Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မြေပဲ(ဆောင်း)စိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သော ငရုတ် ၊ ကြက်သွန် သီးနှံများအပြင် ဆီထွက်သီးနှံများဖြစ်သော နေကြာ၊နှမ်း၊မြေပဲတို့ကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက် ဈေးကွက်ဝယ်လိုအားရှိသော မြေပဲသီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာ ကြရာ ကျောက်ဆည်ခရိုင်အတွင်းတွင် မြေပဲဆောင်း စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် တွင် ကျောက်ဆည်မြို့နယ်တွင်(၂၁၇)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၃၃)ဧက ၊ မြစ်သားမြို့နယ်တွင် (၇၅၀)ဧက ၊ စုစုပေါင်း(၁၀၀၀)ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ဆောင်းမြေပဲ စိုက်ပျိုးရာတွင် စိုက်ကြောင်းဆွဲ အစေ့/အတောင့် ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မိုးမြေပဲစိုက်ပျိုးမှု မျိုးအနေဖြင့် ပင်ပြန့်မျိုးပွားများကိုသာ အများဆုံး စိုက်ပျိုး ကြကြောင်း ၊ တစ်ဧက စိုက်ပျိုးမှု မျိုးအတောင့်(၄)တင်း စိုက်ပျိုးရပြီး မြေပဲအဆံ(၂၄)ပြည်ခန့် စိုက်ပျိုးကြကြောင်း ၊ တစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၅၅၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၃၅-၄၀)တင်းခန့် ထွက်ရှိခဲ့ပြီး ယခင်နှစ် မြေပဲဈေးနှုန်းအနေဖြင့် မြေပဲတောင့်တစ်တင်းလျှင် (၃၄၀၀၀/-)ကျပ် ၊ မြေပဲဆံ(၁)ပိဿာလျှင် (၇၅၀၀/-)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၆၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး  အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ် နှုတ်ပြီးပါက(၈၁၀၀၀၀/-)ကျပ် ဝန်းကျင်အကျိုးအမြတ်ရရှိ ကြောင်း၊ ယခုလက်ရှိ ပေါက်ဈေးအနေဖြင့်  မြေပဲတောင့်တစ်တင်းလျှင် (၃၆၀၀၀/-)ကျပ် ၊ မြေပဲဆံ တစ်ပိဿာလျှင်(၇၅၀၀/-)ကျပ် ၊ မြေပဲဆီတစ်ပိဿာလျှင်(၁၄၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း ၊ မြေပဲရောင်းဝယ်မှုအနေဖြင့် ဒေသတွင်းဆီစက်များမှလည်ဝယ်ယူမှုများရှိလို ပွဲရုံများ သို့လည်းတိုက်ရိုက်ရောင်းချကြောင်း ၄င်းမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း ၊ မြေပဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအတွက် စားသုံးဆီဖူလုံစေသိအပြင်  အကျိုး အမြတ်များသော  မြေပဲသီးနှံများကို တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ဆောင်းနှမ်းစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော နှမ်းသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၄၆၀၇)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၃၅၆)ဧက ၊ မြစ်သားမြို့နယ်တွင် (၄၈၀၀)ဧက ၊ စုစုပေါင်း(၉၇၆၃)ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ဆောင်းနှမ်း(၁)ဧက စိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃)ပြည် စိုက်ပျိုးရကြောင်း (၁)ပြည်လျှင်(၈၀၀၀/-) ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ ဆောင်းနှမ်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊ နှမ်းညို နှင့် နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း ၊  ယခုအချိန်တွင် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၉၃၀၀၀/-) ကျပ် ၊ နှမ်းညိုတစ်တင်းလျှင်(၉၂၀၀၀/-)ကျပ် ၊ နှမ်းနက်တစ်တင်းလျှင်(၉၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်  အရောင်း အဝယ်ဖြစ်နေကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“မိုးစပါးများရိတ်သိမ်းပြီးစီးမှုနှင့်စျေးနှုန်းစျေးကွက်”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက် စပါးသီးနှံကို၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၅၂၃၃၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၆၂)ဧက ၊ မြစ်သားမြို့နယ်တွင် (၅၅၄၈၅)ဧက၊စုစုပေါင်း(၁၃၇၁၈၁)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်၌(၂၉၁၇၇)ဧက ၊ စဉ့်ကိုင်မြို့နယ်၌(၂၀၈၇၂)ဧက ၊ မြစ်သားမြို့နယ်၌(၁၀၉၂၂)ဧက ၊ စုစုပေါင်း (၆၀၉၇၁)ဧက ရိတ်သိမ်းခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း မိုးစပါးကို အရည်အသွေးကောင်း စျေးကောင်းရရှိသော ဧရာပဒေသာစပါးနှင့်မနောသုခစပါး မျိုးများကို အဓိကထား စိုက်ပျိုးကြ ကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့်ပတ်ကြဲ စိုက်ပျိုးမှုများကို စိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်း(၁၀၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ယခုအချိန်တွင် (မိုးစပါး)များ ဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၇၅-၈၀)တင်းခန့်ထွက်ရှိကြောင်း၊ (၁)ဧက အကျိုးမြတ်အနေဖြင့်(၈၇၀၀၀၀/-) ကျပ်ရရှိကြောင်း ၊ စပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည် ။ ယခုလက်ရှိ စပါးစျေးနှုန်းအနေဖြင့် မနောသုခစပါး(မိုး) တင်း(၁၀၀)လျှင် (၁၄၀၀၀၀၀-၁၅၀၀၀၀၀)ကျပ် ၊ မနောသုခ ဆန်(သစ်) ၂၄ ပြည် တစ်အိတ်လျှင် (၅၅၀၀၀-၆၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာစပါး တင်း(၁၀၀)လျှင် (၂၄၀၀၀၀၀-၂၅၀၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာဆန်(သစ်) ၂၄ ပြည် တစ်အိတ်လျှင် (၉၀၀၀၀-၉၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း ပွဲစားများထံမှသိရှိရ ပါသည်။

