စိုက်သာစိုက်ရ ရင်မောရသောရွှေဖရုံ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည့်နိုင်ငံဖြစ်သောကြောင့် မိုးသီးနှံကို စိုက်ပျိုးရိတ်သိမ်းပြီးပါက ဆောင်းသီးနှံများကိုလည်း သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးကြပြန်သည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်အတွင်းရှိ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့တွင် ဆောင်းသီးနှံဖြစ် သောရွှေဖရုံသီးများကို လွန်ခဲ့သော(၈)နှစ်မှစ၍ နှစ်စဉ်စိုက်ပျိုးခဲ့ကြသည်။
ဆောင်းသီးနှံဖြစ်သော ရွှေဖရုံသီးပင်များကို မိုးအကုန်နိုဝင်ဘာလနှင့် အောက်တိုဘာလများတွင် မြေပြုပြင်၍ စတင်စိုက်ပျိုးကြပြီး မတ်လနှင့်ဧပြီလများတွင် ရိတ်သိမ်းဆွတ်ခူးကြရသည်။ ရွှေဖရုံသည် မြေဆီဩဇာထက်သန်သောမြေကိုကြိုက်နှစ်သက်၍ နုန်းဆန်သောမြေ၊ မြေနီသဲဝန်နှင့် နုန်းစနယ်မြေများတွင် ဖြစ်ထွန်းကြသည်။ မိုင်းယောင်းမြို့နယ် ဝမ်ကောင်း၊ ကော့ခွယ်၊ လော့ငိုး၊ နမ့်ကစ်၊ ဝမ်တုန်၊ ဝိန်းကျိုင်းကျေးရွာများနှင့် မိုင်းယုမြို့ ဒွန်းနွဲ့၊ တာကြန့်၊ မိုင်းလွေကျေးရွာတို့တွင် ဆောင်းသီးနှံဖြစ်သောရွှေဖရုံများကို စီးပွားဖြစ်အများအပြားစိုက်ပျိုးကြပြီး ယခုနှစ်တွင် ဆောင်းသီးနှံဖြစ်သော ရွှေဖရုံပင်များသည် အောင်မြင်စွာဖြစ်ထွန်းလျက်ရှိကာ အသီးအကင်းများထွက်ပေါ်နေသည်ကို တွေ့ရပါသည်။
မိုင်းယောင်းနှင့် မိုင်းယုဒေသတွင် ဆောင်းသီးနှံများဖြစ်သောရွှေဖရုံကို ယခင်နှစ်က ဧက(၅၀၀)ခန့် စိုက်ပျိုးခဲ့ကြပြီး တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်(၇၅၀၀၀၀)ခန့်ကုန်ကျခဲ့ပါသည်။ ယခုနှစ်တွင် ဧက(၄၀၀)ကျော်စိုက်ပျိုးထားကာ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်(၁၀)သိန်းမှ (၁၂)သိန်းခန့်ကုန်ကျကြောင်းသိရပါသည်။ ယခုနှစ်အတွင်း စက်သုံးဆီဈေးနှုန်း၊ ဓာတ်မြေဩဇာဈေးနှုန်းများနှင့် လုပ်သားခများမြင့်တက်လာသောကြောင့် စိုက်ပျိုးမှုကုန်ကျစရိတ်များမှာ ပိုမိုကုန်ကျလာကြောင်း ရွှေဖရုံစိုက်တောင်သူများထံမှ သိရပါသည်။
ရွှေဖရုံတစ်ဧကအထွက်နှုန်းမှာ (၆)တန်ခန့်ထွက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် တစ်ကီလိုလျှင် ကျပ်(၈၀၀)ဖြင့်ရောင်းချရ၍ တောင်သူများအတွက် အကျိုးအမြတ်များစွာရရှိပါသည်။ ကိုဗစ်-၁၉ရောဂါရိုက်ခတ်မှုကြောင့် ယခင်နှစ်တွင် တစ်ကီလိုလျှင် ကျပ်(၂၅၀)ဖြင့်သာရောင်းချရသောကြောင့် တောင်သူအချို့မှာ အရှုံးပေါ်ခဲ့ရပါသည်။ ယခင်နှစ်၌ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကိုပိတ်ထားခဲ့သဖြင့် လာအိုနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ရသောကြောင့် လမ်းခရီးတွင်ကြန့်ကြာခြင်း၊ သယ်ယူစရိတ်များကြီးမြင့်ခြင်းနှင့် ကုန်ပစ္စည်းများ အပျက်အဆီးများခြင်းတို့ကြောင့် ဝယ်လက်ကုန်သည်များသည် ရွှေဖရုံသီးများကို ဈေးနှုန်းနှိမ်၍ဝယ်ယူခဲ့ကြသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒေသထွက်ရွှေဖရုံသီးများကို နိုင်ငံတော်သို့အခွန်အခများပေးဆောင်၍ တင်ပို့မှုအနေဖြင့်ကုန်သွယ်မှုသတင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် (၁၁၂၉) တန်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တန်ချိန်(၂၃၆၆) တန်အထိ မိုင်းယောင်း-မိုင်းယု-အထူးဒေသ(၄)မိုင်းလားကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျိုင်းဟုန်မြို့သို့ အများဆုံးတင်ပို့ခဲ့ကြကြောင်းသိရပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-(၁၉) ရောဂါအခြေအနေများကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများကိုပိတ်ထားခဲ့သဖြင့် မိုင်းယောင်း၊ မိုင်းယုဒေသထွက်ရွှေဖရုံသီးများကို တာလေ-ကျိုင်းလပ်-လာအိုနိုင်ငံ ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တန်ချိန်(၈၀၀)တန်ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။
ဆောင်းသီးနှံဖြစ်သောရွှေဖရုံသီးများကို ဒေသအတွင်း အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်တွင်း၌တစ်ဆင့်မြင့်ကုန်ချောများကို ပြန်လည်မထုတ်လုပ်နိုင်သောကြောင့် တရုတ်နိုင်ငံ၏ဝယ်လက်များကိုသာ အဓိကအားထားနေရပါသည်။ တရုတ်နိုင်ငံ၏ဝယ်လိုအားအပေါ်မူတည်၍ ဈေးနှုန်းအတက်အကျများအလိုက် တောင်သူများအနေနှင့်အကျိုးအမြတ်ကို ရရှိပါသည်။
သို့ဖြစ်ပါ၍ ဆောင်းသီးနှံဖြစ်သာရွှေဖရုံစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင်ရွှေဖရုံကို စိုက်သာစိုက်ပျိုးရသော်လည်း မိုင်းယောင်း-မိုင်းယု-အထူးဒေသ(၄)မိုင်းလားမှ တရုတ်နယ်စပ်ကုန်သွယ်လမ်းကြောင်းကို ပုံမှန်ပြန်လည်ဖွင့်လှစ်၍ ဈေးကောင်းရရှိမှာသာ အကျိုးအမြတ်ရရှိမည်ဖြစ်သောကြောင့် ဆွတ်ခူးရောင်းချချိန်ရောက်မည့်ဧပြီလတွင် မည်ကဲ့သို့အခြေအနေဖြစ်ပေါ်မည်ကို မသိရှိနိုင်သည့်အတွက် ရင်မောစွာစိုက်ပျိုးထားရကြောင်း တောင်သူများထံမှသိရှိရပါသည်။
DOCA(ရှမ်း)