Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထောပတ်သီးအကြောင်းသိကောင်းစရာ

ထောပတ်သီးပင်သည် နှစ်ရှည်ပင်အမျိုးအစား အပင်ကြီးမျိုးဖြစ်၍ စိုက်ပျိုးပြီး သုံးနှစ်ကြာမှ အသီးများစတင်သီးကြောင်း၊  မြန်မာနိုင်ငံတွင် ထောပတ်သီးကို              ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)   မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်အဓိက စိုက်ပျိုးထွက်ရှိကြောင်းသိရှိရသည်။ ထောပတ်သီးများထွက်ပေါ်ချိန်မှာ အောက်တိုဘာလမှ ဇန်န ဝါရီလ  အထိဖြစ်ပြီး၊ မျိုးကွဲများအနေဖြင့် ဟာစ်(Hass)၊ဘေးကွန်(Bacon)၊ ဖွတ်(Fuerte)၊ လမ် (Lamb Hass) စသည့်တို့ဖြစ်ကြောင်း၊ ထောပတ်သီးအခွံသည် အစိမ်းရင့်ရောင်ရှိပြီး အဆီဓာတ် ပိုများ၍ ဖောလစ်အက်ဆစ်၊ပိုတက်ဆီယမ်၊အမျှင်ဓာတ်၊များနှင့် Omega-3 ဓာတ် များပါဝင်ပြီး၊ သွေးပေါင်ချိန်ထိန်းချုပ်ရန်၊ ဝမ်းချုပ်မှုမှကာကွယ်ရန်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်ကာကင်ဆာနှင့် အဆစ်အမြစ်ရောင်ရမ်းမှုကို ကာကွယ်ပေးကြောင်း၊ ဗီတာမင်အီးကြွယ်ဝ သောကြောင့် အသားအရေကြည်လင်ပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်ကြောင်း၊ အာရုံကြော လုပ်ဆောင်မှုနှင့် သွေးကြောများကျန်းမာခြင်းကို အထောက်အကူပြုကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝ သောကြောင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေး၍ ထောပတ်သီးတွင် အာဟာရဓာတ်များစွာပါဝင် ကြောင်းလေ့လာဖတ်ရှု့ရသည်။ ထောပတ်သီးဝယ်ယူလျှင် အညှာအောက်အစိမ်းရောင်ရှိပါက မှည့်ရန်အသီးဖြစ်ပြီးရွေးချယ်ဝယ်ယူသင့်ကြောင်း၊ အသီးကိုလက်ဖဝါးပေါ်တင်၍ ကိုင်ဆကြည့်ပါက အလေးချိန်ပါလျှင် ၎င်းထောပတ်သီးကို ရွေးချယ်ဝယ်ယူသင့်ကြောင်းသိရှိရပြီး၊ မြင်းခြံမြို့၊‌ အေးမြသီတာဈေးတွင် ရောင်းချနေသောထောပတ်သီးတစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ်ခန့် ပေါက် ဈေးများဖြင့်ရောင်းချကြောင်း သိရှိရသည်။  

DOCA(မန္တလေး)

                   

ညောင်တုန်းမြို့နယ်၏ သိုလှောင်ရုံမှတ်ပုံတင် လုပ်ငန်းများ၏ စက်တင်ဘာလ စပါး/ဆန် လက်ကျန်အခြေအနေများ

   မအူပင်ခရိုင်၊‌ ညောင်တုန်းမြို့နယ်တွင် သိုလှောင်ရုံ မှတ်ိပုံတင်ပြီး လုပ်ငန်း ၇၄ခုရှိပြီး သက်တမ်းတိုးလုပ်ငန်းများကို တစ်နှစ်ပြည်မီသူလုပ်ငန်းရှင်များ သက်တမ်းတိုးဆောင်ရွက်လျက်ရှိသည်။ ၁၀-၁၀-၂၀၂၅ ရက်နေ့ မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ညောင်တုန်းမြို့နယ်မှ ကွင်းဆင်း၍ စပါးဆန် လက်ကျန်စားရင်းများကို အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး တင်ပြလာသော စာရင်းများအရသိရသည်။