DOCA(မန္တလေး)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ဝါးထုတ်လုပ်မှုနှင့် ဒေသစီးပွားရေး

      ဝါးပင်သည် သစ်ပင်မျိုးနွယ်ဝင် အပင်မျိုးဖြစ်၍ ဝါးသည် မြန်မာနိုင်ငံအတွင်း နေရာ အနှံ့အပြားတွေ့ရသော အရေးပါသည့် အပင်တစ်မျိုးဖြစ်သည်။ ကြီးထွားနှုန်းမြန်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့်ကိုက်ညီစွာ ကြီးထွားနိုင်သောကြောင့် လူသားဘဝတွင် အကျိုးကျေးဇူး များစွာ ပေးစွမ်းနိုင်သည်။ ဝါးကို အိမ်/အဆောက်အဦးဆောက်လုပ်ရာတွင် အသုံးများပြီး တံတားများ၊ အမိုး/အကာအရံများ ပြုလုပ်ရာတွင်လည်း အသုံးဝင်သည်။ ထို့အပြင် ဝါးဖြင့် ပရိဘောဂများ၊ တောင်းခြင်းများ၊ ခြံစည်းရိုးများပြုလုပ်နိုင်သည်။ ကျေးလက်ဒေသများတွင် ဝါးသည် နေ့စဥ် အသုံးအဆောင်ပစ္စည်းအဖြစ် အရေးပါလှပါသည်။

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အလူးလေးကျေးရွာ၊ အလူးကြီးကျေးရွာ၊ ပိုင်ဒဝယ်ကျေးရွာများသည် ဝါးအများဆုံးထွက်ရှိသော ဒေသများဖြစ်ကြသည်။ ထို‌ဒေသ များမှ ထွက်ရှိသော ဝါးများသည်‌ ‌‌ဒေသခံပြည်သူများ၏ နေ့စဥ်အသုံးအဆောင်နှင့် အခြေခံ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသော သဘာဝအရင်းအမြစ်တစ်ရပ်ဖြစ်သည်။ ထို‌ဒေသတွင်းထွက်ရှိသော ဝါးများတွင် ဝါးပိုးဝါးနှင့် သိုက်ဝါးကို အများဆုံးတွေ့ရသည်။ ထိုဒေသရှိ ဝါးပင်များသည် သဘာဝအလျောက် ပေါက်နေသော အပင်များအများဆုံးဖြစ်ပြီး ထိုဝါးပင်အား မျိုးတုံးပျောက်ကွက်မသွားစေရန် ဒေသခံများမှ ဆက်လက်ထိန်သိမ်းခြင်း၊ ပြုပြင်စိုက်ပျိုးခြင်းတို့ပြုလုပ်ကြသည်။ ဝါးပင်များသည် မိုးရာသီတွင် မျှစ်စို့ငုတ်လေးများ စတင်ထွက်ရှိပြီး သက်တမ်းခုနစ်ခန့်တွင် အသုံးပြုရန် သင့်တော်သည့် ဝါးရင့်များဖြစ်လာပြီး ဒေသခံများမှ ခုတ်ယူ၍ အသုံးပြုခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ကြသည်။

          ဝါးပိုးဝါးပင်သည် လုံးပတ်ကြီးမား၍ ခိုင်ခန့်သောကြောင့် အဆောက်အဦးများ ဆောက်လုပ်ရာတွင် အဓိကတိုင်အဖြစ် အသုံးများသည်။ ၎င်း၏ အချင်းမှာ ၆လက်မ/ ၇လက်မ ဝန်းကျင်ခန့်ရှိသည်။ သိုက်ဝါးမှာ သေးငယ်သော်လည်း ခိုင်ခန့်မာကြောပြီး အသုံးပြုရ လွယ်ကူသဖြင့် အဆောက်အဦး၊ လမ်း၊ တံတားများ ဆောက်လုပ်ရာတွင် များစွာ အထောက်အကူဖြစ်စေသည်။ ဒေသတွင်းထွက်ရှိသော ဝါးများအား ‌ဒေသအတွင်း အသုံးပြုရန် ဝါးအလုံးများအတိုင်းရောင်းချခြင်း၊ ဝါးဖြင့်ပြုလုပ်၍ရသော ဝါးကုလားထိုင်၊ ဝါးကုတင်များ၊ ဝါးတောင်း၊ ဝါးခြင်းများ ပြုလုပ်ရောင်းချကြပြီး၊ အများအားဖြင့် ဒေသတွင်း ထွက်ရှိသော တောင်းထန်းရွက်များနှင့် တွဲဖက်အသုံးပြုရသော ဝါးသက်ကယ်တံပြုလုပ်၍ အိမ်ခေါင်မိုး မိုးရန် ရောင်းချကြသည်။ အဆိုပါတောင်ထန်းအမိုးလုပ်ငန်းသည် ၎င်း‌ဒေသ၏ မိရိုးဖလာ လုပ်ငန်းဖြစ်သည့်အတွက် ဒေသနေကျေးလက်ပြည်သူများ၏ အလုပ်အကိုင် ဖန်တီးနိုင်သည့် အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။

