Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကောင်းနေသော ပြည်ပဲပုစွန်

    ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊  ဇီးဖြူကုန်း၊ ထန်းပေါက်၊ ငါးရွာအုပ်စုနှင့် ဇီးတော စသည့်ကျေးရွာများတွင် ပဲပုစွန်ကို အများဆုံးစိုက်ပျိုးပြီး နှစ်စဉ် ဝင်ငွေများရလျက်ရှိကြောင်း ဇီးတောရွာမှ တောင်သူ ဦးသန်းထွန်းထံမှသိရှိရပါသည်။

     ပဲပုစွန် (ခ) နွေပဲသီးကို လူတိုင်း နှစ်ကြိုက်စွာစားသုံးလေ့ရှိပြီး နူးညံ့သောပဲတစ်မျိုးဖြစ်သည့် ပဲသီးအနုများကို အရည်သောက်ရေနွေးဖျော၍ ပြုတ်စား၊ သုပ်စား၊ ကြော်စားလေ့ရှိကြပါသည်။ အိမ်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးပါကလည်း လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းသည့် စင်ထောင်၍သော်လည်းကောင်း၊ ခြံစည်းရိုးများတွင် ကပ်၍သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။

     ပဲပုစွန်သီးကို ရာသီမရွေးစိုက်ပျိုးနိုင်သော်လည်း မိုးရာသီကုန်ဆုံးသောအချိန် သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့မှာ စိုက်ပျိုးရန်အတွက် ပို၍ကောင်းသောအချိန်ဖြစ်ပါသည်။ ဆောင်းရာသီတွင် စိုက်ပျိုးသောအပင်များမှာ ရက်ပေါင်း(၄၀)အကြာတွင် အသီးစတင်သီးပြီး (၄၅)ရက်ခန့်ဆက်တိုက်သီးသည့် နွေရာသီ၌ စိုက်ပျိုးသောအပင်မှာမူ တစ်ပတ်လျှင် (၅)ပိဿာခန့်ခူးဆွတ်နိုင်ကြောင်းသိရှိရပါသည်။

      ဈေးကွက်များအနေဖြင့် ပြည်မြို့နယ်အတွင်းရှိ ဈေးများအပြင် ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြသည်။ ဈေးနှုန်းများအနေဖြင့် ပဲပုစွန် (၁၀)ကျပ်သားလျှင် (၆၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ရာသီစာပဲပုစွန် (ခ) နွေပဲသီးများကိုစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကာ စီးပွားရေးအတွက် တွက်ခြေကိုက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၅.၁.၂၀၂၄ )

   ၅.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၅.၁.၂၀၂၄ )

    ၅.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ် ယခုနှစ်နှိုင်းယှဉ်ထားသော ပဲဈေးနှုန်း/ဈေးကွက်အခြေအနေ

     ပြည်ကုန်စည်ဒိုင်သည် ပြည်ခရိုင်၊ ပြည်မြို့တွင်ရှိသောကြောင့် အချက်အခြာကျသော မြို့တစ်မြို့ဖြစ်ပြီး ပဲအရောင်းအဝယ်လည်းကောင်းမွန်ကြောင်းသိရှိရပါသည်။ အရောင်းအဝယ်ဖြစ်နေသောပဲများမှာ မတ်ပဲ ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ် နှင့်စားတော်ပဲတို့ဖြစ်ပါသည်။

မတ်ပဲ

   ပြည်ကုန်စည်ဒိုင်၏ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် (၉၃၅၀၀-၉၄၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ် ၁၀၀/၁၀၀ခန့်ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၅၅၀၀၀-၅၆၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်၌ ပဲတစ်တင်းလျှင် (၃၈၅၀၀-၃၈၀၀၀) ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ်ဒီဇင်ဘာလ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၉၆၅၀၀ကျပ်၊ ယခင်နှစ် ယခုကဲ့သို့အချိန်မျိုးတွင် မတ်ပဲတစ်တင်းကို ၅၉၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ပဲတစ်တင်းကို ၃၇၅၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ်တွင် အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကို အိတ် (၁၅၀/၂၀၀) ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ 

