Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ဈေးဟောင်းရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့်အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျှက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ  ကုန်စိမ်းစျေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်တို့သည် အသားနှင့်တွဲဖက်၍ဖြစ်စေ၊  ငပိရည်နှင့် တို့စာရာ အဖြစ် တွဲဖက်၍လည်း စားသုံးလေ့ရှိပြီး ဟင်းသီးဟင်းရွက်များထဲမှ စျေးကောင်း ရရှိသော အသီးအနှံများ ဖြစ်ကြပါသည်။

        စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက် ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၅၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ထိ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းရှိ ဟင်းသီးဟင်းရွက်တန်းတွင် ရာသီပေါ် ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်များ  ရောင်းချလျက်ရှိကြောင်း သိရ သည်။ မြင်းခွာရွက်သည်  နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပါသည်။ ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင် မြင်းခွာရွက်များကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုတ်၍ စားသောက်ကြသလို ပြုတ်ပြီး ငပိရည်နှင့်တွဲဖက်၍လည်း အတို့မြှုပ် အဖြစ် စားသောက်ကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဈေးဟောင်း၌  ငရံ့ပတူရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၆၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မြင်းခွာရွက် (၁)ပုံ လျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းသွား‌ ကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးရှိ ခဝဲသီးနှင့် ကြောင်လျှာသီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီး များနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သာစည် ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ခဝဲသီးအား ခဝဲသီးဟင်းချိုအဖြစ် လည်း ချက်စား၍ရသလို ကြက်ဥနှင့် ကြော်စားပါက အလွန်အရသာရှိသော ဟင်းတစ်ခွက် ဖြစ်ပြီး၊ ကြောင်လျှာသီးမှာ မြေပဲဆံပဲမှုန့်တို့နှင့် သုပ်စားပါက ခံတွင်းမြိန်သော ဟင်းလျာ တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ခဝဲသီး ဈေးနှုန်းများမှာ လက်ကားတစ်ပိဿာလျှင် (၂၄၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၆၀၀/-)ကျပ်၊ ကြောင်လျှာသီးအကြီးတစ်တောင့်လျှင်(၁၀၀၀)ကျပ်၊ ကြောင်လျှာသီးအသေး တစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး စက်တင်ဘာလ နောက်ဆုံးပတ်တွင် ခဝဲသီး ဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၃၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၅၀၀/-) ကျပ်တို့ဖြင့်လည်းကောင်း၊  ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၉၀၀)ကျပ်၊ ကြောင်လျှာသီး အသေးတစ်တောင့်လျှင် (၅၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်း အနည်းငယ်ကျဆင်းသွား‌ကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီး များကို  မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၂၀၀)ကျပ်၊ ခဆော့သီးတစ် (၁) ဘူးလျှင် (၃၀၀)ကျပ်နှင့် ကင်းမုံသီး(၁)ပြည်လျှင် (၂၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လားရှိုးမြို့တွင် ရောင်းချနေသော ကြက်ဥနှင့်ဘဲဥဈေးနှုန်း

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေးတွင် ကြက်ဥနှင့်ဘဲဥများကို ဈေးကွက် အတွင်း ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ကြက်ဥနှင့်ဘဲဥများကို မန္တလေးမြို့နှင့်တောင်ကြီးမြို့မှ များမှ သယ်ယူရောင်းချသလို ဒေသထွက် ကြက်ဥနှင့် ဘဲဥများကိုလည်း ရောင်းချနေကြောင်း သိရှိရ ပါသည်။

          ကြက်ဥဈေးနှုန်းများမှာ  အသေး(၁)လုံးလျှင် (၃၀၀)ကျပ်မှ (၄၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၄၅၀)ကျပ်မှ (၅၀၀)ကျပ်၊ ဘဲဥဈေးနှုန်းမှာ (၁)လုံးလျှင်(၇၅၀)ကျပ်မှ (၈၀၀)ကျပ်ဖြင့် ရောင်းချ ကြကြောင်း ကြက်ဥနှင့်ဘဲဥရောင်းချ သူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့၊ မြို့မဈေးတွင် ရောင်းချနေသော ထောပတ်သီးဈေးနှုန်း

