Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့၏ ဘိလပ်မြေဈေးနှုန်း၊ ဈေးကွက်ခြေအနေ

          တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်မြို့နှင့် ကော့သောင်းမြို့တို့တွင် ဘိလပ်မြေပြတ်လပ်မှု မရှိသော်လည်း ဈေးနှုန်းအနဲငယ်မြင့်တက်ခဲ့ပြီး ထားဝယ်မြို့တွင် ဈေးနှုန်းမြင့်တက်ရုံသာမက ဘိလပ်မြေ ပြတ်လပ်မှုများပါ ဖြစ်ပေါ်ခဲ့ပါတယ်။

          ထားဝယ်မြို့တွင် ပြီးခဲ့သည့်အပတ်  (၂၇.၁.၂၀၂၅)ရက်နေ့တွင် ဘိလပ်မြေများ ပြတ်လပ်လျက်ရှိ ပြီး တစ်အိတ်လျှင် (၂၈၀၀ဝိ/-)မှ (၃၈၀၀ဝိ/-) ခန့်အထိ ဈေးနှုန်းများမြင့်တက်သွားခဲ့ပါသည်။

           (၁.၂.၂၀၂၅)ရက်နေ့တွင် ဘိလပ်မြေ ၃၃၀၀၀အိတ် (၁၆၅၀ တန်)မှာ အမ်ဗွီ ဝိသာခါ သင်္ဘောဖြင့် လည်းကောင်း၊ (၃.၂.၂၀၂၅)ရက်နေ့တွင် ဘိလပ်မြေ ၂၈၅၆၀ အိတ် (၁၄၂၈ တန်)မှာ အမ်ဗွီ ဝေပုလ္လ သင်္ဘောဖြင့်လည်းကောင်း မော်လမြိုင်မြို့မှ ထားဝယ်မြို့ဆိပ်ကမ်းသို့ ဝင်ရောက်လာသဖြင့် ရပ်နားထားရ သောပုဂ္ဂလိကလုပ်ငန်းခွင်များ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ဘိလပ်မြေ တစ်အိတ် ဈေးနှုန်းမှာ (၃၃၀၀ဝိ/-) ခန့် ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရွှေဘိုဈေးကွက်တွင် မတ်ပဲဈေးနှုန်း အနည်းငယ်ကျ

                စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ လကုန်အပတ်တွင်  အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ဇန်နဝါရီလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ မတ်ပဲများ စတင်ဝင်ရောက်ခဲ့ပြီး လကုန်အပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မတ်ပဲတစ်တင်းလျှင် (၈၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်း အဝယ်ဖြစ်မှုမှာ(၄၅၀၀)တင်း/ (၁၄၇)တန် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲတစ်တင်းလျှင်(၈၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မတ်ပဲတစ်တင်းလျှင်(၅၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့၏ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအခြေအနေ

