Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်မြို့၊ ဒေသထွက် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော အုန်းသီးနုဂျယ်လီလုပ်ငန်းများ ရပ်ဆိုင်းထားကြ

        တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် သဘာဝပေါက်ပင်များရှိသလို စီးပွားဖြစ်စိုက်ပျိုးကြသော ဒေသပေါက်ပင်များ လည်းရှိပါသည်။ ဒေသန္တရအပင်များထဲမှ အုန်းပင်သည် စီးပွားရေးလုပ်ငန်း များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းတို့ကို အသုံးပြု၍ အသုံးအဆောင်ပစ္စည်းနှင့် စားစရာအပါအဝင် အုန်းသီးဂျယ်လီတို့ကိုပြုလုပ်ကြလေ့ရှိသည်။ ဒေသထွက်အုန်းသီးနုကို အုန်းသီးဂျယ်လီအဖြစ် ထုတ်လုပ်ရောင်းချကြလေ့ရှိပြီး ယခုအခါ အုန်းသီးစျေးနှုန်းမြှင့်တက်လာခြင်းနှင့်  ပါဝင်ပစ္စည်းများ စျေးမြှင့်လာခြင်းတို့ကြောင့် အုန်သီးဂျယ်လီပြုလုပ်သူများလုပ်ငန်းရပ်ဆိုင်းထားကြကြောင်း သိရှိရ သည်။ ယခင်က အုန်းသီးဂျယ်လီ တစ်ဘူးလျှင် ၈၀၀- ၁၀၀၀ကျပ်ခန့်ရောင်းချလျက်ရှိရာမှ ယခုအခါ အုန်းသီးဂျယ်လီ တစ်ဘူး ၂၀၀၀ ကျပ်ခန့်အထိရောင်းချလျက်ရှိရာ စျေးနှုန်းမြင့်တက်လာခြင်းကြောင့် ဝယ်ယူသူနည်းပါလာ ကြောင်းသိရှိရပါသည်။ အုန်းသီးဂျယ်လီကို ထားသိုရန်အတွက် ရေခဲအစဉ် မပြတ်လိုအပ်သည့်အပြင် တစ်ရက်၊ နှစ်ရက်ထက်အထားမခံခြင်းများကြောင့် အုန်းသီးဂျယ်လီ လုပ်ငန်းများ တစ်ချို့ရပ်နားထားကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဈေးကွက်အတွင်း စပါးဈေးနှုန်းအနည်းငယ်တက်

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လကုန်ပိုင်းက အစိုဓာတ် ၂၂%၂၅% စပါးတင်း (၁၀၀)လျှင် ၁၀၄၈၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၄၆၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနိုဝင်ဘာလ လယ်တွင် ၂၀% ၂၂% စပါးတင်း ၁၀၀ လျှင် ၁၁၀၄၀၀၀ ကျပ်၊ဆန်တစ်အိတ်လျှင် ၄၈၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေလျက်ရှိပါ သည်။ ယခင်လထက်စပါးဈေး၊ ဆန်ဈေးအနည်းငယ် မြင့်တက်ခဲ့ကြောင်း သတင်းရရှိပါသည်။ စိုက်ပျိုးသည့်စပါးမျိုးများအနက် မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ကရင်မ စပါးမျိုးများမှာ အရောင်းအဝယ် ပိုသွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ငါးပိဈေးနှုန်းတည်ငြိမ်လျက်ရှိ