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးတွင် အသား/ငါးများ၊ သစ်သီးဝလံများ ၊ အသီးအရွက်များရောင်းချလျက်ရှိရာ ရာသီစာထောပတ်သီးများ ဈေးကွက်အတွင်းရောင်းချ နေကြောင်း တွေ့ရှိရပါသည်။ ထောပတ်သီးများကို တောင်ကြီး၊ အောင်ပန်း၊ ကလော စသည့်မြို့များ မှ သယ်ယူရောင်းချသလို ဒေသထွက်အသီးများကိုလည်း ရောင်းချနေကြောင်း သိရှိရပါသည်။

          ထောပတ်သီးဈေးနှုန်းများမှာ  အသေး(၁)လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်အထိရှိပြီး၊ အကြီး(၁)လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ ရောင်းချကြကြောင်း သိရှိရပါသည်။ Hass သီး  (1)kgလျှင် (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်အထိရှိပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ရှမ်း)

“အရောင်းသွက်နေသော မြန်မာ့ရိုးရာ ကောက်ညှင်းကျည်တောက်များ”

   ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီအပူဇော်ခံပွဲကို ၂၂-၉-၂၀၂၅ ရက်နေ့မှ ၉-၁၀-၂၀၂၅ ရက်နေ့အထိ အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီအပူဇော်ခံလျက်ရှိရာ ဘုရားဖူးလာသူများနှင့် စည်ကား လျက်ရှိပါသည်။       

          ဘုရားပွဲဈေးတွင် ဒေသခံများမှ မြန်မာ့ရိုးရာအစားအစာများ ရောင်းချလျက်ရှိရာ ကောက်ညှင်း ကျည်တောက်(သို့)ဝါးကျည်တောက်များ အရောင်းသွက်ကြောင်း သိရှိရပါသည်။ ကောက်ညှင်း ကျည်တောက်ကို ရိုးရိုး၊ အဆိမ့် နှင့် အချို စသည်ဖြင့် ပြုလုပ်ရောင်းချကြပါသည်။ “ရိုးရိုး” မှာ ကောက်ညှင်းသီးသန့် ပါဝင်ပြီး၊ “အဆိမ့်” မှာ ကောက်ညှင်းအပြင် အုန်းသီး၊ မြေပဲ နှင့် နှမ်းများ ပါဝင်ပါသည်။ “အချို” ကတော့ ကောက်ညှင်းမှုန့် နှင့် ကြံသကာတို့ကို ဝါးကျည်တောက်ထဲထည့်၍ ပေါင်းခံထားကြောင်း သိရှိရပါသည်။ အင်းလေးဖောင်တော်ဦးဘုရားပွဲဈေးများတွင် လည်းကောင်း၊  တောင်ကြီးတန်ဆောင်တိုင်ပွဲတွင်လည်းကောင်း ကောက်ညှင်းကျည်တောက်များအား ပွဲဈေးလမ်းဘေး ဝဲ၊ ယာ များတွင် ရောင်းချလျက်ရှိပါသည်။ ကောက်ညှင်း ကျည်တောက် ၁ ပိဿာလျှင် ၁၂၀၀၀/- ကျပ် မှ ၁၅၀၀၀/- ကျပ် ဈေးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

နွားထိုးကြီးမြို့နယ်၏ကွမ်းရွက်စိုက်ပျိုးထားရှိမှုစိုက်ဧကများနှင့် ကျဆင်းလာသောကွမ်းရွက်ဈေး

