Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အုန်းသီးနှင့်ထွက်ကုန်များ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်မား

  ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော အုန်းသီးနှင့် အုန်းသီးထွက်ကုန်များ (အုန်းခွံ၊ အုန်းစိမ်း၊ အုန်းဆံ၊ အုန်းနို့စသည်) သည် ယခုလတွင်ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအား အလွန်မြင့်မားလျက်ရှိသည်။ အုန်းသီးဈေးနှုန်းမှာ ယခင်လထက် ၁၀-၁၅ ရာခိုင်နှုန်းခန့် တက် လာပြီး အုန်းထွက်ပစ္စည်းများကို စားသုံးသူများက အထူးစိတ်ဝင်စားလာကြောင်း ဒေသခံ စိုက်ပျိုးရေးနှင့် ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

          ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ အုန်းသီးအဓိကထုတ်လုပ်ရာဒေသဖြစ်ပြီး မိုးဥတုတွင် အုန်းသီးအထွက်နှုန်း ပိုမိုကောင်းမွန်လေ့ရှိသည်။ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုနှင့် အုန်းပင် စိုက်ဧက တိုးချဲ့လာမှုတို့ကြောင့် အုန်းသီးအရည်အသွေးနှင့် ပမာဏ ပိုမိုကောင်းမွန်လာခဲ့သည်။ ထို့အပြင် အုန်းနို့၊ အုန်းဆံခြောက်နှင့် အုန်းဆီကဲ့သို့သော ပြုပြင်ထုတ်လုပ်ထားသည့် ထွက်ကုန်များ ကိုလည်း ပြည်တွင်းစားသုံးသူများက ပိုမိုနှစ်သက်လာကြသည်။

          အုန်းသီးဈေးကွက်တွင် ဝယ်လိုအားမြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျန်းမာရေး အသိပညာတိုးပွားလာမှုနှင့် သဘာဝထွက်ကုန်များအပေါ် စားသုံးသူများ ယုံကြည်မှုတိုးလာခြင်း ကြောင့်ဖြစ်သည်။ အုန်းသီးနှင့် ပြုပြင်ထုတ်လုပ်ထားသော ကုန်ပစ္စည်းများကို မုန့်ပဲသရေစာ၊ အချိုရည်၊ ဆပ်ပြာနှင့် အလှကုန်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုမှုများပြားလာခြင်းကလည်း ဈေးကွက်ဝယ်လိုအားကို မြှင့်တင်ပေးနေသည်။

          ဒေသခံ အုန်းသီးစိုက်ပျိုးသူများနှင့် ကုန်သည်များက "ဒီနှစ်မှာ အုန်းသီးဈေးကောင်းနေတာ ကြောင့် ကျေးလက်ဒေသက လယ်သမားတွေ ဝမ်းသာနေကြပါတယ်။ အုန်းသီးကို အခြောက်ခံပြီး ရောင်းတဲ့သူတွေလည်း အကျိုးအမြတ်ရလာကြတယ်" ဟု ပြောကြားသည်။

          အနာဂတ်တွင် ဧရာဝတီဒေသထွက် အုန်းသီးနှင့် ထွက်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန် လုပ်ငန်းရှင်များက စီးပွားရေးအခွင့်အလမ်းများကို စူးစမ်းလျက်ရှိပြီး ဒေသတွင်းစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (ဧရာဝတီ)

 

ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

     ၂၀၂၅ခုနှစ် ဩဂုတ်လ (ဒုတိယပတ်)တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌  ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် (၁၄၆၅-၁၄၇၀)ကျပ်ဖြင့် ပြည်ပဝယ်လိုအားလျော့ကျမှုကြောင့် ဈေးနှုန်းအကျဘက်တွင် ရှိနေပြီး စီးဆင်းမှုမှာ ပထမအပတ်အတိုင်း ပုံမှန်သာရှိနေပါသည်။

          ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၄၅၀၀ကျပ်၊ ထူး ၂-၅၅၀၀ကျပ်၊ ထူး ၃-၆၀၀၀ ကျပ်၊ ထူး ၄-၇၅၀၀ကျပ်၊ ထူး ၅-၈၀၀၀ကျပ်၊ ထူးလွန်-၈၅၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ် ဖြင့် အမြင့်ဈေးဖြင့်ငြိမ်နေပြီး တောင်သူလက်ကျန်များ ဈေးကွက်ဝင်ရောက်မှုရှိသဖြင့် စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

          အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2/S3 (၅၀၀၀-၅၅၀၀)ကျပ်၊ မျက်နီ S1/S2 (၄၀၀၀-၄၅၀၀)ကျပ်၊ OK-၃၅၀၀ကျပ်၊ A1-၃၀၀၀ကျပ်၊ ဆွဲသီး-၂၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၀၀၀ကျပ်ဖြင့် အာလူးအသစ်များ ဈေးကွက်အဝင်များနေပြီး ရန်ကုန်၊ မန္တလေး နှင့် ကျောက်ပန်းတောင်းဒေသများမှ ဝယ်လိုအားကောင်းနေသဖြင့် ဈေးကောင်းရရှိကာ စီးဆင်းမှုမှာ များနေပါသည်။

          ချင်းသီးနှံမှာ ချင်းဥမအကြီးတစ်ပိဿာလျှင် (၂၂၀၀-၂၅၀၀)ကျပ် နှင့် ဥမအလတ်တစ်ပိဿာ လျှင် (၈၀၀-၁၀၀၀)ကျပ်ဖြင့် ဈေးတက်လာပြီး ပြည်တွင်းဝယ်လိုအားမြင့်တက်မှုကြောင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။

          ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၁၀၀၀-၁၄၀၀)ကျပ်၊ ပန်းမုံလာ (၂၀၀၀-၂၅၀၀)ကျပ်၊ ရွှေပဲ (၁၃၀၀၀-၁၆၀၀၀)ကျပ်၊ မုန်ညှင်း (၂၇၀၀-၃၇၀၀)ကျပ်၊ ဖရုံသီး (၁၃၀၀-၁၅၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀-၂၈၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၃၀၀-၁၈၀၀)ကျပ်၊ ငရုတ်ပွ (၈၀၀၀-၈၅၀၀)ကျပ်၊ မုန်လာဥနီ (၃၀၀၀-၃၅၀၀)ကျပ်၊ ဘိုစား (၄၀၀၀-၄၅၀၀)ကျပ်ဖြင့် အသီးသီးဈေးရှိနေကြပြီး ဂေါ်ဖီ၊ ပန်းမုံလာ နှင့် ငရုတ်ပွသီးနှံများမှာ အရည်အသွေးကောင်းပြီး ဈေးကွက်အဝင်နည်းသဖြင့် ဈေးမြင့်တက်လာ၍ ရွှေပဲ သီးနှံမှာ ဝယ်လိုအားလျော့ကျမှုကြောင့် ဈေးအနည်းငယ်ကျသွားပါသည်။ ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ ဈေးကွက်လိုအပ်ချက်အရ ဝယ်လိုအားကောင်းသဖြင့် စီးဆင်း မှုမှာ ယခင်အပတ်ထက် အနည်းငယ် ပိုလာပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇၈၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေ ဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ငရုတ်သီး ခြောက်(ပွ) တစ်ပိဿာ ၂၆၀၀၀ ကျပ်၊ ဆား တစ်ပိဿာ ၃၃၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၈၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ပဲတောင့်ရှည် တစ်စည်း ၆၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၁၈၀၀ ကျပ်နှင့် ဂျင်း(ချင်း) တစ်ပိဿာ ၇၅၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          ကျိုင်းတုံမြို့တွင် ဩဂုတ်လ ဒုတိယအပတ်အတွင်း စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၂၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၃၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၇၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၄၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

          ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဩဂုတ်လ ပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်ဖြူ(ကြူကုတ်)ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မမှအဝင်များသောကြောင့်ဖြစ်ပါသည် ဆား၊ မန်ကျည်းသီး၊ ပဲတောင့်ရှည်၊ ခရမ်းချဉ်သီးနှင့်ဂေါ်ဖီထုပ်တို့ ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ဆားဈေးနှုန်းမြင့်တက် ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက်ခဲ့သောကြောင့်လည်းကောင်း၊ မန်ကျည်းသီး၊ ပဲတောင့်ရှည်နှင့်ဂေါ်ဖီထုပ် တို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသထွက်များ လက်ကျန်လျော့နည်းလာ သောကြောင့် လည်းကောင်း၊ ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်မမှအဝင်နည်းသော ကြောင့်ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(ရှမ်း)

မြန်မာ့ငှက်ပျောသီး ဈေးကွက်အခြေအနေနှင့် အနာဂတ်အလားအလာများ

     ငှက်ပျောသီးသည် ကမ္ဘာတစ်ဝှမ်းတွင် အလွယ်တကူဝယ်ယူစားသုံးနိုင်သည့် သစ်သီးတစ်မျိုး ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အဓိကစိုက်ပျိုးထုတ်လုပ်သည့် သီးနှံတစ်ခုအဖြစ် ရပ်တည်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ငှက်ပျောသီးဈေးကွက်၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းထားပြီး အဓိကတင်ပို့သည့်နိုင်ငံများမှာ အိန္ဒိယ၊ အီကွေဒေါ်နှင့် ဖိလစ်ပိုင်တို့ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ငှက်ပျောသီးကို ပြည်တွင်းစားသုံးမှုအပြင် အိမ်နီးချင်း နိုင်ငံများသို့လည်း တင်ပို့လျက်ရှိရာ နှစ်စဉ်တန်ချိန် ၂၀၀,၀၀၀ ကျော်ခန့် ထွက်ရှိလျက်ရှိသည်။

          မြန်မာနိုင်ငံတွင် ငှက်ပျောသီးစိုက်ပျိုးမှုသည် မကွေး၊ စစ်ကိုင်း၊ ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီးများတွင် အဓိကကျသည်။ ပြည်တွင်းဈေးကွက်တွင် ငှက်ပျောသီးဈေးနှုန်းမှာ ကျပ် ၂,၀၀၀ မှ ၅,၀၀၀ အထိ ကွာခြားမှုရှိပြီး အရည်အသွေးမြင့်ထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိပါသည်။ သို့ရာတွင် မြန်မာ့ငှက်ပျောသီးဈေးကွက်သည် ရာသီဥတုပြောင်းလဲမှု၊ ရောဂါပိုးမွှား ကျရောက်မှုနှင့် နိုင်ငံတကာဈေးကွက်ယှဉ်ပြိုင်မှုများကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

          အနာဂတ်တွင် မြန်မာ့ငှက်ပျောသီးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီစိုက်ပျိုးနည်း စနစ်များ၊ အော်ဂဲနစ်နည်းလမ်းများနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ (ဥပမာ - ငှက်ပျောသီးခြောက်၊ ငှက်ပျောသီးကြော် ၊ ငှက်ပျောသီးမုန့်များ) တိုးချဲ့ထုတ်လုပ်ခြင်းတို့ကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်သည်။ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းညှိနှိုင်းမှုဖြင့် နိုင်ငံတကာဈေးကွက်သို့ ပိုမို ဝင်ရောက်နိုင်ရေး ကြိုးပမ်းသင့်သည်။ ငှက်ပျောသီးသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသည့် သီးနှံတစ်ခုဖြစ်သဖြင့် ၎င်း၏ဈေးကွက်တိုးတက်မှုသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် နိုင်ငံ့စီးပွားရေးအတွက်ပါ အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်တွင် နာနတ်သီးဈေးကွက် အရောင်းအဝယ်ဖြစ်လျက်ရှိ

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် နာနတ်သီးများ အရောင်း အဝယ်စည်ကားလျက်ရှိပြီး၊ ဒေသခံများနှင့် အနီးနားမြို့များမှ ကုန်သည်များက ဝယ်ယူ ရောင်းချမှုများ ပြုလုပ်နေကြသည်။ နာနတ်သီးများကို အခြားဒေသများမှ ကုန်တင်ကား၊ သုံးဘီး ယာဉ်နှင့် ဆိုင်ကယ်များဖြင့် တင်ပို့လာရောက်ရောင်းချကြပြီး၊ ဈေးနှုန်းများအနေဖြင့် အရွယ် အစားနှင့် အရည်အသွေးကို လိုက်၍ တစ်လုံးလျှင် (၃၀၀၀/၂၅၀၀/၂၀၀၀) ကျပ် အထိ ရှိကြောင်း သိရသည်။

