Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်သာမြို့နယ်၏ဖူးစားပြောင်း(ဆောင်း)စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကအကျိုးအမြတ်ရရှိမှု

    တောင်သာမြို့နယ်အတွင်းရှိ သာစည်ကျေးရွာ၊ နတ်စောင့်ကျေးရွာ၊ မင်းတည်းကျေးရွာ၊ ထန်းပင်ကန်ကျေးရွာနှင့် ဆင်တဲဝကျေးရွာများ၌ ဖူးစားပြောင်း(ဆောင်း)သီးနှံများကို အောက်တိုဘာ လကုန်မှစတင်၍ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် အများဆုံးစိုက်ပျိုးသောမျိုးမှာ သကြား ပြောင်း မျိုးကိုသာ အဓိကထားစိုက်ပျိုးကြပြီး ထောပတ်ပြောင်းမျိုးများကို တောင်သူများ အနေဖြင့် အနည်းငယ်သာစိုက်ပျိုးကြကြောင်း၊  (၁)ဧကမျိုးအနေဖြင့် ပြောင်းဖူးစေ့(၇) ပြည်စိုက်ပျိုး ရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင် (၁၀၀၀၀) ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးကြ ကြောင်း၊ ယခု ဇန်နဝါရီလမှစတင်၍ ထွက်ရှိနေပြီဖြစ်ကြောင်း၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၈၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)ဧက အထွက်နှုန်း အနေဖြင့် ပြောင်းဖူးစုစုပေါင်း(၇၀၀၀)ဖူးခန့် ထွက်ရှိကြောင်း၊ ပြောင်းဖူးစျေးနှုန်း အနေဖြင့် တစ်ဖူးလျှင် လက်ကား(၃၀၀)ကျပ်၊ လက်လီတစ်ဖူးလျှင် (၅၀၀) ကျပ်ခန့် ရောင်းဝယ်လျက်ရှိပြီး၊ စားသုံးမှုများ သောကြောင့် အရောင်းသွက်ကြောင်း၊ ပွဲစားများမှစိုက်ခင်းထဲသို့ လာရောက်ဝယ်ယူကြသလို  မြင်းခြံမြို့၊ မိတ္ထီလာမြို့နှင့် ရန်ကုန်မြို့များသို့ လည်းတင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ် အနေဖြင့် (၁၂၅၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ မိသားစုစားဝတ်နေရေး ဖူလုံသည့်အပြင် အချိန်တိုအတွင်း တွက်ချေကိုက် သောကြောင့် ဖူးစားပြောင်းသည် အကျိုးအမြတ်များလည်း ရရှိ ကြောင်း၊ ပြောင်းရိုးနှင့် အဖူးရိုးများသည် တိရစ္ဆာန်အစာအဖြစ်လည်း အသုံးပြုသောကြောင့် စီးပွားဖြစ်ဝင်ငွေရကြောင်း ဖူးစားပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်၏ မိုးနေကြာစိုက်ပျိုးထားရှိမှုနှင့် အကျိုးအမြတ်ရရှိမှု

        နွားထိုးကြီးမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံ တစ်မျိုးဖြစ်သည့် ဆီနေကြာ(မိုး)သီးနှံစိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ရွာကြီးကျေးရွာ၊ ကြာပင် အိုင်ရွာ၊ ကနားရွာ၊ ဝက်လူးရွာ၊ ပြင်စည်ရွာ၊ လုံးတောရွာနှင့် လက်ပံကျေးရွာများ၌ ဆီနေကြာများကို တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ ဆီနေကြာသီးနှံကို မေလ၊ ဇွန်လနှင့် ဩဂုတ်လတို့တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာ မြင့်ကြောင်းသိရှိရသည်။  ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးနေကြာကို တစ်မြို့နယ်လုံးအနေဖြင့် စိုက်ပျိုးထားရှိမှု ဧက (၂၉၇၀) ဧက စိုက်ပျိုးထားရှိမှုတွင် ရိတ်သိမ်း (၅၇၀)ဧကရိတ်သိမ်းထားရှိပြီး၊ တစ်ဧက အထွက်နှုန်းအနေဖြင့် (၁၉-၂၀)တင်းခန့်ထွက်ရှိကြောင်း၊ ကျန်ဧကများ ဆက်လက်ရိတ်သိမ်းလျက်ရှိ ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရသည်။ ဆီနေကြာသီးနှံကို ကြဲပတ်စနစ်ဖြင့် စိုက်ပျိုး ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၆၅၀,၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် နေကြာတစ်တင်း လျှင်(,၀၀၀)ကျပ်ခန့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့် (၅၅၀,၀၀၀)ကျပ်ခန့် ရရှိကြောင်း၊  တောင်သူများ အနေဖြင့် နေကြာသီးနှံကို စိုက်ပျိုးမှုထားရှိမှုမှာ ဆင်းရွှေကြာ-၂ ၊ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊ နွားထိုးကြီးမြို့နယ်၌ ဆီနေကြာကို စီးပွားဖြစ်ကြိတ်ခွဲထုတ်လုပ်ခြင်း မရှိကြောင်း၊ ကျေးရွာများမှ စားသုံးရန်အတွက် သာကြိတ်ခွဲကြောင်း၊ ဆီကြိတ်ခွဲပါက နေကြာ တစ်တင်းလျှင် ဆီ(၃-၄)ပိဿာ ခန့်ထွက်ရှိကြောင်း ၊ ဒေသတွင်းနေကြာဆီပေါက်ဈေးမှာ တစ်ပိဿာလျှင် (၁၅၅၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ခန့်  ပေါက်ဈေးများ ရှိကြောင်း၊ ‌နွားထိုးကြီးမြို့နယ် များမှထွက်ရှိသော ဆီနေကြာသီးနှံများကို မြင်းခြံမြို့ရှိပွဲရုံများ၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်များလည်းရရှိကြောင်း ရွာကြီးကျေးရွာရှိ မိုးနေကြာစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

ညောင်တုန်းမြို့နယ်၌ နေလှန်းဆားများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး  ညောင်တုန်းမြို့နယ်၌  ဒေသထွက်နေလှန်းဆားများ ဝယ်လိုအား ကောင်းပြီး  အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ ညောင်တုန်းမြို့နယ်၌  ယခုနှစ် ဩဂုတ်လမှ စ၍ ၂၀၂၆ ဇန်နဝါရီလ  လက်ရှိအချိန်ထိ နေလှန်းဆားများ  အရောင်းအဝယ်ကောင်းမွန်နေကြောင်းသိရသည်။ ငါးပိ၊ ငါးခြောက်ပြုလုပ်ချိန်ဖြစ်၍ လတ်တလောတစ်ရက်ကို နေလှန်းဆားပိဿာ ၄၀၀၀ ကနေ ၅၅၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊  ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိပြီး အဆင်ပြေလျှက်ရှိကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၌ ဒေသထွက် နေလှန်းဆားများ ကို    ဆားလုပ်ငန်းရှင်များက  စနစ်တကျထုတ်လုပ်ပြီး  ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ တင်ပို့မှုအနေဖြင့် ၁လလျှင် ဆားပိဿာ ၁၂၀၀၀၀ ပိသာ ထွက်ရှိတင်ပို့ကြောင်း သိရသည်။  လက်ကားရောင်းချမှုအနေဖြင့် နေလှန်းဆား ၁ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ညောင်တုန်းမြို့နယ် ရွှေဇီးကွက် နေလှန်းဆားစက် ဆားသန့်စင်စက်မှ နှစ်စဉ် နေလှန်းဆားပြုလုပ်၍ ရောင်းချကြောင်းဒေသ တွင်းအလုပ်အကိုင်အခွင့်အလမ်းရရှိရန် ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး၊  အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိက အသုံးပြုကြကြောင်း သိရသည်။    

