Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော ငရုပ်သီးစိမ်း နှင့် ပန်းငရုပ်ပွသီး ဈေးနှုန်း

           ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ရုံးပတီသီး နှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုပ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုပ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုပ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။

          ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း ဈေးနှုန်းအနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ကုလားအော် ငရုပ်သီးစိမ်းတစ်ပြည်လျှင်(၁၅၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၂၀၀၀)ကျပ်နှင့် ပန်းငရုတ်ပွသီး ဈေးနှုန်း မှာ ပန်းငရုတ်ပွသီး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၂၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)  

ကျွန်းလှမြို့တွင် ဆန်အသစ်ပေါ်၍ ခေါဆီ၊ ခေါ့ပုတ်(ခေါ်)ကောက်ညှင်းပြား ဈေးနှုန်းကျဆင်းလျက်ရှိ

      ကျွန်းလှမြို့နယ်အတွင်းရှိဈေးများတွင်ဒေသထွက်ပေါ်ဦးပေါ်ဖျားခေါဆီ(ခေါ်)ကောက်ညှင်းပြားများကိုဆောင်ဝင်ခါနီစက်တင်ဘာ၊ အောက်တိုဘာလများတွင် တင်ရောင်းချလျက် ရှိကြောင်း နှင့် ယခုအချိန်တွင် ကောက်ညှင်းပြားသည်များ လှိုင်လှိုင်ပေါလာပြီး ဈေးအနည်းငယ်လျော့ကာ ကောက်ညှင်းပြား အခုရေတိုးလာကြောင်း သိရှိရပါသည်။

              ကောက်ညှင်းပြားကို ပြုလုပ်ဖို့ ကောက်ညှင်းဆန်ကို ကျောက်ခဲ၊ သလဲများအပါအောင် ရွေးချယ် သန့်စင်ပြီး ကောက်ညှင်းဆန်ကိုရေဆေးပြီး အချိန်အတန်ကြာအောင်ရေစိမ်ထားရပါသည်။ ရေစိမ်ရသော ကောက်ညှင်းဆန်များကို ပေါင်းအိုဖြင့်ပေါင်းပြီး ပေါက်ဆိန်၊ ပေါင်တူ၊ မောင်းတို့ဖြင့်ထည့်၍ ထုထောင်းပြီး အိစက်ညက်ညောသည့် အနေအထားရောက်မှ နှမ်းထောင်း/ဆီတို့ကိုသုံးပြီး ကောက်ညှင်းပြားများပြား၍ ငှက်ပျောဖက်/ပလပ်စတစ်အိတ်အကြည်ပေါ်တွင် အအေးခံပြီးလျှင် စားသုံးရသည့် ကောက်ညှင်းပြား များရရှိပါသည်။

           ဇန်နဝါရီလ ဒုတိယပတ်တွင် ခေါဆီ(ခေါ်)ကောက်ညှင်းပြားဈေးနှုန်းများမှာ ခေါဆီ(ခေါ်) ကောက်ညှင်းပြားအကြီး (၇)ခုလျှင် (၂၀၀၀)ကျပ်၊ အသေး (၁၇)ပြားလျှင် (၁၀၀၀) ကျပ် ၊ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကောက်ညှင်းဆန် အသစ်များပေါ်လာသည့်အတွက် ဈေးနှုန်းကျဆင်း ရခြင်းဖြစ်ကြောင်း၊ ရာသီစာဖြစ်သည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)  

မကွေးတိုင်းဒေသကြီးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဝါးဈေးကွက်

     မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအတိုင်း ရှင်သန်ပေါက်ပွားလျက်ရှိသည့်အပြင် အလွယ် တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့်ဝါးများ အမျိုးပေါင်းများစွာရှိသည့်အနက် အသုံးများသော ဝါးအမျိုး အစားများမှာ ကြခတ်ဝါး၊ ထီးရိုးဝါး၊ ဝါးနက်၊ ဝါးပိုးဝါး၊ ကြသောင်းဝါး၊ တင်းဝါး၊ သိုက်ဝါး စသည်တို့ဖြစ်ကြသည်။

    သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့်အတွက် ဝါးကုန်ကြမ်းများကို အသုံးပြု၍ ဝါးအိမ်ဆောက်လုပ်ခြင်း၊ အိမ်ခေါင်မိုးခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ဝါးကုလား ထိုင်ပြု လုပ်ခြင်း၊ ခြင်းတောင်းပုံစံ အမျိုးမျိုးပြုလုပ်ခြင်း၊  ဖျာများရက်လုပ်ခြင်းနှင့် ဝါး နှီးများပြု လုပ်ခြင်းများ အပြင် တန်ဖိုးမြှင့်ဝါးထုတ်ကုန်အမျိုးမျိုးမှာလည်း ယနေ့ခေတ်အခါတွင် လူကြိုက်များ လျက်ရှိပါသည်။

    ပခုက္ကူ၊ ဂန့်ဂေါ၊ မြိုင်၊ ဆော၊ သရက်၊ မကွေး၊ တောင်တွင်းကြီး၊ မင်းဘူးမြို့နယ်တို့တွင် ဝါးတောများ ပေါက်ရောက်ပြီး ပျမ်းမျှဈေးနှုန်းအနေဖြင့် မျှင်ဝါး (၁၈ပေ-၂၀ပေ) တစ်လုံးလျှင် ကျပ် (၈၀၀ မှ ၁၂၀၀)၊ တပင်တိုင်ဝါး (၁၈ပေ-ပေ၂၀) တစ်လုံးလျှင် ကျပ်(၁၅၀၀ မှ ၂၀၀၀)၊ ဝါးပိုး(အကြီး) (၂၀ပေ) တစ်လုံးလျှင် ကျပ် (၃၅၀၀မှ ၅၀၀၀)၊ ဝါးပိုး(အလတ်) (၁၅ပေ-၁၈ပေ) တစ်လုံးလျှင် ကျပ် (၂၅၀၀ မှ ၃၀၀၀)၊ ကြခတ်ဝါး (၁၈-၂၀ပေ) တစ်လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)အထိ ဈေးကွက် ရရှိသည်။ ဝါးကုန်ကြမ်းဖြင့် ရိုးရာလုပ်ငန်းမှသည် အဆင့်မြင့် ကုန်ချောများ ဖန်တီးပြုလုပ်လာကြ သောကြောင့် မြန်မာ့ ဝါးလက်မှုပစ္စည်းများသည် ပြည်ပ ဈေးကွက်တွင် အခိုင်အမာနေရာရရှိလာမည် ဖြစ်သည်။

     ဝါးပင်အမြစ်များသည် မြေဆီလွှာတိုက်စားမှုကို အကာအကွယ်ပေးသောကြောင့် သဘာဝ ပတ်ဝန်းကျင်ကိုလည်း တစ်ဖက်တစ်လမ်းက ထိန်းသိမ်းသော အပင်ဖြစ်သည်။ သို့ဖြစ်၍ ဝင်ငွေရ သဘာဝဝါးတောများ မပြုန်းတီးရေး အစဉ်ကြိုးပမ်းသွားရန်လိုကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မကွေး)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခါကြက်ဥ နှင့် မုန့်ညှင်းထုတ်ဈေးနှုန်း

                       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ငရုပ်သီးစိမ်း၊ ခဝဲသီး၊ ဗုံလုံသီး သင်္ဘောသီး ကင်မုံသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီး၊ ခရမ်းကြွပ်သီး နှင့်  ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင် ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

               ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော  ခါကြက်ဥ နှင့် မုံညှင်းထုပ် ဈေးနှုန်းအနေဖြင့်  ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်ဥ) တစ်ပိဿာ လျှင် (၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊  မုံညှင်းထုတ် ဈေးနှုန်းများမှာ  မုံညှင်းထုတ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ် သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ခါကြက်ဥ(ဗမာ) (၁)ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်ူး မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)  

အထက်မင်းလှမြို့၌ ကွမ်းရွက်နှင့် ကွမ်းသီးဈေးနှုန်းဆက်လက်မြင့်တက်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံး ကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်း ချကြောင်း သိရသည်။

            မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့် ရှိပြီး ကွမ်းစိမ်းနှင့် ကွမ်းရွက်ဝါ()မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပိုအစားများကြကြောင်းသိရသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ()ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၃၀၀၀၀ - ၃၅၀၀၀)၊ ကွမ်းသီးခြမ်း()ပိဿာလျှင် ကျပ်(၂၇၀၀၀)၊ ကွမ်းသီးစိပ်()ပိဿာလျှင် ကျပ် (၂၆၀၀၀)၊ ကွမ်းစားထုံး()လီတာ()ဘူးလျှင် ကျပ်(၂၀၀၀)၊ ကွမ်းစားနှပ်ဆေး()ထုပ် လျှင် ကျပ်(၁၁၀၀)၊ ဗမာဆေး()ထုပ်လျှင် ကျပ်(၁၀၀၀)စသည့် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

