Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ဖို့ အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ တိုးတက်ရေး အားပေးကူညီကြပါစို့

         နိုင်ငံတော်အနေဖြင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားတိုးတက် စေရေးအတွက် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ကဏ္ဍတစ်ခုအဖြစ် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် လည်း ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး စားသုံးသူ အခွင့်အရေးပြည့်ပြည့်ဝဝရရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသလို ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူ ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူး၊ ဦးမင်းဆွေနှင့် ဝန်ထမ်းများသည် ပြည်မြို့နယ်၊ မြရွာကျေးရွာ၊ လမ်းဆုံရှိ တောင်သူအကျိုးပြုလယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ် ရောင်းချနေသော စိန်ကမ္ဘာဦး ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကြံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် သွားရောက်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လေ့လာမေးမြန်းခဲ့ရာ ကုမ္ပဏီအနေဖြင့် တောင်သူအကျိုးပြု ကြံစိုက်စက်နှင့် ကြံခင်းဓါတ်မြေဩဇာချစက်များအား ထိုင်းနိုင်ငံနည်းပညာအခြေခံ၍ အရည်အသွေးကောင်းမွန်စွာထုတ်လုပ်ထားပြီး ယနေ့အထိ ကြံစိုက်စက် (၂)စီးနှင့် ကြံခင်းဓါတ်မြေဩဇာချစက် (၃)စီးထုတ်လုပ်ရောင်းချထားကြောင်း သိရပါသည်။

ကြံစိုက်စက်

          ကျွန်တော်တို့ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲကျင့်သုံးလျက်ရှိတဲ့ နိုင်ငံလည်းဖြစ်ပါသည်။ ကြံစိုက် တောင်သူများအနေဖြင့် ကြံစိုက်ရာသီတွင် အစိုဓါတ်အမီ ထွန်ယက်စိုက်ပျိုးနိုင်မှသာ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းမှာဖြစ်ပါသည်။ စိန်ကမ္ဘာဦးကုမ္ပဏီသည် ကြံစိုက်တောင်သူများ ရာသီချိန် အမီ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ဈေးနှုန်းသက်သက်သာသာဖြင့် ကြံစိုက်စက်များကို ထုတ်လုပ်ရောင်းချပေးနေပြီး စက်တန်ဘိုးမှာ ကျပ်သိန်း (၉၀)ဝန်းကျင်ဖြစ်သလို တစ်နှစ် အာမခံပေးထားကြောင်း သိရပါသည်။ ထိုင်းနိုင်ငံမှ တိုက်ရိုက်ဝယ်ယူမည်ဆိုပါက ကြံစိုက်စက် တစ်စီးလျှင် ကျပ်သိန်း (၁၂၀)ကျော်ပေးရမှာ ဖြစ်ပါသည်။ တောင်သူများအနေဖြင့် ကိုယ်ပိုင်ဝယ်ယူနိုင်ခြင်းမရှိသော်လည်း တစ်ဆင့်ငှားစနစ်ဖြင့် ငှားရမ်းသုံးစွဲနိုင်မှာဖြစ်ပါကြောင်း၊ ငှားရမ်းခအနေဖြင့် ဆီဈေးနှုန်းအတက်အကျပေါ်မူတည်၍ စက်မောင်းအပါ (၃)ဦး တစ်ဧကလျှင် ကျပ် (၈၀၀၀ဝိ/-) နှုန်းဖြင့် ငှားရမ်းနိုင်ကြောင်း သိရပါသည်။ ကြံစိုက်စက်ကိုအသုံးပြု၍ စိုက်ပျိုးပါက လုပ်သား အင်အားလျော့ချနိုင်သဖြင့် လုပ်သားခချွေတာနိုင်ခြင်း၊ ကြံတစ်ဧကလျှင် မျိုးကြံ (၂)တန်ခန့်သာ လိုအပ်သလို (၈)နာရီအတွင်း (၅)ဧကစိုက်ပျိုးနိုင်မှာဖြစ်ပါသည်။ ကြံစိုက်စက်ဖြင့် စနစ်တကျ စိုက်ပျိုးသည့်အတွက် မျိုးကြံ အလေအလွင့်မရှိခြင်း၊ အချိန်တိုအတွင်း ဧကများများစိုက်ပျိုးနိုင်ခြင်း၊ စိုက်စနစ် မှန်၍ အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း အကျိုးအမြတ်များများရရှိနိုင်မှာဖြစ်ပါသည်။