   ညောင်တုန်းမြို့နယ် အနေဖြင့် ဆန်တန်ချိန် (၂၅) (၅၀၀ အိတ်) နှင့်စပါးတင်း (၂၅၀၀) အထက်သိုလှောင်မှုပမာဏကို မှတ်ပုံတင်မည့်ရမည်ဖြစ်သဖြင့် Myanmar Rice Online (MyRO) Website တွင် ဆန်စပါးသိုလှောင်ရုံများ စတင်မှတ်ပုံတင်လျက်ရှိ သက်တမ်းပြည်မီသူ လုပ်ငန်းရှင်များကလည်း သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သလို လစဉ် လဆန်း ၇ရက်အတွင်း သိုလှောင်ရုံများမှ စပါး၊ ဆန် လက်ကျန်စာရင် များကိုလည်း လုပ်ငန်းများကိုယ်တိုင် My Ro စာရင်းရေးသွင်းဆောင်ရွက်နိုင်ရန် မြို့နယ်ဦးစီးမှူးရုံးမှ ကြပ်မတ်ဆောင်ရွက်လျက် ရှိပြီး အောက်တိုဘာလများထဲတွင် မြေပြင်အမှန်တကယ်သိုလှောင်မှု အခြေအနေများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စာရင်းများအရ စပါးအနေဖြင့် တောင်သူ ၈၀၈၉၈၂ တင်း၊ စက်ပိုင် ၅၇၇၈၉၄တင်း၊ ကုန်သည် ၁၄၀၀၀တင်း နှင့် ဆန်တောင်သူ ၉၈၀၀ အိတ်၊ စက်ပိုင် ၆၆၇၄၉၄အိတ်၊ ကုန်သည် ၄၁၉၅ အိတ် ရှိကြောင်း သိရပြီး စက်တင်ဘာလကုန် နောက်ဆုံးစာရင်း မြေပြင်ကွင်းဆင်းမှု အရသိရသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက် ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော  ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဂေါ်ရခါးသီး တစ်လုံးလျှင်(၈၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀/၃၅၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်)တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၂၀၀) ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာ(၁၂၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၁၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၃၈၀၀)ကျပ်၊ ကြက်ဟင်းခါးသီး  ထိုင်ဝမ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင်(၁၅၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင် (၇၀၀/၈၀၀/၅၀၀)ကျပ်၊ မုံညှင်းထုတ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မယ်ဇလီဖူး နို့ဆီ(၁)ဘူးလျှင်(၄၀၀)ကျပ်၊ခရမ်းသီး တစ်ပိဿာလျှင်(၃၈၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာ လျှင်(၂၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည်(၅)တောင့်ပါ တစ်စည်းလျှင်(၃၀၀)ကျပ်၊ မျှစ်စိမ်း တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၆၀၀၀) ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၈၀၀၀)ကျပ်၊ ရိုးရိုးဗမာပြောင်းဖူး တစ်ဖူးလျှင် (၂၅၀/၃၀၀) ကျပ်နှင့် ဘိုစားပဲသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

လူကြိုက်များ၍ အရောင်းသွက်သည့် အာဆီယံသပြေပန်းပျိုးပင်ဈေးနှုန်း

      ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော အာဆီယံသပြေပန်းပျိုးပင်များကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ သပြေပန်းသည် မြန်မာလူမျိုးတို့ ဘုရားပန်း၊ နတ်ပန်းများနှင့် အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် မပါမဖြစ် အသုံးပြုကြသောပန်းဖြစ်ပါသည်။ အာဆီယံသ ပြေပန်းပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မြန်မာလူမျိုးတိုင်း ကြိုက်နှစ်သက်သည့် အပင်မျိုးဖြစ်ပါသည်။ အာဆီယံသပြေ၏ အညွှန့်လေးတွေသည် ရဲရဲတောက်အောင်လှပပါသည်။ အာဆီယံ  သပြေပန်းပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ဥယျာဉ်၊ ဘုရားကျောင်းကန်များတွင် အလှစိုက်ပျိုးရန်နှင့် အာဆီယံသပြေပန်းပင်များကို မိသားစု တစ်နိုင်တစ်ပိုင် ဘုရားပန်းအဖြစ် စိုက်ပျိုးရောင်းချသူများမှ အများဆုံး လာရောက်ဝယ်ယူကြကြောင်း၊ အာဆီယံသပြေပန်းပျိုးပင် တစ်ပင်လျှင် အရွယ်အစားပေါ်မူတည်၍ အသေး()ပင်လျှင်(၁၅၀၀)ကျပ်၊ အကြီး()ပင်လျှင် (၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းတိုးချဲ့မွေးမြူလာသည့် အဖိုးတန်ငှက်သိုက်ဈေးကွက်

