Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရေစကြိုမြို့နယ်အတွင်း ထောပတ်ပဲစိုက်တောင်သူများဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်ရာ ဒေသများတွင် မြစ်ရေကျချိန်၌ ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲ စသည့်အခြားပဲမျိုးစုံ သီးနှံများကို စိုက်ပျိုးကြပါသည်။ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းကျေးရွာ များဖြစ်သည့် ညောင်တော၊ ရှစ်အိမ်တန်း၊ ကျွန်းဘိုပင်၊ ဇီးကျွန်း၊ ကူတုတ်နှင့် အောင်ချမ်းသာကျေးရွာ များတွင် ထောပတ်ပဲများကို အများအပြားစိုက်ပျိုးကြပါသည်။ အောင်ချမ်းသာကျေးရွာနေ ထောပတ် ပဲစိုက်တောင်သူ ဦးကျော်မင်းက ချင်းတွင်းမြစ်ရေကျချိန် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ထောပတ်ပဲများကို စတင်စိုက်ပျိုးကြပြီး မိမိအနေဖြင့် (၅)ဧကခန့်စိုက်ပျိုးထားကြောင်း၊ ထောပတ်ပဲ သီးနှံ (၁)ဧကလျှင် စိုက်ပျိုးကုန်ကျမှုစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများ အတွက် ကျပ်(၇၀၀၀၀၀)ခန့် ယခင်နှစ်က ကုန်ကျခဲ့ကြောင်း၊ အထွက်အနေဖြင့် ပိုးမွှားအန္တရာယ်ကင်းလျှင် (၁၅/၂၀)တင်း ခန့် ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးတောင်သူပြောပြချက်အရ သိရှိရပါသည်။ 

     ယခုနှစ်တွင် အောင်ချမ်းသာကျေးရွာအုပ်စုတစ်ခုလုံးတွင် (၇၀)ဧကခန့် စိုက်ပျိုးကြကြောင်း မိမိအနေဖြင့် စိုက်ပျိုးထားသည့် ထောပတ်ပဲ စိုက်ခင်းများ၏ လတ်တလောအခြေအနေအရ အသီးအပွင့်များ ဝေဆာ၍ အထွက်နှုန်းကောင်းနိုင်ကြောင်း၊ မတ်လကုန်ခန့်တွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ ယခုလက်ရှိအတိုင်း ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုမရှိပါက (၁)ဧက လျှင် (၂၀/၂၅) တင်းခန့် ထွက်ရှိနိုင်ကြောင်း ခန့်မှန်းမိပါသည်။ ယခုနှစ် ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများမှာ ဈေးနှုန်းများကြီးမြင့်နေသောကြောင့် (၁)ဧကလျှင် ကုန်ကျစရိတ် ကျပ်(၁၀၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ လက်ရှိအနေဖြင့် အရောင်းမဝယ်မရှိကြောင်း၊ ယခင်ဈေးငုတ်အနေဖြင့် (၁)တင်းလျှင် ကျပ်(၈၀၀၀၀) မှ (၉၀၀၀၀)ခန့်ရှိကြောင်း၊ ကျွန်တော်တို့ ထောပတ်ပဲ စိုက်တောင်သူများအနေဖြင့် မကြာမီ ရိတ်သိမ်းတော့မည်ဖြစ်သည့်အတွက် ယခင်ဈေးငုတ်အတိုင်းရရှိမည်ဆိုလျှင် အကျိုးအမြတ်အနေဖြင့် ကျပ်(၆၀၀၀၀၀)ခန့် ရရှိနိုင်ကြောင်း၊ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း တောင်သူဦးကျော်မင်း၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ငါန်းဇွန်မြို့နယ်၏ ပဲစင်းငုံဈေးကွက် အလွန်သွက်

     မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ပဲစင်းငုံသီးနှံများကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယပတ်မှစတင်၍ ရိတ်သိမ်းထွက်ပေါ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇန်ဝါရီလ စတုတ္ထပတ်အတွင်း၌ စိုက်ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၁၀.၉၀)တင်းနှုန်းထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရသိရှိရပါသည်။ ငါန်းဇွန်မြို့နယ်အနေဖြင့် ပဲစင်းငုံသီးနှံကို နှစ်စဉ် မေလနှင့်ဇွန်လတို့တွင် အများဆုံးစတင်စိုက်ပျိုးကြပြီး ရိတ်သိမ်းမှုအနေဖြင့် ဒီဇင်ဘာလနှင့် ဇန်ဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။ ယခင်နှစ်ပဲစင်းငုံသီးနှံကို စိုက်ပျိုးရန်လျာထားမှုမှာ (၂၉၂၉၄)ဧကရှိ၍ စိုက်ပျိုးမှုအနေဖြင့် (၃၀၉၅၂)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၁၀.၀၅)တင်းနှုန်းထွက်ရှိခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၃၀၂၉၅)ဧကရှိပြီး အမှန်စိုက်ပျိုးနိုင်မှုမှာ (၃၁၆၀၄)ဧကစိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ထက် (၁၃၀၉) ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ယခင်နှစ်ထက် (၆၅၂)ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းမှာလည်း ယခင်နှစ်ထက် တစ်ဧကလျှင် (၀.၈၅)တင်းနှုန်းပိုမိုထွက်ရှိခဲ့ပါသည်။ ဒေသခံတောင်သူများအနေဖြင့် ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးမှုများရှိပြီး မြေပဲ၊ နှမ်း စသည့်သီးနှံများနှင့် သီးညှပ်ထည့်သွင်းစိုက်ပျိုးမှုမှာ ပိုများကြောင်းသိရှိရပါသည်။ ပဲစင်းငုံတစ်မျိုးသာသီးသန့်စိုက်ပျိုးသော စိုက်ကွက်များတွင် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၉၊၁၀)တင်းခန့်ထွက်ရှိကြပြီး မြေပဲ၊ နှမ်းတို့နှင့် သီးညှပ်စိုက်ပျိုးသော စိုက်ကွက်များတွင် တစ်ဧကလျှင် ပျမ်းမျှအားဖြင့် (၅၊ ၆)ခန့်ထွက်ရှိကြောင်းသိရှိရပါသည်။

     ယခင်နှစ်ပဲစင်းငုံပေါ်ချိန်တွင် အဖွင့်ဈေးအနေဖြင့် တစ်တင်းလျှင် (၇၀၀၀၀)ကျပ်ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် တစ်တင်းလျှင် (၉၀၀၀၀)ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ဇန်ဝါရီလ ဒုတိယပတ်တွင် တစ်တင်းလျှင် (၁၀၅၅၀၀)ကျပ်ခန့်ရှိခဲ့ကြောင်း၊ ယခုစတုတ္ထအပတ်တွင် တစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ တစ်ပိဿာဈေးနှုန်းအနေဖြင့် (၆၀၀၀)ကျပ်ခန့်ရှိကြောင်း၊ ရောင်းချမှုအနေဖြင့် ဒေသခံတောင်သူများမှာ မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တင်ပို့ရောင်းချကြောင်းနှင့် ကားတင်ခဈေးနှုန်းများအနေဖြင့် တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ပိဿာဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၀၀၊ ၁၂၀)ကျပ်ကျသင့်ပြီး ပဲစင်းငုံသီးနှံများလှိုင်လှိုင်ထွက်ရှိနေသော်လည်း ယခုလက်ရှိတွင် ဈေးနှုန်းကျဆင်းမှုမရှိဘဲ အရောင်းသွက်နေကြောင်း ကျောက်ဆည်မြို့သို့တင်ပို့ရောင်းချသော အောင်ချမ်းသာကျေးရွာရှိ ပဲစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။  

DOCA(မန္တလေး)                