ကြံခင်းဓါတ်မြေဩဇာချစက်

          စိန်ကမ္ဘာဦးကုမ္ပဏီသည် ကြံစိုက်စက်များအပြင် ကြံခင်းဓါတ်မြေဩဇာချစက်များကိုပါ ထုတ်လုပ်ရောင်းချပေးနေကြောင်းသိရှိရပါသည်။ စက်တန်ဖိုးမှာ ကျပ်သိန်း (၈၀)ဖြစ်ပါသည်။ ငှားရမ်း အသုံးပြုမည်ဆိုပါက တစ်ဧကလျှင် (၄၀၀၀ဝိ/-)၊ ဓါတ်မြေဩဇာ (၂)အိတ်၊ ကြာချိန် (၃)နာရီ ဖြစ်ပါသည်။ လူအင်အားဖြင့် ကျဲပက်ပါက တစ်ရက်ကို (၁)ဧကကျော်လောက်သာပြီးကြောင်း၊ ဓါတ်မြေဩဇာအလေအလွင့်များပြီး အပင်အတွက်ထိရောက်မှုမရှိနိုင်ကြောင်း တောင်သူများထံမှ သိရပါသည်။ ကြံခင်းဓါတ်မြေဩဇာချစက်ဖြင့် ကျဲပက်လျှင် အပင်မြစ်ခြေအထိ ဝင်ရောက်သည့် အတွက် ပိုမိုထိရောက်ပြီး အလေအလွင့်နည်းပါး၍ အထွက်နှုန်းပိုမိုထွက်ရှိမှာဖြစ်ပါသည်။

          စိန်ကမ္ဘာဦးကုမ္ပဏီသည် ဓါတ်ဆီအင်ဂျင်ဖြင့်သာ စက်ပစ္စည်းများထုတ်လုပ်နေရသည့် အတွက် အမှာရှိသလောက် ထုတ်လုပ်နိုင်မှုမရှိသေးကြောင်း၊ လျှပ်စစ်မီးများရရှိပါက စက်တန်ဘိုးလျော့၍ ရောင်းနိုင်မည် ဖြစ်သလို ကြံစိုက်တောင်သူများအနေနှင့်လည်း သက်သက်သာသာဖြင့် ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့နယ်၌ ဝင်ငွေကောင်း၍ တွက်ချေကိုက်လျက်ရှိသည့် သကြားပြောင်းဖူး(ချို) စိုက်ပျိုးမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကံလှ၊ ကျွန်းညိုကြီး၊ သံပုရာပင်ကုန်း၊ ကျွန်းညိုကြီးရွာသစ်၊ တင်းဂတ်အုပ်စုများအတွင်းရှိ ကျေးရွာများနှင့် ပခုက္ကူကျွန်းရွာများတွင် ဒေသခံတောင်သူများသည် ရေသွင်းစနစ်ဖြင့် သကြားပြောင်းဖူး(ချို)စိုက်ခင်းများကို ယခင်၌ မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ပြည်တွင်းစားသုံးမှုများလာပြီး ပြောင်းဖူးများဈေးကောင်းရရှိ၍ တောင်သူအများ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ နှစ်စဉ် ငှက်ပျော၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ကုလားပဲ၊ ဆေးရွက်ကြီးနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစားအပင်များကို တစ်နှစ်လျှင် တစ်ရာသီသာစိုက်ပျိုးကြသည့်အပြင် ပြောင်းဖူးဈေးကွက်ကောင်း၍ သကြားပြောင်းဖူး(ချို)စိုက်ခင်းများကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး တိုးချဲ့စိုက်ပျိုးလာကြကြောင်း ဒေသခံတောင်သူတစ်ဦးကပြောကြားခဲ့ပါသည်။

