Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မတ်ပဲဈေးနှုန်း လျော့နည်းလာသော်လည်း ယခင်နှစ်ထက်ဈေးပိုနေခဲ့

        ပဲခူးတိုင်းဒေသကြီး၊ပြည်ပဲဈေးကွက်တွင် နိုဝင်ဘာလအတွင်း မတ်ပဲဈေးနှုန်းများကျဆင်းလာသောကြောင့် ယခု တစ်ပတ်မှာလည်း မတ်ပဲသီးနှံသည် တစ်တင်းလျှင် ၅၅၀၀၀ကျပ်မှ ၅၆၀၀၀ကျပ်ဖြင့်သာ မျိုးပဲအချို့ ဝယ်ယူမှုရှိခဲ့သလို ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ကြပါသည်။ ပဲလက်ကျန်ရှိနေသည့်အတွက် ဝယ်လို အားရှိသလောက် ရောင်းချမှုရှိပြီး တစ်ရက်လျှင်အိတ် ၂၀၀/၃၀၀ကျော် အရောင်းအဝယ် ဖြစ်ခဲ့ကြပါသည်။  မျိုးပဲဈေးနှုန်းမှာ တစ်တင်းလျှင် ၅၇၀၀၀ကျပ်ဖြင့် ရောင်းချခဲ့ကြရကြောင်း သိရှိရပါသည်။ ယခင်နှစ်က မျိုးပဲရာသီမတ်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ၄၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်ခဲ့သည့်အတွက် ယခုနှစ် ပဲဈေးနှုန်းများ ယခင်လများနှင့်ယှဉ်လျှင်ဈေးလျော့သွားသည်ဆိုသော်လည်း ယခင်နှစ်ဈေး ထက် ဈေးပိုနေလျက်ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဆောင်းပဲတီစိမ်းသစ်များ အဝင်များသလို အရောင်းအဝယ်သွက်

         ပြည်ပဲဈေးကွက်အတွင်း ဆောင်းပဲတီစိမ်းသစ်များ အထွက်လှိုင်ချိန်ဖြစ်နေသည့်အတွက် ပဲအဝင် တစ်ရက်လျှင် အိတ် ၇၀၀/၈၀၀ကျော် ဝင်ရောက်ခဲ့သလို ဝယ်လက်များကလည်း အဝယ်လိုက် နေသော ကြောင့် ပဲအဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။ ပြည်အနီး တဝိုက် ဒေသများဒေသများနှင့် မင်းတုန်း၊ ကံမမြို့နယ်များမှ နေ့စဉ်ဝင်ရောက်ခြင်းဖြစ်၍ ဝယ်လက်မှာ မန္တလေးလိုင်းသမား အဓိကထားဝယ်ယူခဲ့သလို ရန်ကုန်ဝယ်လက်သမားများလည်း ဝယ်ယူခဲ့ကြပါသည်။ ပဲဈေးမှာတစ်တင်းလျှင် ၄၆၀၀၀ကျပ်မှ ၄၈၀၀၀ကျပ်ထိ ပဲအရည်အသွေး လိုက်၍ ဈေးကွာခြားမှုရှိခဲ့ကြပါသည်။ ယခင်နှစ်က နိုဝင်ဘာလအတွင်း ပဲတီစိမ်း သီးနှံဈေးနှုန်းမှာ တစ်တင်းလျှင် ၄၃၀၀၀ကျပ် ရရှိခဲ့၍ ယခုနှစ်ဈေးမှာ ယခင်နှစ်ထက် သိသိသာသာဈေး  ပိုလာခြင်း မဟုတ်ဘဲ တစ်တင်းလျှင်ကျပ် ၅ထောင်ခန့်သာ ပိုခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဘိုကိတ် ပဲသစ်ဝင်ရောက်မှုများလာသော်လည်း လက်လီရောင်းဝယ်မှုဖြစ်

