Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချနေသည့် ဘူးသီးနှင့် ရွှေဖရုံသီး

    ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင်  ရာသီပေါ် သီးနှံများ၊ အသားငါးများကိုရောင်းချလျက်ရှိရာ ရာ သီအလိုက်ပေါ်သည့် အသီးအနှံများအပြင် နေ့စဉ် စိုက်ပျိုးထွက်ရှိသည့် အသီးများကိုလည်း ရောင်းချ လျက်ရှိပါသည်။ ဘူးသီးကို မိမိတို့အိမ်များ၊ ခြံဝန်းများတွင် စိုက်ပျိုးကြပြီး ရွှေဖရုံသီးကို ရွှေဘို မြို့နယ်အပြင် အခြားရွာများမှလည်း လာရောက်ရောင်းချကြကြောင်း၊ ဆောင်းရာသီဖြစ်သော ကြောင့် ဘူးသီးနှင့်ဖရုံသီးမှာ နှင်းကျ၍ အထွက်နည်းကြောင်း၊  ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယ) ပတ်တွင် ဖြစ်ပေါ်နေသော ဘူးသီးဈေးနှုန်းမှာ အရွယ်အစားအကြီးအသေးပေါ်မူတည်၍ ဘူးသီး(၁) လုံးလျှင် (၁၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်ထိ ရောင်းချလျက်ရှိပြီး  ရွှေဖရုံသီး (၁)လုံးလျှင် အရွယ် အစားအကြီးအသေးပေါ်မူတည်၍ (၁)လုံးလျှင် (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချ လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ တောင်သူများသည် နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ဗုံတို၊ ဘုမ္မနိုးကျေးရွာများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ ဘုမ္မနိုး ကျေးရွာတွင် စိုက်ဧက (၁၀) ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

    ခရမ်းချဉ်စိုက်ပျိုးရာတွင် တစ်ဧကကို မျိုးစေ့(၆)ထုပ်ကုန်ကျပြီး တစ်ထုပ်လျှင် ၄၂၀၀၀ ကျပ် နှုန်းဖြင့် ပေးဝယ်ရပါကြောင်း၊ မျိုးစေ့ကို ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင် တစ်လသားကျော် အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ ခရမ်းချဉ်သီးနှံကို မြေအောက်ရေတင် စနစ်ဖြင့်စိုက်ပျိုး၍ စိုက်ပျိုးပြီး နှစ်လအကြာတွင် အသီးများ စတင်ဆွတ်ခူးနိုင်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ ရေတင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၀ သိန်းခန့် ကုန်ကျကြောင်း သိရသည်။

    အထွက်နှုန်းအနေဖြင့် ခရမ်းချဉ်သီးကို အမှည့်ရောင်းချခြင်းမပြုဘဲ၊ အစိမ်းကောက် ရောင်းချပါကြောင်း၊(၇)ရက်တစ်ပတ် တစ်ကြိမ် ခူးဆွတ်ရပြီး စတင်ခူးဆွတ်ချိန်တွင် ခရမ်းချဉ် သီးအစို ပိဿာချိန် ၃၅၀-၄၀၀ ခန့် ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်း ပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို စတင်ခူးဆွတ်ချိန်မှစ၍ တစ်ဧကလျှင် စုစုပေါင်း ပိဿာချိန် ၃၅၀၀-၄၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထား၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်း ကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ခရမ်းချဉ်သီးအစိမ်း လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀-၃၀၀၀၊ လက်လီ တစ်ပိဿာလျှင် ၃၅၀၀ နှုန်းဖြင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ရောင်းချမှုများရှိသည့်အပြင် မုံရွာမြို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့၊ ကုန်စိမ်းဒိုင်များသို့ တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ်  သိန်း (၆၀)ကျော်ခန့် ရရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့နယ်ရှိ ကီလိုမာလကာသီး စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်း၊ ဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင် သီးနှံတစ်မျိုး ဖြစ်သည့် ကီလိုမာလကာသီးကို ဘုမ္မနိုးကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။