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ စပါးဝယ်ယူမှုအခြေအနေ

    မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် လယ်ယာမြေစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းတို့ဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၃ရက်နေ့တွင် မြို့နယ်တွင်းနှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များမှ စပါးများကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     စပါးများကို ဝယ်ယူသော ကုမ္ပဏီများမှ ရွှေဝါနဒီကုမ္ပဏီမှ ဆင်းသုခ (၂၃၀၇) တင်း၊ (၅၀)ပေါင် စပါးတင်း ၁၀၀နှုန်း ၁၄၅၀၀၀၀/-ကျပ် ဖြင့်၊ ၎င်းစပါးများကို မအူပင်မြို့နယ် ရွှေတောင်မှော်ဘက်မှ ဝယ်ယူခြင်းဖြစ်ကြောင်း၊ ကရင်မ စပါးကို (၅၀)ပေါင် (၁၃၀၂) တင်း တင်း(၁၀၀)နှုန်းဈေး ၁၄၇၀၀၀၀/-ကျပ်ဖြင့် မအူပင်မြို့နယ် ရွှေတောင်မှော်ကျေးရွာ ဘက်မှ ဝယ်ယူခဲ့ကြောင်း သိရသည်။

    ၄-၁-၂၀၂၆ ရက်နေ့က ရွှေဝါနဒီ ကုမ္ပဏီမှ အသွယ်စပါးကို (၅၀)ပေါင် (၁၄၅၉) တင်း တင်း(၁၀၀) ဈေးနှုန်း ၁၄၆၀၀၀၀/-ကျပ်ဖြင့် ထန်းတပင်ဘက်မှ ဝယ်ယူကြောင်း၊ ဆင်းသုခ စပါး (၉၀၇) တင်းကို (၅၀)ပေါင် တင်း(၁၀၀)ဈေး ၁၄၂၅၀၀၀/- ကျပ်ဖြင့်လည်းကောင်း၊ ကရင်မ စပါး (၅၀)ပေါင် (၃၅၅၈) တင်း တင်း (၁၀၀)ဈေး ၁၄၇၀၀၀၀/- ကျပ်ဖြင့် မအူပင်ရွှေတောင်မှော် ကျေးရွာဘက်မှလည်းကောင်း ၊ GoodBrother ကုမ္ပဏီမှ (၅၀)ပေါင် ဆင်းသုခ စပါး (၂၁၀၀) တင်း၊ တင်း(၁၀၀) ဈေး ၁၄၅၀၀၀၀/- ကျပ်ဖြင့် ကျောင်းကုန်ဘက်မှ စပါးအခြောက်များကို ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