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ဘိလပ်မြေ အနည်းငယ်ပြတ်လတ်မှု၊ အဆင့်ဆင့်သယ်ယူရမှုတို့ကြောင့် ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပြီး ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၂၂၀၀၀)၊ အယ်လဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၂၁၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ဇန်နဝါရီလ (တတိယပတ်) ဈေးနှုန်းအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ ယခုလက်ရှိဈေးနှုန်းများမှာ  အာမိုယူရီးယား (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ဩဘာယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ရွှေနဂါးယူရီးယား တစ်အိတ်လျှင် ကျပ်(၁၁၃၀၀၀)၊ တရုတ်တီစူပါ သံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kgပါ  တစ်အိတ် လျှင် ကျပ်(၁၀၁၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅:၁၅:၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ် (၁၄၀၀၀၀)၊ တရုတ် အာမို ၁၆:၁၆:၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေးဈေးနှုန်းများမှာ ဇန်နဝါရီလ (ပထမပတ်)ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။  အာမိုမက်နီဖော့(500)cc တစ်ဘူး လျှင် ကျပ်(၆၅၀၀၀)၊ အာမိုမက်နီဖော့ (၁)လီတာတစ်ဘူးလျှင် ကျပ်(၁၀၅၀၀)၊ အာမိုစတား(၁)လီတာ တစ်ဘူးလျှင် ကျပ်(၆၇၀၀၀)၊ အာမိုအီမာ(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၁၈၀၀၀)၊ (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ (၁)လီတာ တစ်ဘူးလျှင် ကျပ်(၅၃၀၀၀)၊ ဂျက်ကက် မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၅၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၄၀၀၀)၊ ဩဘာငှက်ကြီးတောင် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၂၆၀၀၀)၊ ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင်ကျပ်(၆၂၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၄၅၀၀၀)၊ (250)cc တစ်ဘူးလျှင် ကျပ်(၂၅၅၀၀)၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၇၀၀၀)၊(၅၀၀)cc တစ်ဘူးလျှင်  ကျပ်(၆၈၀၀၀) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရေစကြိုမြို့နယ်၌ ကုလားပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မြစ်ရေကျချိန်တွင် ညောင်တော၊ ညောင်ဘိုပင်၊ ရှစ်အိမ်တန်း၊ ဇီးကျွန်း၊ ကူတုတ်၊ အောင်ချမ်းသာကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအား အဓိကထားပြီး သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင် ကြပါသည်။ ကူတုတ် ကျေးရွာအုပ်စုတွင် ကုလားပဲသီးနှံကို ဧက(၅၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ ကုလားပဲသီးနှံကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ကျဲပက်စနစ်နှင့် အတန်းလိုက်စနစ်ကိုအသုံးပြုစိုက်ပျိုးပြီး၊ အဓိက စိုက်ပျိုးသည့် ကုလားပဲသီးနှံမျိုးများမှာ ဟော်လန် (ကုလားပဲဝါ)၊ V2 (ကုလားပဲဖြူ) နှင့် 929 (ကုလားပဲဝါကြီး) များဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ယခင်နှစ်က ဟော်လန် (ကုလားပဲဝါ)ကို (၃)ဧကနှင့် V2 (ကုလားပဲဖြူ) (၂)ဧကခန့် စိုက်ပျိုးခဲ့ ကြောင်း၊ (၁)ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြင်ခြင်း၊ သွင်းအားစုနှင့် ရိတ်သိမ်းခြင်းများအတွက် ကျပ်(၅)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် (၁၅)တင်း ခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ကျပ်(၈)သောင်းခန့် ရရှိကြောင်း၊ အကျိုးအမြတ် အနေဖြင့် ကျပ်(၇)သိန်းခန့်ရရှိကြောင်း သိရသည်။

            ယခုနှစ်တွင် ၎င်းအနေဖြင့် ဟော်လန်(ကုလားပဲဝါ)ကို (၃)ဧကနှင့် V2 (ကုလားပဲဖြူ) (၃)ဧက စိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ မြေပြင်ခြင်း၊ သွင်းအားစုနှင့် ရိတ် သိမ်းခြင်းများအတွက် ကျပ်(၈)သိန်းခန့် ကုန်ကျကြောင်း၊ လက်ရှိပေါက်ဈေးအနေဖြင့် (၁)တင်းလျှင် ဟော်လန်(ကုလားပဲဝါ) ကျပ်(၈၃၀၀၀)၊ V2 (ကုလားပဲဖြူ) ကျပ်(၈၅၀၀၀)နှင့် 929 (ကုလားပဲဝါကြီး) ကျပ်(၈၃၀၀၀)ခန့်ရှိကြောင်း၊ ယခုလက်ရှိအချိန်တွင် ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး ရာသီဥတုလည်းကောင်းမွန်သဖြင့် ကုလားပဲပင်များ အဖူး၊ အပွင့်ဝေဝေဆာဆာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လကုန်နှင့် ဧပြီလဆန်းတွင် ရိတ်သိမ်းမည် ဖြစ်ကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ရေစကြိုမြို့နယ်၌ ဝါသီးနှံလှိုင်လှိုင်ထွက်ရှိ

             မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်သည် ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်တို့ ဆုံရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ ရေစကြိုမြို့နယ်အတွင်း မြေခဲတောင်၊ ကိုင်းမကျီး၊ ပခန်းကြီး၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်းကျေးရွာများမှာ ၂၀၂၄ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်လများတွင် စိုက်ပျိုးခဲ့သည့်ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်သည့်အတွက် ဝါစိုက်တောင်သူသာမက ကျေးရွာနေ ပြည်သူများပါ ဝါစွတ်(ဝါကောက်) ရ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း ပခန်းကြီးကျေးရွာနေ ဝါစိုက်တောင်သူတစ်ဦးထံမှ  သိရသည်။

            ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်းသီးနှံခင်းများတွင် ကြားညှပ်နှင့် သီးသန့်စိုက်ပျိုးကြပြီး မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါများကို စတင်စိုက်ပျိုး ကြကြောင်း၊ ၎င်းအနေဖြင့် ယခုနှစ်တွင် ဝါ(၇)ဧက စိုက်ပျိုးထားရှိကြောင်း၊ (၁)ဧကလျှင် မျိုးစေ့(၇) ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုး၊ စိုက် စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်းအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၆)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် ပိဿာချိန်(၂၅၀ မှ၃၅၀)ပိဿာခန့်ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ဝါ(၁)ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၄၀၀၀)ခန့် ပေါက်ဈေး ရှိကြောင်း အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၅)သိန်း ခန့်ရရှိကြောင်း သိရသည်။ 

             ယခုအချိန်တွင် ဝါသီးနှံများ လှိုင်လှိုင်ခူးစွတ်နေရကြောင်း၊ တစ်ရာသီလျှင် (၃)ကြိမ်ခန့် ဝါခူး စွတ်ကောက်ရကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှကျေးရွာထိ လာရောက်ဝယ်ယူကြကြောင်း၊ ထိုမှတစ်ဆင့် ပခုက္ကူမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ကြောင်း  တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

စလင်းမြို့၊ (မိုးစပါး)စိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်ရရှိမှုအခြေအနေ

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စလင်းမြို့နယ်၊ ကျောင်းကြားရပ်ကွက်ရှိ မိုးစပါးစိုက်တောင်သူတစ်ဦးနှင့်တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှု အခြေအနေတို့ကို ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

          ကျောင်းကြားရပ်ကွက်သည် အိမ်ခြေ(၃၃၀)ခန့်ရှိပြီး လူဦးရေ(၁၅၄၆)ဦးခန့်ရှိကြောင်း၊ နှစ်စဉ် စပါး၊ ကုလားပဲနှင့် နှမ်းသီးနှံများ စိုက်ပျိုးကြကြောင်း၊ ကျောင်းကြားရပ်ကွက်၌ မိုးစပါးစိုက်ဧက (၁၅၀)ဧကခန့် စိုက်ပျိုးခဲ့ပြီး ဧရာပဒေသာစပါးမျိုးကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ၎င်းအနေဖြင့် မိုးစပါးဧက(၅)ဧကခန့်စိုက်ပျိုးပြီး တင်း(၄၀၀)ခန့်ထွက်ရှိ၍ (၁)ဧကလျှင် စပါးတင်း(၈၀)တင်း ပျမ်းမျှ ထွက်ရှိကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး မိုးရွာသွန်းမှု အကြိမ်ရေများသည့်အတွက် မိုးစပါး အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း၊ မိုးစပါးကို နှစ်စဉ် ဩဂုတ်လတွင် ပျိုးထောင်၍ (၄၅)ရက်ကြာ လျှင်ပျိုးနှုတ်၍ စိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ (၂)လခွဲခန့် အကြာတွင် စပါးနှံထွက်ရှိပြီး ဒီဇင်ဘာလတွင် စပါး ရင့်မှည့်၍ စပါးရိတ်သိမ်းရကြောင်း၊ မိုးစပါးစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ သက်တမ်း (၃)လခွဲခန့် ကြာကြောင်း၊ မိုးစပါး(၁)ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ မြေပြင် စိုက်ပျိုးရိတ်သိမ်းခြင်းနှင့် သွင်းအားစုများအပါအဝင် ကျပ်(၁၉၅၀၀၀ဝ)ကုန်ကျပြီး (၁)ဧကလျှင် (၈၀)တင်းထွက်ရှိကာ ဝင်ငွေ ကျပ်(၂၃၂၀၀၀ဝ)ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၃၇၀၀၀ဝ) ခန့်ရရှိကြောင်း သိရသည်။

           ယခုနှစ် မိုးစပါးဧရာပဒေသာစိုက်ပျိုးချိန်သည် ရာသီဥတုကောင်းမွန်သဖြင့် စပါးပင်များ အသေအပျောက်နည်းပါးကာ ကောက်ကွက်ပြည့်အပင်များ ဖြစ်ထွန်းကောင်းမွန်ခြင်းတို့ကြောင့် အထွက်နှုန်းမြင့်မားခဲ့ပြီး ဈေးနှုန်းမှာလည်း သင့်တင့်မျှတမှုရှိသောကြောင့် ယခုနှစ် မိုးစပါးစိုက်တောင်သူများ အကျိုးအမြတ်ရရှိခဲ့ကြောင်း တောင်သူထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့နယ်ထွက် ဖီးကြမ်းငှက်ပျောသီးဈေးနှုန်းဈေးကွက်

             မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ ဥယျာဉ်ခြံမြေများတွင် ရာသီစာ ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးကြသည့်အပြင် ဖီးကြမ်းငှက်ပျောကိုလည်း စီးပွားဖြစ်စိုက်ပျိုး ကြကြောင်း သိရသည်။