          ထိုသို့ ဒေသတွင်းထွက်ရှိသောဝါးများအား ဒေသတွင်းအသုံးပြုပြီး ပိုလျှံသော ဝါးများအား ပဲခူးတိုင်းဒေသကြီးသို့ အများဆုံးတင်ပို့ရောင်းချကြ၍ ဒေသအပြင်ဘက် စျေးကွက်နှင့်လည်း ချိတ်ဆက်နိုင်လျက်ရှိသည်။ လက်ရှိဒေသတွင်းစျေးကွက်တွင် ဝါးပိုးဝါး အရှည် (၂၅/၂၇)ပေ တစ်လုံးလျှင် (၈၀၀၀)ကျပ်၊ သိုက်ဝါးရှည် (၂၅/၂၇)ပေ တစ်လုံးလျှင် (၃၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ထို့ပြင် ဝါးကုလားထိုင် (တစ်ယောက်ထိုင်)တစ်လုံးလျှင် (၁၀၀၀၀) ကျပ်၊ နှစ်ယောက်ထိုင်တစ်လုံးလျှင် (၁၅၀၀၀) ကျပ်၊ ဝါးကုတင်အသေးတစ်လုံးလျှင် (၃၀၀၀၀) ကျပ်၊ ဝါးကုတင်အကြီးတစ်လုံးလျှင် (၄၀၀၀၀) ကျပ်ဖြင့် ရောင်းချရာ ဒေသနေပြည်သူများနှင့် ဘုရားဖူးလာခရီးသွားများမှ ဝယ်ယူကြကြောင်း သိရှိရသည်။ အဆိုပါ လုပ်ငန်းများမှ ရရှိသောဝင်ငွေများသည် ဒေသခံ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း အတွက် များစွာအထောက်အကူဖြစ်သကဲ့သို့ ‌ဒေသစီးပွားလည်ပတ်မှုကိုလည်း အထောက်အပံ့ များစွာ ဖြစ်လျက်ရှိသည်။

          ထိုကဲ့သို့သော ဝါးထုတ်လုပ်မှုနှင့်ရောင်းဝယ်မှုလုပ်ငန်းသည် ဘီးလင်းမြို့နယ်အတွင်း ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍ တစ်ရပ် အဖြစ် တည်ရှိနေပြီး ‌‌ဒေသနေကျေးလက်ပြည်သူများ၏ လူမှုဘဝနှင့် စီးပွားရေးအတွက် အရေးပါသော သဘာဝအရင်းအမြစ်တစ်ရပ်ဖြစ်သည့် ဝါးပင်များအား ထိန်းသိမ်း၊ စိုက်ပျိုး၊ အသုံးချနိုင်ပါက ရေရှည်တည်တံ့သောဒေသ၏ အရေးပါသည့် စီးပွားရေး လုပ်ငန်းတစ်ရပ် အဖြစ် ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ် ကွမ်းစိုက်တောင်သူများ ကွမ်းစျေးတက်၍ တွက်ခြေကိုက်

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မလော့ချောင်ကျေးရွာသည် ကွမ်းရွက်စိုက်ပျိုးခြင်းကို စီးပွားဖြစ်လုပ်ကိုင်နေသည့် ကျေးရွာတစ်ရွာဖြစ်သည်။

          ကွမ်းစိုက်တောင်သူများသည် ကွမ်းစိုက်ပျိုးရန်မြေကိုရွေးချယ်ရာ၌ ရေမဝပ်သော နုန်းမြေ (သို့မဟုတ်) သဲနုန်းမြေသည် အကောင်းဆုံးဖြစ်သည်။ ဘောင်ပြုပြင်ခြင်းကို အကျယ် ၄ ပေ၊ အမြင့် ၆ လက်မဘောင်ပြုလုပ်ပြီး ဘောင်တစ်ခုနှင့်တစ်ခုကြား ၂ ပေခန့် ရေနှုတ်မြောင်း ချန်ထားရသည်။ ကွမ်းပင်သည် နွယ်ကပ်ပင်များဖြစ်သဖြင့် တိုင်များ လိုအပ်ပါသည်။ နေရောင်တိုက်ရိုက်မကျစေရန် အုန်းလက်၊ ဆီအုန်းလက်၊ ထန်းရွက်တို့ဖြင့် အမိုးအကာများ ပြုလုပ်ပေးရသည်။ ကွမ်ပင်တစ်ပင်နှင့်တစ်ပင်အကွာအဝေးကို ၁ ပေခန့် ကွာ၍ စိုက်ပျိုးရပြီး တစ်ဧကတွင် ကွမ်းပင် (၇၀၀၀) မှ (၈၀၀၀) ပင် ဝင်ဆန့်ကြောင်း သိရှိရသည်။