            အရောင်းအဝယ်အနေဖြင့် ()ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်း ချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ()ပိဿာမှ ()ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ၂၀၂၅ခုနှစ် ယခင်‌ ဒီဇင်ဘာလ (စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်ကျပ် (၁၀၀၀၀-၁၅၀၀၀)၊ ကွမ်းသီးခြမ်း ကျပ်(၁၀၀၀) ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ယခုအချိန်သည် ကွမ်းစိုက်ပျိုးထွက်ရှိရာဒေသများရှိ ကွမ်းခြံများ၌ ကွမ်းအထွက်နှုန်းများ လျော့နည်း သည့်အပြင် သယ်ယူစရိတ်မှာလည်း မြင့်မားလာသောကြောင့် ကွမ်းရွက်နှင့် ကွမ်းသီး ဈေးနှုန်းမှာ ဆက်လက်မြင့်တက်ရခြင်းဖြစ်ကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင် ပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ညောင်ပင်သာ၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ကုန်းကြီး၊ ထန်းကိုင်း၊ ရွာသစ်၊ ဂျင်ရဲမြောင်၊ ရွာတော် စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ပြီး ကြက်သွန်နီ၊ နှမ်း၊ မြေပဲ၊ ကုလား ပဲ၊ စားတော်ပဲ၊ ပဲကြီး၊ နေကြာ၊ ပဲစဉ်းငုံ၊ ပြောင်း၊ စပါး၊ ခရမ်းချဉ်သီးနှင့် အခြားစားဖိုဆောင်သုံး သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ ဥယျာဉ်ကျေးရွာ၌ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလတွင် တောင်သူ(၆၀)ဦးမှ ဆောင်းသီးနှံကုလားပဲစိုက်ဧက(၁၆၀)ခန့်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

           ဥယျာဉ်ကျေးရွာနေ တောင်သူတစ်ဦးက ၎င်းအနေဖြင့် ဆောင်းသီနှံကုလားပဲ(မြကျေးမျိုး) ()ဧကခန့်အား ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး မျိုးကိုယခင်နှစ်က ကုလားပဲစိုက်ခင်း များမှ စိုက်ပျိုးထွက်ရှိသည့်ကုလားပဲစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မျိုး သုံးစွဲမှုအနေဖြင့် စိုက်ပျိုးမြေအနေအထားပေါ်မူတည်ပြီး ()တင်းခွဲမှ ()တင်းခန့်အထိကုန်ကျ ကြောင်း၊ စိုက်ပျိုးပြီး()လခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြု ပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ()ဧကလျှင် ကျပ်(၇၀၀၀၀၀) သိန်းခန့် ကုန်ကျကြောင်း သိရသည်။

     ယခင်နှစ်က ကုလားပဲသီးနှံ()ဧကစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်နှင့်ရိတ်သိမ်းခအပါအဝင် ကျပ်(၈၅၀၀၀၀)ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ကုလားပဲစိုက်ပျိုးချိန်တွင် မိုးများပြီးစိုက်ခင်း များအတွင်း ရေဝပ်မှုများ၍ အပင်အသေအပျောက်များသည့်အတွက် ()ဧကလျှင် (၁၅)တင်းမှ (၁၈)တင်းထိသာထွက်ရှိခဲ့ကြောင်း၊ ဈေးနှုန်းအနေဖြင့် ()တင်းလျှင် ကျပ်(၈၀၀၀၀)ခန့်ရရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၃၅၀၀၀၀ - ၅၉၀၀၀၀)ခန့်သာရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင်မှု ဥယျာဉ်ကျေးရွာ၌ ဆောင်း သီးနှံကုလားပဲစိုက်ခင်းများသည် ရာသီဥတုသမမျှတပြီး အပင်များအောင်မြင်ဖြစ်ထွန်းလျက်ရှိ သည့်အပြင် အဖူးအပွင့်များလည်း စတင်ဖူးပွင့်လျက်ရှိသည့်အတွက် ယခင်နှစ်ကထက် အထွက်နှုန်း များပိုမိုထွက်ရှိနိုင်ကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် အထက်မင်းလှမြို့၊ သီးနှံပွဲရုံ များ၌ ကုလားပဲ(မြကြေး)အဟောင်း()တင်းလျှင် ကျပ်(၇၈၀၀၀)ခန့်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့နယ်၊ မုန်းမြင့်ကျေးရွာ၌ ထွက်ရှိသော  နံနံပင် ဈေးနှုန်းဈေးကွက်အခြေအနေ

