Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်၌ခရမ်းသီးများနှင့်ဈေးနှုန်းများ

         မြန်မာနိုင်ငံရာသီဥတုမှာ ခရမ်းပင်များနှင့်သင့်လျော်သော ရာသီဥတုရှိသဖြင့် နေရာဒေသအနှံအပြားစိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းမျိုးများစွာရှိပြီးဈေးကွက်ထဲတွင် ခရမ်းရှည်သီး၊ ခရမ်းပုသီး (အဖြူရောင်/ခရမ်းရောင်) ၊ ခရမ်းကြွပ်သီး(အဖြူရောင်/ခရမ်းရောင်)၊ ခရမ်းကစော့သီးစတဲ့ခရမ်းမျိုးများရောင်းချကြပါသည်။ ခရမ်းရှည်သီးကို အသားနှင့်ရော၍ဟင်းချက်စားခြင်း၊ ပုဇွန်ခြောက်နှင့်ရော၍ ခရမ်းသီးနှပ်ပြုလုပ်စားသုံးခြင်း၊ သီးစုံပဲကုလားဟင်းထဲတွင်ထည့်သွင်းချက်ပြုတ်ခြင်း၊ မယ်ဇလီဟင်းချိုထဲမှာဆိုလျှင်လည်းခရမ်းသီးဟာ မဖြစ်မနေထည့်သွင်းချက်ပြုတ်ရတဲ့ အသီးဖြစ်ပါသည်။ ခရမ်းပုသီး (အဖြူ/ခရမ်းရောင်)များကို မီးအုန်း၊ မီးဖုတ်စားသုံးခြင်းနှင့်မီးဖုတ်ပြီးမှ ကြက်ဥနှင့်ပြန်ကြော်စားခြင်း၊ ခရမ်းကြွပ်သီးနှင့်ခရမ်းကစော့သီးများကိုတို့စရာအဖြစ် စားသုံးခြင်းများပြုလုပ်ကြပါသည်.

        ခရမ်းရှည်အပုအသီးများတွင် ဗီတာမင်၊ အာဟာရဓာတ်၊  အမျှင်ဓာတ်တို့ အပြည့်အဝပါဝင်ကာ နှလုံး၊ ဦးနှောက်၊ အရေပြားနဲ့အရိုးကိုအကျိုးပြုစေနိုင်ပြီး ဆီးချိုအမျိုးအစား(၂) ရောဂါကို ထိန်းနိုင်တဲ့အစွမ်းရှိပါသည်။  ခရမ်းသီးတွင် အဆီဓာတ်မပါသည့်အတွက် အဆီကျအသားကျစ်လစ်ဖို့အတွက်လည်း အသုံးဝင်ကြောင်းသိရှိရပါသည်။ အချို့လေရောဂါအခံရှိသူများ စားသုံးပါက လေပွ၊ လေထိုး၊ လေအောင့်ဖြစ်တတ်ပြီး၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါသည်။ ခရမ်းကြွပ်သီး (အဖြူ/ခရမ်းရောင်)ဆိုလျှင်လည်း အတို့အမြုပ်အဖြစ် စားကောင်းတိုင်းစားမည်ဆိုလျှင် အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါသည်။

          ခရမ်းကစော့သီးလေးတွေက တို့စားရာမှာ (ဖောက်ဖောက်)နှင့်စားလို့ကောင်းသလို ကျန်းမာရေးအကျိုးကျေးဇူးများလည်း ပေးစွမ်းနိုင်ပါသည်။ ကင်ဆာဆဲများမပွားစေဖို့ အကောင်းဆုံးဟန့်တားပေးနိုင်သလို နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပြီး အရောင်ကျစေနိုင်တဲ့အာနိသင်လည်းရှိပါသည်။ လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာအနာလေးတွေဖြစ်တာ၊ အရေပြားမှာဖြစ်တဲ့ အနာတွေသက်သာစေဖို့နဲ့ ရေယုန်ပေါက်တာသက်သာအောင်၊ ဘက်တီးရီးယားပိုးတွေ အန္တရာယ်ကနေကာကွယ်ဖို့စားသုံးပေးလို့ရပါသည်။ ခရမ်းကစော့သီးတွင်ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဗီတာမင်စီချို့တဲ့မှုကြောင့်ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးပြီး ခရမ်းကစော့သီးပြုတ်ရည်ကိုသောက်ပေးခြင်းအားဖြင့် အဖျားကျစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။