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများ မြင့်တက်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုအပ်ချက်ရှိသောဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့် အများဆုံးဝင်ရောက်ပြီး  ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်း ဒေသများမှလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

     ယခုအချိန်တွင် ပခုက္ကူဒေသ၌ ဆန်အသစ်များ ဝင်ရောက်လျက်ရှိပြီး  ယခင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလထက် ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)တွင် အများသုံးဆန်ဖြစ်သော မြောင်းမြ ဧရာပဒေသာ ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာဆန်(အသစ်)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)ရှိပါသည်။ ဧည့်မထဆန်မျိုးဖြစ်သော ချန်ဧရာ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ မနောဖြူ(အသစ်)တစ်အိတ်လျှင် ကျပ်(၁၂၂၀၀၀)၊ နေလဆန် တစ်အိတ် လျှင် ကျပ်(၉၅၀၀၀)၊ ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဧရာမင်းဆန် တစ်အိတ်လျှင် ကျပ် (၉၅၀၀၀)၊ မနောသုခ(အသစ်) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ချန်သုခ(အသစ်) တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ နေလ ဧရာပဒေသာဆန်(ရှယ်) တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဖန်သီး(နွေဆန်အသစ်) တစ်အိတ်လျှင် ကျပ် (၉၀၀၀၀) ၊ ရွှေသမင် (နွေဆန်အသစ်) တစ်အိတ်လျှင် ကျပ် (၉၅၀၀၀) ၊ ရတနာတိုး (အသစ်) တစ်အိတ်လျှင် ကျပ် (၈၅၀၀၀)၊ ဇီယာဆန်(အသစ်) တစ်အိတ်လျှင် ကျပ် (၉၅၀၀၀) ဈေးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကောက်ညှင်းဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဈေးမြင့်တက်နေကြောင်း  သိရှိရပါသည်။

      ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသောဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်း မွန်ပြီး ယခုလ(တတိယပတ်)တွင် (ရှယ်)တစ်အိတ်လျှင် ကျပ် (၁၆၀၀၀၀-၁၆၅၀၀၀)၊ မြောင်းမြပေါ် ဆန်းမှာ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံမှုရှိရန်အတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိ

     ပဲခူးတိုင်းဒေသကြီးအတွင်း (၂၀၂၂-၂၀၂၃) ခုနှစ် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုစုပေါင်း (၄၅၈၅၆၀) ဧကစိုက်ပျိုးခဲ့ပြီး ဆီဖူလုံမှု (၁၁၀.၈၄ )% ရှိခဲ့ပါသည်။  (၂၀၂၃-၂၀၂၄) ခုနှစ် စိုက်ပျိုး ရာသီတွင် ဆီထွက်သီးနှံစုစုပေါင်း (၅၅၁၈၀၉)ဧကစိုက်ပျိုးထားလျက်ရှိပြီး ဆီဖူလုံမှုအနေဖြင့် (၁၆၇.၈၉)% အထိရရှိအောင် ဆောင်ရွက်ထားလျက်ရှိရာ ယခင်နှစ်ထက် (၉၃၂၄၉)ဧကတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ဆီဖူလုံမှုမှာ (၅၇.၀၅)% ပိုမိုတိုးတက်လာနိုင်ပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများကိုလည်း မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ဗီယက်နမ်မြေပဲမျိုး (၆၉၄၄၉၄) တင်း၊ ဆင်းပဒေသာ -၁၁ (၃၆၃၄၁၄)တင်း၊  စုစုပေါင်း (၁၀၅၇၉၀၈)တင်း၊ နှမ်းသီးနှံတွင် ဆင်းရတနာ-၃(၅၀၄၆)တင်း၊ ဆင်းရတနာ-၄(၁၄၅၂)တင်း၊ ဆင်းရတနာ  -၁၄ (၂၂၆၂)၊ စုစုပေါင်း (၈၇၆၀) တင်း၊ နေကြာရေဆင်းစပ်မျိုး နေကြာ -၁ (၉၀၂၆)ကီလို၊ ဆင်းရွှေကြာ-၂(၁၀၄၂၆)တင်း၊ မျိုးကောင်းမျိုးသန့်ရရှိအောင် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း နှင့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးခြင်းဖြင့် တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုပိုမိုလာနိုင်ပါကြောင်း    လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