                ပုသိမ်မြို့ရှိ  မြို့မဈေး ၊ ဘူတာဈေးနှင့်ကမ်းနားဈေးများတွင် နာနတ်သီးများကို ရောင်းချ လေ့ရှိပြီး၊ ဒေသခံများအနေဖြင့် စားသုံးရန်တင်မဟုတ် ဆေးဖက်ဝင်အသီးအဖြစ်လည်း ဝယ်ယူသုံးစွဲ ကြသည်။ ဒေသခံများမှလည်း "နာနတ်သီးက ချဉ်ပြုံးပြီး အရသာရှိပြီး ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်လည်း အသုံးပြု၍ရသည့်အတွက်ကြောင့် ဈေးကွက်အတွင်း နာနတ်သီး ပေါ်ချိန်တွင် ဝယ်လိုအား မြင့်တက်လျက်ရှိ" ဟု ပြောကြားခဲ့သည်။ ထို့အပြင်၊ ပုသိမ်မြို့မှ ကုန်သည်အချို့သည် နာနတ်သီးများကို အများအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သီရိမင်္ဂလာဈေးမှ တစ်ဆင့် ဝယ်ယူရောင်းချကြပြီး၊ ဝယ်ယူရသည့် ဒေသအလိုက် ဈေးကွက်တန်ဖိုး ကွာခြားမှုများ ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်တွင် မာလကာသီးဈေးကွက် အခြေအနေ

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ မြို့မဈေးနှင့် သစ်သီးဆိုင်များတွင် မာလကာ သီးများ လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုသိမ်မြို့နယ်အတွင်းသို့ အနီးဝန်းကျင် ဒေသများမှ မာလကာသီးများ ဝင်ရောက်လျက်ရှိပြီး ဒေသခံများ၏ နှစ်သက်မှုကို ရရှိထားသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်အတွင်း ပုသိမ်မြို့နယ်တွင် မာလကာသီး ဈေးနှုန်းများမှာ အလုံးကြီး (၁)လုံးလျှင် ၇၀၀ ကျပ် အလုံးသေး (၁)လုံးလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လူကြီးလူငယ်မရွေး နှစ်သက်စွာ ဝယ်ယူစားသုံးနေကြသည်ကို တွေ့ရသည်။ မာလကာသီးများသည် ပုသိမ်မြို့နယ်အတွင်း ရောင်းအားကောင်းသော သစ်သီးတစ်မျိုးဖြစ်ပြီး ဈေးကွက်တွင် အမြဲလိုလို ဝယ်လိုအားရှိနေကြောင်း ဒေသခံဈေးသည်များက ပြောကြားသည်။

          ပုသိမ်မြို့နယ်တွင် မာလကာသီးများကို အဓိကအားဖြင့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများမှ တင်ပို့လာခြင်းဖြစ်ပြီး ဒေသခံများ၏ နေ့စဉ်စားသုံးမှုတွင် အရေးပါသော သစ်သီး တစ်မျိုးအဖြစ် ရပ်တည်နေသည်။ မာလကာသီး၏ လတ်ဆတ်မှုနှင့် အာဟာရဓာတ်ကြွယ်ဝမှု တို့ကြောင့် ပုသိမ်မြို့နယ်အတွင်း ဝယ်ယူစားသုံးမှု မြင့်မားနေခြင်းဖြစ်ပါသည်။

DOCA (ဧရာဝတီ)

 

