Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ ဖေဖော်ဝါရီလ(စတုတ္ထ)ပတ်အတွင်း ဈေးကွက်အခြေအနေ

    ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုအနေဖြင့် ဖေဖော်ဝါရီလ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်(အသစ်) တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၄)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၃)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

      ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ်(၁၁၅၀ မှ ၁၀၂၅)၊ အလတ်စ ကျပ်(၁၀၀၀ မှ ၉၅၀)၊ အသေးစ ကျပ်( ၉၀၀ မှ  ၈၀၀)ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ ယခင် ဖေဖော်ဝါရီ(တတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၂၅)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၅၀)စီခန့် ဈေးနှုန်း မြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့၊ ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတဆင့် ဗီယက်နမ်နိုင်ငံ၊ မူဆယ်မြို့မှတဆင့်တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက် ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၂)သိန်း၊ (၈၅၇၁)အိတ်၊ တန်ချိန်(၂)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

    ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး ကျပ်(၁၃၀၀ မှ ၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များမှတစ်ဆင့် သိရှိရသည်။

DOCA(မကွေး)

         

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၇ .၃.၂၀၂၃)

     ၇.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၀/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

အုတ်တွင်းမြို့နယ် မတ်ပဲနှင့်ပဲတီစိမ်းစိုက်ပျိုးထွက်ရှိမှုနှင့် ဒေသပေါက်ဈေးအခြေအနေ

        ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်အုတ်တွင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ ၁၉၃၉ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ လျာထားချက်အတိုင်း စိုက်ပျိုး နိုင်ခဲ့ပါသည်။ ယခုအခါတွင် စိုက်ဧကများအားလုံး ရိတ်သိမ်းပြီးစီးပြီးဖြစ်ပါသည်။ တောင်သူဦးကြီးများ၏ ပြောပြချက်အရ တစ်ဧကလျှင် ပျှမ်းမျှ ၁၅ တင်းနှုန်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်ကထက် အထွက်နှုန်းအနည်းငယ် ကျဆင်းကြောင်းသိရှိရပါသည်။

        ယခုနှစ် မတ်ပဲအထွက်နှုန်းကျဆင်းရခြင်းမှာ သွင်းအားစုများ ဈေးကြီးမြင့်သဖြင့် တောင်သူများက သွင်းအားစုများကို လျှော့ချသုံးစွဲကြခြင်းကြောင့်ဖြစ်ပါသည်။ ထွက်ရှိသောမတ်ပဲများကို ပွဲရုံများသို့ ရောင်းချကြပါသည်။ ယခင်နှစ်က မတ်ပဲတစ်တင်းလျှင် ၄၆၀၀၀ ကျပ်ရောင်းချရပြီး ယခုနှစ်တွင် မတ်ပဲတစ်တင်းလျှင် ၆၀၀၀၀ ကျပ် ဈေးရှိပါသည်။

         ပဲတီစိမ်းကို ၂၅၇ ဧက စိုက်ပျိုးပြီး မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကလျှင် ၁၅ တင်းမှ ၂၂ တင်းအထိ ထွက်ရှိကြောင်း အထွက်နှုန်းမှာ ယခင်နှစ်ကထက် ကွာခြားမှုမရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်ကပဲတီစိမ်းတစ်တင်းလျှင် ၅၈၀၀၀ ကျပ်ရှိပြီး ယခုနှစ်တွင် ၆၇၀၀၀ ကျပ် ရောင်းချရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အခြေခံစားသောက်ကုန်အချိူ့ဈေးနှုန်း အတက်အကျရှိ

            ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခုရက်အတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ဧည့်မထဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိပဲ တည်ငြိမ်လျှက်ရှိပါသည်။

              ပဲဆီမှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဈေးနှုန်းဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်အပတ်က တစ်ပိဿာ ၆၅၀၀ ကျပ် ဈေးနှုန်းရှိပြီး ယခုအပတ်တွင်မူ တစ်ပိဿာ ၇၁၅၀ ကျပ်ဈေးနှုန်းရှိကာ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပါသည်။

              ကြက်သွန်နီ တစ်ပိဿာလျှင် ယခင်အပတ်က ၁၂၀၀ ကျပ်မှ ယခုအပတ်တွင် ၁၃၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ယခင်အပတ်က ၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၀၀၀ ကျပ် ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပါသည်။

              ငရုပ်သီးခြောက် (အရှည်) တစ်ပိဿာလျှင် ယခင်အပတ်က ၁၂၀၀၀ ကျပ်ဈေးနှုန်းဖြစ်ပြီး ယခုအပတ်တွင် ၁၁၀၀၀ ကျပ်ဈေးနှုန်းရှိရာ အနည်းငယ်ကျဆင်းသွားပါသည်။ အာလူး တစ်ပိဿာ လျှင် ယခင်အပတ်က ၂၀၀၀ ကျပ်ဈေးနှုန်းမှ ယခုအပတ်တွင် ၂၄၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