          နွားထိုးကြီးမြို့နယ်သည် ဥယျာဉ်ခြံမြေများ များစွာစိုက်ပျိုးလျက်ရှိရာ ကွမ်းခြံများကိုလည်း ကံနှောင်း၊ နနွင်းတော်ဘိုးရွာ၊ ကံရွာနှင့် လက်ဝဲ၊ မြင်းနီကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် နွားထိုးကြီးမြို့နယ်၏ ကွမ်းစိုက်ပျိုးဧက ၄၉၈ ဧကစိုက်ပျိုးထားကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းဇယားများအရသိရှိရသည်။ ကွမ်းပင်များကို ဝါဆိုလ(ဇွန်လ)တွင်စတင်စိုက်ပျိုးပြီး၊ စိုက်ပျိုးချိန်မှ (၃)လအကြာ စက်တင်ဘာလနောက်ဆုံးပတ်တွင် ကွမ်းရွက်များခူးဆွတ်နေပြီဖြစ်ကြောင်း၊ ကွမ်းခြံတစ်ခြံစိုက်ပျိုးထားလျှင် (၄-၅)နှစ်ခန့်အထိ ခူးဆွတ်ရောင်းချရကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်နောက်ဆုံးပတ်တွင် ကွမ်းရွက်တစ်ပိဿာလျှင် (၂၀၀၀-၅၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်‌ ရောင်းချလျက်ရှိကြောင်း၊ အရည်အသွေးအမျိုးအစားပေါ်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ ဈေးကွက်တွင် ကွမ်းယာစားသုံးမှုများပြားလာဖြင့် ကွမ်းရွက်ခြံများစီးပွားဖြစ် စိုက်ပျိုးမှုများပြားလာကြောင်း ယခုအချိန်တွင်မိုးရာသီကာလ ကွမ်းရွက်နုများထွက်ပေါ်ချိန်ဖြစ်သောကြောင့် ကွမ်းရွက်ဈေးများကျဆင်းနေကြောင်း၊ ကွမ်းယာစားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာစွာ စားသုံးရကြောင်း၊ ယခုလို ဈေးကျချိန်တွင်လည်း အရင်းမရှုံးသော ကွမ်းပင်များကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ထောပတ်သီးများ ဈေးကောင်းရရှိလျက်ရှိ

   ရှမ်းပြည်နယ်‌(တောင်ကြီး) မြို့တွင် ထောပတ်သီးများ စတင်ထွက်ပေါ်လျက်ရှိပြီး  ၅ ရက်တစ်ဈေး ဖြစ်သည့် ဒေသဈေးနေ့များတွင် ဒေသသီးများကို ကြီး/ငယ် အရွယ်အစား ပေါ်မူတည်၍ ကျပ်( ၅၀ဝိ/-၇၀ဝိ/) ခန့် မှ (၁၀၀၀-၁၅၀၀)   ကျပ်အတွင်း၌ လည်းကောင်း ၊  လူကြိုက်များသော Hass ထောပတ်သီး အနေဖြင့်  တစ်ကီလို ကျပ် (၂၀၀ဝိ-၂၅၀ဝိ-၃၀၀ဝိ) ကျပ်များအတွင်း၌လည်းကောင်း အသီးသီးဈေးကွက်ပေါက်ဈေးရှိနေကြောင်း စုံစမ်းသိရှိရပါသည်။

    သီတင်းကျွတ် အခါကာလရောက်ရှိရန် နီးကပ်လာပြီ ဖြစ်သောကြောင့် လူကြီး မိဘများကန်တော့ရန်အတွက် ဈေးကွက်အတွင်း ထောပတ်သီးဝယ်လိုအားများပြားလျက် ရှိပြီး ထောပတ်သီးရောင်းချသူများအနေဖြင့်လည်း အသီးလှလှများ ပိုမိုဈေးကောင်း ရရှိ နေကြောင်းလည်း သိရှိရပါသည်။

DOCA(ရှမ်း)

တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး နှင့် ခဆော့သီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး နှင့် ခဆော့သီးကိုလည်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများ ဖြစ်သော ရှမ်းစုကျေးရွာ၊ မန်ကျီးအင်းကျေးရွာ နှင့် တင်းတိန်ရံကျေးရွာတို့တွင် တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ်တင်ပြီးလည်း စိုက်ပျိုးကြပါသည်။ ခဆော့သီးပင်ကိုလည်း မြေကျင်းတူး၍ စိုက်ပျိုးလျက်ရှိပြီး၊ ကြောင်လျှာသီးပင်ကိုတော့ နှစ်ရှည်ပင်အဖြစ် အိမ်ခြံစည်းရိုးများတွင် အများဆုံး စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

           ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက် ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးဖြင့်လည်းကောင်း ခဆော့သီး တစ်ပြည်လျှင်(၄၅၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၆၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ကြောင်လျှာသီး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ကြောင်လျှာသီး အသေး တစ်တောင့်လျှင်(၈၀၀ မှ ၁၀၀၀)ကျပ်နှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊   ကြောင်လျှာသီး အနည်းငယ် ရှားပါးလာသည့်အတွက် ယခင်အပတ်ထက် ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။


DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း