          ကွမ်းပင်တစ်ဧကစိုက်ပျိုးရန် ကွမ်းမျိုး၊ ဝါးတိုင်၊ အမိုးပစ္စည်းများ၊ သွင်းအားစု မြေဩဇာ၊ ပိုးသတ်ဆေး၊ ရေသွင်းခြင်းတို့အတွက် စုစုပေါင်းတစ်ဧကကုန်ကျစရိတ်မှာ ကျပ်သိန်း (၅၀) မှ (၆၅) သိန်းကုန်ကျကြောင်းသိရှိရသည်။ ကွမ်းများကို စတင်စိုက်ပျိုးချိန်မှ (၄) လမှ (၆) လ အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ကွမ်းပင်သက်တမ်းအပေါ်မူတည်၍ (၂၀) ရက် သို့မဟုတ် ၁၅ ရက်တစ်ကြိမ်ခူးဆွတ်နိုင်ပြီး တစ်ကြိမ်ခူးလျှင် ပိဿာ (၁၀၀) မှ (၁၅၀) ထိ ထွက်ရှိကြောင်း၊ တစ်နှစ်လျှင် ပိဿာ (၃၅၀၀) မှ (၄၀၀၀) ထိ ထွက်ရှိကြောင်း သိရှိရသည်။

          ကွမ်းပင်သည် မိုးရာသီတွင် အထွက်များသော်လည်း နွေရာသီပွဲလမ်းသဘင်များသော အချိန်တွင် ကွမ်းစျေးတက်လေ့ရှိသည်။ ဒီဇင်ဘာလတွင် ကွမ်းတစ်ပိဿာလျှင် ယာကွမ်း (၁၈၀၀၀) ကျပ်၊ ရောကွမ်း (၁၁၀၀၀) ကျပ်ခန့် ဈေးနှုန်းရရှိပြီး မွန်ပြည်နယ်နှင့် ပဲခူးတိုင်းများသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ကွမ်းစိုက်တောင်သူများအနေဖြင့် ပထမနှစ်တွင် စိုက်ခင်း တည်ဆောက်စရိတ်များသော်လည်း ဒုတိယနှစ်မှစ၍ စိုက်ခင်း တည်ဆောက်စရိတ် မရှိတော့သဖြင့် အကျိုးအမြတ်ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA (မွန်)

ဆောင်းသီးနှံ ပြောင်းဖူးများဈေးကွက်အတွင်း ဈေးကောင်းရ

          တောင်ငူမြို့ ဈေးများသို့ မြို့၏အနီးရှိ ကျေးရွာများဖြစ်သော ဆိတ်ဖူးတောင်၊ ဒိုးသောင်၊ ရှမ်းဝတီးနှင့် ဗမာဝတီးစသည့်ကျေးရွာများမှ စိုက်ပျိုးထားသည့် ဆောင်းသီးနှံပြောင်းဖူးများ ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ဈေးနှုန်းအနေဖြင့် မိုးရာသီကာလတွင် ရောင်းချခဲ့သော ပြောင်းဖူးများထက် ဈေးပိုရရှိကြောင်း သိရှိရသည်။

         ပြောင်းဖူးမှာ အဖြူနှင့် အဝါ ဟူ၍ နှစ်မျိုးရှိပြီး ပြောင်းဖူးကိုပြုတ်စားခြင်း၊ မီးကင်စားခြင်း၊ ကြော်စားခြင်းတို့ဖြင့် စားသုံးကြပြီး ပြောင်းဖူးအဝါကို ကော်ပြန့်ဖတ်နှင့် လိပ်၍ ပြောင်းဖူးကော်ပြန့်လိပ် ပြုလုပ်စားသုံးခြင်းအပြင် လူငယ်များကြိုက်နှစ်သက်သော မာလာရှမ်းကောစားစရာ ထဲတွင်လည်း ပါဝင်အသုံးပြုကြသည်။