     စိုက်ပျိုးမှုအနေဖြင့် ပြောင်းဖူးသီးနှံကို သဲနုန်းမြေ၊ မြေမာများတွင် ရေသွင်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး အတန်းလိုက်စနစ်ဖြင့် ပင်ကြား(၅)လက်မ၊ တန်ကြား(၁)ပေအကွာစိုက်ပျိုးကြောင်း၊ တောင်သူများသည် ပြောင်းဖူးပင်သက်တမ်း (၃)လခွဲအကြာ ရောင်းတန်းဝင် မနုမရင့်အချိန်တွင် ပြောင်းဖူးများကိုခူး၍ ရောင်းချခြင်းကြောင့် မျိုးထားရှိခြင်းမရှိ၍ ဝယ်ယူစိုက်ပျိုးရကြောင်း၊ ပံ(၁၃၅)မျိုးကို တောင်သူအများစိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ထုပ်လျှင် ကျပ်(၂၇၀၀၀-၂၈၀၀၀)ဈေးနှုန်းဖြင့်ပေးဝယ်ရပြီး တစ်ဧကလျှင် မျိုးစေ့(၄)ထုပ်နှင့် (၂)ပြည်ခန့်ကုန်ကျကြောင်း၊ စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် သီးနှံရိတ်သိမ်းကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ ရေ(၃)ချိန်ခန့်ပေးသွင်းရကြောင်း၊ မိုးရာသီ၌စိုက်ပျိုးကြကာ သကြားပြောင်းဖူးများရိတ်သိမ်းရောင်းချပြီးနောက် သီးထပ်အဖြစ် ဆောင်းသီးနှံကုလားပဲကိုစိုက်ပျိုးကြကြောင်း၊ ကုလားပဲခင်းကျွတ်များတွင် ဖူးစားပြောင်းကို  ဇန်နဝါရီလဆန်းမှစ၍ တောင်သူအများ စိုက်ပျိုးလျက်ရှိသည့်အတွက် တစ်နှစ်ပတ်လုံး ပြောင်းဖူးထွက်ရှိလျက်ရှိကြောင်းသိရှိရသည်။

     သကြားပြောင်းဖူး(ချို)တစ်ဧကစိုက်ပျိုးလျှင် ရာသီဥတုပြောင်းလဲမှုနှင့် သွင်းအားစုသုံးစွဲပုံ၊ ရေသွင်းအကြိမ်ရေမတူညီခြင်းကြောင့် သီးနှံအထွက်နှုန်းမတူညီကြောင်း၊ တောင်သူတစ်ဦးလျှင် ပျမ်းမျှအဖူးရေ (၉၀၀၀-၁၂၀၀၀)ခန့်အထိထွက်ရှိပြီး တစ်ဖူးလျှင် သီးနှံပေါ်ဒေသပေါက်ဈေး လက်လီသုံးဖူးလျှင် ကျပ်(၁၀၀၀)ဖြင့်ရောင်းချရပြီး လက်ကားဈေးတစ်ဖူးလျှင် အကြီးအသေးအနုအရင့်အပေါ်မူတည်ပြီး ကျပ် (၁၅၀-၂၀၀)ဈေးနှုန်းဖြင့်ရောင်းချရကြောင်း၊ စိုက်ခင်းထွက်ပြောင်းဖူးများကို မြို့ပေါ်ရှိ လုပ်ငန်းရှင်များက အခင်းအထိ လာရောက်ဝယ်ယူကြပြီး ပခုက္ကူဒေသတွင်းအပြင် ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ဖြန့်ဖြူးတင်ပို့လျက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၈၀၀၀၀၀)ခန့်ကုန်ကျပြီး ဝင်ငွေမှာ ကျပ်(၂၀၀၀၀၀၀)ခန့်ရရှိ၍ ကျပ်(၁၂၀၀၀၀၀)ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ယခင်နှစ်တွင်လည်း ပြောင်းဖူးသီးနှံပေါ်ချိန် ဒေသတွင်းဈေးကွက်၌ တစ်ဖူးလျှင် လက်လီဈေး ကျပ်(၃၅၀-၄၀၀)၊ လက်ကားဈေးကျပ်(၂၀၀)ဈေးနှုန်းအသီးသီးဖြင့်ရောင်းချခဲ့ရ၍ ပြည်တွင်းပြောင်းဖူးဈေးကွက်ခိုင်မာလျက်ရှိခြင်းကြောင့် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။   