     ၅-၁-၂၀၂၆ ရက်နေ့က ရွှေဝါနဒီကုမ္ပဏီမှ ဆင်းသုခ (၉၁၉) တင်း၊ (၅၀)ပေါင် စပါးတင်း (၁၀၀)ဈေးနှုန်း ၁၄၆၀၀၀၀/-ဖြင့်၊ မအူပင်မြို့နယ် မလတ်တိုဘက်မှာလည်းကောင်း၊ ကရင်မ စပါး (၅၀)ပေါင် (၁၀၀၆) တင်း တင်း ၁၀၀ ဈေး ၁၄၅၀၀၀၀/-ကျပ်ဖြင့် မအူပင်ရွှေတောင်မှော် ကျေးရွာဘက်မှဝယ်ယူကြောင်း၊ The Perpetual ကုမ္ပဏီမှ ဆင်းသုခစပါး(၅၀)ပေါင် (၁၄၅၁) တင်း၊ တင်း၁၀၀ဈေးနှုန်း ၁၄၅၅၀၀၀/-ကျပ်ဖြင့် ညောင်တုန်းမြို့နယ်မှ ဝယ်ယူခဲ့ကြောင်း ၊ ၆-၁-၂၀၂၆ ရက်နေ့ စပါးအဝယ်အနေဖြင့် ရွှေဝါနဒီကုမ္ပဏီမှ ဆင်းသုခ (၁၆၉၁) တင်း၊ (၅၀)ပေါင် စပါးတင်း ၁၀၀ဈေးနှုန်း ၁၄၆၅၀၀၀/-ဖြင့်၊ မအူပင်မြို့နယ် မလတ်တိုဘက်မှာလည်းကောင်း၊ ကရင်မ စပါး (၅၀)ပေါင် (၁၀၆၈) တင်း၊ တင်း (၁၀၀) ဈေး ၁၄၆၅၀၀၀/- ကျပ်ဖြင့် မအူပင်ရွှေတောင်မှော် ကျေးရွာဘက်မှဝယ်ယူကြောင်း၊ ကုမ္ပဏီတာဝန်ရှိသူများ ပြောပြချက်အရ သိရှိရပြီး မြို့နယ်တာဝန်ရှိသူများမှ စပါးဝယ်ယူနေမှုများကို နေ့စဉ်စာရင်းပြုစု ပေးပို့နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်ဖြူများစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

   ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ် ထွန်းလျက်ရှိရာ စပါး ၊ ပဲ ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်ဖြူ သီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်အတွင်း ကြက်သွန်ဖြူ စိုက်ဧက (၁၂၂) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာများ၏ စာရင်းများအရသိရှိပါသည်။  ယခုအခါ ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မတ်လအတွင်း စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ပေါင်လောင်၊ ပြည်တော်သာ၊ အရှေ့သာဂရ၊ ရဲဘော်လေးရွာ များ ဖြစ်ပါသည်။ စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ဖြူကို အတက်ကလေးများ နွှာပြီး  စိုက်ပျိုးရ ကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ဗမာမျိုးများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ ကြက်သွန်ဖြူ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း သိန်း (၂၅)ကျော်ခန့်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၈၀၀-၁၀၀၀)ပိဿာ ကျော်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် ကြက်သွန်ဖြူ စျေးနှုန်းအနေဖြင့် (၁)ပိဿာ လျှင်(၇၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၃၀)သိန်းကျော် မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိ ကြက်သွန်ဖြူ ပေါက်ဈေး အနေဖြင့်  (၁)ပိဿာလျှင်(၈၀၀၀-၁၀၀၀၀)ကျပ်၊  ရောင်းဝယ်လျက်ရှိကြောင်း၊  ကြက်သွန်ဖြူ ပေါ်ချိန်တွင် ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ကြက်သွန်ဖြူ ထွက်ရှိချိန်တွင် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင် မည်ဖြစ်ကြောင်း ကြက်သွန်ဖြူ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်တွင် ဆောင်းကြက်သွန်နီများစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

   ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စပါး ၊ ပဲ ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန် သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည် ။ မြစ်သားမြို့နယ်အတွင်း ဆောင်းကြက်သွန်နီ စိုက်ဧက (၇၅၀၀)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာများ၏ စာရင်းများအရ သိရှိပါသည် ။  ယခုအခါ ကြက်သွန်နီများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီကာလအတွင်း ရိတ်သိမ်းတော့မည် ဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ကသဲကုန်း၊ လေးဆယ်ကုန်း၊ ဆည်ရွာများ ဖြစ်ပါသည်။စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ကို ပျိုးထောင်ပြီး(၄၅)ရက်သားပျိုးပင်များကို စိုက်ပျိုးရန် အသင့်ပြုလုပ်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပျိုးရပါသည်။ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း သိန်း (၃၀)ကျော်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၃၀၀၀)ပိဿာ ကျော်ထွက် ရှိခဲ့ ကြောင်း၊ ယခင်နှစ် ဆောင်းကြက်သွန်နီ စျေးနှုန်းအနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုး အမြတ်အနေဖြင့် ထွက်ပေါ်ချိန်တွင် (၁) ပိဿာလျှင်(၂၈၀၀)ကျပ်ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၅၀)သိန်းကျော် မြတ်ခဲ့ကြောင်း ၊ ယခုလက်ရှိ ကြက်သွန်နီ(မိုး) အကြီး (၁)ပိဿာလျှင်(၃၀၀၀)ကျပ် ၊ အလတ် (၁)ပိဿာလျှင်(၂၅၀၀)ကျပ် ၊ အသေး (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊  ဆောင်းကြက်သွန်နီ ပေါ်ချိန်တွင် ရောင်းဝယ်မှု အနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း ၊ ကြက်သွန်နီထွက်ရှိချိန်တွင် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ဆောင်းကြက်သွန်နီ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင် များရှိ စပါး/ဆန်  MyRo မြေပြင် လက်ကျန်အခြေအနေ