        ဧရာဝတီတိုင်ဒေသကြီးအတွင်း ပင်လယ်ကမ်းခြေဒေသများဖြစ်သော ငွေဆောင်ပင်လယ် ကမ်းခြေဒေသများတွင် သဘာဝအလျောက်နေထိုင်ပြီး အများဆုံးတွေ့ရှိရသည့် ဇီဝဇိုးငှက်များမှ အသိုက်ကိုအန်ဖတ်ဖြင့် ပြုလုပ်၍ ဥ ဥကာ ငှက်ပေါက်ကလေးများအတောင်အလက်စုံပြီး အသိုက်ကိုစွန့်ခွာသွားချိန် ၎င်းအသိုက်ကို ခွာယူ၍ လူသားတို့ကျန်းမာရေးအတွက် ခွန်အားဖြည့် ဖြည့်စွက်စာအဖြစ် ငှက်သိုက်ကုန်ချောပြုလုပ်ကာ ဈေးကွက်တွင် ရောင်းချလျှက်ရှိကြောင်း သိရသည်။

          ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေဒေသများတွင် ဇီဝဇိုး ငှက်မွေးမြူသူလုပ်ငန်းရှင် (၁၄) ဦးရှိပြီး ယခုအခါဖျာပုံမြို့နယ် ၊ သလိပ်ကြီးကျေးရွာအုပ်စု၊ သလိပ်ကလေးကျေးရွာတွင်လည်း ၁၀၂၃ ခုနှစ်မှစ၍ ယခုအချိန်အထိ ဇီဝဇိုးငှက်မွေးမြူသူ (၂၀) ဦးခန့် တိုးချဲ့မွေးမြူလျှက်ရှိကြောင်းသိရပါသည်။

          ငှက်သိုက်သည် ပရိုတင်းဓာတ်ကြွယ်ဝ၍ အဟာရဓာတ်များစွာ ပါဝင်ပြီး သက်ကြီးရွယ် အိုများ နာတာရှည်ရောဂါရှိသူများ ၊လူမမာများ၊ အားကစားသမားများ ၊ အားအင်ကုန်ခမ်း နေသူများ၊ သွေးတိုးရောဂါ၊ဆီချိုရောဂါနှင့် အဆုတ်လူမမာများ အတွက် ကိုယ်ခံအားစနစ် အထူးကောင်းမွန်စေပါသည်။ ငှက်သိုက်ကုန်ချောများကို ပြည်တွင်းသုံးစွဲလျှက်ရှိသလို ပြည်ပ နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျှက်ရှိသည့်အတွင်း တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် တဖက်တလမ်းမှပါဝင်လျက်ရှိကြောင်းရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)

“အုန်းသီးအကြောင်းသိကောင်းစရာများ”