    ၎င်းကီလိုမာလကာမျိုးအနေဖြင့် ၇-၈ လသားအရွယ်ရှိ ကိုင်းကူးပျိုးပင်များကို ပျိုးပင်ကြီး တစ်ပင် လျှင် (၂၀၀၀)ကျပ်၊ အသေးတစ်ပင်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ပေးဝယ်ရပြီး  အစိုဓာတ် ကောင်းမွန်စွာရရှိသည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ခြား တန်းခြား ၈ ပေ အကွာဖြင့် စိုက်ဧက တစ်ဧကလျှင် ကီလိုမာလကာပင် ၃၅၀ ခန့် စိုက်ပျိုး ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် သိန်း ၅၀ ခန့် ကုန်ကျကြောင်း၊ ကီလိုမာလကာပင် စိုက်ပျိုးပြီး အသီးကင်းချိန်တွင် အားဆေး၊ ပိုးသတ်ဆေး (၂) ကြိမ်ဖျန်းပေးရပါကြောင်း၊ အသီးများ ပေးသီး အရွယ်အစားခန့် ရှိပါက စက္ကူ အကြည်အိတ်ဆွတ်ပေးရပါကြောင်း၊ အပင်ငယ်ချိန်တွင် တစ်လလျှင် ရေ(၂)ကြိမ်၊ ဆောင်းရာသီတွင် (၁) ကြိမ်၊ နွေရာသီတွင် ရေလောင်း၊ ရေသွင်းခြင်းဖြင့် အပင်များကို ပြုစုပေးပါက တစ်နှစ်သား အရွယ်ခန့်တွင် အသီးများကို စတင်ခူးဆွတ်နိုင်ပြီး ကီလိုမာလကာ သီးများကို တစ်နှစ်ပတ်လုံး ရရှိနိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ်ထွန်း အောင်မြင်မှုအပေါ် မူတည်၍ တစ်နှစ်လျှင် ကီလိုမာလကာ တစ်ပင် အတွက်ပျမ်းမျှအလုံးရေ ၁၀၀-၁၂၀ ခန့်ထွက်ရှိရာ  တစ်ဧက အတွက် ပျမ်းမျှအလုံးရေ ၃၅၀၀၀ မှ ၄၀၀၀၀ လုံး ထွက်ရှိပါကြောင်း၊ ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလ ဒုတိယပတ်တွင် ကီလိုမာလကာသီး လက်ကားဈေး တစ်လုံးလျှင် ဗြွန်ဈေး ငွေကျပ် ၃၅၀-၃၈၀ နှုန်းဖြင့် ရောင်းချရပြီး၊ ရွေးကောက်ရောင်းရလျှင် တစ်လုံး ကျပ်(၅၀၀-၈၀၀)ထိ ရောင်းချရပါကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကီလို မာလကာ တစ်ဧကအတွက် တစ်နှစ်လျှင် ငွေကျပ် ၇၀ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် စိုက်ခင်းသို့ ပွဲစားများမှ ဖောက်သည်လာယူခြင်း၊ မုံရွာမြို့ရှိ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချကြ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်တွင် ဂန္ဓမာပန်း(အဝါကြီး) စိုက်ပျိုးဖြစ်ထွန်း၍ ဈေးကောင်းရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နဂါးတွင်းကျေးရွာတွင် အပိုဝင်ငွေရရှိရန်အတွက် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုပုံစံ အနေဖြင့် မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိူးကာ မြေအကျယ်အဝန်း ပေ ၄၀  ပတ်လည်တွင် အပင်အ‌ရေအတွက် ၅၀၀၀ ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ဂန္ဓမာပန်းကို မေလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄လအကြာ အောက်တိုဘာလတွင် ခူးဆွတ် ရောင်းချကြောင်း၊ မျိုးအနေဖြင့် ဂန္ဓမာပန်း(အဝါကြီး)မျိုးကို ယခင်နှစ် စိုက်ပျိုးပြီးအညွန့်ကိုဖြတ်၍ စိုက်ပျိုးခြင်းနှင့် ကိုင်းကိုဖြတ်၍ ကျန်သည့်အမြစ်ပါသော ကိုင်းများကို ပျိုးထောင်၍လည်း စိုက်ပျိုးကြ ကြောင်း၊ စိုက်ပျိုးပြီး ပန်းပင်များကို  ၅ရက်-၇ရက်ခြား တစ်ကြိမ် ပိုးသတ်ဆေး ဖြန်းပေးရပြီး ဂန္ဓမာပန်း စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မြေဘောင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ရေတင်သွင်းခြင်း၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၁၅ သိန်းခန့် ကုန်ကျကြောင်း၊ ဂန္ဓမာပန်း(အဝါကြီး) အရောင်း အဝယ်ဖြစ်သည့်ဈေးအနေဖြင့် ယခင်နှစ်က တစ်စည်းလျှင် ၁၅၀၀ ကျပ် ရရှိခဲ့ပြီး ယခုနှစ်တွင် တစ်စည်းလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချရပါကြောင်း၊ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပျိုးပြီး ပြစုပျိုး ထောင်မှုကောင်းမွန်လျှင် သုံးသားအထိ ချိုးယူခူးဆွတ်နိုင်ပြီး ပန်းစပွင့်သည်မှ  တပတ်တစ်ကြိမ် ခူးဆွတ် နိုင်ကြောင်း၊ ယခုနှစ်တွင် မိုးများပြီး အရွက်အဖျားများ ပိုးအနည်းငယ်ကျ၍ ပန်းအထွက်နှုန်းနည်းပါး သွားခြင်းဖြစ်၍ ဈေးကောင်းရရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၃၀ သိန်းခန့် ရရှိကြောင်း၊ ပန်းအဝယ်ဒိုင်များက စိုက်ခင်းသို့ လာရောက် ဝယ်ယူကြပြီး ထို့မှတစ်ဆင့် ပန်းဈေးကွက်များသို့ ပြန်လည်၍ တင်ပို့ရောင်းချကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

