Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၏ အပတ်စဉ်စက်သုံးဆီပြောင်းလဲမှုအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ် (၂၈.၁၁.၂၀၂၅)ရက်နေ့တွင် ဓာတ်ဆီ(92)၊ ဓာတ်ဆီ(95)၊ ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်တို့၏ ဈေးနှုန်း ပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၆၄၅ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၇၂၀ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၆၆၅ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၈၅ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ (၂၇၈၅)ကျပ်၊ 95 Octance ဓါတ်ဆီဈေး နှုန်းတစ်လီတာမှာ (၂၈၇၅)ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ (၂၈၁၅)ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ (၃၃၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ  ယခင်နိုဝင်ဘာ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပထမပတ်အတွင်း 92 Octance၊ 95 Octance ဒီဇယ်ရိုးရိုးနှင့် ဒီဇယ်ပရီမီယံ စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ဈေးကွက်အတွင်း ကျွဲဂေါင်းသီးဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးများ၌ ရာသီပေါ်ကျွဲဂေါင်းသီးများဝင်ရောက်လာပြီး ရောင်းဝယ်လျက်ရှိကြောင်း၊ မြေပြန့်ဒေသ များတွင် ထွက်ရှိမှုနည်းပါးပြီး တောင်ပေါ်ဒေသများမှ အများဆုံးထွက်ရှိကြောင်း၊ ကျွဲဂေါင်းသီး အစိမ်း ဈေးနှုန်းအနေဖြင့် ယခုလတွင် လက်ကားတစ်ပြည်လျှင် (၅၀၀၀/-)ကျပ်၊ လက်လီတစ်ပြည် လျှင် (၆၀၀၀/-) ကျပ်ခန့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကျွဲဂေါင်းသီးကို အစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ ဖြစ်စေ၊ အခွံနွှာပြီးလျှင် စားကြကြောင်း၊ အတွင်းသား အရသာမှာ ချိုအေး၍ အရည်ရွှမ်း ကြောင်း၊ စားသုံးသူများမှ ရာသီပေါ်လည်းဖြစ် သရေစာလည်းဖြစ် ဆေးဖက်လည်းဝင်တာကြောင့် ဝယ်ယူစားသုံး ကြကြောင်း၊ ကျွဲဂေါင်းသီးမှာ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်အစရှိသော ဓာတ်များပါဝင်ပြီး လည်ပင်းကြီး ရောဂါနှင့် သိုင်းရိုက်ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း၊ တခြားသော အာဟာရဓာတ် တွေ ပါဝင်သည့်အတွက် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုကြကြောင်း၊ အရေပြားခြောက်သွေ့ခြင်းနှင့် နှုတ်ခမ်းကွဲခြင်းတို့ကိုလည်း လျော့နည်းစေကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ စားသုံးရန်သင့်သော အသီးတစ်မျိုးလည်း ဖြစ်ကြောင်း၊ ကျွဲဂေါင်းသီးမှာ ကောင်းကျိုးတွေရှိသည့်အပြင် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း အလွန်အကျွံမစားသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ဈေးအတွင်းအရောင်းသွက်နေသော ရွှေပဲသီးများ”

   ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ရွှေပဲသီးတောင့်များ ဝင်ရောက်လျက်ရှိရာ ရှမ်းပြည်နယ်၊ အောင်ပန်း၊ ပင်းတယ နှင့် ရွာငံ ၊ ရေဦး မြို့များမှ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း၊ ရွှေပဲသီးကို အစိမ်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကုန်းဘောင်ကြီး ကြော်စသည့် ဟင်းလျာများတွင် ထည်းသွင်းချက်ပြုတ်လျက်ရှိကြောင်း၊ ရွှေပဲသီးတွင် ဗီတာမင်အေ၊ စီ၊ အမျှင်ဓာတ်တွေနဲ့ သံဓာတ်၊ ဗီတာမင်အေတို့ပါဝင်တဲ့အပြင် အခြား အာဟာရ ဓာတ်တွေလည်း ပါဝင်သောကြောင့် နှလုံးကျန်းမာစေရုံသာမက ဝိတ်ကိုထိန်းနိုင်စေပြီး အရိုးတွေကိုလည်း ကျန်းမာ စေကြောင်း၊ အမျှင်ဓာတ် မြင့်မားစွာပါဝင်သောကြောင့် အစာခြေစနစ်ကို ကူညီပေးနိုင်ကြောင်း၊ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပြီး အမျှင်ဓာတ်ကြောင့် အစာခြေလွယ်ပြီး ဝိတ်လည်း ထိန်းနိုင်ကြောင်း၊ ရွှေပဲသီးဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက္ကားစျေး (၁၀၀၀၀/-)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် (၁၂၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဆောင်းဦးရာသီရှိ ရွှေပဲသီးတောင့် ကုန်စိမ်းမှာအရောင်းသွက်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရပါ သည်။

DOCA(မန္တလေး)

နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် ကြက်ကင်၊ ငါးကင်နှင့် အကင်စုံ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေးနှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိပြီး ငါးကင်အသေးတစ် ကောင်လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ပေါင် ()ကင်လျှင်(၅၈၀၀)ကျပ်၊ ကြက်ရင်ပုံ()ကင်လျှင် (၈၅၀၀)ကျပ်၊ ကြက်သဲမြစ်()ချောင်း (၅၀၀) ကျပ်၊ ကြက်ခြေထောက်()ချောင်း(၂၀၀၀)ကျပ်၊ ရုံးပတီသီး()ကင်(၅၀၀)ကျပ်နှင့် အသားတုကင် (၁၀)ချောင်း (၁၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလ ပထမပတ်အတွင်း ကြက်ရင်ပုံ()ကင်လျှင် (၃၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း  အကင်မျိုးစုံရောင်းချသည့်ဆိုင်မှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ဗမာခရမ်းချဉ်သီးများဈေးကောင်းရလျက်ရှိ”

   ပြင်ဦးလွင်မြို့မှဒေသထွက် ခရမ်းချဉ်သီးများ ဈေးကောင်းရရှိသဖြင့် ခရမ်းချဉ်စိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း ကျေးရွာ အချို့တွင်လည်း ဗမာခရမ်းချဉ်သီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည် မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် အေးမြကြည်လင်ဈေးတို့တွင် ရောင်းချသည့် ဟင်းသီးဟင်းရွက်အများစုမှာ မြို့နယ် အတွင်းကျေးရွာများ နှင့် ရွာငံဒေသမှ လာရောက်တင်သွင်း ရောင်းချခြင်းများဖြစ်ပြီး ခရမ်းချဉ်သီး၊ မုန်လာဥ၊ ချဉ်ပေါင်ရွက်၊ ခရမ်းသီး၊ ပဲသီး၊ ဆလပ်ရွက်၊ ပန်းမုံလာ၊ ငရုပ်သီး၊ အာလူး၊ကြက်သွန်၊ ဗူးသီး၊ဂေါ်ဖီထုပ်နှင့် ဘုရားပန်းများလာရောက်ရောင်းချလျှက်ရှိပါသည်။ ယခင်နှစ် ခရမ်းချဉ်သီး စိုက်တောင်သူများ အရှုံးပေါ်ခဲ့သည့်အတွက် စိုက်သူများလာသဖြင့် ခရမ်းချဉ်သီး ထွက်နှုန်းများ ကျဆင်းပြီး ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတကာ ခရမ်းချဉ်သီး ဈေးကွက်ဆက်တိုက် ဈေးတက် လျက်ရှိကြောင်း၊ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ဗမာခရမ်းချဉ်သီးအနေဖြင့် ယခင်လ ဈေးနှုန်းမှာ (၁)ပိဿာလျှင် လက်ကားဈေး(၄၀၀၀)ကျပ်ရောင်းချပြီး ၊လက်လီဈေးအနေဖြင့်(၁)ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ယခုလတွင် လက်ကားဈေးနှုန်း (၁)ပိဿာလျှင် (၆၀၀၀/-) ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် (၁)ပိသာလျှင် (၈၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ မိုးအကုန် ဆောင်းအကူးဖြစ်သောကြောင့် အထွက်နှုန်းနည်းပါးသောကြောင့် ယခင်လနှင့်နှိုင်းယှဉ်ပါ က ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မန္တလေး)