တောင်ငူဒေသထွက် ဘူးသီးများလှိုင်လှိုင်ပေါ်ပြီ

     တောင်ငူဒေသပတ်ဝန်းကျင်ရှိ ကျေးရွာများ၌ ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပေါများပါသည်။ မိမိတို့စိုက်ခင်းများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအား တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးများသို့ ကိုယ်တိုင်ရောင်းချ၍သော်လည်းကောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသူများအား ဖောက်သည်ပေး၍သော်လည်းကောင်း ရောင်းချကြပါသည်။

      စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများ၌ နေထိုင်သူများသည် ကမ်းဘေးနှင့် သဲသောင်ပြင်များပေါ်တွင် ဟင်းသီးဟင်းရွက်များကို ရာသီအလိုက် စိုက်ပျိုး ကြပါသည်။ တောင်ငူမြို့၊ အရှေ့ဘက်ကျေးရွာများမှထွက်သော ဘူးသီးများမှာ ယခုအခါ လှိုင်လှိုင်ပေါ်၍ ဈေးနှုန်းများလည်းကျဆင်းသွားပါသည်။

      ဘူးသီးတစ်လုံးလျှင် ယခင်က ၇၀၀ ကျပ်တန်ဘူးသီးများမှာ ယခု ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်တွင် တစ်လုံးလျှင် ၃၀၀ကျပ်ဖြင့်လည်းကောင်း၊ ယခင်က တစ်လုံးလျှင် ၁၀၀၀ကျပ်၊ ၁၅၀၀ကျပ်တန်ဘူးသီးများမှာ ယခုအခါ၌ တစ်လုံးလျှင် (၅၀၀/၇၀၀) ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းများကျဆင်းနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့၏ တစ်ခါသုံးဝါးတူနှင့် ထုံချိုင်းတုတ်လုပ်ငန်း

    ပဲခူးမြို့မှ ဦးမောင်မောင်နိုင်ပိုင်ဆိုင်သည့် အနှိုင်းမဲ့တစ်ခါသုံးဝါးတူနှင့် ထုံချိုင်းတုတ်လုပ်ငန်းအား လေ့လာမှုအရ လုပ်ငန်းတွင်အသုံးပြုသော ကုန်ကြမ်းပစ္စည်းဖြစ်သည့် ဝါးအမျိုးအစားမှာ တင်းဝါးအမျိုးအစားဖြစ်ကြောင်းသိရှိရပါသည်။  ယခင်က မြို့ပေါ်ရှိဝါးအရောင်းဆိုင်များမှ လွယ်ကူစွာဝယ်ယူရရှိကာ ယခုအခါတွင် နီးစပ်ရာမြို့ဖြစ်သော သနပ္ပင်မြို့မှ ဝယ်ယူရရှိကြောင်း၊ ဝါးတစ်လုံးစီဝယ်ယူပါက ၄၀၀ကျပ်ခန့်၊ သယ်ယူပို့ဆောင်ခအနေဖြင့် ၅၀ကျပ်ဖြစ်ပြီး၊ ၁၀လုံးပါတစ်စည်းလျှင် သယ်ယူပို့ဆောင်ခပါပြီး ၄၀၀၀ကျပ်ရှိကြောင်း၊  တစ်နှစ်လျှင် ဝါးအလုံးရေ ၁၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိဝယ်ယူစုဆောင်းရကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် နေအိမ်တွင်ပင် လျှပ်စစ်မော်တာအသေးများဖြင့် အဆင့်ဆင့်ကုန်ချောရသည်အထိထုတ်လုပ်ကြောင်း၊ ရောင်းချ၍ရသည်အဆင့်ထိ ထုတ်လုပ်မှုအဆင့်ဆင့်တွင် လုပ်သား၁၂ဦးမှ ၁၅ဦးထိအသုံးပြုရကြောင်း၊ လုပ်သားတစ်ဦးကို တစ်နေ့လျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိပေးရကြောင်း၊ အသုံးပြုသည့်ကုန်ကြမ်းရရှိမှုကိုမူတည်၍ တစ်နေ့လျှင် ၁၀လုံးပါအစည်း ၁၅စည်းခန့်ထုတ်လုပ်အသုံးပြုရကြောင်း၊ ကုန်ချောရရှိမှုအနေဖြင့် အရွယ်အစားအကြီးအသေးပေါ်မူတည်၍ တစ်ထုပ်လျှင် ၁၅၀ချောင်းပါ ၃၀၀ထုပ်ခန့်ရရှိပြီး တစ်ထုပ်လျှင် ၅၅၀ကျပ်မှ၆၀၀ကျပ်ထိရောင်းချရကြောင်း၊ မြို့ပေါ်ရှိစတိုးဆိုင်များ၊ ကုန်မျိုးစုံအရောင်းဆိုင်များနှင့် အကင်ရောင်းချသည့်ဆိုင်များမှ နေ့စဉ်လာရောက်ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိပြီး ထွက်ရှိသောစွန့်ပစ်ပစ္စည်းများမှာလည်း ပျက်စီးလွယ်ခြင်း၊ နေရာအကျယ်မလိုအပ်ခြင်းတို့ကြောင့် လုပ်ကိုင်သင့်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