              မြေပဲဆံ တစ်ပိဿာလျှင် ယခင်အပတ်က ၇၅၀၀ ကျပ်ဈေးနှုန်းဖြစ်ပြီး ယခု အပတ်တွင် (၇၉၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။ ကုလားပဲခြမ်း တစ်ပိဿာလျှင်ယခင် အပတ်က (၄၈၀၀)ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းပြောင်းလည်းမှုမရှိကြောင်း၊  ဖြူးမြို့ စည်ပင်သာယာဈေးကြီးအတွင်း ဖြစ်ပေါ်နေသော အခြေခံကုန်ဈေးနှုန်းများ၏ ဈေးနှုန်း အပြောင်းအလဲများအား လေ့လာသိရှိခဲ့ခြင်းအား တင်ပြလိုက်ပါသည်။

DOCA(ပဲခူး)

 

ပေါက်ခေါင်းဒေသတွင် ဖရဲသီးများစိုက်ပျိုးထွက်ရှိ ကွင်းဆင်းလေ့လာ

  ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဖရဲသီးများစိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၇.၂.၂၀၂၃)နေ့ နံနက်ပိုင်းတွင် လေးကြီးအုပ်စု၊ လေးကြီးကျေးရွာသို့သွားရောက်၍ ဖရဲသီးစိုက်ပျိုးထွက်ရှိမှုနှင့် တောင်သူအကျိုးအမြတ်တို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

   ပေါက်ခေါင်းမြို့နယ်၊ လေးကြီးအုပ်စု၊ လေးကြီးကျေးရွာရှိ ဖရဲစိုက်ပျိုးသူတောင်သူ ဒေါ်သင်းသင်းဆွေ နှင့်တွေ့ဆုံပြီး မေးမြန်းရာ ၎င်းမှ ဖရဲသီး ၀.၂၅ ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးသည့်မျိုးမှာ ခလေးကြီးမျိုးဖြစ်ပါသည်။ ဖရဲကိုစိုက်ပျိုးသောမြေအမျိုးအစားမှာ သဲနုန်း မြေနှင့် စပါးရိတ်သိမ်းပြီး လယ်ကွင်းများတွင်စိုက်ပျိုးနိုင်ပါသည်။ လေးကြီးကျေးရွာရှိ လယ်မြေများတွင် စိုက်ပျိုးထားကြောင်း တွေ့ရှိရပါသည်။ ဖရဲစိုက်ပျိုးရာတွင် မြေတစ်နေရာထဲတွင် ဆက်တိုက် စိုက်ပျိုးပါက ပိုးမွှားများကျရောက်တတ်သဖြင့် အလှည့်ကျစိုက်ပျိုးပေးရန် လိုအပ်ပါသည်။ ဖရဲသီးကို မေလမှစ၍ ဖေဖော်ဝါရီလအထိ စိုက်ပျိုးကြပြီး‌ ရေဝပ်သည့်မြေမျိုးတွင် စိုက်ပျိုးရန်မသင့်တော်ပါ။ လေးကြီးကျေးရွာတွင် ဖရဲစိုက်ပျိုးရာ၌ ၀.၂၅ ဧကအတွက်စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၁၅၀၀၀၀) ကျပ်ခန့်ကုန်၍ အထွက်နှုန်းမှာ အကြီး/အသေးသောင်းပြောင်း အလုံး (၂၀၀)ခန့် ထွက်ရှိသည်ဟု သိရှိရပါသည်။ ယခုအချိန်တွင် ဖရဲသီးဈေးမှာ အလုံးအမျိုးအစားအလိုက် ကြီး/လတ်/ သေး တစ်လုံးလျှင် (၄၀၀၀/၃၀၀၀/၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသဖြင့် ဝင်ငွေမှာ (၆)သိန်း ကျပ်ခန့် ရရှိသည်ဟု သိရှိရပါသည်။ ဖရဲစိုက်ပျိုးသူတောင်သူအနေဖြင့် အသားတင်ဝင်ငွေမှာ (၄၅၀၀၀၀) ကျပ်ခန့် အမြတ်အစွန်းရှိသည်ဟု သိရှိရပါသည်။

   ဖရဲသီးစိုက်ပျိုးသူတောင်သူအနေဖြင့် ၀.၂၅ ဧကစိုက်ပျိုးလျှင် တောင်သူအမြတ် (၄၅၀၀၀၀) ကျပ်ခန့်ရရှိ၍ တစ်ဧကစိုက်ပျိုးလျှင် (၁၈)သိန်းကျပ်ခန့် ရရှိနိုင်မည်ဟု တွက်ချက်တင်ပြရပါသည်။ ထို့ကြောင့် ဖရဲသီးမှာ လူကြိုက်လည်းများသဖြင့် ဧကများတိုးချဲ့စိုက်ပျိုးမည်ဆိုလျှင် အကျိုး အမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။