ပဲတီစိမ်း

     ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၆၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၂၅၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ် (၅၀၀/ ၆၀၀) ခန့်အဝယ်ရှိပါသည်။ ယခုနှစ်တွင် ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းကို ၁၆၅၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၂၀၀၀ကျပ်ဖြင့် မန္တလေး၊ ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၅၀၀/၆၀၀) ခန့်ရှိခဲ့ပါသည်။ ယခင်နှစ် ယခုကဲ့သို့အချိန်တွင် ပဲတီစိမ်းတစ်တင်းကို ၄၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ်တွင် ပဲတီစိမ်းတစ်တင်းကို ၁၆၀၀၀ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ကုလားပဲ

      ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို (၉၃၀၀၀-၉၃၅၀၀) ကျပ် ဖြင့်တစ်ရက်ကို  မြို့တွင်းအဝယ် အိတ် (၃၀၀/၄၀၀) ခန့်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ၆၂၀၀၀ကျပ်ခန့်ရှိပြီး၊ ယခုနှစ်တွင် ကုလားပဲတစ်တင်းကို (၃၁၅၀၀-၃၂၀၀၀) ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ၉၄၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကို အိတ် (၄၀၀/၅၀၀) ခန့်ရှိခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ၆၄၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး ယခုနှစ်ကုလားပဲဟော်လန်ဈေးမှာ တစ်တင်းကို ၃၀၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။

ပဲကြီး

        ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၁၃၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ် (၂၅၀/၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင်  ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၇၀၀၀၀ကျပ်ခန့်ရှိပြီး ယခုနှစ်ပဲတစ်တင်းကို ၆၀၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၈၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ် (၄၀၀/၅၀၀)ခန့်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၇၀၀၀၀ကျပ်ဖြစ်ခဲ့ပြီး ယခုနှစ်၌ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၅၈၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။

စားတော်ပဲ

    ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀၀ခန့်ရှိပါသည်။ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို ၁၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀၀ခန့်ရှိပါသည်။ ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၌ ပဲတစ်တင်းကို ၈၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၁၂၀၀၀ကျပ်ရှိပြီး ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၅၀/၆၀) ခန့်ရှိခဲ့ပါသည်။ ပဲတစ်တင်းကို ၈၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။

ဘိုကိတ်

      ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၆၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၅၀/၁၀၀) ခန့်ရှိပါသည်။ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ်တွင် ပဲတစ်တင်းကို ၃၇၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့်  မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၅၀/၁၀၀) ခန့်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် ပဲတစ်တင်းကို ၃၂၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။

      ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်ဈေးနှုန်းနှင့် ယခုနှစ် ကာလတူအချိန် ပဲဈေးများကိုနှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်ပဲဈေးနှုန်းများမှာ ပိုမိုကောင်းမွန်ပြီး အရောင်းအဝယ်လည်းပိုကောင်းကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၁.၂၀၂၄ )

    ၅.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်ခရိုင်အတွင်းရှိ ကြံကြိတ်ဝါးထုတ်လုပ်နေမှုအခြေအနေ

    ပြည်ခရိုင်အတွင်း ကြံသီးနှံကို မြို့နယ်အားလုံး၌စိုက်ပျိုးကြပြီး ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် အများဆုံစိုက်ပျိုးလျက်ရှိရာ ယခင်နှစ်တွင် ကြံသီးနှံ(ခင်းသစ်) ၂၀၄၉၈ဧက၊ (လမိုင်း) ၇၃၄၀ဧက၊ စုစုပေါင်း (၂၇၈၃၈)ဧကစိုက်ပျိုးခဲ့ပြီး ပျမ်းမျှအထွက်နှုန်း (၂၃) တန်ထွက်ရှိခဲ့ပါသည်။ ယခုနှစ်တွင်မူ (ခင်းသစ်) ၂၀၉၀၅ဧက၊ (လမိုင်း) ၇၄၃၀ဧက၊ စုစုပေါင်း (၂၈၃၃၅) ဧကစိုက်ပျိုးခဲ့ရာ ပျမ်းမျှအထွက်နှုန်း (၂၉.၉၅)တန်ရှိကြောင်းသိရှိရပါသည်။