                                မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အလျှောက် စီးပွားရေးလုပ်ငန်း ရှင်များသည် ယခုအခါရေရှည်၊ ရေတိုစီမံကိန်းများချမှတ်၍ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်လာကြသည်တွေ့ရှိရပြီးနှစ်ရှည်သီးပင်များဖြစ်သော အုန်းသီးပင်များကိုလည်း အလေးထား စိုက်ပျိုးလာကြပါသည်။ ဘက်စုံသုံး အုန်းသီးပင်ကို မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများအဖြစ် အောက်ပြည်အောက်ရွာ၌သာကမ အညာဒေသများမှာလည်း အုန်းသီးပင်များစိုက်ပျိုးထားသည်ကို တွေ့ရှိရကြောင်း၊  အုန်းသီးများကို အုန်းသီးအညှာတံပါသည့် ဆွဲအုန်း(ခေါ်)အုန်းစို(ခေါ်)အုန်းစိမ်းနှင့် အခွံများခွာထားသည့် အုန်းပေါက်ဟူ၍ နှစ်မျိုးခွဲခြား ရောင်းချရကြောင်း၊ အုန်းစိမ်းကို ဘုရားသာသနာပွဲများ၊ ရဟန်းသံဃာ ကန်တော့ပွဲများနှင့် သာရေး၊ နာရေးကန်တော့ပွဲများတွင်လည်းကောင်း၊ မိရိုးဖလာအိမ်တွင်းနတ်စင်များတွင် နတ်အုန်းအဖြစ် လည်းကောင်း ဝယ်ယူသုံးစွဲကြပြီး အုန်းပေါက်ကိုမူ အုန်းသီးဆံခြစ်၍ မြန်မာ့ရိုးရာမုန့်များတွင် ထည့်သွင်းအသုံးပြုခြင်းများ၊ အုန်းနို့ထုတ်လုပ်ခြင်းများအတွက် ဝယ်ယူလေ့ရှိကြောင်း၊ အုန်းသီး ဈေးနှုန်းများအနေဖြင့် အုန်းစိမ်းတစ်လုံးလျှင် (၃၅၀၀/-) ကျပ်မှ (၄၅၀၀/-)ကျပ်အထိ ရှိပြီး အုန်းပေါက်တစ်လုံးလျှင် (၂၀၀၀/-)ကျပ်မှ (၃၀၀၀/-)ကျပ်အထိ ရောင်းချလျက်ရှိကြောင်းနှင့် အုန်းသီးအရွယ်အစားအလိုက် (၅၀၀/-)ကျပ်မှ  (၁၀၀၀/-)ကျပ်အထိ  ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ အုန်းရည်တွင် အမိုင်နိုအက်ဆစ်၊ အင်ဇိုင်း၊ သံဓာတ်၊ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ် များပါဝင်နေသဖြင့် ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်တင်းပေးခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေ ခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ သွေးဖိအားကိုထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ ပေးခြင်း၊ ကျောက်ကပ်ကိုကျန်းမာစေခြင်း၊ ဆံပင်ကိုအားဖြည့် ပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိကြောင်း၊ အုန်းသီးနုနု၏ အုန်းရည်သည် ပိုတက်စီယမ်၊ ဆိုဒီယမ်နှင့် ဂလူးကို့စ်ဓာတ်များ ပြည့်ဝစွာပါဝင်သည့်အတွက် အားကစားသမားများနှင့် လေ့ကျင့်ခန်းပြုလုပ်ပြီးသူများ သောက်သုံးပါက ရေဓာတ်ကို လျှင်မြန်စွာဖြည့်ဆည်းပေးနိုင်သဖြင့် အားအင်ပြန်လည်ပြည့်ဖြိုး လန်းဆန်းစေကြောင်း၊ အုန်းဆီသည် အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးနိုင်ရုံသာမက ရောဂါပိုးမွှားများကိုလည်း သေစေနိုင်ပြီး ဆံပင်နှင့်ဦးရေပြားကို အားဖြည့်ပေးနိုင်ကြောင်း၊ အုန်းသီးမှ ရရှိသော အုန်းမှုတ်ခွက်မှ အုန်းခြေနင်းများ၊ အုန်းမှုတ်ခွက် သောက်ရေခွက်များ၊ အုန်းမှုတ်ခွက် ပန်ကန်လုံးများပြုလုပ်၍ မြန်မာမှုလက်ရာများကို တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုး ပြုလုပ်၍ နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“သြဇာသီးများစျေးနှုန်းအနည်းငယ်ကျဆင်း”

                မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးတို့တွင်  ရာသီစာအသီးအနှံများကို  စိုက်ပျိုးရောင်းချလျက်ရှိရာ  ယခုအခါ  ပုပ္ပါးဒေသမှ ဩဇာသီးများလှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ သြဇာသီးကို အိန္ဒိယလူမျိုးတွေက အစိမ်းစားသည့် အပြင် ကိတ်မုန့်တွေ မုန့်အချို တွေလုပ်စားကြကြောင်း၊ ကျောက်ဆည် ဈေးကွက်အတွင်းသို့ သြဂုတ်လတွင် စတင် ဝင်ရောက်လျက်ရှိပြီး  သြဇာသီးစျေးနှုန်းအနေဖြင့် စက်တင်ဘာလ ပထမအပတ်တွင် အကြီးတစ်လုံး လျှင် (၁၃၀၀/-)၊ အလတ်တစ်လုံးလျှင်(၁၀၀၀/-)ကျပ်၊ အသေးတစ်လုံးလျှင်(၈၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ပထမပတ်၊ ဒုတိယပတ်။တတိယပတ်များတွင် စျေးနှုန်းတည်ငြိမ်ခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးအပတ်တွင် အကြီးတစ်လုံးလျှင် (၇၀၀/-)ကျပ်၊ အလတ်တစ်လုံးလျှင် (၅၀၀/- ကျပ်၊ အသေးတစ်လုံးလျှင်(၃၀၀/-) ကျပ် စျေးနှုန်းများဖြင့် ‌ရောင်းချလျှက်ရှိပြီး သြဇာသီး များလှိုင်လှိုင် ဝင်ရောက်လျက်ရှိသောကြောင့် စျေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်းသိရှိရပါ သည်။