         ပြည်ဈေးကွက်တွင် ခရမ်းသီးအမျိုးအစားဈေးနှုန်းများမှာ ခရမ်းရှည်သီး (အချော)တစ်လုံး လျှင် (၁၅၀-၂၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀)ကျပ်ရှိပြီး အချို့ရောင်းချသူများက အလေးချိန်နှင့်ရောင်းချကြကာ တစ်ပိဿာလျှင် (၆၀၀)ကျပ်နှင့် ရောင်းချကြပါသည်။ ခရမ်းပုသီး (အဖြူ/ ခရမ်းရောင်) တစ်လုံးလျှင်(၃၀၀-၅၀၀)ကျပ် ရှိပြီး ခရမ်းကြွပ်သီး(အဖြူ/ခရမ်းရောင်) (၅)လုံးလျှင် (၁၀၀)ကျပ်ဖြင့် ရောင်းချကြကာ ခရမ်းကစော့သီး (၃)တွဲပါ တစ်ထုပ်လျှင် (၁၀၀)ကျပ်ဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေကြပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြေပဲဆန် ဝယ်လိုအားများလာ၍ ဈေးဆက်လက်မြင့်တက်လာ

  ပြည်ခရိုင်၊ ပြည်မြို့ဈေးကွက် ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် မြေပဲဆန်ဝယ်လိုအား များလာသဖြင့် လုံးဆန်ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နှင့် ပြည်ခရိုင်၊ ရွှေတောင်မြို့ဘက်မှ ပြည်ဈေးကွက်သို့ ရက်ခြားအဝင်ရှိပြီး ဝင်ရောက်သည့် နေ့တွင် မြေပဲဆန်အိတ် (၁၀၀၀)ခန့် ဝင်ရောက်မှုရှိပါသည်။ ယခုနှစ်မြေပဲထွက်ချိန်တွင် ရာသီဥတု မကောင်းသဖြင့် အထွက်နှုန်းများနည်းပြီး အညာဒေသဘက်မှလည်း ဝယ်လိုအားများလာသဖြင့် မြေပဲဆန် ဈေးမှာ ယခင်နှစ်ထက်စာလျှင်ဈေးမြင့်တက်လာခဲ့ပါသည်။ မြေပဲဆန်ဈေးနှုန်းမှာ ဆီကြိတ် မြေပဲ ဆန် (အဖြူ)တစ်ပိဿာလျှင် (၅၆၀၀)ကျပ်၊ ဆီကြိတ်မြေပဲဆန် (အနီ)တစ်ပိဿာလျှင် (၆၆၀၀) ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေသော်လည်း၊ ယခင်နှစ်တွင် မြေပဲဆီဆန် (အဖြူ) တစ်ပိဿာလျှင် (၃၄၀၀)ကျပ်နှင့် (အနီ)တစ်ပိဿာလျှင် (၃၂၀၀)ကျပ်ဖြစ်ခဲ့၍ ယခုနှစ်အတွက် တစ်ပိဿာလျှင် (၂၂၀၀မှ ၃၄၀၀)ကျပ်ထိ ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ မြေပဲဆန်လုံးဆန် ဈေးမှာ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၆၄၀၀)ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် (၇၂၀၀)ကျပ်ဖြင့် ယခင်အပတ်ကထက် တစ်ပိဿာလျှင်(၁၀၀-၂၀၀)ကျပ်ခန့် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါ သည်။ ယခင်နှစ်တွင် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၃၇၀၀)ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် (၃၆၀၀)ကျပ်ဖြစ်ခဲ့၍ ယခုနှစ်တွင် တစ်ပိဿာလျှင် (၂၇၀၀ မှ ၃၆၀၀)ကျပ်ခန့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ထို့အတူ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးငြိမ်နေသော်လည်း ယခင်နှစ်တွင် မြေပဲဆီတစ်ပိဿာလျှင် (၆၈၀၀-၇၀၀၀) ကျပ်ဖြင့် တစ်ပိဿာလျှင် ထက်ဝက်ခန့်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်နှမ်းဈေးများဆက်လက်ငြိမ်သက်