DOCA(ပဲခူး)

 

ရွှေတောင်မြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးထွက်ရှိမှု

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဆောင်းပဲတီစိမ်းစိုက်ပျိုးဧကမှာ (၁၉၈၄၃)ဧက စိုက်ပျိုးထားပြီးဖြစ်ပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် ဆောင်းပဲတီစိမ်း (၈၃၂)ဧကစိုက်ပျိုးပြီး မီးလောင်အုပ်စုတွင် (၃၈)ဧကစိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် (၂၈.၂.၂၀၂၃) နေ့ နေ့လယ် (၁:၀၀)နာရီ အချိန်တွင် ရွှေတောင်မြို့နယ် မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာရှိ ပဲတီစိမ်းစိုက်ပျိုးသော တောင်သူဦးတင်ရွှေနှင့် သွားရောက်တွေ့ဆုံပြီး ပဲတီစိမ်း စိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များအား တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ပါသည်။ ပဲတီစိမ်းစိုက်ပျိုးသူတောင်သူမှ ပဲတီစိမ်းဒေသမျိုး(၅)ဧက စိုက်ပျိုးထားပြီး ယခင်နှစ်ကလည်း အလားတူ စိုက်ပျိုးထားပါသည်။ ပဲတီစိမ်း တစ်ဧက စိုက်ပျိုး ထုတ်လုပ်ကုန်ကျ စရိတ်အနေဖြင့် (၂၂၀၀၀၀) ကျပ်ခန့် ကုန်ကျသည်ဟုသိရှိရပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၂)တင်းခန့် ထွက်ရှိသည်ဟု သိရှိရပါသည်။ ယခင်နှစ်တွင်လည်း ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ်နှင့် အထွက်နှုန်းမှာ ယခုနှစ်ကအတိုင်း တူညီနေသည်ဟု သိရှိိရပါသည်။ ယခုနှစ်လက်ရှိ ပဲတီစိမ်းပေါက်ဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၅၅၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး ယခင်နှစ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၄၅၀၀၀)ကျပ်ဖြစ်ခဲ့၍ ယခုနှစ်တွင် တစ်သောင်းကျပ်ခန့် ဈေးပိုလာသဖြင့် တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းလာမည်ဟု သိရှိရပါသည်။

    ပဲတီစိမ်းစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခုနှစ်တွင် ပဲတီစိမ်းများထွက်ပေါ်ချိန်တွင် ယခုလက်ရှိပေါက်ဈေးအတိုင်း ရရှိနိုင်မည်ဆိုပါက အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

ပန်တောင်းဒေသထွက် စိမ်းစားသရက်သီးများ စတင်ထွက်ပေါ်

    ပန်းတောင်းဒေသထွက်စစ်စစ် စိမ်းစားသီး (သရက်) ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ အသီးအရွယ်အစားမှာ လက်တစ်ဆစ်မျှသာရှိပြီး စားဖူးသူတိုင်း အရသာသိသော သရက်သီးဖြစ်၍ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့မှထွက်ရှိပါသည်။ အလုံးသေးသေးလေးတွေ ယခုအချိန်တွင်စတင်ပေါ်လာခြင်းဖြစ်၍ သရက်သီးအလုံး ကြီးသွားလျှင် အရသာအနည်းငယ် ချဉ်သွားသဖြင့် စား၍မကောင်းတော့ပါ။ လုံးဝအချဉ်ဓါတ်မရှိ၍ ကြွပ်ကြွပ်မွှေးမွှေးလေးဖြင့် စားကောင်းသဖြင့် ဈေးလည်းကြီးပါသည်။ မစားသုံးခင် ထက်ခြမ်းခွဲ အစေ့ထုတ် ရေစိမ်ထားရှိရပြီး ထမင်းစားလျှင် အတို့အမြုပ်အဖြစ် စားသုံးကြသလို နေ့လည်ခင်းများတွင်လည်း သားရေစာအဖြစ်လည်း စားသုံးကြပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ပန်းတောင်းတစ်မြို့ထဲတွင်သာ ထွက်ရှိခြင်းဖြစ်၍ ယခုလမှ စတင်အသီးများသီးလာသဖြင့်  ဈေးမှာပေါ်ဦးပေါ်ဖျားဖြစ်၍ သရက်သီး (၁၀)လုံးတွဲ တစ်တွဲလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရ၍ မတ်လတွင် ဈေးများကျဆင်းလာနိုင်သည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း