                                     

တစ်နိုင်တစ်ပိုင် ပဲခူးကန်စွန်းဥကြော်

     မြန်မာ့အာဟာရအစားအစာတစ်ခုဖြစ်သော ကန်စွန်းဥကို ပြုတ်စားခြင်း၊  ကြော်စားခြင်း၊ သာကူနှင့်ကျိုစားခြင်း၊ ဟာလဝါမုန့်ပြုလုပ်ခြင်း  စသည်ဖြင့် နည်းမျိုးစုံလုပ်စားလေ့ရှိကြပါသည်။ ကန်စွန်းဥတွင် အတွင်းသား လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဟူ၍ (၃) မျိုးရှိရာ ကြော်ရာ၌ ခရမ်းရောင်ကန်စွန်းဥကိုသာ အများဆုံးအသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်ကြမ်းအနေဖြင့် ရှမ်းပြည်တောင်ပိုင်းမှ အဓိကဝယ်ယူကြောင်းသိရှိရပါသည်။ ကန်စွန်းဥကြော်ပြုလုပ်ရာတွင် ကန်စွန်းဥအား ရေနှင့်သန့်စင်အောင်ဆေး၍ အပေါ်ယံအခွံခွာပြီးနောက် စက်ဖြင့် ပါးပါးလှီးကာ  စားအုန်းဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့နှင့်ကြော်ရပါသည်။ ယခုကဲ့သို့ ကန်စွန်းဥလှိုင်လှိုင်ပေါ်ချိန်တွင်  ကန်စွန်းဥ (၁) ပိဿာလျှင် ကျပ်၁၃၀၀ဖြင့်ဝယ်ယူရပြီး ကန်စွန်းဥ(၁) အိတ်လျှင် အချိန် (၄၀) ပိဿာခန့်ပါရှိကြောင်းနှင့် ကန်စွန်းဥအချိန်  (၄၀) ပိဿာပါ (၁) အိတ်လျှင် စားအုန်းဆီ (၄) ပိဿာဖြင့် ကြော်ရကြောင်းသိရှိရပါသည်။ လောင်စာဆီခမှာ ၂၀၀၀၀/-ကျပ်နှင့် လုပ်သားခမှာ ၁၀၀၀၀/-ကျပ်ကုန်ကျပါသည်။ ကန်စွန်းဥ (၁)အိတ်လျှင်   ကန်စွန်းဥကြော် ၁၂ပိဿာခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ကန်စွန်းဥကြော် ၁ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့်ရောင်းချပြီး ၃၀၀ဂရမ်ပါ ဘူးတစ်ဘူးလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိခြင်းကြောင့်  (၂၀၀၀၀/-) ကျပ်ခန့်အမြတ်ကျန်ကြောင်း ပဲခူးမြို့၊ ညောင်အင်းကျေးရွာမှ ကန်စွန်းဥကြော်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

