Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့အတွင်းရှိ မန်ကျည်းသီးဈေးနှုန်း/ဈေးကွက်

    မန်ကျည်းပင်သည် သစ်မာပင်အမျိုးအစားဖြစ်ပြီး အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံ အလယ် ပိုင်းတွင်လည်းပိုမိုပေါက်လျက်ရှိသည်။ စားသုံးသူများအတွက် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင် တန်ဖိုးရှိသည့် အပင်တစ်မျိုးဖြစ်သည်။ အိမ်ရှင်မတို့၏ မီးဖိုချောင်၌ အမြဲနေရာယူထား သောအသီးဖြစ်ပြီး အစိမ်းပေါ်ချိန်၌ အစိမ်းစားကြသကဲ့သို့ မှည့်သည့်အချိန်တွင်လည်း အစေ့ထုတ်ကာ နှစ်ရှည်ခံအောင် သိမ်းထား၍ရသော အသီးဖြစ်သည်။ ယခုကာလသည် မန်ကျည်းသီးအသစ်ထွက်ရှိနေသည့် ကာလဖြစ်သည့်အတွက် ထားဝယ်ဈေးကွက်၌ အမှည့်တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA (တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဟင်းသီးဟင်းရွက်စျေးနှုန်းများ

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကိုယ်ပိုင်ခြံငယ်များ၊ မြို့အနီးကျေးရွာများရှိ ဥယျာဥ်ခြံ ငယ်များတွင် တစ်ပိုင်တစ်ပိုင်နှင့် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး စားသုံးသူပြည်သူများ စားသုံးမှုများပြားသည့် ဒေသထွက် ဟင်းသီးဟင်းရွက်များဖြစ်သော ကန်စွန်းရွက်စျေးနှုန်းမှာ တစ်စည်းလျှင် ၃၀၀/၄၀၀ ကျပ်၊ ပဲ‌တောင့်ရှည် တစ်စည်းလျှင် ၆၀၀ ကျပ်၊ ချဥ်ပေါင်ရွက် တစ်စည်းလျှင် ၅၀၀ ကျပ်၊ ငရုတ်သီး နို့ဆီပုံး(အတို)တစ်ပုံးလျှင် ၁၀၀၀ ကျပ်၊ သံပရာသီး တစ်လုံးလျှင် အလုံးကြီး ၄၀၀/၅၀၀ ကျပ်၊ အလုံးသေး တစ်လုံးလျှင် ၂၅၀/၃၀၀ ကျပ်ဖြင့် အောက်တိုဘာလ ဒုတိယအပတ်အတွင်း ရောင်းချလျက်ရှိ‌‌‌‌ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA (တနင်္သာရီ)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

           ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၆၂၄၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီး  ထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၄၉၆၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၁၀၀၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၈၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၃၀၀၊ ရှယ်မှာ ကျပ် ၁၆၅၀၊ မုံရွာ ကြက်သွန်နီ (အသစ်)  အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၆၅၀၊ ရှယ်မှာ ကျပ် ၂၀၀၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ်၁၁၅၀၊အကြီးမှာကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းမှာ ၉.၁၀.၂၀၂၅ ရက်နေ့ကအတိုင်း ဈေးနှုန်းတူညီနေပြီး မြင်းခြံနှင့်မုံရွာကြက်သွန်နီဈေးနှုန်းမှာ ၉.၁၀.၂၀၂၅ ရက်နေ့ကထက်ဈေး အနည်း ငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။    

  DOCA (ရန်ကုန်)

ထားဝယ်မြို့ပေါ်ရှိ ကြက်/ဝက်အသားများ အရောင်းအဝယ်ကောင်းလျက်ရှိ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကမ်းနား‌စျေး၊ စည်ပင်သာယာစျေးကြီး၊ ပုဂ္ဂလိက စျေးများတွင် ရောင်းချလျက်ရှိသာ ကြက်သားနှင့် ဝက်သားများမှာ အလှူပွဲ၊ မင်္ဂလာပွဲများစတင် ကျင်းပ ပြုလုပ်သည့် ပွင့်လင်းရာသီကာလသို့ ရောက်ရှိလာသဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိ‌ကြောင်း ထားဝယ်မြို့စျေးများရှိ ကြက်သား၊ ဝက်သား ရောင်းချသည့် ‌စျေးသည်များထံမှ သိရှိရပါသည်။