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင် ထားရှိသူများ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူလုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး ညောင်တုန်းမြို့နယ်အနေဖြင့် ၇၈ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင် ထားရှိရာ လုပ်ငန်း များတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ် ဆောင်ရွက် လျက်ရှိပြီး စာရင်း ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင် ကွင်ဆင်းအမှန်တကယ် သိုလှောင်မှုအခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ဒီဇင်ဘာလ (၃၁) နေ့နောက်ဆုံး ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၉၉၁၉၀၂တင်း၊  ဆန်အနေဖြင့် ၄၅၂၇အိတ်၊  ကုန်သည် စပါးတင်း ၁၁၆၁၆၅၊ ဆန်အနေဖြင့်၊ ၁၁၈၁၃အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင် တင်း ၆၄၁၆၁၀၊ ဆန်အနေဖြင့် ၆၉၂၁၀၆အိတ်၊ ဆန်ဆိုင်များမှ ၇၃၆၅အိတ်၊  စုစုပေါင်း စပါးတင်း ၁၇၄၉၆၇၇၊ ဆန် ၇၁၅၈၁၁ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်း နှင့် မြို့နယ် နယ်မြေ လုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန်စာရင်းဖြစ်ကြောင်း  သိရသည်။

DOCA(ဧရာဝတီ)