   ပြည်ဈေးကွက်တွင် နှမ်းဈေးများ ပြောင်းလဲခြင်းမရှိဘဲ ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။ နှမ်းဝင်ရောက်မှုမရှိသလို ဝယ်လိုအားလည်းနည်းပါးလာသဖြင့် နှမ်းဈေးသာ ဈေးကွက်တွင်ဖြစ်ပြီး အရောင်းအဝယ်ပါးနေကြောင်း တွေ့ရှိရပါသည်။ ယခင်တွင် ဖြစ်ပေါ်ခဲ့သော နှမ်းဈေးများမှာ နှမ်းနီ(၃) တင်းတစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် (၁၈၀၀၀၀) ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းတစ်အိတ်လျှင် (၂၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် (၂၆၀၀၀၀)ကျပ်၊ နှစ်နက် (၃)တင်းတစ်အိတ်လျှင်(၂၈၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်ဖြင့် ယခင်အပတ်ကအတိုင်းဈေးငြိမ်နေသော်လည်း ယခင်နှစ်ထက်စာလျှင် (၃)တင်းတစ်အိတ်လျှင် (၁)သိန်းကျပ်ခန့် ဈေးနှုန်းများမြင့်တက်ခဲ့ပြီး တစ်တင်းလျှင် (၃)သောင်းကျပ်ကျော်ခန့် ဈေးမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဝါသီးနှံ ဈေးကောင်းနေ

   ပြည်ခရိုင်အတွင်း ဝါဈေးကွက်ရှိရာ ပေါက်ခေါင်းမြို့နယ်တွင် ဝါစတင်ထွက်ရှိချိန်က ဝါအရည်အသွေးကောင်းပါက တစ်ပိဿာလျှင် (၂၃၀၀)ကျပ်၊ ဝါအရည်အသွေးနိမ့်လျှင် (၂၁၀၀)ကျပ် ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့သော်လည်း တောင်သူများအနေဖြင့် စိုက်စရိတ်များတွက်ခြေကိုက်ရေးအတွက် တောင်သူအနည်းငယ်သာ ဝါစက်များသို့ လာရောက်ရောင်းချကြောင်း သိရှိရပါသည်။ ဝါသီးနှံ အထွက်လှိုင်ချိန်မှာတော့ တောင်သူများအနေဖြင့် ဝါတစ်ပိဿာလျှင် (၂၈၀၀-၂၉၀၀)ကျပ်၊ ဝါဂွမ်း တစ်ပိဿာလျှင် (၇၀၀)ကျပ်၊ ဝါစေ့တစ်ပိဿာလျှင် (၁၁၅၀)ကျပ်ဖြင့် ဈေးရရှိခဲ့ပါသည်။ ယခုနှစ် ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ချည်မျှင်ရှည်ဝါများ အကုန်ရိတ်သိမ်းပြီးဖြစ်၍ ဈေးကွက်တွင် ဝါကြီးများသာ ရှိတော့ကြောင်း သိရှိရပါသည်။ ယခုဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ဝါသီးနှံ လက်ကျန်နည်းလာခြင်း၊ အဝယ်လိုက်လာခြင်းတို့ကြောင့် ဝါတစ်ပိဿာလျှင် (၃၁၅၀)ကျပ် ဖြင့် တောင်သူများ ဈေးကောင်းရနေပြီး ဝါဂွမ်းအား မန္တလေးနှင့် မူဆယ်ဈေးကွက် ဝယ်လိုအားများသောကြောင့် တစ်ပိဿာလျှင် (၇၃၀၀)ကျပ်ရရှိပြီး ဝါစေ့တစ်ပိဿာလျှင် (၁၁၅၀)ကျပ် ဖြင့်သာဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကြက်သွန်နီအဝင်နည်း၍ဈေးနှုန်းမြင့်တက်