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်တွင်  ပဲသစ်အချို့နေ့စဉ် ဝင်ရောက်လျှက်ရှိရာ ဘိုကိတ်ပဲသီးနှံသစ်များလည်း ဝင်ရောက်မှုများလာခဲ့ကြပါသည်။ ။ ပြည်အနီးတဝိုက်ဒေသများမှ ဝင်ရောက်ခဲ့ပြီး တစ်ရက်အိတ် ၂၀၀/ ၃၀၀ကျော် ဝင်ရောက်ခဲ့ပါသည် ။ အရောင်းအဝယ်အနေဖြင့် လက်လီသမားသာ အဝယ်ရှိ၍ တစ်ရက်အိတ် ၂၀/၃၀ကျော် ဒေသတွင်း ဝယ်ယူမှုအချို့သာ ရှိခဲ့ကြပါသည်။ ဘိုကိတ်ပဲသစ်ဈေးမှာ တစ်တင်း ၄၂၀၀၀ကျပ်ဖြင့် ပဲဈေးကွက်အတွင်း အခြားပဲသီးနှံများနှင့်ယှဉ်လျှင် ဈေးအေးနေခဲ့သော  သီးနှံဖြစ်ခဲ့ပါသည်။ ယခင်နှစ်ကလည်း ပဲဈေးကွက်မှာ ဘိုကိတ်ပဲသီးနှံ ဈေးအနိမ့်ဆုံးဖြစ်ခဲ့၍ တစ်တင်း ၃၃၀၀၀ကျပ်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ယခင်နှစ်ဈေးထက် ကျပ် ၁သောင်းနီးပါး ဈေးပိုလာခဲ့ကြောင်း သိရှိပါသည်။

DOCA(ပဲခူး)

မင်္ဂလာတောင်ညွှန့်ကြက်/ဘဲဈေးဒိုင် ဈေးကွက်ဈေးနှုန်း

         ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ်စားသုံးသူပြည်သူများထံသို့ ကြက်/ဘဲများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၅-၁၂-၂၀၂၂ ရက်နေ့ ( ၁၁:၃၀ )နာရီအချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ကြက်/ဘဲဈေးသို့ ဈေးတာဝန်ခံများနှင့်အတူ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခဲ့ရာ ဈေးကွက်အတွက် လိုအပ်လျက်ရှိသော ကြက်/ဘဲများကို ပြည်နယ်/တိုင်းများမှ ဈေးသို့အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ကြက်/ဘဲမွေးမြူရေးခြံများသို့သွားရောက်၍ ခြံဖမ်းစနစ်ဖြင့်လည်းကောင်း၊ အသီးသီးရောင်းဝယ်ဖြန့်ဖြူးလျက်ရှိပြီး ပိုလျှံသော ကြက်/ဘဲများကိုလည်း လိုအပ်လျက်ရှိသော ပြည်နယ်/တိုင်းများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိပါသည်။

         ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှ အိမ်မွေးကြက် ၁ ပိဿာလျှင်  ( ၁၂၀၀၀/၁၃၀၀၀ )ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် ( ၅၄၀၀/၅၅၀၀ )ကျပ်၊ မွေးမြူရေးထီး/မ ၁ ပိဿာလျှင် ( ၇၀၀၀/၉၀၀၀ )ကျပ်၊ တောဘဲ/ဓါတ်ဘဲ ၁ ပိဿာလျှင် ( ၈၅၀၀/၉၅၀၀ )ကျပ်၊ ချယ်ရီ ဘယ်ရီ ၁ ပိဿာလျှင် ( ၈၅၀၀/၉၀၀၀ )ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကား ရောင်းချလျက်ရှိပြီး၊ တစ်နေ့လျှင် ကုန်ချိန်ပျမ်းမျှစုစုပေါင်း ( ၆၉၆၅၀ ) ပိဿာခန့် ရောင်းချလျက်ရှိ‌ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၁.၁၂.၂၀၂၂ မှ ၇.၁၂.၂၀၂၂ ရက်နေ့အထိ ကြက်သွန်နီ( ဆိပ်ဖြူ )အဝင် ( ၃၄၁၀၀ )ပိဿာနှင့် ကြက်သွန်ဖြူ( ကြူကုတ် ) ( ၉၁၅၀ )ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ( ဆိပ်ဖြူ )လက်ကားဈေးမှာ ၁ပိဿာလျှင် ၄၁၀၀ ကျပ်မှ ၄၈၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ( ကြူကုတ် ) လက်ကားဈေးမှာ ၁ ပိဿာလျှင် ၃၆၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိရှိပြီး ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများမှာ အနည်းငယ်တက်လျက်ရှိကြောင်းနှင့် တနင်္ဂနွေနေ့တွင် ကုန်အဝင်မရှိကြောင်း ဈေးတာဝန်ခံရုံးမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်အတွင်းကြက်သွန်ဖြူဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိ

     စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ကြက်သွန်ဖြူကို ဟင်းလျာများတွင်အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှလည်း သယ်ယူကာ ရောင်းချလျက်ရှိပါသည်။လက်ရှိဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူဈေးနှုန်းမှာ ယခုဒီဇင်ဘာလအတွင်း ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ  (ကြူကုတ်စ)တစ်ပိဿာလျှင် (၅၂၀၀)ကျပ် ယခင်နိုဝင်ဘာလတွင်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းမှာ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်စ)တစ်ပိဿာလျှင် (၅၄၀၀)ကျပ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်နိုဝင်ဘာလနှင့် ယခုဒီဇင်ဘာအတွင်း ဈေးနှုန်းများကိုနှိုင်းယှဉ်ကြည်လျှင် ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်စ)တစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့်အထိ အနည်းငယ်ကျဆင်းလာခဲ့ကြောင်း လွိုင်ကော်မြို့ နောင်ယားဈေးအတွင်းရှိ ကြက်သွန်ဖြူရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ကွမ်းရွက်နှင့်ကွမ်းသီးဈေးနှုန်းအခြေအနေ

        ကယားပြည်နယ်တွင် ကွမ်းရွက်နှင့်ကွမ်းသီးတို့ကို အနည်းငယ်စိုက်ပျိုးကြပါသည်။ ပြည်နယ်အတွင်း ကွမ်းရွက်စိုက်ဧကမှာ (၁၅၅)ဧကနှင့် ကွမ်းသီးစိုက်ဧကမှာ (၁၂၂)ဧကခန့် စိုက်ပျိုးခဲ့ကြပြီး ကွမ်းရွက်များကို အခြားဒေသများဖြစ်သော မန္တလေး၊ မုံရွာမြို့တို့မှလည်း ကောင်း၊ ကွမ်းသီးများကို တောင်ငူမြို့တို့မှလည်းကောင်း တင်သွင်းလာကြသည်ကိုလည်း တွေ့ရှိရပါသည်။ ပြည်နယ်အတွင်း ကွမ်းရွက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ခန့်နှင့် ကွမ်းသီးတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ကွမ်းရွက်၊ ကွမ်းသီးအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း၌ ဝင်ရောက်နေသော ပန်းဂေါ်ဖီပွင့်(ဖြူ/စိမ်း)

          ကယားပြည်နယ်အတွင်းရှိ ပြည်သူများစားသုံးရန်အတွက် ပန်းဂေါ်ဖီပွင့်များကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးကျေးရွာတွင် အနည်းငယ်သာစိုက်ပျိုးကြပြီး ဈေးကွက်တွင်ဝင်ရောက်နေသော ပန်းဂေါ်ဖီပွင့်များကို ရှမ်းပြည်နယ် ကလော၊ ပင်လောင်း၊ နောင်တရားဒေသတို့မှ မှာယူရောင်းချကြပါသည်။