      ပြည်ခရိုင်တွင် ပြည်မြို့နယ်၊ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွသကြားဟူ၍ စက်(၂)စက်ရှိပါသည်။ ယခင်နှစ်တွင် သကြားစက်လုပ်ငန်းရှင်များအနေဖြင့် ကြံတစ်တန်လျှင် စက်အရောက်ဈေး ၇၅၀၀၀ကျပ်ဈေးပေး၍ ဝယ်ယူလျက်ရှိခဲ့ပါသည်။ ယခုနှစ်တွင်မူ စက်ရုံအရောက်ဈေးမှာ ကြံတစ်တန်လျှင် ၁၂၅၀၀၀ကျပ်ဖြင့် ဈေးကောင်းပေး၍ ဝယ်ယူလျက်ရှိပါသည်။ နဝဒေးသကြားစက်အနေဖြင့် ယခုနှစ်တွင် ကြံကြိတ်ဝါးရန် ကြံတန်ချိန် ၂၀၀၀၀၀တန်ခန့်ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန် ၁၄၀၀၀တန်ခန့်၊ အင်ငါးခွသကြားစက်အနေဖြင့် ၁၃၅၀၀၀တန်ခန့် ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန် ၁၀၈၀၀တန်ခန့်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

     ပြည်ခရိုင်အတွင်းရှိ ကြံစိုက်တောင်သူများအနေဖြင့် ခုတ်သိမ်းပြီးသောသကြားများကို သကြားစက်သို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိရာ သကြားစက်များအနေဖြင့် ယခင်နှစ်ထက် ဈေးမြှင့်ဝယ်ယူလျက်ရှိသောကြောင့် တောင်သူများအကျိုးအမြတ်ပိုမိုရရှိလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဝါမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့

   မြန်မာလူမျိုးများအနေဖြင့် အဓိကအရေးကြီးဆုံးဖြစ်သော စားဝတ်နေရေးဆိုပြီး အချက်သုံးချက်ရှိရာ ဝတ်ရေးသည် ဒုတိယအရေးကြီးဆုံးဖြစ်ပါသည်။ ရာသီဥတုမှာလည်း တစ်နှစ်နှင့် တစ်နှစ် ပို၍ပူပြင်းလာကြသောကြောင့် လူအများအနေဖြင့် အေး၍ပေါ့ပါးသော အဝတ်အထည် ဖြစ်သော ချည်ထည်များကိုသာ ရွေးချယ်၍ဝတ်ဆင်လာကြပါသည်။ ချည်ထည်များကို ဦးစားပေး ဝတ်ဆင်လာကြသဖြင့် အဓိကကုန်ကြမ်းဖြစ်သော ဝါသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးလာကြရာ ပြည်ခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧကမှာ ၁၂၈၉၃ ဧကရှိလာပါသည်။ ယခုအချိန်တွင် ဝါသီးနှံများ ထွက်ပေါ်လာပြီး ထွက်ရှိလာသောဝါသီးနှံများကို ဝါကြိတ်စက်ရုံများ မှဝယ်ယူကြသလို ရွာပွဲစားများမှလည်း ဝယ်ယူပြီး အောင်လံနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြပါသည်။ မန္တလေးမြို့တွင် ဝါသီးနှံမှ အဆင့်မြှင့်တင်၍ ချည်အဖြစ်ပြောင်းလဲထုတ်လုပ်ပြီး ပြန်လည်ဖြန့်ဖြူးရောင်းချကြပါသည်။ ပြည်ခရိုင်အနေဖြင့် ချည်ထည်လုပ်ငန်းလုပ်ကိုင်ခြင်းကို ရွှေတောင်မြို့နယ်တစ်ခုသာ လုပ်ကိုင်ကြောင်း သိရပါသည်။ ရွှေတောင်မြို့တွင် ယက္ကန်းစင်ပေါင်း များစွာရှိပြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ လက်ယက္ကန်းများနည်းလာပြီး စက်ယက္ကန်းများဖြင့် ယက်လုပ်ကြပါသည်။ ရွှေတောင်မြို့သည် စည်းလုံချည်လုပ်ငန်းဖြင့် နာမည်ကြီးပြီး ရွှေတောင်စည်း ဟူ၍လည်း လူသိများကြပါသည်။ ရွှေတောင်မြို့ရှိ စည်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မန္တလေးမြို့မှ ချည်များကိုဝယ်ယူ၍ ယက္ကန်းခတ်ကြပါသည်။ ထိုချည်များတွင် (၂/၈၀)ချည်နှင့် (၂/၁၀၀)ချည်ဟူ၍ရှိပြီး (၂/၈၀)စည်းမှာ ချည်ရိုးရိုးဖြစ်၍ (၂/၁၀၀)ချည်မှာ ချည်ပြောင်အမျိုးအစား ဖြစ်ပါသည်။ ချည်ထည်ခြင်းတူသော်လည်း (၂/၁၀၀)ချည်မှာ ပွဲတိုးသောအမျိုးအစားဖြစ်၍ ဈေးလည်းပိုများကြောင်း သိရပါသည်။