DOCA(မန္တလေး)

“မိသားစုအပိုဝင်ငွေရရှိဖို့ သပေါ့ဖျာ ယက်လုပ်စို့”

                 ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အင်းရောင်းကျေးရွာအုပ်စု၊ ဆင်ဦးကျေးရွာရှိ ကျေးရွာသူ/သား အများစုသည် မိသားစုအပိုဝင်ငွေရရှိအောင် သပေါ့ဖျာယက်လုပ်သည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။ ယခင် သပေါ့ဖျာယက်လုပ်သည့် လုပ်ငန်းကို လူအနည်းစုသာလုပ်ကိုင်ကြပြီး ယခုအခါ အိမ်တိုင်းလိုလိုယက်လုပ်ပြီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သပေါ့ဖျာယက်လုပ်မည်ဆိုပါက ပထမဦးစွာ ဆက်သွားပင်မှ ဆက်သယားလက်ကို ခုတ်ယူ၍ ဘေးမှဆူးများဖယ်ရှားပြီး နေလှန်းရကြောင်း၊ ခြောက်သွေ့သွားသော ဆက်သွားလက် များကို အရွယ်အစားတူ ရွေးချယ်ပြီး ဖျာတစ်ချပ်စာ အထုံးများထုံးကာရေစိမ်ပြီး အခွေလေးများ ခွေရကြောင်း၊ ခွေပြီးသားအခွေများကို ဖျာယက်လုပ်ရန်အတွက် သင့်တော်သောဆိုဒ်များ ရရှိအောင် ခွဲခြမ်းစိပ်ဖြာပေးရပါသည်။ ဖျာအရောင်လှပစေရန်အတွက် ရောင်စုံဆိုးဆေးများ အသုံးပြုရကြောင်း၊ မိမိလိုချင်သော အရောင်ထည့်ကာဆက်သွားလက်များကို ရေနွေးပွက်ပွက်အိုးထဲတွင် ထည့်၍ပြုတ် ရကြောင်း၊ သို့မှသာ မိမိလိုချင်သော အရောင်အသွေးစုံလင် ဒီဇိုင်းလှသော သပေါ့ဖျာများ ရရှိမည် ဖြစ်ပါသည်။ တစ်ယောက်အိပ်ဖျာ တစ်ချပ်လျှင် အလျား(၅)ပေ အနံ(၃)ပေရှိပြီး၊ နှစ်ယောက်အိပ်ဖျာ တစ်ချပ်လျှင် အလျား (၆)ပေ၊ အနံ (၄)ပေဖြင့် ဆက်သွားလက်ပေါ်မူတည်၍ ဖျာအတိုအရှည်ခွဲ၍ ယက်လုပ်ကြကြောင်း၊ ဖျာဈေးနှုန်းအနေဖြင့် နှစ်ယောက်အိပ်ဖျာ တစ်ချပ်လျှင် (၁၅၀၀၀/-)ကျပ်၊ တစ်ယောက်အိပ်ဖျာ တစ်ချပ်လျှင် (၁၀၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးကြောင်းသိရှိရပါသည်။ သပေါ့ဖျာကို နှစ်ယောက်ယက်လုပ်မည်ဆိုပါက တစ်ရက်လျှင် (၅)ချပ်နှုန်း ယက်လုပ်နိုင်ပြီး မိသားစု တစ်ပိုင်တစ်နိုင် ဆယ့်နှစ်ရာသီ ယက်လုပ်ရသော လုပ်ငန်းဖြစ်သည့်အတွက် အခြေခံလူတန်းစား များအတွက် အပိုဝင်ငွေရရှိသော လုပ်ငန်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“နံနက်စာအတွက် တို့ဟူးဟင်းတစ်ခွက်”