       လက်ရှိဖြစ်ပေါ်နေသော ပန်းဂေါ်ဖီပွင့်ဈေးနှုန်းမှာ ယခု ဒီဇင်ဘာလ ပထမပတ်အတွင်း ပန်းဂေါ်ဖီပွင့် (ဖြူ) တစ်ပွင့်လျှင်အကြီး (၅၀၀)ကျပ်၊ အလတ် (၄၀၀)ကျပ်၊ ပန်းဂေါ်ဖီပွင့် (စိမ်း) တစ်ပွင့်လျှင် အကြီး (၈၀၀) ကျပ်၊အလတ် (၇၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  

           ယခင် နိုဝင်ဘာလတွင် ပန်းဂေါ်ဖီပွင့် (ဖြူ) တစ်ပွင့်လျှင် အကြီး (၇၀၀)ကျပ်၊ အလတ် (၆၀၀)ကျပ် ဈေးရှိခဲ့ပြီး ယခင်နိုဝင်ဘာလနှင့် ယခုဒီဇင်ဘာလ နှိုင်းယှဉ်လျှင် ပန်းဂေါ်ဖီပွင့် (ဖြူ) တစ်ပွင့်လျှင် အကြီး၊ အလတ် (၂၀၀)ကျပ်ခန့်စီနှင့် ပန်းဂေါ်ဖီပွင့် (စိမ်း)တစ်ပွင့်လျှင် အကြီး၊ အလတ် (၁၀၀)ကျပ်ခန့်စီ အနည်းငယ်ဈေးနှုန်းကျလာသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးတွင် လာရောက်ရောင်းချသော ပင်ရင်းဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