     ဟင်းလျာများတွင် အနံ၊ အရသာပိုမို ကောင်းမွန်စေရန် ထည့်သွင်းရသော ဟင်းခတ် အမွှေးအကြိုင်တစ်ခုဖြစ်သော နံနံပင်ကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သမော်အင်း၊ မုန်းမြင့်၊ အင်းဒေါင့်၊ ဘိုကုန်း၊ ဇီးကိုင်းစသည့်ကျေးရွာများ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

          နံနံပင် (၁)ဧကလျှင် မျိုးထုတ် (၂၈)ထုပ်ခန့် စိုက်ပျိုးရပြီး မျိုး(၁)ထုပ်လျှင် ကျပ်(၂၀၀၀၀)ဖြင့် ဝယ်ရကြောင်း၊ စတင်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် ရောင်းချ၍ရနိုင်ပြီဖြစ်ကြောင်း၊ မျိုးဘိုး၊ ထွန်ယက်ခ၊ မြေပြုပြင်ခ၊ အခြားသွင်းအားစုအပါအဝင် ကျပ်(၁၀)သိန်းခန့် ကုန်ကျကြောင်း၊ (၁)ဧကလျှင် ပိဿာချိန်(၁၈၀၀)ခန့်ထွက်ရှိပြီး (၁)ပိဿာလျှင် ကျပ်(၁၀၀၀)ဖြင့် ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၈)သိန်းရရှိကြောင်း၊ ယခုဆောင်းရာသီကာလသည် နံနံပင်များအထူး ဖြစ်ထွန်းသည့်အတွက် အခြားကာလရရှိသည့်ဈေးနှုန်းထက် နည်း၍ဈေးကောင်းမရရှိသဖြင့် အကျိုး အမြတ်မှာ ယခင်ထက်နည်းကြောင်း၊ ထွက်ရှိလာသော နံနံပင်များကို ပွင့်ဖြူမြို့ပေါ်ရှိ သီးနှံဒိုင် များသို့တင်ပို့ပြီး ဈေးကွက်ရှိရာ မကွေး၊ မင်းဘူးနှင့် မင်းလှမြို့များသို့ တင်ပို့ရောင်းချကြောင်း မုန်းမြင့်ကျေးရွာနေ တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ကျွန်းလှမြို့၌ ခရမ်းချဉ်သီး နှင့် ခရမ်းသီးဈေးနှုန်းကျဆင်းလျက်ရှိ

               ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ တစ်ပိုင်တစ်နိုင်စိုက်ပျိုုးပြီး ထွက်ရှိသည့် ဒေသထွက် ခရမ်းသီးနှင့် ခရမ်းချဉ်သီးများကို ဈေးကွက်အတွင်းသို့ ပို့ဆောင်ရောင်းချလျက်ရှိပြီး မိမိတို့ဒေသထွက်များ ဝင်ရောက်မှု နည်းပါးလာသည့်ရာသီများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

            ၂၀၂၆ ခုနှစ်၊  ဇန်နဝါရီလ ဒုတိယပတ်တွင် သစ်ရာမြိုင်ဈေး၌ ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ကျွန်းလှဒေသထွက် ခရမ်းချဉ်သီး(ဗမာ) အလုံးကြီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး(ထိုင်ဝမ်)အလုံးကြီးတစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၅၀၀)ကျပ် နှင့် အလုံးသေး တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၃၀၀)ကျပ်၊ ခရမ်းသီး ဈေးနှုန်းများမှာ ထောပတ် ခရမ်းသီး လက်လီ တစ်ပိဿာ လျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၅၀၀)ကျပ် နှင့် ပဒေသာ ခရမ်းသီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင် (၁၃၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချသောကြောင့် ယခင်အပတ်ထက်ခရမ်းသီးဈေးနှုန်းများ အနည်းငယ် ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)  