      အောက်တိုဘာလပထမအပတ်မှ စတင်၍ အရောင်းအဝယ်ကောင်း လျက်ရှိသော ကြက်သား စျေးနှုန်းမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်‌ဖြင့် ယခု အောက်တိုဘာလ ဒုတိယအပတ်အတွင်း ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ကောင်းလျက်ရှိသော်လည်း စျေးနှုန်းများမှာတည်ငြိမ်လျက်ရှိပါသည်။

DOCA (တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ အခြေခံစားကုန်များ အရောင်းသွက်လျက်ရှိ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ စျေးများ၊ ကုန်စုံများတွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးများမှာ အလှူရာသီသို့ ရောက်ရှိလာသဖြင့် အောက်တိုဘာလ ပထမအပတ်မှစတင်၍ ရောင်းအားသွက်လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါ သည်။

     အောက်တိုဘာလ ပထမအပတ်မှ စတင်၍ အရောင်းသွက်လျက်ရှိသော အခြေခံစားကုန်များမှ ကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာ ၂၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) စျေးနှုန်းမှာ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်)စျေးနှုန်းမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ လျှင် ၈၀၀၀ ကျပ်‌ဖြင့် ယခု အောက်တိုဘာလ ဒုတိယအပတ်အတွင်း ရောင်းချလျက်ရှိပြီး ရောင်းအား သွက်လျက်ရှိသော်လည်း စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA (တနင်္သာရီ)

မင်းလှမြို့နယ်ရှိအခြေခံစားကုန်ဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အောက်တိုဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်များဖြစ်သော ဧည့်မထဆန်တစ်ပြည်လျှင်  ၂၅၀၀ ကျပ်၊ ကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင် ၂၂၀၀ ကျပ်၊(အလတ်) တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊(အသေး) တစ်ပိဿာလျှင် ၁၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊ မြန်မာ ကြက်သွန်ဖြူ (တစ်ပိဿာ)လျှင် ၆၀၀၀ ကျပ်၊ ဂျင်း(တစ်ပိဿာ)လျှင် ၄၅၀၀ ကျပ်၊သကြား (တစ်ပိဿာ)လျှင် ၄၉၀၀ကျပ်၊ကုလားပဲ(တစ်ပိဿာ)လျှင် ၆၄၀၀ ကျပ်၊မြေပဲဆံ(တစ်ပိဿာ)လျှင် ၈၅၀၀ ကျပ်၊ငရုတ်သီးခြောက်(တစ်ပိဿာ)လျှင်၁၁၀၀၀ ကျပ်၊အာလူး(တစ်ပိဿာ)လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၁၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

မင်းလှမြို့ရှိ ပဲဈေးကွက်အခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ၁၀၀၀၀၀ ကျပ်ရှိခဲ့ပြီး၊အောက်တိုဘာလ ပထမ  ပတ်တွင် မတ်ပဲ၂၀ပိဿာတစ်တင်းကို ၉၀၀၀၀ ကျပ် ရှိခဲ့သဖြင့်  ဈေးအနည်းငယ်သာ ကျဆင်း ခဲ့ပါကြောင်း၊ ပဲယင်း ၂၀ပိဿာတစ်တင်းကို ၇၇၂၇၀ ကျပ်၊ပဲငပိ ၂၀ ပိဿာ တစ်တင်းကို ၉၀၀၀ ကျပ်၊ စားတော်ပဲတစ်ပိဿာကို ၁၃၀၀၀ ကျပ်၊ပဲဖြူလေးတစ်ပြည်ကို ၈၀၀၀ ကျပ်၊ ကုလားပဲတစ်ပြည်ကို ၈၅၀၀ ကျပ်၊ဘိုကိတ်တစ်ပြည်ကို ၈၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါနေကြောင်းပဲ အရောင်း အဝယ်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

မြောင်းမြမြို့တွင်း အရောင်းအဝယ် ဖြစ်နေသောကွမ်းသီးဈေးကွက်

          ဧရာဝတီတိုင်းဒေသကြီးတွင် ကွမ်းသီးစိုက်ဧက (၂၁၈၆၂) ရှိပြီး မြောင်းမြမြို့တွင် စိုက်ဧက (၃၅၆၉) စိုက်ပျိုးလျှက်ရှိရာ ပြည်တွင်းပြည်ပဈေးကွက်တွင် ကွမ်းသီးအနုထွက်ရှိချိန် မတ်လမှ ဩဂုတ်လအတွင်း ကွမ်းသီးအနု (အရည်သောက်)များကို ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိပြီး ကွမ်းသီးအရင့်များကို ဒေသတွင်းစားသုံးရန် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှ သိရသည်။