             ငှက်ပျောသီးကို ငှက်ပျောသီးမှည့်အဖြစ်လည်း စားသုံးသလို၊ ငှက်ပျောသီးကြော်၊ ငှက်ပျောရွှေကြည်၊ ငှက်ပျောယို၊ ငှက်ပျောခြောက်၊ ငှက်ပျောပူးတင်းအစရှိသော သရေစာများလုပ်၍ စားသုံးနိုင်သည်။ ငှက်ပျောသီးမှည့်ကို ရှေ့လူကြီးများအဆိုအရ မနက်ငှက်ပျောညသင်္ဘောဆိုသလို မနက်စာဖီးကြမ်းငှက်ပျောသီးမှည့်တစ်လုံးကို စားသုံးပေးခြင်းဖြင့်  ကျန်းမာရေးကိုများစွာ အထောက်အကူပြုပြီး အဟာရပြည့်ဝစေပါသည်။ ဖီးကြမ်းငှက်ပျောသီးသည် ကိုယ်ခံအား ကောင်းစေသည့်အပြင် အစာအာဟာရအုပ်စု(၃)စုအနက် အာဟာရပြည့်ဝသည့် အစာအုပ်စုတွင် ပါဝင်ပြီး အမျှင်ဓါတ်ပါရှိ၍  ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ဖီးကြမ်းငှက်ပျောသီး တစ်လုံးကို နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သော အဆီပိုများကို လျော့ကျစေသည့်အပြင် ကိုယ်ခံအားကိုကောင်းမွန်စေပြီး ရောဂါများမဖြစ်စေရန် ကာကွယ်ပေးကြောင်း သိရသည်။

             ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ပွင့်ဖြူမြို့၊ မြို့မဈေးအတွင်းရှိ ငှက်ပျောရောင်းဝယ်ရေးဆိုင်များ၌ ဖီးကြမ်းငှက်ပျော တစ်ဖီးလျှင် ကျပ်(၃၀၀၀-၃၅၀၀၀)ဖြစ်ရောင်းချလျက်ရှိပြီး စလင်း- ဆင်ဖြူကျွန်းနှင့် ချောက်မြို့နယ်များသာမက မင်းဘူး၊ မကွေးမြို့များထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ မိုးစိုက်(ဥစိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ဈေးနှုန်းများ ယခင်တပတ်ထက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်နေပြီး တစ်ရက်လျှင် ကုန်ချိန် (၄၀၀၀၀) ကျော် (၅၀၀၀၀) အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

          ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော  ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ် (၂၃၀၀) ၊ အလတ် ကျပ်(၂၀၀၀)၊ အနိမ့်စ ကျပ်(၁၅၀၀-၁၆၀၀) ဖြစ်ပြီး (တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ တစ်ပိဿာ လျှင် ထိပ်စ ကျပ် (၂၆၀၀) အလတ်စ ကျပ် (၂၄၀၀)၊ အနိမ့်စ ကျပ် (၂၀၀၀) ဖြစ်၍ တစ်ပတ်အတွင် တစ်ပိဿာလျှင် ကျပ် (၃၀၀)ခန့် ကျဆင်းနေသော်လည်း နေစဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော ကုန်ချိန်မှာ ပိဿာချိန် (၃၀၀၀၀၀)ကျော်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့ နေစဉ်တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

         ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီလက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၅၀၀) မှ အနိမ့်ဈေး ကျပ်(၁၅၀၀)ထိ အရောင်းအဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်သို့ ပဲပုပ်သီးနှံ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့်ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲပုပ်သီးနှံများလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)မှစ၍ ဈေးကွက်သို့ ပဲပုပ်သီးနှံ(အသစ်)များဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စိုက်ပျိုးမှုအနေဖြင့် ပဲပုပ်သီးနှံကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူကျွန်းဒေသများ ဖြစ်သည့် မြစ်ခြေ၊ ကမ္မ၊ ကျွန်းရွာများနှင့် နီးစပ်ရာကျေးရွာများအပြင် မြိုင်၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်နှင့် ယောနယ်ဒေသများတွင် အများဆုံးစိုက်ပျိုးပြီး စိုက်ဧက(၂၅၀၀)ဝန်းကျင်ခန့် စိုက်ပျိုးကြောင်း၊ ဇန်နဝါရီလ(တတိယပတ်)အစောပိုင်းမှစ၍ ဈေးကွက်သို့ ပခုက္ကူမြို့နယ် မြစ်ခြေ၊ ကမ္မဒေသရှိ ကျွန်းရွာများနှင့် ထီးလင်း၊ ဂန့်ဂေါမြို့ ယောနယ်ဒေသများမှ ထွက်ရှိသော ပဲပုပ်သီးနှံ (အသစ်)များ ဈေးကွက်သို့ စတင်ဝင်ရောက်ကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုဇန်နဝါရီ(စတုတ္ထပတ်)တွင် ပဲပုပ်တစ်တင်းလျှင် ကျပ် (၉၈၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ပတ်အတွင်း ပဲပုပ်တစ်တင်း ကျပ်(၂၀၀၀)ခန့် ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်ပြီး ဈေးကွက်သို့ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ် (၁၀၀၀ မှ ၁၅၀၀ ထိ) ဝင်ရောက်ကြောင်း၊ တစ်ပတ်အတွင်း အိတ်ရေ(၃၀၀၀)ခန့် ဝင်ရောက်ကြောင်း၊ ပဲပုပ်သီးနှံ သည် ကျန်းမာရေးနှင့် ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် ပဲပုပ်ပြား၊ ပဲပုန်းရည်(အစိမ့်/အချဉ်) အမျိုးမျိုးအပြင် ပဲပိစပ်စားသုံးဆီအဖြစ်လည်း ကြိတ်ခွဲထုတ်လုပ်ကြောင်း၊ ပဲပုပ်သီးနှံမှာ အရသာ ကောင်းပြီး စားသုံးမှုများပြားသော သီးနှံတစ်မျိုးဖြစ်၍ ပြည်တွင်းသုံးစွဲမှုများသည့်အပြင် ပြည်ပနိုင်ငံ သို့လည်း တင်ပို့လျက်ရှိ၍ ဈေးကွက်သို့ ကုန်ချိန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခု အချိန်တွင် ပခုက္ကူပွဲရုံဈေးကွက်သို့ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပဲပုပ်သီးနှံများ ဈေးကွက်သို့ လှိုင်လှိုင် ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးကွက်အနေဖြင့် ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲပုပ်သီးနှံများကို ပခုက္ကူပွဲရုံ များမှတစ်ဆင့် ဒေသတွင်းဖြန့်ဖြူးမှုအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သီးနှံဈေးကွက်မှ သိရှိရသည်။

DOCA (မကွေး)

ဆိပ်ဖြူကြက်သွန်နီ ဇန်နဝါရီလအတွင်း ကုန်စည်စီးဆင်းမှုနှင့် ဈေးနှုန်းဈေးကွက်

          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်‌သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ ဒီဇင်ဘာလဆန်းမှစ၍ မိုးကြက်သွန်နီ(အသစ်)များလည်း ယခုဇန်နဝါရီ(စတုတ္ထပတ်)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တစ်ရက်လျှင် ကုန်ချိန် ပိဿာ (၅)သောင်းခွဲ မှ (၇)သောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ(၁၃)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ကြက်သွန်နီအရွယ်အစားနှင့်အရည်အသွေး လိုက်၍ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ပထမပတ်) တွင် မိုးကြက်သွန်နီ(အသစ်)တစ်ပိဿာလျှင် ကျပ်(၃၁၀၀-၂၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ် (၂၈၀၀-၁၄၀၀)၊ (တတိယပတ်)တွင် ကျပ်(၂၇၀၀-၁၄၀၀)၊ (စတုတ္ထပတ်)တွင် ကျပ်(၂၅၀၀-၁၃၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီ (ပထမပတ်)နှင့် (စတုတ္ထပတ်) ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၆၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများခြင်းနှင့် ပြည်ပနိုင်ငံများမှ ဝယ်ယူမှုနည်း၍ ဈေးနှုန်း ကျဆင်း ကြောင်း သိရှိရသည်။

          ကုန်စည်စီးဆင်းမှုအနေဖြင့် ဇန်နဝါရီလအတွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ (၉)သိန်း၊ ပြည်မြို့သို့ (၅)သောင်း၊ ပုသိမ်မြို့သို့ (၅)သောင်း၊ မော်လမြိုင်မြို့သို့ (၁)သိန်း၊ မြဝတီမြို့သို့ (၂)သိန်း၊ စုစုပေါင်းကြက်သွန်နီပိဿာချိန် (၁၃)သိန်းခန့် အိတ်ရေ ပျမ်းမျှ(၄)သောင်းခန့် တန်ချိန်အားဖြင့် (၂၁၂၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ကြောင်း ဈေးကွက်မှသိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း