“ကျောက်ဆည်မြို့နယ်၏ ပဲစဉ်းငုံများအောင်မြင်ဖြစ်ထွန်းမှုနှင့်စျေးနှုန်းအခြေအနေ”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်ခရိုင်တွင်(၁၇၀၀)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုများရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလနှင့်မတ်လများတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း၊ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲစဉ်းငုံအပင်များ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၀၈၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး အကျိုးအမြတ် အနေဖြင့်(၇၈၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် ကျောက်ဆည်မြို့နယ်၌ ပဲစဉ်းငုံများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း  မြင်းခြံ၊ တောင်သာဘက်မှ ပဲစဉ်းငုံများ ဝင်ရောက်လျက်ရှိကြောင်း ၊ စျေးနှုန်းအနေဖြင့် (၈၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း ပွဲရုံများမှသိရှိရပါသည်။ ပဲစဉ်းငုံထွက်ပေါ်ချိန်တွင် တောင်သူများမှပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချလျက်ရှိကြောင်း ၊ ပွဲရုံများမှတစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ ပဲစဉ်းငုံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်ဈေးနှုန်း ကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း ၊ ပဲစဉ်းငုံစိုက်ပျိုးသော တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကုလားပဲစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)ကို ၂၀၂၅-၂၀၂၆ဘဏ္ဍနှစ်တွင် ကျောက်ဆည်ခရိုင်တွင် (၃၁၈၈၉)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၁၅၂၄၁)ဧက စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။၊ ယာမြေများ၌ အောက်တိုဘာလ နောက်ဆုံးပတ်တွင် မိုးရေအစိုဓါတ်ဖြင့် စိုက်ပျိုးကြသလို အချို့ တောင်သူများမှာ မိုးရေအစိုဓါတ် အပြင် ရေစက်များဖြင့် ရေတင်၍လည်းစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ တောင်သူများသည် ကုလားပဲမျိုးကို မိမိအိမ်တွင် မျိုးချန်ပြီး စိုက်ပျိုးကြသလို အချို့ တောင်သူများမှာ ပွဲရုံများမှ တဆင့်ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ယခုနှစ် စိုက်ပျိုးချိန်တွင် မျိုးစျေးနှုန်းအနေဖြင့် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင်(၇၅၀၀၀/-)ကျပ် ၊ ကုလားပဲ(V2)တစ်တင်းလျှင် (၈၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားအပါအဝင် စုစုပေါင်း(၃၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် ကုလားပဲအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၉-၁၀)တင်းခန့်ထွက်ရှိကြောင်း ၊ အကျိုးအမြတ်အနေ ဖြင့် (၆၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် ကုလားပဲအပင်များ  အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်စွာ ဖြစ်ထွန်းနေကြောင်း၊  ကုလားပဲများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်းအနေဖြင့် ကုလားပဲ (ရိုးရိုး)တစ်တင်းလျှင်(၆၇၀၀၀/-)ကျပ်၊ ကုလားပဲ(V2)တစ်တင်းလျှင်(၇၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုလားပဲစိုက် တောင်သူများသည် ကုလားပဲကို စိုက်ပျိုးရာတွင် အရွက်ကိုခူး၍ရောင်းချရသလို ကုလားပဲပေါ်ချိန်တွင်လည်း အထွက်နှုန်းနှင့်စျေးနှုန်း များကောင်းမွန် ပါကအကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကုလားပဲစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်၏ငရုတ်ဆောင်းစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဈေးကွက်ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြပါသည် ။ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ခရိုင် အတွင်း ငရုတ်ဆောင်းစိုက်ဧက(၃၂၉၅)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင်မြို့နယ်တွင် (၈၉၂)ဧက စိုက်ပျိုးထားရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည် ။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ သာမို၊ ဒီမွန်နှင့်(၆၉၂) မျိုးများဖြစ်ပြီး အထွက်နှုန်းကောင်းသော (၆၉၂)မျိုးကို ပိုမိုစိုက်ပျိုးကြကြောင်း၊ငရုတ်ဆောင်းကိုနိုဝင်ဘာလနှင့်ဒီဇင်ဘာလများတွင်စတင်စိုက်ပျိုးခဲ့ကြောင်း ၊ ငရုတ်ဆောင်း (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအာစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တွင် (၁)ဧက အထွက်နှုန်းအနေဖြင့် ငရုတ်အခြောက် ပိဿာ(၄၀၀-၄၅၀)ခန့်ထွက်ရှိကြောင်း၊ ငရုတ်သီးအညှာပါ အခြောက်(၁)ပိဿာလျှင်( ၁၁၀၀၀)ကျပ်၊ ငရုတ်သီးအညှာခြွေ(၁)ပိဿာလျှင် (၁၃၀၀၀) ကျပ်တို့ဖြင့် ရောင်းဝယ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် (၂၉)သိန်းကျပ်ခန့် မြတ်ခဲ့ကြောင်း၊ ယခု အချိန်တွင် ငရုတ်ပင်များ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ယခုအချိန်တွင်ဆောင်းငရုတ်များထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်း အနေဖြင့် ငရုတ်သီး အညှာပါအခြောက် (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ် ၊ ငရုတ်သီး အညှာခြွေ(၁)ပိဿာလျှင်(၁၈၀၀၀)ကျပ်တို့ဖြင့်ရောင်းဝယ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ငရုတ်သီး များထွက်ပေါ်ချိန်တွင်  ငရုတ်စိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြကြောင်း ၊ ၄င်းမှတဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည် ။  

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း