သရက်မြို့မှထွက်ရှိသည့် ကြောင်လျှာဆံနှင့် ဆီးသီး အစို/အခြောက် ဈေးနှုန်းဈေးကွက်

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော အင်းမငယ်၊ ပေါက်ပင်၊ အုန်းပင်လှ၊ စခန်းကြီး၊ မြောက်ဘော၊ တောင်ဘော၊ မင်းတည်း၊ ပျဉ်ထောင်၊ မြွေပွေး၊ ရွာသစ်၊ ကျောက်အိုင်စသည့် ကျေးရွာများမှထွက်ရှိသည့် ကြောင်လျှာသီးများမှ ထွက်ရှိသည့် ကြောင်လျှာ ဆံဈေးနှုန်းများမှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ကြောင်လျှာဆံတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)ဈေးနှုန်းဖြင့် (တတိယပတ်)ထက် ကျပ်(၁၀၀၀)ဈေးအလျော့ဖြင့် ပိဿာ(၅၀ မှ ၆၀)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝယ်ယူရရှိပြီး ကြောင်လျှာဆံများကို အောင်လံ၊ ပြည်၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချရပါကြောင်း ကုန်သည်ဦးမြင့်လွင်ထံမှ သိရပါသည်။

   သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ဆီးသီးအစို/အခြောက်များလည်း လှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၁၅၀၀)ဈေးဖြင့် (တတိယပတ်)ထက် ကျပ်(၁၀၀၀)ဈေးအမြင့်ဖြင့် တစ်နေ့လျှင် အိတ်ရေ(၅၀၀မှ ၈၀၀)ဝန်းကျင်ခန့် အ‌ရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝယ်ယူရရှိပြီးသော ဆီးသီးများကို ဆီးသီးခွဲစက်ဖြင့် ဆီးသီးမှဆီးစေ့ဖြစ်အောင် ကြိတ်ခွဲမည်ဖြစ်ပါကြောင်း၊ ဆီးဆံ(၁)တင်းလျှင် ယခုအချိန်တွင် ကျပ် (၅၃၀၀၀မှ ၅၄၀၀၀) ဈေးခန့်ရှိ ပါကြောင်း၊ ဆီးဆံများရရှိပါက အောင်လံ၊ ပြည်၊ မန္တလေးမြို့ သို့တင်ပို့ရောင်းချသွားမည် ဖြစ်ပါကြောင်း ဆီးသီးဝယ်ယူသူ ဦးဇော်မျိုးဦးထံမှ သိရပါသည်။

DOCA(မကွေး)

ဖီးကြမ်းငှက်ပျောသီးအကြောင်း တစေ့တစောင်း

   မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်ရာတွင် ရာသီစာဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသလို ဖီးကြမ်းငှက်ပျောကိုလည်း အများအပြား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