       သကြားပြောင်းဖူးသီးနှံသည် လူတိုင်း နေ့စဉ်စားသုံးလျက်ရှိသော စားသောက်ကုန်များအနက် အမျှင်ဓာတ်များစွာပါဝင်သော ဆေးဖက်ဝင်သီးနှံဖြစ်ပါသည်။ လူကြီးလူငယ်မရွေး နေ့စဉ် စားသုံးလျက်ရှိသော ပြောင်းဖူးသည် လူ့ကျန်းမာရေးကို အဖက်ဖက်မှ ကူညီထောက်ပံ့ပေးနိုင်သော သဘာဝသီးနှံတစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးတစ်ဖူးတွင် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များထက် အာဟာရဓာတ်ပိုမိုပါဝင်၍ လူအများစုက ပြုတ်စား၊ သုပ်စား၊ ကြော်စား၊ ဟင်းချိုချက်ခြင်းများပြုလုပ်၍ စားသုံးလျက်ရှိပါသည်။ နေ့စဉ်လူနေမှုဘဝတွင် ကျန်းမာသောဘဝများ ရေရှည်ရပ်တည်နိုင်ရေးအတွက် အာဟာရဓာတ်များစွာကြွယ်ဝပြီး ကျန်းမာရေးအတွက် များစွာကူညီထောက်ပံ့ပေးနိုင်သော ပြောင်းဖူးကို ပြည်တွင်းစားသုံးမှုပိုမိုများလာလျက်ရှိသည်။ စီးပွားရေလုပ်ငန်းရှင်များကလည်း ပြောင်းဖူးကုန်ကြမ်းမှတစ်ဆင့် တန်းဖိုးမြှင့်စားသောက်ကုန်မျိုးစုံထုတ်လုပ်ရောင်းချလျက်ရှိ၍ ပြည်တွင်းအသုံးများခြင်းကြောင့် ပြောင်းဖူးဈေးကွက်ခိုင်မာလျက်ရှိပါသည်။ စိုက်တောင်သူများအတွက်လည်း ပြောင်းဖူးဆွတ်ခူးရောင်းချပြီး ကျန်ရှိသောအပင်များကို နွားမွေးမြူရေးခြံများ၊ ကျွဲ၊ နွား တစ်နိုင်တစ်ပိုင်မွေးမြူသူများအနေဖြင့် တိရိစ္ဆာန်အစာအဖြစ် လာရောက်ဝယ်ယူကြသောကြောင့် အပိုဝင်ငွေရရှိလျက်ရှိပါသည်။ သကြားပြောင်းဖူးများကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပတရုတ်နိုင်ငံက အဝယ်ဒိုင်များဖွင့်၍ အများဆုံးဝယ်ယူလျက်ရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်ခိုင်မာလျက်ရှိ၍ တောင်သူများတွက်ချေကိုက်ကာ အကျိုးအမြတ်များစွာရရှိသည့်အပြင် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ပြည်ပဝင်ငွေရရှိစေသော သီးနှံဖြစ်၍ စိုက်တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

ခေါပုတ်ရောင်းလို့ ဝင်ငွေတိုး

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့သစ်ဈေးတွင် ခေါပုတ်ကို တစ်နိုင်တစ်ပိုင် ရောင်းချနေသော ဒေါ်ခင်ကြည် သည် ခေါပုတ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိနေကြောင်း သိရပါသည်။

          ခေါပုတ်ကို ရှမ်းလူမျိုးတွေရဲ့ အစားအစာလို့ လူသိများပေမဲ့ တောင်ပေါ်ဒေသတွင် နေထိုင်ကြသော အာခါ၊ ဝ၊ ပလောင်၊ ကချင်စသည့် တခြား တိုင်းရင်းသားများလည်း ပြုလုပ်စားသုံးလေ့ရှိပြီး နေရာဒေသနဲ့ ကြိုက်နှစ်သက်ရာအလိုက် နှမ်းထောင်း၊ ရေထောင်း၊ ဆီထောင်းဆိုပြီး ခေါပုတ်ပြုလုပ်နည်းတွေ ကွဲပြားပါသည်။ တောင်တန်းဒေသရဲ့ ထူးခြားတဲ့ စားစရာတစ်ခုဖြစ်တဲ့ စားတဲ့အခါ လျှာပေါ်မှာ ဆိမ့်ပြီး ကောင်းလွန်းတဲ့ ပဲခေါပုတ်ကို တောင်ပေါ်ဒေသမှာပဲ စိုက်လို့ရတဲ့ ပဲတစ်မျိုးဖြစ်တဲ့ ခေါ်တွန် ပဲလို့ခေါ်တဲ့ ပဲနဲ့ တောင်ပေါ်ဒေသမှာပဲစိုက်ပြီး ပျော့ပျောင်းတဲ့ ကောက်ညှင်းဆန်တို့ကို အချိုးကျ ရောစပ်ပြီး သန့်ရှင်းသပ်ရပ်စွာနဲ့ ဓါတုဗေဒဘာတစ်ခုမှမပါပဲ ပြုလုပ်စားသောက်တဲ့ အစားအစာ တစ်မျိုးပါ။ ခေါပုတ်ဟာ နံနက်ခင်းအစားအစာတစ်ခုဖြစ်သလို နေ့လယ်နေ့ခင်း အဆာပြေစားဖို့ အတွက်လည်း အင်မတန်ရိုးရှင်းလွယ်ကူတဲ့ စားစရာတစ်ခုဖြစ်ပါသည်။