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးတွင် ရောင်းချနေသော ငါးပိဆိုင်များသည် လူမျိုးဘာသာမရွေးစားသုံးနိုင်သည့်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကာ ဝယ်ယူသူများနှင့်မပြတ် စည်ကားလျက်ရှိနေပါသည်။ ထမင်းစားသောက်ရာတွင် ဟင်းကောင်းမပါ သော်လည်း ငါးပိရည်တို့စရာများနှင့်စားပါက ထမင်းစားမြိန်သည့်အတွက် ထမင်းဆိုင်တိုင်းတွင် မရှိမဖြစ်ပါဝင်လျက်ရှိနေပါသည်။ ငါးဇင်ရိုင်း ငါးပိရည်ကျို ၁ ပိဿာလျှင် ၃၀၀၀-၄၀၀၀-၅၀၀၀ ကျပ်အထိ ဈေးနှုန်းအသီးသီးရှိပြီး ငါးပြေမ ငါးပိရည်ကျို ၁ ပိဿာလျှင် ၄၀၀၀ ကျပ်မှစပြီး ၅၀၀၀ ကျပ်၊ ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်အထိရှိပြီး ငါးရံငါးပိရည်ကျို ၁ ပိဿာလျှင် ၇၀၀၀-၁၀၀၀၀ ကျပ်၊ ၁၅၀၀၀ ကျပ်အထိဈေးနှုန်းအသီးသီးဖြင့် ရောင်းချသဖြင့် ဝယ်သူမပြတ်ရှိနေပြီး ငါးပိရည်ကျိုကို အချိန် ၁၀ ပိဿာနှင့်အထက်ဝယ်ပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ရောင်းချသည့်ငါးပိဒိုင်ထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူဒေသထွက် ပန်းပွင့်စိမ်းများ ပေါ်ဦးပေါ်ဖျားမို့ ဈေးကောင်းရ

         တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးတွင် ရှမ်းပြည်ဘက်မှပန်းပွင့်များ ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ရှမ်းပြည်ဒေသထွက်ပန်းပွင့်စိမ်းသည် တောင်ငူဒေသထွက် ပန်းပွင့်စိန်းများထက် ဈေးနှုန်းပိုမိုမြင့်မားသော်လည်း ယခုနိုဝင်ဘာလတွင် တောင်ငူဒေသထွက် ပန်းပွင့်စိမ်းများ စတင်ပေါ်လာချိန်ဖြစ်သောကြောင့် ဈေးနှုန်းမှာ ပေါ်စအချိန်တွင် ပန်းပွင့်အစိမ်း အသေး ၁ ပွင့်လျှင် ၁၅၀၀ ကျပ်၊ ၃ ပွင့်လျှင် ၄၀၀၀ ကျပ်၊ အလတ် ၁ ပွင့်လျှင် ၂၀၀၀ ကျပ်၊ ၃ ပွင့်လျှင် ၅၀၀၀ ကျပ်၊ အကြီး ၁ ပွင့်လျှင် ၂၅၀၀ ကျပ်၊ ၃ ပွင့်လျှင် ၇၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အပွင့် ၁၀ ပွင့်နှင့်အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်းနှင့် ရှမ်းပြည်ဒေသထွက် ပန်းပွင့်အစိမ်းသေး၊ အလတ်နှင့် အကြီးဟူ၍ခွဲခြားပြီး ဈေးနှုန်းကွာခြားသော်လည်း အပွင့်အသေး ၁ ပွင့်လျှင် ၁၀၀၀ ကျပ်၊ အလတ် ၁ ပွင့်လျှင် ၁၅၀၀ ကျပ်၊ အကြီး ၁ ပွင့်လျှင် ၂၀၀၀ ကျပ် မှ ၂၅၀၀ ကျပ်အထိ ဈေးနှုန်းအသီးသီးရှိပြီး ပန်းပွင့်စိမ်း ၁၀ ပွင့်နှင့် အထက်ဝယ်ယူပါက ဈေးနှုန်းအနည်းငယ်ပြောင်းလဲမှုရှိကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ကိုင်းခရမ်းချဉ်သီးလေးများဈေးကောင်းရ

         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးသို့ တောင်ငူမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများနှင့် တောင်ပေါ်ဒေသမှထွက်ရှိသော အသီးအနှံများ၊ ဟင်းသီးဟင်းရွက် များလာရောက်ရောင်းချလျက်ရှိရာ ကိုင်းခရမ်းချဉ်သီးလေးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ဒေသခံတောင်သူများက ကိုင်းခရမ်းချဉ်သီးလေးများကို ယာခင်းများထဲတွင် စိုက်ပျိုးလေ့ရှိပြီး တောင်ပေါ်ဒေသမှထွက်ရှိသော ဆင်ခရမ်းချဉ်သီးလေးများ ဈေးကွက်အတွင်းရောင်းချရာတွင် အလုံးအရွယ်အစားပေါ်မူတည်ပြီးရောင်းချသဖြင့် အလုံးအကြီး ၁ လုံးလျှင် ၂၀၀ ကျပ်၊ အသေး ၁ လုံးလျှင် ၁၅၀ ကျပ်အသီးသီးရှိပြီး အလုံး ၃၀နှင့်အလုံး ၅၀ အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ပေါ်ဦးပေါ်စအချိန်ဖြစ်သောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်သော်လည်း နောက်လများတွင် ဈေးနှုန်းကျဆင်းနိုင်ကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ ပန်းဂေါ်ဖီဈေးနှုန်း