         ဈေးနှုန်းများအနေဖြင့် ပြောင်းဖူးအဖြူ အသေးတစ်ဖူးလျှင် ၆၀၀ ကျပ်၊ ၁၀ ဖူးလျှင် ၅၀၀၀ကျပ်၊ အလတ်၁ဖူးလျှင် ၈၀၀ ကျပ်၊ ၁၀ ဖူး လျှင် ၇၀၀၀ ကျပ်၊ အကြီး ၁ ဖူးလျှင် ၁၀၀၀ ကျပ်၊ ၁၀ ဖူးလျှင် ၉၀၀၀ ကျပ် ဖြင့် အဖူးအရွယ်အစားပေါ်မူတည်၍ ရောင်းချလျက်ရှိရာ ပြောင်းဖူးအဝါ အသေး ၁ ဖူးလျှင် ၇၀၀ ကျပ်၊ ၁၀ ဖူးလျှင် ၆၀၀၀ ကျပ်၊ အလတ် ၁ဖူးလျှင် ၉၀၀ ကျပ်၊ ၁၀ ဖူးလျှင် ၈၀၀၀ ကျပ်၊ အကြီး ၁ဖူးလျှင် ၁၂၀၀ ကျပ်၊ ၁၀ ဖူးလျှင် ၁၀၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးရှိပြီး ပြောင်းဖူး အဖူး (၁၀၀)ဝယ်ယူမှသာ ဈေးနှုန်းအပြောင်းအလဲရှိကြောင်းကို ပြောင်းဖူးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲများ၏နှစ်အလိုက် ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများ၏ နှိုင်းယှဉ်မှု အခြေအနေ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းအဝယ်ရှိသော ပဲများနှင့် ပြည်တွင်းစားသုံးမှုများပြီး ဒေသတွင်းဝယ်လိုအားများသော ပဲများသာ လက်လီ/ လက်ကား ရောင်းဝယ်မှုဖြစ်လျက်ရှိခဲ့ကြပါသည်။ မတ်ပဲနှင့် ပဲစင်းငုံသီးနှံများမှာ လက်ကားရောင်းဝယ်မှုအဖြစ်များခဲ့ကာ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲနီပြား စသည့် သီးနှံများကတော့ ပြည်ဈေးကွက်အတွင်း   ပြည်တွင်းစားသုံးမှုများသည့်အတွက် လက်လီ သမားအပြင် လက်ကားဝယ်ယူမှုလည်း ရှိခဲ့ကြပါသည်။ ထိုပဲများ၏ နှစ်အလိုက် နှစ်ကုန်ဖြစ်သော ဒီဇင်ဘာလအတွင်း ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို လေ့လာရာတွင် အောက်ပါအတိုင်း တွေ့ရှိရပါသည် -

စဉ်        ပဲအမျိုးအစား          ၂၀၂၃            ၂၀၂၄            ၂၀၂၅           တင်းဈေး

                                      ဒီဇင်ဘာ        ဒီဇင်ဘာ        ဒီဇင်ဘာ        (ကျပ်)

၁။      မတ်ပဲ                     ၈၂၀၀၀          ၉၅၀၀၀        ၈၅၆၀၀        

၂။       ပဲစင်းငုံ                     ၉၃၀၀၀        ၁၀၂၀၀၀        ၇၉၀၀၀        

၃။      ကုလားပဲ                 ၉၄၀၀၀         ၉၅၅၀၀         ၈၁၀၀၀                            

၄။      ထောပတ်ပဲ              ၁၀၅၀၀၀       ၁၃၅၀၀၀      ၁၁၀၀၀၀                

၅။      ပဲနီပြား          ၁၀၀၀၀၀       ၁၄၅၀၀၀       ၁၆၀၀၀၀                  

        မတ်ပဲသီးနှံအနေဖြင့် (၃)နှစ်တာ ကာလအလိုက် ဈေးနှုန်းနှိုင်းယှဉ်မှု အခြေအနေအရ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလမှာတော့ မတ်ပဲသီးနှံတစ်တင်းလျှင် (၈၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် မတ်ပဲတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် တစ်တင်းလျှင် (၁၃၀၀၀)ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပြီး ယခုနှစ်ဖြစ်သော ဒီဇင်ဘာတွင် ပဲတစ်တင်းကို (၈၅၆၀၀)ကျပ်ဖြင့် တစ်တင်းကို (၉၄၀၀)ကျပ် ဈေးပြန်ကျလာခဲ့ပါသည်။

     ပဲစင်းငုံသီးနှံသည် ၃ နှစ်တာ ကာလ ဈေးနှုန်းနှိုင်းယှဉ်မှုအရ  ၂၀၂၃ ခုနှစ်ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် (၉၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၀၂၀၀၀)ကျပ်ဖြင့် တစ်တင်းလျှင် (၉၀၀၀)ကျပ် ဈေးမြင့်လာခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၇၉၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၂၃၀၀၀)ကျပ် ဈေးများပြန်လည် ကျဆင်းလာတာတွေ့ရပါသည်။

       ကုလားပဲ သီးနှံမှာ ဒေသတွင်း ပဲခွဲစက်သမားများ အဓိကဝယ်ယူမှုရှိသည့် ပဲဖြစ်ခဲ့ပြီး နှစ်အလိုက် ဈေးနှုန်းနှိုင်းယှဉ်မှုအရ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလတွင် ကုလားပဲတစ်တင်းလျှင် (၉၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၀၂၀၀၀) ကျပ်ဖြင့် တစ်တင်းလျှင် (၉၀၀၀)ကျပ် ဈေးမြင့်လာခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၇၉၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၂၃၀၀၀)ကျပ် ဈေးများပြန်လည်ကျဆင်းလာတာ တွေ့ရပါသည်။