          မြောင်းမြဈေးကွက်တွင် ယခင်နှစ် ပြည်ပသို့ တင်ပို့သော ကွမ်းသီးအနုအရည်သောက် တစ်ပိဿာကျပ် ၃၃၀၀ ဈေးရှိပြီး ယခုနှစ်ကွမ်းသီးအနု အရည်သောက် တစ်ပိဿာကျပ် ၁၀၆၀၀ဈေးရရှိသည့်အတွက် ယခင်နှစ်ကာလတူ ဈေးနှုန်းဖြင့်နှိုင်းယှဉ်ပါက တစ်ပိဿာကျပ် ၇၃၀၀ ဈေးနှုန်းပိုမိုရရှိပြီး ကွမ်းသီးအရင့်ဈေးနှုန်းမှာ ယခင်နှစ်တစ်ပိဿာကျပ် ၆၀၀၀ ဈေးရရှိ၍ ယခုနှစ်တစ်ပိဿာကျပ် ၁၀၀၀၀ ဈေး ရရှိသည့်အတွက် ယခင်နှစ်နှင့်ကာလတူ နှိုင်းယှဉ်ပါက ကွမ်းသီးအရင့်တစ်ပိဿာ ကျပ် ၄၀၀၀ ဈေးပို၍ ရရှိပြီး ကွမ်းသီးစိုက်ပျိုးသော တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မင်းလှမြို့နယ်ရှိ ကြက်ဥ/ဘဲဥဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း အောက်တိုဘာလ ဒုတိယပတ် တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီရောင်းဝယ်နေသော ကြက်ဥ/ ဘဲဥဈေးနှုန်း များမှာ ကြက်ဥ (ကြီး)တစ်လုံးလျှင် (၅၀၀)ကျပ်၊အလတ်တစ်လုံးလျှင် (၄၅၀) ကျပ်၊အသေး  တစ်လုံး လျှင် (၄၂၀) ကျပ် တို့ဖြင့်အရောင်းဝယ်ဖြစ်လျက်ရှိနေပါသည်။

          ဘဲဥဈေးနှုန်းများမှာ(ကြီး) တစ်လုံးလျှင် ၆၀၀ ကျပ်၊အလတ်တစ်လုံးလျှင် ၅၅၀ ကျပ်၊အသေး တစ်လုံးလျှင် ၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။မိုးတွင်းရာသီတွင် ငါးများလှိုင်လှိုင်ပေါ်လာပြီ ဖြစ်သဖြင့် တစ်နေ့ရောင်းအား  အလုံးရေ ၂၀၀၀ လုံးမှ ၂၅၀၀ လုံးထိ ရောင်းချရပါကြောင်း ကြက်ဥ/ဘဲဥရောင်းချသူ လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးရေးထွက်ကုန် ငရုပ်သီးဈေးကွက်

          ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၏ မြေဩဇာကောင်းမွန်သော နှုန်းမြေ ပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံတွင် မပါမဖြစ် သုံးစွဲနေသော ငရုပ်သီးကို ပြည်ပသို့ တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန် နှစ်စဉ် မိုးရာသီနှင့် ဆောင်း ရာသီတို့တွင် စိုက်ဧက (၁၂၀၀၀) ၀န်းကျင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ညောင်တုန်းမြို့ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ငရုပ်သီးဈေးနှုန်းမှာ ယခင်နှစ် (၁) ပိဿာလျှင် ကျပ် (၄၀၀၀/၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသော်လည်း ယခုနှစ် ငရုပ်သီးဈေးနှုန်းမှာ (၁) ပိဿာလျှင် ကျပ် (၇၀၀၀) ဝန်းကျင်ဈေး ရရှိသည့်အတွက် ငရုပ်စိုက်ပျိုးသောတောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း ငရုပ် (၁) ပိဿာ ဈေးနှုန်းမှာ ယခင်နှစ်နှင့်ယခုနှစ် ကာလတူနှိုင်းယှဉ်ပါက (၁) ပိဿာလျှင် ကျပ် (၂၀၀၀/၃၀၀၀) ၀န်းကျင် ပိုမိုရရှိကြောင်း ငရုပ်သီးဈေးကွက်မှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း