ပုသိမ်မြို့နယ်တွင် ငွေနှင်းမှိုစိုက်ပျိုးရေး ဖွံ့ဖြိုးလာ

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၏ ကျေးလက်ဒေသများတွင် ငွေနှင်းမှိုစိုက်ပျိုးရေး လုပ်ငန်း နှစ်စဉ်တိုးတက်လာကာ တောင်သူများအတွက် အရေးပါသော ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာသည်။ လက်ရှိဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃,၅၀၀ ကျပ်အထိ ရရှိပြီး တောင်သူများသည် တစ်ရက်လျှင် ၅ မှ ၁၀ ပိဿာအထိ ထုတ်လုပ်နိုင်ကာ တစ်နှစ်လျှင် ၂ ကြိမ် စိုက်ပျိုးလေ့ရှိသည်။

    စိုက်ပျိုးနည်းစနစ်တွင် လွှစာ၊ ထုံးကြမ်း၊ ဖွဲနု၊ ဆားခါးနှင့် glucose တို့ကို ရောစပ်အသုံးပြုပြီး ၇×၁၂ လက်မ ပလပ်စတစ်အိတ်များတွင် ထည့်သွင်းကာ ရေတိုင်ကီဖြင့် ၄ နာရီပေါင်းခံရသည်။ ထို့နောက် ၈ မှ ၄၈ နာရီအတွင်း အအေးခံပြီး ၂၅-၃၀ ရက်တွင် အပွင့်စတင်ပွင့်လာသည်။ အပွင့်များ ကောင်းစွာရရှိရန် တစ်ရက် ၂ ကြိမ် ရေလောင်းပေးရသည်။

          ဒေသခံတစ်ဦးက " ပျိုးပင်တစ်ပုလင်း (၉၀၀ ကျပ်) မှ မှိုထုပ် ၂၂-၂၅ ထုပ် ထုတ်လုပ်နိုင်ပြီး ထိုင်း-မြန်မာနယ်စပ်မှ ပျိုးပင်များမှာယူကာ ဈေးများနှင့်အိမ်တွင် အဓိက ရောင်းချပါသည်" ဟု ပြောကြားသည်။

          သို့ရာတွင် ၎င်းလုပ်ငန်းသည် ရောဂါပိုးဝင်မှုများ စီမံခန့်ခွဲရန် လိုအပ်ခြင်း၊ ဈေးကွက် တည်ငြိမ်မှု မရှိခြင်းနှင့် နည်းပညာနှင့် ငွေကြေးပံ့ပိုးမှု လိုအပ်ခြင်းစသော အခက်အခဲများ ရှိနေသေးသည့်အတွက် ငွေနှင်းမှိုစိုက်ပျိုးရေးလုပ်ငန်းကို အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက နည်းပညာများ ပံ့ပိုးကူညီသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (ဧရာဝတီ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာဈေးနှုန်း အနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၈၀၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၀၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ် တို့ဖြစ်ပါသည်။

     တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၃၅၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၅၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၅၀၀)ကျပ် တို့ဖြစ်ပါသည်။

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် ဩဂုတ် ပထမအပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိပဲ ဘိလပ်မြေဈေးနှုန်းများမှာ ကျိုင်းတုံ မြို့နှင့်တာချီလိတ်မြို့တို့တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

၂၁.၈.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၁.၈.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၅၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၂၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၅၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၇၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင်  မြေပဲ၊ နှမ်း၊ ပဲပုတ် လက်ကျန်စာရင်းမှာ ပြောင်းလဲမှုမရှိသော်လည်း ယခုတစ်ပတ်တွင် ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၇၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀ ) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာနှင့် ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၈၁၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၂၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၂၅၀၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၂၀၀၊ ရှယ်မှာ ကျပ် ၁၄၀၀၊ မုံရွာ ကြက် သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၅၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၅၅၀၊ ရွှေဘို ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၁၉၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာကြက်သွန်နီဈေးနှုန်းများမှာ ၁၈.၈.၂၀၂၅ ရက်နေ့ ကထက်ဈေးကျလျက်ရှိပြီး ရွှေဘိုကြက်သွန်နီဈေးနှုန်းမှာ ၁၈.၈.၂၀၂၅ ရက်နေ့ကအတိုင်း ဈေးနှုန်း တူညီနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း