       ပြည်ဈေးကွက်သို့ ယခုကာလတွင် မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ ကြက်သွန်နီများ အဝင်နည်းသွားပြီး တောင်တွင်းကြီးနယ်မှ ကြက်သွန်နီ ပိဿာ(၃၀)ဝင်အိတ် (၁၀၀)ခန့် အဝင်ရှိ၍ တစ်ပတ်လျှင် နှစ်ကြိမ်ခန့်သာ အဝင်ရှိနေပါသည်။ ယခင်တစ်ပတ်ကို အိတ် (၆၀၀/၇၀၀)ခန့် အဝင် ရှိနေရာမှယခုအပတ်တွင် အဝင်နည်းသွားသည့်အတွက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၁၅၀-၂၀၀)ခန့် ပြန်လည်မြင့်တက်သွားကြောင်းသိရှိရပါသည်။ အရောင်းအဝယ်မှာ ယခင်ပုံမှန် ဝယ်လက်များဖြင့် မှာယူရောင်းချခြင်းများရှိနေပြီး ယခုကဲ့သို့ အဝင်နည်းသွားသည့်အတွက် ဒေသဝယ်လက်များ၊ နယ်ကျော်တင်ပို့မှုများကို မှာယူမှုရှိသလောက်မရောင်းချနိုင်ဘဲ ထက်ဝက်ခန့်သာ ရောင်းဝယ်မှုရှိနေပါသည်။ ဈေးနှုန်းများအနေဖြင့် ပွဲရုံလက်ကားဈေးတစ်ပိဿာကို ကြီး/လတ်/သေး ကျပ်(၁၂၀၀/၁၃၀၀/၁၄၀၀) နှုန်းတို့ရှိပြီး လက်လီဈေးအသေးများတွင် ကြီး/လတ်/ သေး (၁၄၀၀/၁၆၀၀/၁၇၀၀)ကျပ် တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်ရဲ့ကြက်သွန်ဖြူ

   ကြက်သွန်ဖြူကို ကမ္ဘာတစ်ဝှမ်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလျှက်ရှိပါသည်။ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်း၊ အာဖဂန်နစ်စတန် နိုင်ငံတို့မှဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးဖြစ် ထွန်းလျှက်ရှိပါသည်။ ကြက်သွန်ဖြူသည် မီးဖိုချောင်သုံးသီးနှံအဖြစ်သာမက မြန်မာတိုင်းရင်း ဆေးများဖော်စပ်ရာ၌လည်း အလွန်အသုံးဝင်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ကြက်သွန်ဖြူ၏ အနံ့နှင့် အရသာမှာ စူးရှသော်လည်း ဆေးဖက်ဝင်အာဟာရတန်ဖိုးများစွာပါဝင်ပါသည်။ ဗီတာမင်B6၊ မန်းဂနိစ်၊ ဆယ်လီနီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်နှင့် စသည့်ဓာတ်များစွာပါဝင်ပြီး ဂုဏ်သတ္တိလည်းများစွာပါဝင်ပါသည်။

    ကြက်သွန်ဖြူကို စားသုံးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေခြင်း၊ ခန္ဓာကိုယ်မှ အဆိပ်များ ဖယ်ရှားပေးခြင်း၊ အအေးမိသောအခါ ကြက်သွန်ဖြူကိုစားသုံးပါက တုတ်ကွေး ရောဂါဖြစ်စေမှုကို လျော့ကျစေခြင်း၊ ချောင်းဆိုးသက်သာစေခြင်း၊ ယားယံခြင်းနှင့် ရောင်းရမ်းခြင်းများကို သက်သာ စေခြင်းစသည့် အခြားရောဂါအချို့ကိုလည်း ကာကွယ်နိုင်ပါသည်။ ကြက်သွန်ဖြူကို အသင့်အတင့် စားသုံးစေခြင်းဖြင့် ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိသော်လည်း အလွန်အကျွံ စားသုံးလျှင် ဘေးထွက်ဆိုးကျိုးအနေဖြင့် ဝမ်းဗိုက်နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်းနှင့် ဝမ်းလျောခြင်းများ ဖြစ်စေနိုင်ပါသည်။