   ငှက်ပျောသီးကို ငှက်ပျောသီးမှည့်အဖြစ်လည်း စားသုံးသလို၊ ငှက်ပျောသီးကြော်၊ ငှက်ပျောရွှေကြည်၊ ငှက်ပျောယို၊ ငှက်ပျောခြောက်၊ ငှက်ပျောပူတင်း အစရှိသော သရေစာများလုပ်၍လည်း စားသုံးနိုင်ပါသည်။ ငှက်ပျောသီးမှည့်ကို ရှေ့လူကြီးများ အဆိုအရ မနက်ငှက်ပျော ညသင်္ဘောဆိုသလို မနက်စာ ဖီးကြမ်းငှက်ပျောသီးမှည့် တစ်လုံးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကိုများစွာ အထောက် အကူပြုပြီး အာဟာရပြည့်ဝစေပါသည်။ ကိုယ်ခံအားကောင်းစေပါသည်။ အစာအုပ်စု(၃)စုအနက် အာဟာရပြည့်ဝသည့် အစာအုပ်စုတွင်ပါဝင်ပြီး အမျှင်ဓါတ်ပါရှိ၍ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ဖီးကြမ်းငှက်ပျောသီးတစ်လုံးကို နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သော အဆီပိုများကို လျော့ကျစေသည့်အပြင် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါများမဖြစ်စေရန် ကာကွယ်ပေးပါသည်။

   ပွင့်ဖြူမြို့၊ မြို့မဈေးအတွင်းရှိ အုန်း၊ ငှက်ပျောရောင်းဝယ်ရေးဆိုင်များတွင် ငှက်ပျောတစ်ဖီးလျှင် ကျပ်(၂၅၀၀-၃၀၀၀)ဖြင့်ရောင်းချပြီး ဖီးကြမ်းငှက်ပျောသီးကို ဈေးကွက်အတွင်းတွင် အဖီးလိုက်၊ အခိုင်လိုက်ရောင်းချလျက်ရှိသည့်အပြင် ပွင့်ဖြူမြို့မှထွက်ရှိသော ဖီးကြမ်းငှက်ပျောများကို စလင်း-ဆင်ဖြူကျွန်းနှင့် ချောက်မြို့နယ်များသာမက မင်းဘူး၊ မကွေးမြို့များထိ တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

ထန်းပင်မြစ် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ တောတွင် ကျေးရွာရှိ ကျေးလက်နေပြည်သူများ ထန်းပင်မြစ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။

  တောတွင်ကျေးရွာရှိ ပြည်သူအများစုသည် တောင်သူအလုပ်ကို အများဆုံးလုပ်ကိုင်ကြပြီး စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းများ စိုက်ပျိုးကြပါသည်။ တောင်သူအနည်းအငယ်သာ မိမိတို့ ထန်းတောများနှင့် အနီးနားရှိ ထန်းသီးများကိုဝယ်ယူ၍ မိမိတို့လယ်ယာမြေနှင့် နေရာလွတ်များတို့တွင် စိုက်ပျိုးကြပါသည်။ ထန်းသီးများကို ထန်းသီးမှည့်ချိန်ဖြစ်သည့် ဝါဆိုလတွင် ထန်းသီးဆံအစေ့များအား မြေကျင်းများထဲသို့ ထည့်၍ စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး (၅)လခန့်တွင်တူးဖော်၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

  ထန်းပင်မြစ် အချောင်း(၂၀)ပါ (၁)စည်းလျှင် ကျပ်(၁၀၀၀)ခန့် ရောင်းချရပြီး ခေါင်စည်းများကို ကျပ်(၁၅၀၀)အထိ ရောင်းချရကြောင်း၊ စလင်းမြို့နယ်မှထွက်ရှိသည့် ထန်းပင်မြစ်သည် လယ်ယာမြေရွှံ့စေးမြေဖြစ်သည့်အတွက် စားလျှင်ကောင်း၍ ရောင်းလျှင်မြတ်ကြောင်း၊ စိုက်ပျိုးထွက်ရှိသည့် ထန်းပင်မြစ်များကို ဒေသတွင်းစားသုံးကြပြီး စလင်းမြို့ပေါ်နှင့်မင်းဘူး၊ ပွင့်ဖြူမြို့များသို့ တင်ပို့ရောင်းချရကြောင်း ဒေသခံတောင်သူ ဦးသန်းထွန်းထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း