    မြန်မာအမျိုးသမီးများအနေဖြင့် ရွှေတောင်စည်းမှာ ဝတ်ဆင်ရတာ ပေါ့ပါးအေးမြပြီး ရာသီဥတုနှင့် လည်းကိုက်ညီ၍ ဝယ်ယူဝတ်ဆင်ကြပါသည်။

  ပထမကုန်ကြမ်းဖြစ်သော ဝါသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လုပ်ကိုင်နိုင်သဖြင့် တန်ဖိုးရှိသောထုတ်ကုန်များရရှိနိုင်မည်ဖြစ်ပါသည်။ ဝါသီးနှံဈေးမှာ တစ်ပိဿာလျှင် ၂၈၀၀ကျပ် ရရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန် ရွှေတောင်စည်းကိုထုတ်လုပ်လျှင် ရိုးရိုးစည်လုံချည်ဝမ်းဆက်တစ်စုံလျှင် ၂၂၀၀၀ ကျပ်၊ ပွဲတက် (၂/၁၀၀)စည်း ဝမ်းဆက်တစ်စုံလျှင် ၂၉၀၀၀ကျပ်အထိ ဈေးကောင်းရသဖြင့် ဝါဂွမ်းမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချနိုင်လျှင် အကျိုးအမြတ် များပိုမိုရရှိနိုင်ကြောင်း သိရပါသည်။ နိုင်ငံတော်အနေဖြင့်လည်း MSMEs လုပ်ငန်းများဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အားပေးကူညီလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်တက်ထုတ်လုပ်လာမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အကျိုးရှိနိုင်သလို နိုင်ငံတော်အနေဖြင့်လည်း MSMEs လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာပြီး နိုင်ငံခြား ဝင်ငွေများလည်း ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ဝါမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့ ဆိုသောသတင်းကို ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့နယ်ရှိ ဆက်လက်မြင့်တက်လာသော ဆန်စပါးဈေးနှုန်း

   မိုးစပါးအသစ်ဈေးအနေဖြင့် ကရင်မစပါးဈေးနှုန်းမှာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ၄၆ပေါင်ပါ တင်း၁၀၀လျှင် ၁၇၀၀၀၀၀ကျပ်သာရှိခဲ့ပြီး ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ၄၆ပေါင်ပါ တင်း၁၀၀လျှင် ၁၈၅၀၀၀၀ကျပ်၊ ကရင်မဆန်ဈေးနှုန်းမှာမူ ၆၀၀၀၀ကျပ်မှ (၆၈၀၀၀-၇၀၀၀၀) ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့ပြီး မှော်ဘီစပါးဈေးမှာ စပါးကောင်းသည့်အတွက် ဈေးကောင်းရနေပါသည်။ ယခင်တွင် မှော်ဘီစပါးဈေးနှုန်းမှာ ၁၉၀၀၀၀၀ကျပ်၊ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ၁၉၃၀၀၀၀ကျပ်နှင့် မှော်ဘီဆန်တစ်အိတ်လျှင် ၆၉၀၀၀ကျပ်မှာ ဆန်အသစ်ဈေးနှုန်းဖြစ်ပါသည်။

