီးပါကြောင်း၊ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက် ပို၍ပြင်းကြောင်း၊ ဒုတိယတစ်မျိုးအနေဖြင့် ဆူးပုပ်ကလေးမျိုးမှာ ဆူးပုပ်ကြီးမျိုးထက် အရွက်နှင့် အပင်အရွယ်အစားသေးငယ်ပြီး အရွက်အနံ့မှာလည်း ဆူးပုပ်ကြီးအပင်လောက် အနံ့မပြင်းကြောင်း၊ ဆူးပုပ်ကလေးအပင်များကို ကျောက်ပန်းတောင်း၊ မကွေးကဲ့သို မြေလတ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ထိုဒေသများတွင် ဆူးပုပ်ကြီးထက်ဆူးပုပ်ကလေးကိုပို၍ အသုံးများကြပါကြောင်း၊ ဆူးပုပ်ကလေး စိုက်ပျိုးရေးလုပ်ငန်းသည် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး မိသားစုအပိုဝင်ငွေရရှိသည့် သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရာ၌ အစေ့ချစိုက်နည်းစနစ်နှင့် အပင်ပျိုးထောင်စိုက် နည်းစနစ်ဟူ၍ စိုက်ပျိုးနိုင်ပါကြောင်း၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်တွင် ဆူးပုပ်ညွန့်များကို ဆွတ်ခူးရောင်းချရပါကြောင်း၊ အခြားသီးနှံများနှင့် သီးထပ်သီးညှပ် ရောနှောစိုက်ပျိုးနိုင်ပြီး နှစ်သီးစား သီးနှံဝင်ငွေရရှိကာ စိုက်ပျိုးသည့်တောင်သူများအနေဖြင့် အားထားလုပ်ကိုင်စိုက်ပျိုးကြပါကြောင်း၊ ဆူးပုပ်ကလေး စိုက်ပျိုးရာတွင် ကိုင်းမြေနဲ့မြေနုကျွန်း ပတ်ပတ်လည်တွေမှာ စည်းရိုးသဖွယ် အတန်း လိုက်စိုက်ပျိုးကြပါကြောင်း၊ ဆူးပုပ်ကလေး ဈေးနှုန်းအနေဖြင့် လက်လီ(၁၀)သားလျှင် (၆၀၀-၇၀၀) ကျပ်၊ လက်ကား (၁)ပိဿာလျှင် (၄၀၀၀/-) ကျပ်ဖြင့် ရောင်းချကြပါကြောင်း၊ ဆူးပုပ်ကလေးအား အခြားသောဟင်းသီး ဟင်းရွက်များနှင့်အတူ အရည်သောက်ဟင်းဖြင့်လည်းကောင်း၊ ကြော်စားခြင်းဖြင့်လည်းကောင်း စားသုံးသူများ ကြိုက်နှစ်သက်ကြသဖြင့် ဈေးကွက်တွင် ရောင်းလိုအားကောင်းပြီး အကျိုးအမြတ်ရရှိသော ဆူးပုပ်ပင်အား စိုက်ပျိုးပြီး နေ့စဉ်ဝင်ငွေရရှိအောင် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“နံနံပင်စိုက်ပျိုးဝင်ငွေတိုး”

          ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူကြီးများသည် မိသားစုစားဝတ်နေရေးအတွက် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြပါသည်။ နံနံပင်ကို ရာသီဥတုမရွေး စိုက်ပျိုးကြပါကြောင်း၊ နံနံပင်စိုက်ပျိုးမည်ဆိုပါက ရေမဝပ်သော နုံးမြေသည် အကောင်းဆုံးဖြစ်ပါသည်။ နံနံကို ဘောင်ပြုလုပ်ပြီးစိုက်ပျိုးပါက ပိုမိုကောင်းမွန်ကြောင်း၊ ဘောင်များကို (၅)လက်မ အမြင့်ပြုလုပ်ပြီး ဘောင် အကျယ် (၂-၃)ပေထားရှိနိုင်ပြီး၊ ဘောင်အရှည်ကို လိုသလောက်ထားကာ နံနံကိုစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ နံနံမစိုက်ခင် မျိုးစေ့ကို မြန်မြန်အပင်ပေါက်စေရန် နံနံစေ့ကို ဂုန်နီအိတ်ပေါ်တွင်တင်၍ နံနံစေ့နှစ်ခြမ်းကွဲသွားစေရန် ပုလင်းခွံဖြင့် အသာအယာလှိမ့် ပေးရပါသည်။ ထို့နောက် နံနံမျိုးစေ့များကို ရေတွင် (၂၄)နာရီကြာ ရေစိမ်ပေးရပြီး၊ ရေစိမ်ပြီးမျိုးစေ့ကို (၀.၅)လက်မအနက်ရှိ မြောင်းများကို (၄)လက်မခြား ဂေါက်ကြောင်းဆွဲပြီး မျိုးစေ့များကို စိုက်ရပါသည်။ နွားချေးမှုန့်၊ မြေဆွေးမှုန့်ဖြင့် ပါးပါးဖုံးပြီး မျိုးစေ့ချပြီး ဘောင်ကို ကောက်ရိုးခြောက်တို့ဖြင့် အုပ်ပေးရပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြေတွင်အစိုဓာတ်ထိန်းသိမ်းပေးနိုင်ပြီး အပင်ပေါက်မှုအားကောင်းစေပြီး သန်မာသော နံနံပင်များ ရရှိစေနိုင်ပါသည်။ နံနံပင်များပေါက်ပြီးနောက် ရေကိုတစ်နေ့နှစ်ကြိမ် ရေလောင်းပေးရပြီး အပင်များအနည်းငယ်ကြီးထွားလာပါက