     ထောပတ်ပဲသီးနှံမှာ (၃)နှစ်စာဈေးနှုန်းနှိုင်းယှဉ်မှုအရ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလတွင် ထောပတ်ပဲတစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၃၅၀၀၀)ကျပ်ဖြင့် တစ်တင်းလျှင် (၃၀၀၀၀)ကျပ် ဈေးမြင့်လာခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၁၀၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၂၅၀၀၀)ကျပ် ဈေးများပြန်လည် ကျဆင်းလာတာတွေ့ရပါသည်။

        ပဲနီပြားသီးနှံမှာ ဒေသတွင်းဝယ်လက်များရှိသည့်အတွက် တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းများမြင့်တက်လာတာ တွေ့ရပါသည်။ နှစ်အလိုက်ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ၂၀၂၃ ခုနှစ်ဒီဇင်ဘာလတွင် ပဲနီပြားတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၄၅၀၀၀)ကျပ်ဖြင့် တစ်တင်းလျှင် (၄၅၀၀၀)ကျပ် ဈေးမြင့်လာခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၆၀၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၁၅၀၀၀)ကျပ် ဈေးများဆက်လက်မြင့်တက်လာခဲ့တာကို တွေ့ရှိရပါသည်။

     ထို့ကြောင့် ပြည်မြို့ရှိပဲဈေးကွက်ရှိ ပဲများ၏ (၃)နှစ်ဆက်တိုက် နှိုင်းယှဉ်မှု့ကိုကြည့်လျှင် ပဲနီပြားသီးနှံတစ်မျိုးတည်းသာ   ဆက်တိုက်ဈေးနှုန်းများမြင့်တက်လာကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်ရှိ ဆီထွက်သီးနှံများ၏၂၀၂၅ခုနှစ် (၁)နှစ်လုံးတွင်ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖြစ်ကြသော နှမ်းနှင့် မြေပဲသီးနှံများအား အဓိကထား၍စိုက်ပျိုးကြပြီး နေကြာကို  ယခင်က နေကြာကို အနည်းငယ်သာစိုက်ပျိုးကြပြီး ယခုနောက်ပိုင်းကာလများတွင် ပြည်တွင်းစားသုံးဆီ ဖူလှုံမှုရှိစေရန်အတွက် စမ်းသပ်စိုက်ပျိုးလာကြပါသည်။ နေကြာကို ဧကပြတ်စိုက်ပျိုးကြသလို ပဲမျိုးစုံ စိုက်ခင်းများထဲတွင်လည်း သီးထပ် သီးညှပ်စိုက်ပျိုးကြကြောင်း သိရပါသည်။  နေကြာထွက် ရှိမှုနည်းသဖြင့် ပြည်မြို့ရှိ ဆီစက်များအနေဖြင့် နေကြာဆီကြိတ်ခွဲထုတ်လုပ်မှုမှာလည်း မရှိသလောက်နည်းပါးကြပါသည်။ ၂၀၂၅ခုနှစ် နှစ်ကုန်ခါနီးဖြစ်၍ တစ်နှစ်လုံးတွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲ၏ ဈေးနှုန်းများကို အောက်ပါအတိုင်း ဖော်ပြလိုက် ရပါသည်-