     ကြက်သွန်ဖြူအများဆုံးစိုက်ပျိုးသော  ရှမ်းပြည်နယ်မှ အခြားလိုအပ်သော တိုင်းနှင့်ပြည်နယ် များသို့ တင်ပို့လျှက်ရှိရာ ပြည်ဈေးကွက်သို့လည်း အဝင်များရှိခဲ့ပါသည်။ ယခင်ရက်များက ထွက်ရှိရာ ဒေသများမှ လက်ကျန်နည်းနေသည့်အတွက် ပြည်ဈေးကွက်သို့ အဝင်မရှိသလောက် ဖြစ်ခဲ့ရာ ယခုတစ်ပတ်တွင် ရှမ်းကြက်သွန်များ စတင်နှုတ်သိမ်းနေပြီဖြစ်၍ ပြည်ဈေးကွက်သို့ ကြက်သွန်ဖြူ (အသစ်)များ တစ်ရက်ခြားလျှင် အိတ်(၃၀/၄၀) အကြားအဝင်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ်(၅၅၀၀-၆၀၀၀)ဈေးရှိပြီး လက်လီတစ်ပိဿာလျှင် ကျပ်(၆၀၀၀-၇၀၀၀)ဈေးရှိပါသည်။ ကြက်သွန်ဖြူ(ရှမ်းစ) အသစ်များမှာ အစိုဓာတ်ရှိနေသေးခြင်း၊ ကြူကုတ်ဈေးဖြင့် ယှဉ်လျှင် ဈေးမြင့်နေခြင်းများကြောင့် ရှမ်းစမှာ အရောင်းပါးလျှက်ရှိပါသည်။ မန္တလေးမှတစ်ဆင့်ဝင်ရောက်လျက်ရှိသောကြူကုတ်မှာ လက်ကားပွဲရုံဈေး (၁)ပိဿာလျှင် ကျပ် (၃၈၀၀-၃၉၀၀) လက်လီတစ်ပိဿာလျှင် ကျပ်(၄၀၀၀-၄၅၀၀)ဖြင့် အရောင်းအဝယ်ရှိပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်)များ မန္တလေးမှတစ်ဆင့် ပြည်ဈေးကွက်သို့  တစ်ရက်လျှင် အိတ် (၁၀၀)မှ (၁၅၀)အတွင်း အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၆ .၃.၂၀၂၃)

      ၆.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ပြည်ပဝင်ငွေအများဆုံးရှာဖွေပေးနိုင်သော မတ်ပဲ

    ကျွန်မတို့မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးရုံသာမက ပြည်ပသို့တင်ပို့ရောင်းချကြသော ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ မြန်မာနိုင်၏ စိုက်ပျိုးမြေဧရိယာ ၂၀% ခန့်သည်ပဲမျိုးစုံစိုက်ပျိုးနေပြီး မတ်ပဲ၊ ပဲစင်းငုံ၊ပဲတီစိမ်း စသည့်ပဲများသည် နှစ်စဉ်ပြည်ပသို့ တင်ပို့ရောင်းချမှုအများဆုံးပဲများဖြစ်ပြီး ပြည်ပဝင်ငွေရှာဖွေပေးနိုင်သောသီးနှံများ ဖြစ်ကြပါသည်။ အဆိုပါပဲများတွင် မတ်ပဲသီးနှံသည် မြန်မာ နိုင်ငံ၏ ပဲမျိုးစုံသီးနှံများအနက် စိုက်ပျိုးမှုများသော ပဲသီးနှံတစ်မျိုးဖြစ်ကာ ပြည်ပတင်ပို့ ရောင်းချနိုင်မှု ပမာဏအများဆုံးသီးနှံဖြစ်သည်နှင့်အညီ ပြည်ပဝင်ငွေရှာဖွေပေးနိုင်မှုအများဆုံ သီးနှံ လည်း ဖြစ်ပါသည်။ အောက်မြန်မာပြည်၌ မိုးစပါးများရိတ်သိမ်းပြီး စိုက်ပျိုးမှုရှိသလို အထက် မြန်မာ ပြည်ရှိ အချို့တိုင်းဒေသကြီးများတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ အောက်မြန်မာပြည် ဒေသများ၌ မတ်ပဲစိုက်ပျိုးမှုသည် တစ်နိုင်ငံလုံးစိုက်ပျိုးမှုဧရိယာ၏  ၉၀% ခန့်စိုက်ပျိုးမှုရှိပါသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် အများဆုံး စိုက်ပျိုးကြပါသည်။ မတ်ပဲသီးနှံအား သီးထပ်စိုက်ပျိုးမည့် ဒေသများတွင် လယ်မြေများ၌ မိုးစပါးကို  သက်လက်စပါးကိုသာ အဓိကထား  စိုက်ပျိုးကြပါသည်။ မတ်ပဲ သီးနှံသည် ပူနွေး၍ ခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်သည့်အတွက် အပူချိန် မြင့်မားသည့် ဒဏ်ကိုခံနိုင်ရည်ရှိသော သီးနှံဖြစ်ပြီး အပူချိန် (၂၅)°C မှ (၃၅)°C အကြားရှိ ဒေသများတွင် စိုက်ပျိုးနိုင်သလို ရေငတ်ဒဏ်ခံနိုင်ရည်ရှိ၍ ပျမ်းမျှမိုး ရေချိန် ၃၆ လက်မ အောက်ရွာသွန်းသည့် ဒေသ များတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ မတ်ပဲကို အောက်မြန်မာပြည် ဒေသများတွင် မိုးနှောင်းနှင့် ဆောင်းဦးကာလများတွင် စိုက်ပျိုးကြပြီး ဆောင်းနှောင်းနှင့် နွေဦးကာလများတွင် ရိတ်သိမ်းကြပါသည်။