    ဧည့်မထအုပ်စုစပါးဈေးနှုန်းများမှာ အရောင်းအဝယ်မရှိတော့ဘဲ ယခုအခါတွင် စပါးကြီး (ခေါ်)  သက်ရင့်စပါးများဖြစ်သည့် မှော်ဘီ၊ ကရင်မစပါးများသာ အရောင်းအဝယ်ရှိနေပါသည်။ ဈေးကွက်အတွင်း၌ ဆန်အသစ်များသာအရောင်းအဝယ်ရှိနေပြီး  ဆန်သစ်ဆင်းသွယ်တစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ ရတနာတိုးတစ်အိတ်လျှင် ၆၇၀၀၀ကျပ်၊ မနောသုခတစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ ရိုးနီရှယ်တစ်အိတ်လျှင် ၉၀၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်ရှိနေပြီး ဆန်ကွဲကြီး Extra တစ်အိတ်လျှင် ၅၀၀၀၀ကျပ်၊ ဆန်ကွဲ 2.3.4 တစ်အိတ်လျှင် ၄၈၀၀၀ကျပ်၊ ဆန်ကွဲတစ်အိတ်လျှင် ၄၉၀၀၀ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် ၂၆၀ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိနေပါသည်။

    ပေါ်ဆန်းဆန်ဈေးနှုန်းမှာ ပုသိမ်ပေါ်ဆန်းဆန်အသစ်တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ရှိနေပြီး ဈေးကွက်အတွင်းရောင်းချနေသော ပေါ်ဆန်းဆန်များမှာ ပြည်ခရိုင်အတွင်း အနည်းငယ်သာစိုက်ပျိုးကြသည့် ပေါ်ဆန်းဆန်များပင်ဖြစ်ပါသည်။

   ပြည်မှရန်ကုန်သို့ ဆန်တင်ပို့ရောင်းချမှုမှာ ရက်သတ္တပတ်(၇)ရက်အတွင်း အိတ်၁၄၀၀ခန့်တင်ပို့ရောင်းချမှုရှိပြီး တောင်သူများနေဖြင့် ယခု (၂၀၂၃-၂၀၂၄) ခုနှစ်တွင် တစ်ဧကလျှင် ၇၅၀၀၀၀ကျပ်သာကုန်ကျသည့်အတွက် စပါးဈေးနှုန်းကြီးမြင့်ခြင်းကြောင့် အကျိုးအမြတ်များပိုမိုရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

အသီးအရွက်ဈေးကွက်မှာ ရာသီစာ ကုလားပဲရွက် ဈေးကောင်းလျက်ရှိခဲ့

     ပြည်ပဲဈေးကွက်အတွင်း ပဲမျိုးစုံနေ့စဉ်ရောင်းဝယ်မှုဖြစ်နေပြီး ကုလားပဲသီးနှံသည်လည်း ပဲအဟောင်း လက်ကျန်များဖြင့် ဒေသတွင်း ပဲခွဲစက်သမားများ ပုံမှန်ဝယ်ယူလျက်ရှိခဲ့ကြသလို ကုလားပဲရွက်များလည်း ဟင်းသီးဟင်းရွက် ဈေးကွက်အတွင်း ရောင်းချနေကြသည်ကို တွေ့ရပါသည်။ ကုလားပဲရွက်အား အရည်သောက်ချက်၍ တစ်မျိုးကြော်၍ တစ်ဖုံချက်ပြုတ်စားသောက်ရသည့်အတွက် ယခုကာလ ရာသီစာအဖြစ် အိမ်ရှင်မများ ဝယ်ယူချက်ပြုတ်စားသောက်ကြကြောင်း သိရပါသည်။ ကုလားပဲရွက် တစ်ဆယ်ကျပ်သားလျှင်  ၁၀၀၀ ကျပ်ဖြင့် ရောင်းချကြသည့်အတွက် ကုလားပဲရွက် တစ်ပိဿာ ၁၀၀၀၀ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်းသိရပါသည်။ ဒါကြောင့် ကုလားပဲသီးနှံသည် ပဲသီးနှံသာမက အရွက်ကပါ ဈေးကောင်းရနေသည့်အတွက် အချို့တောင်သူများကလည်း ခေါင်ညွန့် အရွက်များအား ခူးယူရောင်းချကြရသောကြောင့် ပဲအပင်ကတည်းကပင် ဝင်ငွေရနေသော သီးနှံပင် အမျိုးအစားဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း