     ပန်းဂေါ်ဖီသည် အမျှင်ဓာတ်နှင့်အာဟာရဓာတ်များစွာကြွယ်ဝပြီး ဟင်းလျာမျိုးစုံတွင် အသုံးပြုနိုင်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ အေးမြသောဆောင်းဦးရာသီအစတွင် ပန်းဂေါ်ဖီကို ဈေးကွက်ထဲတွင် တွေ့ရှိနိုင်ပြီး နိုဝင်ဘာလမှ စက်တင်ဘာလလောက်အထိ လတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်သော ပန်းဂေါ်ဖီများစွာပေါများလျက်ရှိပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ဘုရင့်နောင်ဈေးထဲသို့ ပန်းဂေါ်ဖီအဓိက စိုက်ပျိုးသော ရှမ်းပြည်နယ်ဘက်မှ ပန်းဂေါ်ဖီများ ယခုနိုဝင်ဘာလထဲတွင် အများအပြားဝင်ရောက်လာကြပြီး အရောင်းအဝယ် သွက်လျက်ရှိနေပါသည်။ ပန်းဂေါ်ဖီများကို ဈေးဝယ်သူအိမ်ရှင်မများ၊ မြန်မာထမင်းဆိုင်နှင့်အကြော်အလှော်များ ရောင်းချနေသော စားသောက်ဆိုင်များမှ ဝယ်ယူနေကြပြီး ပန်းဂေါ်ဖီအသေး ၁ လုံးလျှင် ၁၀၀၀ ကျပ်၊ အလတ် ၁ လုံးလျှင် ၁၅၀၀ ကျပ်၊ အကြီး ၁ လုံးလျှင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရှမ်းပြည်နယ်၏ ရိုးရာအစားအစာ ဆီတို့ဟူးအကြောင်း

       ရှမ်းလူမျိုးတို့၏ရိုးရာအစားအစာများအနက် ဆီတို့ဟူးသည် နာမည်ကြီးသောအစားအစာ တစ်ခုဖြစ်ပြီး ရှမ်းလူမျိုးများအပြင် အခြားလူမျိုးများကလည်း ကြိုက်နှစ်သက်ကြပါသည်။ ဆီတို့ဟူးသည် ရှမ်းပြည်နယ်မှစတင်ခဲ့သော ဟင်းလျာတစ်မျိုးဖြစ်ပြီး ပဲအနှစ်ကို အဓိကထား၍ ပြုလုပ်ထား ခြင်းဖြစ်သည်။ နာမည်တွင် တို့ဟူးပါဝင်သော်လည်း ပုံမှန်တို့ဟူးပဲပြားများကဲ့သို့မဟုတ်ဘဲ နူးညံ့သောပဲအနှစ်သား ပုံစံမျိုးလေးရှိကာ အရသာမှာ သဘာဝပဲအရသာရှိပြီး အနည်းငယ် ချိုမွှေးပါသည်။

     ရှမ်းလူမျိုးများသည် ဆီတို့ဟူးကို ထမင်း၊ ရှမ်းခေါက်ဆွဲ၊ ခေါက်ဆွဲပြုတ်တို့နှင့် တွဲဖက်၍ စားသုံးလေ့ရှိပြီး အဆာပလာများဖြစ်သော ကြက်သွန်ဖြူဆီချက်၊ မြေပဲဆန်လှော်၊ ငရုတ်သီးဆီချက်၊ မုန်ညင်းချဉ်တို့နှင့်လည်း ရောနှော၍ စားသုံးလေ့ရှိပါသည်။ ဆီတို့ဟူးကို မြန်မာနိုင်ငံရှိ ဒေသအများအပြားတွင် ပြုလုပ်ရောင်းချလျက်ရှိသောကြောင့် လွယ်ကူစွာဝယ်ယူနိုင်သော်လည်း ရှမ်းပြည်နယ်ရှိဈေးများမှ မူရင်းအရသာအတိုင်းရောင်းချလျက်ရှိသော ဆီတို့ဟူးအရသာမှာတော့ ပိုမိုကောင်းမွန်လှပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ရာသီစာ ချဉ်ပေါင်ဖူး