စဉ်

လအမည်

နှမ်းနီ

တင်းဈေး

နှမ်းနက်

တင်းဈေး

စမုံနက်

တင်းဈေး

မြေပဲဆီဆန်

ပိဿာဈေး

မြေပဲလုံးဆန်

ပိဿာဈေး

၂၀၂၅ဇန်နဝါရီ

၁၂၀၀၀၀

၁၇၃၀၀၀

၂၁၆၀၀၀

၈၅၀၀-၈၄၀၀

၈၈၀၀-၈၇၀၀

ဖေဖော်ဝါရီ

၁၂၀၀၀၀

၁၇၃၀၀၀

၂၁၆၀၀၀

၈၅၀၀-၈၄၀၀

၈၈၀၀-၈၇၀၀

မတ်လ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၇၇၀၀-၇၅၀၀

၈၄၀၀-၈၂၀၀

ဧပြီလ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၈၂၀၀-၈၀၀၀

၉၀၀၀-၈၇၀၀

မေလ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၈၈၀၀-၈၅၀၀

၁၀၀၀၀-၉၅၀၀

ဇွန်လ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

ဇူလိုင်

၁၂၀၀၀၀

၂၂၀၀၀၀

၂၅၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

ဩဂုတ်လ

၁၂၀၀၀၀

၂၂၀၀၀၀

၂၅၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

စက်တင်ဘာ

၁၂၀၀၀၀

၂၂၀၀၀၀

၂၅၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

၁၀

အောက်တိုဘာ

၁၁၀၀၀၀

၂၀၀၀၀၀

၂၃၀၀၀၀

၆၈၀၀-၆၈၀၀

၇၄၀၀-၇၄၀၀

၁၁

နိုဝင်ဘာ

၁၁၀၀၀၀

၁၇၀၀၀၀

၂၃၃၀၀၀

၇၆၀၀-၇၇၀၀

၈၁၀၀-၈၁၀၀

၁၂

ဒီဇင်ဘာ

၁၁၀၀၀၀

၁၇၀၀၀၀

၂၂၀၀၀၀

၇၈၀၀-၇၆၀၀

၈၅၀၀-၈၂၅၀

          ၂၀၂၅ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော နှမ်းဈေးနှုန်းများမှာ နှမ်းနီဈေးမှာ နှစ်စဖြစ်သော ဇန်နဝါရီလ မှစ၍ တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် စက်တင်ဘာလအထိ ဈေးပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေခဲ့ပါသည်။ အောက်တိုဘာလမှစ၍ ဒီဇင်ဘာလအထိ တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်ဖြင့် ဈေးကျဆင်း လာခဲ့ပါသည်။ နှမ်းနက်ဈေးမှာလည်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်တင်း လျှင် (၁၇၃၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လမှ ဇွန်လအထိ တစ်တင်းလျှင် (၁၇၀၀၀၀)ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ ဇူလိုင်လမှ စက်တင်ဘာလအထိ တစ်တင်းလျှင်း (၂၂၀၀၀၀)ကျပ်ဖြင့် နှမ်းနက်ဈေးများပြန်လည်မြင့်တက်လာပြီး အောက်တိုဘာလတွင် တစ်တင်းကို (၂၀၀၀၀၀)ကျပ်ဖြင့် ဈေးအနည်းငယ်ပြန်ကျလာပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် တစ်တင်းကို (၁၇၀၀၀၀)ကျပ်ဖြင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးများကျဆင်းလာခဲ့ပါသည်။ စမုံနက်နှမ်းဈေးများမှာလည်း နှစ်စဖြစ်သော ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်တင်းကို (၂၁၆၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မတ်လမှ ဇွန်လအထိ တစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ဈေးငြိမ်ပြီး ဈေးကျလာခဲ့ပါသည်။ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် တစ်တင်းလျှင် (၂၅၀၀၀၀)ကျပ်ဖြင့် ဈေးအမြင့်ဆုံးထိမြင့်တက်လာခဲ့ပြီး အောက်တိုဘာလတွင် တစ်တင်းကို (၂၃၀၀၀၀)ကျပ်ဖြင့် ဈေးပြန်ကျလာပြီး၊ နိုဝင်ဘာလတွင် (၂၃၃၀၀၀)ကျပ်ဖြင့် အနည်းငယ် ပြန်မြင့်သရောင်ဖြစ်လာပြီး ဒီဇင်ဘာလတွင် တစ်တင်းကို (၂၂၀၀၀၀)ကျပ်ဖြင့် များပြန်လည်ကျဆင်းလာတာ တွေ့ရပါသည်။

          မြေပဲဈေးနှုန်းများအနေဖြင့်လည်း ပုံမှန်မရှိဘဲ အတက်အကျ အနည်းငယ်ရှိတာ တွေ့ရပါသည်။ မြေပဲဆီကြိတ်ဆန် ဈေးနှုန်းများအနေဖြင့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်ပိဿာကို (၈၀၀၀)ကျပ်ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လတွင် တစ်ပိဿာကို (၇၀၀၀)ကျပ်ကျော်ဖြင့် ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါသည်။ ထို့နောက် ဧပြီလမှ စက်တင်ဘာလအထိ တစ်ပိဿာကို (၈၀၀၀)ကျပ်ကျော်ဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ပြီး အောက်တိုဘာလတွင် ဈေးပြန်လည်ကျဆင်းလာပြီး တစ်ပိဿာကို (၆၀၀၀)ကျပ်ကျော် ထိရောင်းချခဲ့ပါသည်။ နိုဝင်ဘာလ နှင့်ဒီဇင်ဘာလတို့တွင် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ကျော် ဈေးနှုန်းများပြန်လည်မြင့်တက်လာခဲ့ပါသည်။  ထို့အတူ မြေပဲလုံးဆန်ဈေးမှာလည်း ဇန်နဝါရီလ မှမတ်လအထိ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ကျော်၊ ဧပြီလတွင် (၉၀၀၀)ကျပ် မှ မေလတွင် တစ်ပိဿာကို (၁၀၀၀၀)ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ ဇွန်လမှ စက်တင်ဘာလတွင် တစ်ပိဿာကို (၉၀၀၀)ကျပ်ကျော် ပြန်ဖြစ်သွားပြီး၊ အောက်တိုဘာလတွင် (၇၀၀၀)ကျပ်ကျော်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် တစ်ပိဿာကို (၈၀၀၀)ကျပ်ကျော်ဖြင့် ဈေးအနည်းငယ်ပြန်မြင့်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ပြည်ခရိုင်၊ ပြည်ဈေးကွက်တွင် ၂၀၂၅ခုနှစ် (၁)နှစ်လုံးတွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲဈေးနှုန်းများကို လေ့လာကြည့်ခြင်းအားဖြင့် ဝယ်လိုအားများလျှင် များသလိုအရောင်းအဝယ်ဖြစ်ပြီး ဈေးမြင့်တက်လာခဲ့တာတွေ့ရပါသည်။ စမုံနက်နှမ်းကို မန္တလေး၊ ရန်ကုန်ဝယ်လက်များက အဝယ်ရှိခြင်း၊ နှမ်းနက်ကို ဒေသတွင်းသာ ဝယ်ယူမှုရှိခြင်း၊ နှမ်းနီကို ဆီစက်သမားများကိ ဆီကြိတ်ရန်ဝယ်ယူမှုရှိကြပါသည်။ မြေပဲဆန်ကိုလည်း အောင်လံနှင့် မကွေးဘက်မှ ပြန်လည်ဝယ်ယူတာတွေ့ရပါသည်။ ထို့ကြောင့် ပြည်တွင်း သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် မြေပဲနှင့် နှမ်းကိုမျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရေအသွေးကောင်းသော ဆီထွက်သီးနှံများရရှိလာနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေဓါတ်ဖြည့်ပန်းသစ်တော်သီးနှင့် မြိတ်ဒေသရှိ စျေးနှုန်း‌