“ရာသီချိန်ချဉ်ပေါင်ဖူးများဈေးကောင်းရ”

    မိုးအကုန်ဆောင်းအကူးတွင် ရာသီပေါ်သီးနှံမျိုးစုံ ထွက်ရှိလျက်ရှိရာ ယခုလတ်တလောတွင် ချဉ်ပေါ်ပင်အား မြေလွတ်၊ မြေရိုင်းများနှင့် လယ်ကန်သင်းဘေးများတွင် စိုက်ပျိုးထားသော ချဉ်ပေါ်ပင် များမှ ချဉ်ပေါင်ဖူးများစတင်ထွက်ပေါ်လျက်ရှိပြီး တောင်သူအများစုက မိသားစုအပိုဝင်ငွေရရှိအောင် ဗမာချဉ်ပေါင်နှင့် အဖူးပါစားသုံးလို့ရသော ဒေသအခေါ ဘိလပ်ချဉ်ပေါင်ပင်များကိုလည်း အများဆုံး စိုက်ပျိုးလာကြပါသည်။ ချဉ်ပေါင်ဖူးသည် အဖူးအခွံအစိမ်းနှင့် အခွံနီချဉ်ပေါင်ဖူးဟူ၍ အမျိုးအစား (၂)မျိုးရှိရာ အစိမ်းရောင် ချဉ်ပေါင်ဖူးမှာ လူကြိုက်များပြီး အရောင်းသွက်ကြောင်း၊ ယခင်နှစ် ဈေးနှုန်းမှာ ချဉ်ပေါင်ဖူး (၁)ပြည်လျှင် (၂၀၀၀/-)ကျပ်ခန့်ရှိပြီး၊ ယခုနှစ်တွင် (၁)ပြည်လျှင် (၄၀၀၀/-) ကျပ်အထိ ရောင်းချရကြောင်း၊ ချဉ်ပေါင်ဖူးများကို ခူးဆွတ်ပြီး အစေ့နှင့်အဖူးအခွံအဖြစ် ပြန်လည်ခွဲ ထုတ် ပေးရကြောင်း၊ (၁)ပြည်လျှင် အခွံခွာခ (၅၀၀/-)ကျပ် ပေးရကြောင်း၊ ချဉ်ပေါင်ပင်ပေါ်မူတည်၍ ချဉ်ပေါင်အထွက်နှုန်း ကွာခြားကြောင်း၊ ချဉ်ပေါင်ဖူးကို ပုဇွန်ခြောက်၊ မြေပဲဆံတို့ဖြင့်ရော၍ စားသုံး ကြကြောင်း၊ အစေ့ထုတ်ပြီး ချဉ်ပေါင်ဖူးများကို မြို့မဈေးအတွင်းရှိ ကုန်စိမ်းအရောင်းဆိုင် များမှ လာရောက်ဖောက်သည်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း၊ ယခုနှစ်တွင် ချဉ်ပေါင်စိုက် တောင်သူများသည် ဈေးကောင်းရရှိသောကြောင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိသော ကြောင့် ချဉ်ပေါင်ဖူးပင်များကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ရာသီပေါ် ထိုင်ဝမ်ဆီးသီးများဈေးကောင်းရ”

    ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြသော်လည်း ဒေသခံတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော ဇီးပင်စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်း ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများအပြားစိုက်ပျိုးလာကြကြောင်း၊ ဇီသီးသည်ရာသီစာဖြစ်၍ တစ်နှစ် ပတ်လုံးစားခွင့်မရှိပဲ တစ်နှစ်တွင် တစ်ခါသာစားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်းဖြစ်ကြောင်း၊ ဇီးပင်စိုက်ပျိုးရာတွင် ကိုင်းကူးပျိုးပင်များကိုသာ အများဆုံးစိုက်ပျိုးကြပြီး အလုံးကြီးပြီး အရည် အသွေးကောင်းမွန်၍ အရသာရှိသော ထိုင်ဝမ်ဇီးသီးမျိုးများကိုသာ အများဆုံးစိုက်ပျိုးလာကြ ကြောင်း၊ ဇီးပင်စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် (၁၅)ပေခြား စိုက်ပျိုးကြကြောင်း၊ တစ်ဧက ပျိုးပင် (၁၀၀)စိုက်ပျိုးရပြီး စတင်စိုက်ပျိုးသည့် အချိန်မှ (၂-၃)နှစ်ခန့်အကြာတွင် ဇီးသီးများ စတင် ခူးဆွတ်ရကြောင်း၊ ထိုင်ဝမ်ဇီးသီးများသည် နိုဝင်ဘာတွင် စတင်ထွက်ရှိပြီး ပေါ်ဦးပေါ်စချိန် ဖြစ်သောကြောင့် ဈေးကောင်းရရှိပြီး ဖောက်သည်ဈေးအနေဖြင့် ဇီးသီး(၁၀)ပြည်ပါ တစ်ဖာတွင် အလုံးအကြီးအသေးပေါ်မူတည်၍ (၂၀၀၀-၃၀၀၀)ကျပ်အထိ ဈေးရှိပြီး လက်လီဈေးနှုန်းအနေဖြင့် ထိုင်ဝမ်ဆီးသီး (၁)ပြည်လျှင် အလုံးကြီး (၄၀၀၀/-) အလုံးသေး (၃၀၀၀/-)ကျပ်ဈေးဖြင့် ရောင်းချ လျက်ရှိကြောင်း၊ စတင်ထွက်ပေါ်သည့်အချိန်တွင် တစ်ပတ်ခူးဆွတ်မှုအနေဖြင့် (၁၀)ပြည်ပါ (၂၅)ဖာအထိရရှိပြီး ယိုစုံလုပ်ငန်းရှင်များမှလည်း ဇီးခြံအထိလာရောက်၍ဝယ်ယူလျက်ရှိကြောင်း၊ ဇီးသီးစိုက်တောင်သူများမှာလည်း ရန်ကုန်-မန္တလေး လမ်းဘေးများတွင်လည်း ကိုယ်တိုင်ရောင်းချ လျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်သောကြောင့် ထိုင်ဝမ်ဇီးသီးများမှာ အရည်အသွေး လှ၍ အလုံးကြီးပြီး အထွက်နှုန်းကောင်းမွန်သည့်အပြင် ပေါ်စအချိန်ဖြစ်သောကြောင့် အရောင်းသွက်၍ ဈေးကောင်းရရှိပြီး အကျိုးအမြတ်အနေဖြင့် အထွက်နှုန်းနှင့် ဈေးနှုန်းအပေါ် မူတည်ပြီး ရာသီအစမှ ရာသီကုန်အထိ (၄၀၀၀၀၀၀-၅၀၀၀၀၀၀)ကျပ်ခန့် အကျိုးအမြတ် ရရှိကြောင်းကို ဇီးသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ်(၁) ပန်းကန်လျှင်(၃၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ မုန့်ညှင်းစိမ်းလက်လီ(၁) စီးလျှင်(၅၀၀)ကျပ်၊ လက္ကား(၃)စီးလျှင်(၁၀၀၀)ကျပ် ရောင်းချလျက်ရှိရာ နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒီဇင်ဘာ ပထမပတ်အတွင်း  မုန့်ညှင်းစိမ်းရွက်(၁)စီးလျှင် (၁၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“စိမ်းစားဥများဈေးကောင်းရလျက်ရှိ”