         ပြည်မြို့ပေါ်ဈေးများတွင် ယခု နိုဝင်ဘာလ၊ ဒုတိယပတ်မှစ၍ ချဉ်ပေါင်ဖူးများဝင်ရောက် လာပြီး ပြည်မြို့၊ အနောက်ဘက်ကမ်းရှိ ညောင်ပင်သာ၊ ရွှေဘုံသာ၊ မန်ကျဉ်းစု၊ ဆင်တဲဘက်မှ ဝင်ရောက်မှုရှိကြောင်း သိရသည်။ ချဉ်ပေါင်ရွက်ကျချိန်တွင် ထွက်ပေါ်လေ့ရှိပြီး ချဉ်ပေါင်ပလပ်ခေါ် ချဉ်ပေါင်ဖူးများဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိရာ ချဉ်ပေါင်ဖူးယို ပြုလုပ်၍ ရောင်းချသူများမှ လှိုင်လှိုင်ပေါ်ချိန်တွင် အဝယ်သွက်ကြောင်းသိရသည်။ ချဉ်ပေါင်ဖူးကို ဟင်းအဖြစ် ချက်ပြုတ်စားသောက်ခြင်း၊ သရေစာအဖြစ်လည်း စားသုံးကြပြီး ချဉ်ပေါင်ဖူးကို အခြောက်လှန်းကာ ထန်းလျက်၊ သကြားတို့ဖြင့် ယိုထိုးကာ စားသုံးကြသည်။

          ပြည်မြို့ပေါ်ဈေးကွက်များ၌ ယခုပေါ်ကာစရှားပါးချိန်တွင် ချဉ်ပေါင်ဖူး(၁၅)ဖူးပါ တစ်တွဲလျှင် ကျပ် (၄၀၀-၅၀၀)ကျပ်ဖြင့်ရောင်းချမှုရှိပြီး (၁၀)တွဲတစ်တွဲလျှင် ကျပ် (၃၈၀၀ - ၄၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ပြည်ဒေသထွက် မုန်လာဥဖြူ ဈေးကွက်

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ဈေးများတွင် မုန်လာဥဖြူများရောင်းချ နေကြောင်းသိရသည်။ မုန်လာဥဖြူများသည် ဆောင်းရာသီသီးနှံဖြစ်သဖြင့် အဝယ်လိုက်ကာ အရောင်းသွက်နေကြေင်းသိရသည်။ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာတွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ဈေးကွက်အတွင်းသို့ အတွဲ (၅၀၀)ခန့်နေ့စဉ် ဝင်ရောက်ကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ တတိယပတ်တွင် မုန်လာဥဖြူများမှာ ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် အဝင်ရှိသလောက် အရောင်းအဝယ်လည်းကောင်းမွန်ကြောင်း သိရသည်။ ဈေးနှုန်းများမှာ အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၅)လုံးတွဲ တစ်တွဲလျှင် (၈၀၀ - ၁၀၀၀-၁၂၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ပြည်ဈေးကွက်တွင် ရောင်းချနေသော ခရမ်းချဉ်သီး

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ဈေးများတွင် ကိုင်းခရမ်းချဉ်သီးများ ရောင်းချနေကြောင်းသိရသည်။ ပြည်မြို့၊ ကိုးသောင်းဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးများကို ရွှေတောင်မြို့မှ မှာယူရောင်းချကြောင်း သိရသည်။ ခရမ်းချဉ်သီးများကို ရွှေတောင်မြို့၊ ကျေးရွာအချို့တွင် မြစ်ရေကျချိန်၌ သဲသောင်ပြင်များပေါ်တွင် စိုက်ပျိုးကြကြောင်း သိရသည်။

          ယခုအချိန်၌ ဈေးကွက်တွင် ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်လာပြီဖြစ်၍ ပြည်မြို့၊ ဈေးများသို့ နေ့စဉ်တင်ပို့ရောင်းချကြောင်း သိရသည်။ ပိုလျှံသောခရမ်းချဉ်သီးများကို ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။ ပြည်ဈေးကွက်တွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း