          ခေါပုတ်ကို ကောက်ညင်းဆန် အဖြူ၊ အမဲ၊ အညို တို့ကို ဆီ၊ ဆား၊ နှမ်းတို့ဖြင့်ရောနယ်၍ အပြား၊ အချပ်များ ပြုလုပ်ရောင်းချကြောင်း၊ (၂၀)သားတစ်ထုတ်လျှင် (၁၃၀၀) ကျပ်ဖြင့် ရောင်းချရ သောကြောင့် တစ်ရက်လျှင် ဝင်ငွေ (၅၀၀၀၀)လောက်ရရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ချောက်မြို့မစျေးအတွင်းရောင်းချနေသော ရေထွက်ပစ္စည်းစျေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မဈေးသည် ပတ်ဝန်းကျင်ကျေးရွာများမှ နေ့စဉ်လာရောက်သည့်အပြင် ဆိပ်ဖြူနှင့်ယောဒေသမှ စားသုံးသူများကလည်း လာရောက်ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။ ရေထွက်ကုန်များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

    ချောက်ခရိုင်၊ ချောက်မြို့မစျေးအတွင်း ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)အတွင်းရောင်းချနေသော ရေထွက်ပစ္စည်းစျေးနှုန်းများမှာ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)၊ ငါးပုတ်သင်အသေး (၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ ငါးပုတ်သင်ကြီး (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးရံ့လုံး (၁) ပိဿာလျှင် ကျပ် (၃၇၀၀၀)၊ ငါးတံခွန် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ် (၁၄၅၀၀)၊ ငါးအသားမျှင် (၁)ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ ငါးနီတူခြောက်(၁)ပိဿာလျှင် ကျပ် (၁၆၅၀၀)၊ ငါးကြီးခြောက် (၁)ပိဿာလျှင် ကျပ် (၆၀၀၀၀)၊ ငါးဇင်းလုံး (၁)ပိဿာလျှင် ကျပ် (၉၀၀၀)၊ ငါးဇင်းပြား (၁)ပိဿာလျှင် ကျပ်(၁၃၅၀၀)၊ မြီးဆံသွယ်(၁)ပိဿာလျှင် ကျပ်(၉၀၀၀)စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

ပြည်ဘိုကိတ်ပဲသစ် လက်လီ/လက်ကား ရောင်းဝယ်မှုဖြစ်နေ

   ပြည်ပဲဈေးကွက်မှာ ဆောင်းပဲသီးနှံတစ်မျိုးဖြစ်သည့် ဘိုကိတ်ပဲသီးနှံကလည်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်ကို တွေ့ရပါသည်။ ပြည်အနီးတစ်ဝိုက်ဒေသများမှ ဝင်ရောက်ကြပြီး လက်လီ လက်ကားရောင်းဝယ်မှုဖြစ်သည်ဟု သိရပါသည်။ ပဲအဝင် နေ့စဉ်အိတ် ၅၀ ကျော် ၁၀၀ အဝင် ရှိသလို လက်လီအပြင် လက်ကားသမားများလည် ဝယ်ယူကြသည့်အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်ဆန်းပိုင်းတွင် ပဲတစ်တင်း (၄၁၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် ပဲတစ်တင်း (၇၆၀၀ဝိ/-)ကျပ်မှ (၇၇၀၀ဝိ/-)ကျပ်အထိ ဈေးရခဲ့ တာကြောင့် ယခင်နှစ်ဈေးထက် ဈေးပိုရသလို ပဲလွမ်းဖြူသီးနှံသည်လည်း ဈေးပိုနေခဲ့သည်ကို တွေ့ရပါသည်။ ဘိုကိတ်ပဲသီးနှံသည် ပဲသစ်အဝင်များချိန်လောက်သာ ဈေးကွက်အတွင်း လက်လီ လက်ကားရောင်းဝယ်နေမှုများသော်လည်း ကျန်ကာလများတွင် လှောင်ပဲများဖြင့်သာ လက်လီ ပုံမှန် အဝယ်ရှိခဲ့သည့် ပဲသီးနှံဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