   စိုက်ပျိုးသည့် မြေအမျိုးအစားအနေဖြင့် မြေသားနု၍ ရေမဝပ်သောမြေ၊ စနယ်မြေစေး၊ သဲမြေ၊ လယ်မြေကဲ့သို့ မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်၍ စပါးစိုက်ပျိုးရိတ်သိမ်းပြီး လယ်မြေ နှင့် မြစ်ရေကျပြီး နုန်းသမမြေတို့တွင် အများဆုံး စိုက်ပျိုးမှုရှိကာ ဆားပေါက်နေသောမြေနှင့် ထုံးဓါတ် ပါသောမြေများတွင် စိုက်ပျိုး၍မသင့်ကြောင်း သိရှိရပါသည်။ မြေချဉ်ငံဓာတ် PH (၅.၅) ထက်လျော့နည်းပါက အပင်အောင်မြင်ဖြစ်ထွန်းမှု အားနည်းသည့်အတွက် မြေချဉ်ငံဓာတ် PH(၅.၈) မှ PH(၆.၅)တို့တွင် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ပါသည်။

   မြန်မာနိုင်ငံတွင် စိုက်ပျိုးသော မတ်ပဲမျိုးများအနေဖြင့် ရေဆင်း-၂၊ ရေဆင်း -၄၊ ပုလဲထွန်း၊ ရေဆင်း-၆၊ မင်းလှလုံးကြီး၊ မိုးညိုလုံးကြီး၊ ဟင်္သာလုံးကြီး၊ မင်းလှထွန်းစသည့်မျိုးများဖြစ်ကြသလို တောင်သူအများဆုံးစိုက်ပျိုးသော အမျိုးအစားများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံသည့် မျိုးကောင်း/မျိုးသန့်များနှင့် ဒေသမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည်။

   မတ်ပဲသီးနှံ၏ အင်္ဂလိပ်အမည်မှာ Blackgram ဖြစ်ပြီး သိပ္ပံအမည်မှာ Vigna mungo(L) Hepper ၊  သိပ္ပံခွဲအမည်မှာ Phaseolus mungo L ဖြစ်ပါသည်။ မတ်ပဲသီးနှံအားပြည်တွင်း၌ စားသုံးမှု အနေဖြင့် ပဲပင်ပေါက်ဖောက်၍လည်းကောင်း၊ ပရာကြော်၊ ပါပရာ၊ တိုရှည်၊ ပဲမုန့် စသည်ဖြင့် ပြုလုပ်၍ စားသုံးကြသည့်အပြင် ပြည်ပသို့ အဓိကတင်ပို့ရောင်းချရန်အတွက် စိုက်ပျိုးထုတ်လုပ်ကြခြင်းဖြစ်ပါသည်။ မတ်ပဲစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့် ယခုနှစ်တွင် ပဲတစ်တင်း ပိဿာ(၂၀)လျှင် ကျပ် (၆၀၀၀၀)အထက်ရရှိနေခဲ့သည့် အတွက် တစ်ဧကပျမ်းမျှ (၁၅)တင်းထွက်လျှင် အကျိုးအမြတ် ကျပ် (၄)သိန်းကျော် (၅)သိန်းနီးပါး အကျိုးအမြတ်ရလျက်ရှိပြီး ယခုပေါက်ဈေးအရ အထွက်နှုန်းများလျှင် များသလောက် အကျိုးအမြတ် ပိုရနေမှာ ဖြစ်သော်လည်း အထွက်နှုန်းနည်းသည့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် အရင်းကျေရုံသာရရှိခဲ့ကြ သည်ဟု သိရှိရပါသည်။