အထွက်လှိုင်၊ အရောင်သွက် အရည်အသွေးလှနေသည့် ရှမ်း(တောင်) ပဲပန်း ဈေးကွက်

             ပဲပန်းကို အေးမြသော ဒေသများဖြစ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလော၊ အောင်ပန်း၊ ပင်းတယဒေသများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြင်ဦးလွင်ဒေသနှင့် ချင်းတောင်တန်း အချို့နေရာများတွင် စီးပွားဖြစ်စိုက်ပျိုးသော အရေးပါသည့် အဓိက ကုန်သွယ်ရေးပန်းတစ်မျိုးဖြစ် ကြောင်း လေ့လာသိရှိရပါသည်။ ပဲပန်းကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလမှ မတ်လအထိ အထွက်လှိုင်၍ ဈေးကွက်အဝင်ကောင်းကာ အရောင်းသွက်နေကြောင်း သိရှိရပါသည်။

         ပဲပန်းရောင်စုံအပွင့်များကို စိတ်ကြိုက်စုစည်း၍ ဘုရားပန်းကပ်ခြင်း၊ အခမ်းအနားနှင့် ဧည့်ခန်းများတွင် အလှဆင်ခြင်းတွင် အသုံးပြုကြပြီး ပဲပန်း၏လှပမှုဖြင့် စိတ်ကြည်နူးမှုရရှိနိုင်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ပဲပန်းရိုးတံတစ်တံလျှင်လက်လီဈေးနှုန်းမှာ(၅၅၀-၁၀၀၀)ကျပ်နှင့် လက်ကားဈေးနှုန်းမှာ ပဲပန်းရိုးတံတစ်တံလျှင် (၁၅၀၀-၂၀၀၀)ကျပ်ထိ ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

           ပဲပန်းများကို အစီးလိုက်ထုပ်ပိုးပြီး စက္ကူပုံးများဖြင့်ထည့်၍ ရန်ကုန်၊ မန္တလေးဒေသစုံသို့တင်ပို့ပြီး ဂျပန်၊ စင်္ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့လည်း လေကြောင်းဖြင့် တင်ပို့ကြပါသည်။

         ပဲပန်းစိုက်တောင်သူအစုအဖွဲ့များအနေဖြင့် စီးပွားဖြစ် တွက်ခြေကိုက်သောပန်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ပေါ်ဦးပေါ်ဖျား စတော်ဘယ်ရီသီးလေးများ

         စတော်ဘယ်ရီပင်ကို သမပိုင်းဇုန်၌လည်းကောင်း၊ အပူပိုင်းဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌လည်းကောင်း၊ စိုစွတ်သောမြေမျိုးနှင့် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၀၀၀ မှ ၆၀၀၀ အတွင်းရှိ မြေမျိုး၌လည်းကောင်း ပေါက်ရောက်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် စတော်ဘယ်ရီကို ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြကြောင်း၊ တောင်ပေါ်ဒေသ နေရာအများအပြားတွင် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အထိ စိုက်ပျိုးလာကြကြောင်း သိရပါသည်။

            စတော်ဘယ်ရီပင်များကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဒေသသီးခေါ် အလုံးသေးအသီးများသာမက ခပ်ပြားပြားသဏ္ဌာန်ရှိပြီး အရသာချဉ်သော ထိုင်ဝမ်သီးများနှင့် အလုံးကြီးပြီး ချိုသောဂျပန်သီးများကိုလည်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထွက်ရှိလာသော စတော်ဘယ်ရီသီးများကို ဒီဇင်ဘာလမှစတင်ပြီး မေလအထိ ခူးဆွတ်ကြကြောင်း သိရသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှပိဿာ ၃၀၀၀ မှ ၄၀၀၀ ခန့်အထိထွက်ရှိပြီး စတင်ခူးဆွတ်ချိန်မှ ရက်ပေါင်း ၆၀ ခန့် နေ့စဉ်ပုံမှန်ခူးဆွတ်နိုင်သော်လည်း ငါးရက်တစ်ကြိမ်ခူးဆွတ်ပါက ပိုမိုကောင်းမွန်ကြောင်း သိရသည်။

            ယခုအခါ စတင်ထွက်ပေါ်လျက်ရှိသည့် ပေါ်ဦးပေါ်ဖျား ဂျပန်သီးများကို တစ်ပိဿာခန့်ရှိသည့် တစ်ခြင်းလျှင် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ခန့် အထိရောင်းချပြီး ဒေသတွင်းရှိ စတော်ဘယ်ရီယိုလုပ်ငန်းများနှင့် မိရိုးဖလာ စတော်ဘယ်ရီဝိုင်စိမ်သော လုပ်ငန်းများသို့လည်း လက်လီ/ လက်ကား ဈေးနှုန်းများဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း