    စိမ်းစားဥသည် ရာသီဥတုအမျိုးမျိုးကို ခံနိုင်ရည်ရှိပြီး မျှတသောအပူချိန်နှင့် မိုးရေချိန် အသင့်အတင့် လိုအပ်ပြီး ရေဝင်ရေထွက်ကောင်းသော သဲနှုန်းမြေတွင် ကောင်းစွာစိုက်ပျိုးနိုင်သော သီးနှံဖြစ်ပါသည်။ စိမ်းစားဥစိုက်ပျိုးရာတွင် မျိုးစေ့ကိုအနက် ၂-၃လက်မခန့်ချပြီး ကြွက်မြီးတန်း စိုက်ပျိုးရကြောင်း၊ စိမ်းစားဥကို နယုန်၊ ဝါဆိုလတွင် စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်း လဆန်း လောက်တွင် စတင်တူးဖော်ရောင်းချနိုင်ကြောင်း၊ အပင်အပြုစုကောင်းပါက တပို့တွဲ၊ တပေါင်းလအထိ တူးဖော်ရောင်းချနိုင်ကြောင်း၊ စိမ်းစားဥကို ရွာငံဒေသများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ စိမ်းစားဥ တစ်ဧကစိုက်လျှင် ပိဿာ (၃၀၀၀ မှ ၅၀၀၀)ခန့်အထိထွက်ရှိကြောင်း၊ ပေါ်ဦးပေါ်စ စိမ်းစားဥများကို တစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်နှုန်းဖြင့် ‌ရောင်းချရကြောင်း၊ စိမ်းစားဥကို ဆောင်းရာသီစာ စားစရာတစ်မျိုးဖြစ်ပြီး စားလိုက်လျှင် ချိုချိုကြွပ်ကြွပ်လေးနှင့် ရင်ထဲအေးမြစေပါ သည်။ စိမ်းစားဥကို သင့်သင့်အောင် စားသုံးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါများကို ကာကွယ်ပေးရုံ သာမက ခံတွင်းကိုလည်း ကောင်းမွန်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးများရရှိသဖြင့် စားသုံးသင့်ပါ ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“နနွင်းစျေးနှုန်းတည်ငြိမ်”

    ကျောက်ဆည်ခရိုင်တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၌ နနွင်းစိုက်ဧက(၉၉၃)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာနများ၏စာရင်းအရသိရှိရပါသည်။မကြာမှီအချိန်တွင် နနွင်းများစတင်ထွက်ရှိလာမည်ဖြစ်ရာ ယခုအချိန်တွင် နနွင်းစျေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။ ယခင်နှစ် နနွင်းဈေးနှုန်း များမှာ နနွင်းအခြောက် (၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုနှစ် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ဒုတိယပတ်တွင် နနွင်းအခြောက်(၁)ပိဿာလျှင်(၈၅၀၀/-)၊ နနွင်းခေါင်း(၁)ပိဿာလျှင် (၈၀၀၀/-)ကျပ် ၊ နနွင်းမှုန့် (၁)ဗူးလျှင်(၂၅၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ မကြာမီ ထွက်ပေါ်တော့မည့် နနွင်းများမှာ အထွက်နှုန်းကောင်းမွန်လာမည် ၊ လမ်းပန်းဆက်သွယ်ရေး လည်းကောင်းမွန်လာမည် ဆိုပါက ယခင်နှစ်ထက်ဈေးနှုန်းမရှိသော်လည်း တောင်သူများအတွက် တွက်ချေကိုက်မည့်နှစ်ဖြစ်နိုင်သည်ဟု တောင်သူတစ်ဦး၏ ပြောကြား ချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း