ရေကိုလျော့လောင်းရပါသည်။ ရေများများလောင်းပါက နံနံပင်များ ခါးရိရောဂါ ကျရောက်စေနိုင်ပါသည်။ နံနံပင်ပေါက်ပြီး (၄၅)ရက်သားမှစတင်၍ နှုတ်ယူ စားသုံး၍ရနိုင်ကြောင်း၊ ဈေးကွက်သို့ တင်ပို့ရောင်းနိုင်ကြောင်း သိရှိရပါသည်။ နံနံပင်လက်လီ ဈေးနှုန်းအနေဖြင့် (၃)ပင်ပါတစ်စီးကို (၁၀၀/-)ကျပ် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ယခုအခါ နံနံပင်များ စိုက်ပျိုးသော တောင်သူများအနေဖြင့် ဈေးကောင်းရလျက်ရှိသောကြောင့် နံနံများပိုမို စိုက်ပျိုးသင့်ကြောင့် တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“သံပုရာစိုက်ပျိုးခြင်းဖြင့်ဝင်ငွေတိုး”

          ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော သံပုရာပင်များကိုလည်း စိုက်ပျိုးလာကြပါသည်။ စိုက်ပျိုးသောသံပုရာမျိုးများမှာ ဗမာသံပုရာမျိုး၊ သံပုယိုမျိုးများကို အများဆုံးစိုက်ပျိုး ကြပါသည်။ သံပုရာစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ စိုက်ပျိုးကြသလို သံပုရာကိုင်းဆက် ပျိုးပင်ကိုလည်း ဝယ်ယူ၍ စိုက်ပျိုးကြပါသည်။ စိုက်ကျင်းအရွယ် ၂ပေ ပတ်လည် ကျင်းတူးပြီး မြေဆွေးရောစပ်၍ ၁၂ပေကြား တစ်ပင်ဖြင့် တစ်ဧကကိုအပင် (၃၀၀) ကျော်ဝင့်ဆံ့ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကိုင်းဆက်ပျိုးပင် တစ်ပင်လျှင် (၂၀၀၀) ကျပ်ဖြင့် ဝယ်ယူရပြီး မျိုး သွင်းအားစု လုပ်သားခအပါအဝင် စုစုပေါင်း သိန်း(၂၀)ကျပ်ခန့်ရှိကြောင်း၊ အပင်လျင်မြန်ကြီးထွားစေရန်နှင့် ပန်းပွင့်ချိန်နှင့်အသီးပေါ်ချိန်များတွင် ရေလှုံလောက်စွာသွင်းပေးရပြီး မြေဆီမြေဩဇာ ကျွေးရကြောင်း၊ သံပုရာမျိုးစေ့ကို စိုက်ပျိုးပါက(၇-၈)နှစ်ကြာကြောင်း၊ ကိုင်းဆက်ပျိုးပင်ကို စိုက်ပျိုးပါက(၂)နှစ်အကြာ တွင်အသီးများစတင်သီးကြောင်း၊ သံပုရာတစ်ပင်တွင် အသီးအထွက်နှုန်း (၁၀၀)မှ (၁၀၀၀)ခန့်ထွက်ကြောင်း၊ တစ်ဧကအထွက် သံပုရာသီး အလုံးပေါင်း (၂၀၀၀၀)လုံး ခန့်ထွက်ကြောင်း၊ ဗမာသံပုရာမျိုးနှင့် သံပုယိုမျိုးများတွင် သံပုယိုမျိုးက ပိုမိုထွက်ကြောင်း၊ ဗမာသံပုရာသီး ဈေးနှုန်းအနေဖြင့် ဗမာသံပုရာသီးအလုံး  (၁၀၀)လျှင် (၁၅၀၀၀)ကျပ် ၊ လက်လီတစ်လုံး လျှင်(၂၀၀)ကျပ်၊ သံပုယိုသီးအလုံး(၁၀၀)လျှင်  (၇၀၀၀)ကျပ် ၊ လက်လီတစ်လုံးလျှင်(၁၀၀ )ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဗမာသံပုရာသီးနှင့် သံပုယိုတွင် ဗမာသံပုရာက ဈေးကောင်းပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ သံပုရာခြံထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတစ်ဆင့် ရန်ကုန်မြို့၊ မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ သံပုရာပင်သည် တစ်နှစ်ပတ်လုံးအသီးထွက်ကြောင်း အချိန်ကာလပေါ်မူတည်ပြီးအထွက်နှုန်း၊ အနည်းအများရှိကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့် ခန့်မှန်းသံပုရာသီး(၂၀၀၀၀)ခန့် ထွက်ရှိပြီး (၇၀)ကျပ်ခန့် ရောင်းချရပါက (၁၄)သိန်းခန့်မြတ်ကြောင်း၊ သံပုရာသီးတွင် ဗီတာမင် C ကြွယ်ဝသောကြောင့် ကိုယ်ခံအားကို  အားဖြည့်ပေးနိုင်ကြောင်း၊ အသားအရာကို ကျန်းမာလှစေဖို့ အကောင်းဆုံးအားဖြည့်ပေးကြောင်း၊ ဗီတာမင် C ကြွယ်ဝသောကြောင့် ကော်လာဂျင်ထွက်ရှိမှုကို လှုံဆောင်ပေးပြီး အရေးအကြောင်း ဖြစ်စေခြင်းကို လျော့ပါးစေကြောင်း၊ ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှု အားကောင်းစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း