              မြန်မာလူမျိုးများအနေဖြင့် တို့ဟူးအား ကြော်၍လည်းကောင်း၊ သုတ်စား၍လည်း အမျိုးမျိုး ပြုလုပ်စားသုံးကြပါသည်။ တို့ဟူးကို ကုလားပဲအား ကျိုချက်၍ပြုလုပ်ကြကြောင်း၊ ကုလားပဲ အစစ်မှုန့် (၂၅)ကျပ်သားကြိုလျှင် ရေ နို့ဆီဗူး (၆)ဗူးထည့်၍ မနားတိုင်းမွှေပေးရပြီး အိမ်မြှောင် အမြီးတန်းလာ လျှင် ဆီသုတ်ထားသည့် ဗန်းထဲသို့ ကြိုထားသော တို့ဟူးများကို လောင်းထည့်ပေးရကြောင်း၊ အချိန်(၂) နာရီခန့် အအေးခံထားလျှင် တို့ဟူးစားသုံးရန် အသင့်အနေအထားသို့ ရောက်ရှိပါကြောင်း၊ ကုလားပဲ (၂၅)ကျပ်သားကြိုလျှင် တို့ဟူး (၇၅)ကျပ်သားခန့် ရရှိကြောင်း၊ တို့ဟူးကို သူ့ချည်း သက်သက် တစ်မျိုးတည်း သုပ်စားနိုင်သလို မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲ၊ ကြာဇံ၊ သင်္ဘောသီး၊ ပဲပြားကြော်တို့နဲ့ အတူ အသုပ်စုံထဲမှာ ထည့်လို့လည်း သုပ်စားကြသလို ဟင်းချက်၍လည်း စားသုံးကြကြောင်း၊ တို့ဟူးမှာ ပရိုတိန်းဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ကြေးဓာတ်၊ သံဓာတ်၊ သွပ်ဓာတ်၊ ကယ်လိုရီဓာတ် စသည့် ဓာတ်ပစ္စည်းများပါဝင်သောကြောင့် တို့ဟူးစားသုံးခြင်းဖြင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးချိုရောဂါ၊ အသားအရည်လှပခြင်း၊ အဆီကျ ခြင်းစသည့် အကျိုးကျေးဇူးများရရှိ ကြောင်း၊ ဈေးကွက်အတွင်း တို့ဟူးတစ်ပိဿာလျှင် (၄၀၀၀/-) ကျပ်၊ တို့ဟူးခြောက် (၁၀)ကျပ်သားလျှင် (၁၅၀၀/-) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြေပဲမွကြော် ထုတ်လုပ်ရောင်းချမှု အခြေအနေ

  မအူပင်မြို့နယ်တွင် ‌ဒေသတွင်း အညာဒေသထွက် မြေပဲမွကြော်များ ရောင်းချလျက်ရှိသည်။ မြေပဲမွကြော် ကြွပ်ရွ၍ မာမာကြီးဖြစ်အနေပဲ စား၍ ကောင်းမွန်သော အညာဒေသလက်မှ မှာယူရောင်းချသည့် မြေပဲမွကြော် ဖြစ်သည်။ မြေပဲနှင့် ဆန်နှစ်ကို လုံး၍ ဆီဖြင့်ကြော်ထားသော မုန့်တစ်ခုဖြစ်ပြီး ရောင်းအားကောင်းသော အစားအစာတစ်ခုဖြစ်ကြောင်း သိရသည်။

ရောင်းချမှုအနေဖြင့် မြေပဲမွကြော် တစ်ထုတ်လျှင် ၃၀၀၀ ကျပ်ဖြင့် ‌ရောင်းချကြောင်း သိရသည်။ မြေပဲ မွကြော်ကို အညာဘက်မှ ပီနံအိတ်လိုက်မှာယူပြီး မအူပင်မြို့နယ်တွင် ပြန်လည်ထုတ်ပိုး၍ အချိန်ဖြင့် ရောင်းချကြောင်း၊ ၁ထုတ်လျှင် ၂၅ကျပ်သား ရှိပြီး ၅၀ကျပ်သား ၁ထုတ်လျှင် ၆၀၀၀ကျပ်၊ ၁ပိသာလျင် ၁၀၀၀၀ကျပ်ဖြင့် ရောင်းချပြီး ရောင်းအားကောင်း၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း