   မတ်ပဲသီးနှံသည် အခြားပဲများနှင့်ယှဉ်လျှင် စားသုံးမှုအလွန်နည်းပါးသော်လည်း ကျန်းမာရေး အရလေ့လာကြည့်မည်ဆိုပါက အကျိုးကျေးဇူးများ ရရှိသောသီးနှံတစ်မျိုးဖြစ်ပါသည်။ မတ်ပဲတွင် ပရိုတင်း၊ သတ္တုဓာတ်စသည်တို့ အမြောက်အမြားပါဝင်နေသလို သံဓာတ်ပြည့်သော အသီးအနှံ လည်းဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသမီး သံဓာတ်အားနည်းပါက စားသုံးသင့်ပါသည်။ အမျှင် ဓာတ်များပါဝင်ခြင်းကြောင့်  အစာခြေစနစ်ကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ် ပေးပါသည်။ ဖောလစ်အက်ဆစ်နှင့် မဂ္ဂနီဆီယမ် ဓာတ်တို့ကြောင့် နှလုံးကျန်းမာအောင် အထောက်အကူပေးပါသည်။ မှတ်ဉာဏ်အားနည်းခြင်း၊ သတိမေ့လျော့ခြင်းစသည့် အာရုံခံအင်္ဂါ အဖွဲ့အစည်းပြဿာနာများအတွက် မတ်ပဲကကောင်းကျိုးကိုရစေသလို အဆစ်အမြစ်များ ရောင်းရမ်း ခြင်း၊ အဆီကျစေခြင်း၊ အရိုးအားကောင်းစေခြင်းစသည့် ကောင်းကျိုးများကိုပါ ရစေပါသည်။ မတ်ပဲဖြင့်ပြုလုပ်သော ပဲပင်ပေါက်အား ကျွန်မတို့အရပ်ဒေသများတွင်  အလှူပွဲ၊ မင်္ဂလာဆောင် ပွဲများ၌ ပဲတီချဉ်ပြုလုပ်၍ ဝက်သားဟင်း၊ ကြက်သားဟင်း၊ ကြာဇံဟင်းချိုများနှင့်လည်း ကျွေးမွေးဧည့်ခံကြပါသည်။ မတ်ပဲနှင့်ပြုလုပ်သော ပါပရာကြော်သည် ငါးမုန့်ကဲ့သို့ပင် စား၍ အရသာရှိသော အစားအစာတစ်ခုဖြစ်ပါသည်။

   မတ်ပဲသီးနှံသည် တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွ ပေးနိုင်သော ပဲသီးနှံဖြစ်သလို ပြည်တွင်းစားသုံးမှုအနည်းငယ်သာရှိကြသော်လည်းကျန်းမာရေးအရ စားသုံးပေး သင့်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ဒါ့ကြောင့် ပြည်ပဝင်ငွေ ရှာဖွေပေးနိုင်ရုံသာမက ကျန်းမာရေး စားသုံးရန် သင့်တော်သော မတ်ပဲသီးနှံအား မိမိဒေသ၊ ရာသီဥတု၊ မြေအနေအထားနှင့်ကိုက်ညီသည့် အတွက်ကောင်းမျိုးများအား ရွေးချယ်စိုက်ပျိုးပြီး အထွက်တိုးအောင် စိုက်ပျိုးထုတ် လုပ်နိုင်သည်နှင့်အမျှ တောင်သူများဝင်ငွေတိုးနိုင်မည်ဖြစ်သလို ပြည်ပဝင်ငွေလည်း ပိုမိုလာမည်ဖြစ် ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

      တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း