        (၇-၁၂-၂၀၂၂)ရက်နေ့၌ ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ဥတ္တရသီရိမြို့နယ်၊ တောင်ညိုဈေးနှင့် လယ်ဝေးမြို့နယ်၊ သပြေပင်ဈေးတို့တွင် တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ပွင့်ဖြူမြို့နယ်၊ မုန်းမြင့်ကျေးရွာ၌ ပဲလွန်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၅.၁၂.၂၀၂၂)နေ့ နံနက်(၀၉:၀၀) အချိန် တွင် ပွင့်ဖြူမြို့နယ်မုန်းမြင့်ကျေးရွာ၌ ပဲလွန်းစိုက်ပျိုးသူတောင်သူ ဦးဇော်လင်းနှင့်တွေ့ဆုံ၍ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ပဲလွန်းသီးနှံအား တော်သလင်းလဆန်းမှ နတ်တော်လကုန်အထိ လေးလနီးပါးစိုက်ပျိုးရပါကြောင်း၊ ပဲလွန်းစိုက်ပျိုးရန်အတွက် တစ်ဧကလျှင် မျိုး(၁၂)ပြည်ကြဲပက်ရပြီး တစ်ပြည်လျှင် ကျပ်(၄၀၀၀ - ၄၈၀၀)ပေး ဝယ်ရ၍ မျိုးဖိုးကျပ်(၄၈၀၀၀)ခန့်ကုန်ကျပါကြောင်း၊ ထယ်ထိုးရန်အတွက် စက်ကြီးမောင်းရပါကြောင်း၊ စက်ကြီးငှားခအနေဖြင့် (၁)ကြိမ်လျှင် ကျပ်(၅၀၀၀၀) နှင့် (၂)ကြိမ်အတွက် ကျပ်(၁)သိန်းကုန်ကျပါကြောင်း၊ ထွက်ရှိလာသော အမှိုက်များအား ဖယ်ရှားရန်အတွက် နွားတစ်ရှဉ်းဖြင့်အမှိုက်များတိုက်ရ၍ ကျပ်(၈၀၀၀) ကုန်ကျ ပါကြောင်း၊ ၎င်းအမှိုက်များအား ကောက်ယူရန်အတွက် တစ်ဦးလျှင်ကျပ်(၂၅၀၀)ဖြင့် လူ(၃)ဦး ငှားရမ်းခအတွက် ကျပ်(၇၅၀၀) ကုန်ကျပါကြောင်း၊ ထပ်မံ၍ ထွန်စက်ကြီး(၁)စက်လျှင် ကျပ်(၅၀၀၀၀) နှုန်းဖြင့် (၂)ကြိမ်မောင်းရ၍ စုစုပေါင်း ကျပ်(၁)သိန်း ကုန်ကျပါကြောင်း၊ ပျိုးကျဲရာတွင် တစ်ဦးလျှင် ကျပ် (၂၅၀၀)ဖြင့် လူ(၃)ဦးကျဲပက်ရ၍ ကျပ်(၇၅၀၀)ကုန်ကျပါကြောင်း၊ ထို့နောက်မီးစက်ဖြင့်ရေသွင်းရ၍ စက်သုံးဆီဖိုးကုန်ကျစရိတ်မှာ တစ်ကြိမ်သွင်း လျှင် တစ်ဂါလံ ကျပ်(၁၂၀၀၀)နှုန်းဖြင့် (၅)ကြိမ် ရေသွင်းရသဖြင့် (၅)ဂါလံအတွက် ကျပ်(၆၀၀၀၀) ကုန်ကျပါကြောင်း၊ ပိုးသတ်ဆေးနှင့် အပင်အားဆေးနှစ်မျိုး ပေါင်းပြီး (၂)ကြိမ်ပက်ရပါ၍ (၁)ကြိမ်ပက်လျှင် ကျပ်(၄၀၀၀၀)ဖြင့် (၂)ကြိမ်အတွက် ကျပ်(၈၀၀၀၀) ကုန်ကျပါကြောင်း၊ ဆွတ်ခမှာ ရာသီကုန်အထိ (၅)ကြိမ်လောက် ဆွတ်ခူးရပြီး၊ (၁)ကြိမ်လျှင် လူ(၇)ဦးဖြင့် ၁ဦးလျှင် ကျပ်(၂၅၀၀)ဖြစ်၍ (၅)ကြိမ်အတွက် (၃၅)ဦးလျှင် ကျပ်(၈၇၅၀၀) ကုန်ကျပါကြောင်း၊ ဆွတ်ပြီးသားပဲလွန်းအတောင့်များအား အိမ်၌ တလင်းမှာ နယ်ရမည်ဖြစ်၍ ကားဖြင့်သယ်ယူရသဖြင့် သယ်ယူခမှာ ကျပ်(၂၀၀၀၀) ကုန်ကျပါကြောင်း၊ ၎င်းနောက် ထိုအတောင့်များအား လူတစ်ဦးလျှင် ကျပ်(၂၅၀၀)ဖြင့် လူ(၁၀)ဦးငှာရမ်း၍ထုရသဖြင့် ကျပ်(၂၅၀၀၀) ကုန်ကျ ပါကြောင်း၊ နတ်တော်လကုန်ခါနီးတွင် စတင်ခူးဆွတ်ရမည်ဟုခန့်မှန်းထားပြီး တစ်ဧကလျှင် (၂၅)တင်းခန့် ထွက်နိုင်ပါကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ကျပ် (၅၄၃၅၀၀) ဖြစ်ပြီး တစ်တင်းလျှင် ယခုကာလ ပေါက်ဈေး ကျပ်(၃၈၀၀၀)ဖြစ်၍ ကျပ်(၉၅၀၀၀၀) ရရှိမည်ဖြစ်ပြီး တစ်ဧကအကျိုးအမြတ်မှာ ကျပ် (၄၀၆၅၀၀)ခန့် ရရှိနိုင်ပါကြောင်း ဈေးကွက်အနေဖြင့် မကွေး၊ မင်းဘူးမြို့များသို့ ကားများဖြင့် တိုက်ရိုက်သွားရောက်ရောင်းချကြပါကြောင်း ပဲလွန်းစိုက်တောင်သူ ဦးဇော်လင်းထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း