စပါး၊ ဆန်ဈေးနှုန်းဈေးကွက်နှင့် စီးဝင်မှုအခြေအနေ

        မိတ္ထီလာခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စပါးစိုက်ဧက (၁၂၁၃၀၇)ဧက စိုက်ပျိုးသော်လည်း ဆန်လိုဒေသဖြစ်၍ စပါးအဓိက စိုက်ပျိုးထွက်ရှိသည့် အခြားတိုင်း ဒေသကြီးများမှ တင်သွင်းရပါသည်။

        မိတ္ထီလာခရိုင်တွင် အရပ်ပဒေသာ၊ မနောသုခ၊ ရက်(၉၀)၊ ရွှေသွယ်ရင်စပါးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ဒီဇင်ဘာလပတ်တွင် ဖြစ်ပေါ်နေသော  မနောသုခစပါး(ဟ) တစ်တင်းလျှင် (၂၁၀၀၀)ကျပ်၊ မနောသုခစပါး(သစ်) တစ်တင်းလျှင်(၁၅၀၀၀)ကျပ်၊ ပဒေသာစပါး(ဟ)တစ်တင်းလျှင် (၃၄၀၀၀)ကျပ်၊ ပဒေသာစပါးသစ်တစ်တင်းလျှင်(၂၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ ရန်ကုန်ပေါ်ဆန်း တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ မင်းဘူးပဒေသာတစ်အိတ်လျှင်( ၁၂၀၀၀၀)ကျပ်၊ မြောင်းမြပဒေသာ တစ်အိတ်လျှင်  ( ၁၁၀၀၀၀)ကျပ်၊ ကုန်ဇောင်းပဒေသာ(ဟ) တစ်အိတ်လျှင်(၁၄၀၀၀၀)ကျပ်၊ အရပ်ပဒေသာ တစ်အိတ် လျှင်(၁၂၅၀၀၀)ကျပ်၊ ရက်(၉၀)(ဟ)တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်၊ အရပ်မနောသုခ တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ သုခတစ်အိတ်လျှင်(၆၂၀၀၀-၇၅၀၀၀)ကျပ်၊ဖန်တီးသုခတစ်အိတ်လျှင် (၈၅၀၀၀ )ကျပ် ဗျော့သုခတစ်အိတ်လျှင်(၇၂၀၀၀)ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

       မိတ္ထီလာခရိုင်တွင် ဒီဇင်ဘာလပထမပတ်အတွင်း အခြားတိုင်းဒေသကြီးများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမှ ပေါ်ဆန်းဆန်(၁၀၀)အိတ်၊ ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်ကုန်း၊ဖြူး၊ ကညွှတ်ကွင်း၊ ပြွန်တန်ဆာမှ မနောသုခဆန်(၂၀၀၀)အိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမှ ရွှေဘိုပေါ်ဆန်း ဆန်(၁၀၀ )အိတ်၊ မကွေးတိုင်းဒေသကြီးမှ ပဒေသာဆန်(၄၀၀) အိတ်၊ရန်ကုန်တိုင်းဒေသကြီးမှပေါ်ဆန်း ဆန်(၁၀၀) အိတ် ခန့်စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မလှိုင်မြို့တွင် ဆန်ဈေးငြိမ်နေ

          မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ ဆန်ဈေးကွက်တွင် ဒီဇင်ဘာလဆန်း၌ ဆန်ဈေးများငြိမ်နေကြောင်း သိရသည်။ ဒေသတွင်း အရောင်းသွက်နေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများမှာ ၂၄ပြည် တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်းမှာ ၁၈၅၀၀၀/-ကျပ်၊ ရန်ကုန်ပေါ်ဆန်းမှာ ၁၄၅၀၀၀/-ကျပ်၊ ရွှေဘိုပဒေသာမှာ ၁၃၀၀၀၀/-ကျပ်၊ မနောသုခဆန်များတွင် အဟောင်းမှာ (၈၀၀၀၀/- ၇၅၀၀၀/-) ကျပ်၊ အသစ်မှာ ၅၅၀၀၀/-ကျပ်၊ ရက်(၉၀)ဆန်များတွင် အဟောင်းမှာ (၇၀၀၀၀/- ၆၅၀၀၀/-)ကျပ်၊ အသစ်မှာ ၅၀၀၀၀/-ကျပ် ဈေးရှိပြီး ယခင်လဈေးများနည်းတူ ဈေးအတက်အကျမရှိ ဈေးငြိမ်နေကြောင်း၊ မလှိုင်မြို့နယ်ရှိ ဆန်ဆိုင်များအနေဖြင့် မိတ္ထီလာမြို့ပေါ်ရှိ ဆန်ပွဲရုံများမှာ ဝယ်ယူကာ မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ လက်လီ ဝယ်ယူသူများသို့ ပြန်လည်ရောင်းချရကြောင်း ဆန်ဆိုင်များမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ကွမ်းရွက်ဈေးကွက် တက်ဈေးနှင့် အရောင်းသွက်

         မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလဆန်း၌ ကွမ်းရွက်ဈေးနှုန်း ထပ်မံမြင့်တက်လာကြောင်း သိရသည်။ ဈေးကွက်သို့ ကွမ်းရွက်ကို ကျောက်ဆည်၊ မြင့်ခြံတို့မှ ဝင်ရောက်မှုများပါသည်။ ကွမ်းရွက်မှာ ဆောင်းရာသီကာလတွင် အရွက်/အညွှန့်ထွက်နှုန်းကျသည့်အတွက် ဈေးမြင့်လေ့ရှိပါသည်။ ယခုနှစ် ကွမ်းရွက်ဈေးမှာ မိုးတွင်းကာလ ဇူလိုင်၊ ဩဂုတ်လများက တစ်ပိဿာလျှင် (၄၀၀၀) ကျပ် ဝန်းကျင်ရှိခဲ့ရာမှ နိုဝင်ဘာလဆန်းတွင် (၈၀၀၀) ကျပ်အထိ နှစ်ဆမြင့်တက်ခဲ့ပါသည်။ နိုဝင်ဘာလလယ်မှစ၍ တစ်ပိသာ (၁၆၀၀၀) ကျပ်မှ လကုန်ပိုင်းတွင် (၂၀၀၀၀) ကျပ်ထိမြင့်တက်လာသော ကွမ်းရွက်ဈေးမှာ ယခုဒီဇင်ဘာလဆန်းမှာတော့ (၂၄၀၀၀) ကျပ်အထိ ဈေးမြင့်လာပါသည်။ ဆောင်းရာသီတွင် ဈေးမြင့်လေ့ရှိသော ကွမ်းရွက်ဈေးမှာ ယခင်နှစ်က တစ်ပိဿာ (၃၂၀၀၀) ကျပ်ထိ ဈေးမြင့်ခဲ့ပါသည်။ ကွမ်းယာကြိုက်သည့် စားသုံးသူများ၏ ဝယ်လိုအားခိုင်မာသည့်အတွက် ဈေးမြင့်လာသော်လည်း အရောင်းသွက်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

ဒေသထွက်စားသောက်ကုန် မုန့်လေပွေဈေးကွက်

      မိတ္ထီလာမြို့ရှိ မုန့်ပဲသွားရည်စာဈေးကွက်တွင် မုန့်လေပွေမှာလည်း တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ဆန်ဖြင့်ပြုလုပ်ရသော မုန့်လေပွေမှာ ဈေးကွက်တွင်ရပ်တည်နေသည်မှာ ကာလကာမြင့်စွာကပင်ဖြစ်ပါသည်။ မုန့်လေပွေမှာ ဆန်ဖြင့်ပြုလုပ်ထားသဖြင့် ဆန်၊ စပါးအဓိကစားသုံးသော မြန်မာလူ မျိုးများအတွက် ဘေးထွက်ဆိုးကျိုးနည်းပါးသော သွားရည်စာမုန့်ဖြစ်ပါသည်။ မုန့်လေပွေကို နှမ်းဆီ၊ မြေပဲဆီတို့နှင့် သုပ်လိမ်း၍စားလျှင် ဆိပ့်သောအရသာရှိပြီး၊ ထန်းလျှက်အရည်ဖြင့် ဆမ်းစားလျှင်ချို သောအရသာဖြင့် အစာပြေစားသုံးနိုင်သော ဒေသထွက်သွားရည်စာ၊ စားသောက်ကုန်တစ်မျိုးဖြစ်ပါသည်။ ထိုသို့ ဒေသနေစားသုံးသူများနှစ်သက်သည့် မုန့်လေပွေကို နှီးကြိုးဖြင့် (၁၀) ခုပါ အတွဲတစ်တွဲ လျှင် (၂၀၀၀) ကျပ်ဖြင့် အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ခရမ်းချဉ်သီးဈေးကွက်

       မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ခရမ်းချဉ်သီးဈေးကွက်တွင် ဒီဇင်ဘာလ ဒုတိယပတ်၌ ဈေးနှုန်းမြှင့်တက်လာကြောင်း သိရသည်။ ခရမ်းချဉ်သီးဈေးကွက်၌ ဗမာခရမ်းချဉ်သီး တိုင်ထောင်ခရမ်းချဉ်သီးဟူ၍ ရောင်းချကြပါသည်။ နိုဝင်ဘာလက ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် (၇၀၀၀) ကျပ် တိုင်ထောင်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၀၀၀) ကျပ် ဈေးရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ တိုင်ထောင်ခရမ်းချဉ်သီးမှာ (၄၀၀၀) ကျပ်ဈေးရှိကြောင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ခရမ်းချဉ်သီးရောင်းချသည့် ဈေးသည်များမှာ မြို့မဈေး၊ ဖြိုးဈေးတန်းရှိ ခရမ်းချဉ်သီးပွဲရုံများမှ ဝယ်ယူရောင်းချကြကြောင်း၊ ခရမ်းချဉ်သီးမှာ မိတ္ထီလာမြို့နယ်ရှိ ခရမ်းချဉ်စိုက်ကျေးရွာမှ ယခုကာလအတွင်း ထွက်ရှိမှုနည်းပြီး အဝင်နည်းလာသဖြင့် ယခင်လနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းမြှင့်တက်လာကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ဆန်ဈေးကွက်

         မိတ္ထီလာဆန်ဈေးကွက်အတွင်း ဒေသတွင်းထွက်ရှိသော ဆန်များအပြင် ရွှေဘို၊ ဧရာဝတီ၊ မကွေးတိုင်းဒေသကြီးများမှ ဝင်ရောက်လာသော ဆန်အမျိုးအစား အလိုက်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး   ဈေးကွက်တွင် အရပ်ပဒေသာ၊ ကုန်စောင်းပဒေသာ၊ အောက်ပြည် မနောသုခ၊ အရပ်သုခ စသည့် ဆန်အမျိုးအစားများမှာ အရောင်းသွက်လျက်ရှိပါသည်။

     ဒီဇင်ဘာလဆန်း၌ ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ရန်ကုန်ပေါ်ဆန်း(၂၄)ပြည်တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ ရွှေဘိုပဒေသာ (၂၄)ပြည်တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ကုန်းစောင်းပဒေသာ(၂၄) ပြည်တစ်အိတ်လျှင်(၁၄၀၀၀၀)ကျပ်၊ အောက်ပြည်သုခ(သစ်) (၂၄)ပြည်တစ်အိတ်လျှင်(၅၀၀၀၀)ကျပ်၊ အောက်ပြည်သုခ(ဟောင်း) (၂၄)ပြည်တစ်အိတ်လျှင်(၆၅၀၀၀)ကျပ်၊  မနောသုခ(ဟောင်း) (၂၄)ပြည် တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ မနောသုခ(သစ်) (၂၄)ပြည်တစ်အိတ်လျှင် (၅၀၀၀၀)ကျပ်၊ ရက်(၉၀)(ဟောင်း) (၂၄)ပြည်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ရက်(၉၀)(သစ်) (၂၄)ပြည်တစ်အိတ် လျှင် (၄၅၀၀၀)ကျပ်၊ ရွှေဘိုမဂျမ်းတော(၂၄)ပြည်တစ်အိတ်လျှင်(၆၈၀၀၀)ကျပ်၊ အရပ်သုခ(ဟောင်း) (၂၄)ပြည်တစ်အိတ်လျှင်(၈၀၀၀၀)ကျပ်၊ အရပ်သုခ(သစ်) (၂၄)ပြည်တစ်အိတ် လျှင်(၆၅၀၀၀) ကျပ်ရှိ ပြီး၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများ ငြိမ်နေကြောင်းသိရသည်။ မိတ္ထီလာမြို့ရှိ ဆန်ပွဲရုံများအနေဖြင့် မိတ္ထီလာ၊မလှိုင်၊ သာစည်မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချကြကြောင်း ဆန်ပွဲရုံများထံ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း