     သရက်၊ ဒူးရင်း၊ မန်ကျည်း၊ ပိန္နဲစသည့် သီးနှံများကို အပူပိုင်းဒေသဖြစ်သော တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်တို့တွင်စိုက်ပျိုးကြပြီး ပန်းသစ်တော်သီးသည်အေးသောဒေသတွင်သာ စိုက်ပျိုးနိုင်သောကြောင့် ရန်ကုန်နှင့် အခြားဒေသများမှဝယ်ယူလျက်ရှိပါသည်။ အဓိကအားဖြင့် ရှမ်းပြည် နယ်တွင် ကောင်းစွာရှင်သန်ပေါက်ရောက်ပြီး အထွက်နှုန်းများသည်။ စတင်စိုက်ပျိုးသည့် အချိန်မှ ၃ နှစ် သက်တမ်း အကြာတွင် စတင်သီးလာမည် ဖြစ်ပါသည်။ အနိမ့်ဆုံးအပူချိန် အနုတ် ၂၇ ဒီဂရီ စင်တီဂရိတ်မှ အမြင့်ဆုံး အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာဖြစ်ထွန်း ရှင်သန်သည်။ အခွံကို ရေဆေးပြီး တိုက်ရိုက်စားသုံးနိုင်သည်။ ပန်းသစ်တော်သီးသည် အာဟာရသတ္တုဓါတ်ကြွယ် ဝပြီး အရည်ရွှမ်းပြီး ချိုချဥ်အရသာရှိသည့်အပြင် စားသုံးသူများအကြိုက်များသော သစ်သီးတစ်မျိုး လည်း ဖြစ်သည်။ ဗီတာမင်စီ၊သံဓါတ်၊ ကော့ပါးနှင့် ပိုတက်စီယမ်တို့ ပါဝင်ပြီး ကျန်းမာရေးပညာရှင် များက ပန်းသစ်တော်သီးသည် အစာအိမ်အတွက်ကောင်းမွန်စေပြီး ရေဓါတ်များစွာပါဝင်သော သစ်သီးတစ်မျိုးဖြစ်သည်ဟု ဆိုပါသည်။

          မြိတ်မြို့တွင်ရောင်းချနေသော ပန်းသစ်တော်သီးကို အများအားဖြင့် အခြားဒေသမှ တင်သွင်း သည်။ ပန်းသစ်တော်သီးကို ရှမ်းချောင်းကုန်စိမ်းစျေးမှ တစ်ဆင့် တပ်ပြင်စည်ပင် သာယာစျေးတွင် ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။ မြိတ်မြို့တွင် ပန်းသစ်တော်သီးအကြီး တစ်လုံးလျှင် ၃၅၀၀ကျပ်၊ ပန်းသစ်တော်သီးအလတ် တစ်လုံးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဖြူးမြို့နယ်၌ စားသုံးဆီဖူလုံရေး ဆောင်းဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယခင်နှစ် စားသုံးဆီဖူလုံမှု (၅၈.၄၀) ရာခိုင်နှုန်းသာရှိခဲ့ပြီး ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စားသုံးဆီဖူလုံမှု (၁၀၅.၀၃) ရာခိုင်နှုန်းရရှိရေးအတွက် နွေ၊ မိုး၊ ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လယ်ယာကိုင်းကျွန်း စိုက်ပျိုးသူများ၊ သမဝါယမကဏ္ဍစိုက်ခြင်းများအား စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းကြီးကြပ်မှုကော်မတီမှ သိရသည်။

        “ကျွန်တော်တို့ သမဝါယမကဏ္ဍအနေဖြင့် ဒီနှစ်ဆောင်းမြေပဲဗီယက်နမ်မျိုး (၂၀) ဧကစိုက်ပျိုးဖို့စီစဉ်ထားပြီး အစေ့ချစက်နဲ့စတင်စိုက်ပျိုးနေပါပြီအခြားအနေနဲ့ မတ်ပဲ (၃၄၂)ဧက၊ ပဲတီစိမ်း (၂၀)ဧက၊ ပိုက်ဆံလျှော် (မျိုးစေ့ထုတ်) (၃၀)ဧကနှင့်နွေစပါး(၁၀၀)ဧက စိုက်ပျိုးဖို့ရှိပါတယ်” ဟုလူငယ့် အားမာန် စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်းဥက္ကဌ ဦးဝင်းလှိုင်ကပြောကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း