                                               

အရောင်းသွက်လာတဲ့ ပန်းဂေါ်ဖီ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူ ဦးကြည်နိုင်၏ လယ်ယာမြေထဲတွင် ပန်းဂေါ်ဖီများကို စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

     ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီသည် စားသုံးသူများက ရာသီစာအဖြစ် စားသုံးမှုများကြပါသည်။ ပန်းဂေါ်ဖီများကို ပြည်မြို့၊ ဈေးကြီးအပါအဝင် အခြားဈေးများတွင်လည်း အောက်တိုဘာလနှင့် နိုဝင်ဘာလဆန်းပိုင်းမှစပြီး ရောင်းချလျက်ရှိပါသည်။ ပန်းဂေါ်ဖီသည် အေး၍ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ စိုက်ပျိုးမှုမှာ မျိုးစေ့ကို ပျိုးထောင်ပြီး တစ်ဧကလျှင် အပင်ရေ (၁၂၀၀၀)ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးကာလမှာ ရက်ပေါင်း (၉၀) ကျော်အကြာတွင် အပွင့်များကို ခူးဆွတ်၍ ရနိုင်ပါသည်။

      ပန်းဂေါ်ဖီပွင့်များ ရောင်းချရာတွင် ကျေးရွာအတွင်းမှ ဈေးသည်များက လာရောက် ဝယ်ယူကြသလို ပြည်မြို့ပေါ်ရှိ ဈေးများသို့လည်း သွားရောက်ရောင်းချမှုများရှိပါသည်။ ပန်းဂေါ်ဖီ ပေါ်ဦး ပေါ်ဖျားတွင်ဈေးကောင်းရရှိခဲ့သလို ယခုအချိန်တွင် အပွင့်ကြီးတစ်ပွင့်လျှင်(၇၀၀-၆၀၀) ကျပ်၊ အပွင့်လတ် တစ်ပွင့်လျှင် (၅၀၀-၄၀၀)ကျပ်နှင့် အပွင့်သေးတစ်ပွင့်လျှင် (၃၀၀-၂၀၀)ကျပ် အထိ ဈေး ရရှိကြောင်း သိရပါသည်။

         ပန်းဂေါ်ဖီများ လှိုင်လှိုင်ပေါ်ထွက်ချိန်ဖြစ်သော ဒီဇင်ဘာလမှ ဇန်နဝါရီလတို့တွင်  ဈေးပေါပေါဖြင့် ရောင်းချသဖြင့် စားသုံးသူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးကြလို့ အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၅.၂.၂၀၂၄ )

၅.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပဲအမျိုးအစားလိုက်ဈေးနှုန်းဈေးကွက်

          ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး ယခုလပဲသစ်များလည်း အဝင်ရှိပြီး ပဲဈေးများကောင်းမွန်လျက်ရှိကာ  ပဲအရောင်းအဝယ်သွက်လျက်ရှိပါသည်။

မတ်ပဲ

          ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို ၉၆၇၀၀ကျပ်၊ ဒုတိယ ပတ်တွင် ၉၇၅၀၀ကျပ်ဖြင့် ဈေးတက်လာပြီး တစ်ရက်ကို ရန်ကုန်အဝယ် အိတ် ၂၀၀/၃၀၀ ခန့်ရှိပါသည်။ ဇန်နဝါရီတတိယပတ်တွင် မတ်ပဲတစ်တင်းကို ၉၇၂၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၉၇၀၀၀ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ပဲတီစိမ်း

          ဇန်နဝါရီလ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်း ၆၄၀၀၀ ကျပ်ဖြင့် မန္တလေး အဝယ် တစ်ရက်ကို အိတ် ၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၅၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၄၀၀/၅၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဇန်နဝါရီတတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၈၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀၀/၆၀၀ခန့် ရန်ကုန်နှင့် မန္တလေးအဝယ်ရှိပါသည်။ စတုတ္ထပတ် တွင် ပဲတီစိမ်းတစ်တင်းကို ၆၈၀၀၀/၆၉၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို ၄၀၀/၅၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ပဲစင်းငုံ

          ဇန်နဝါရီလ ပထမပတ်တွင် ပဲစင်းငုံအသစ်များ ဝင်စပြုနေပြီး ပဲစင်းငုံတစ်တင်းကို ၁၀၂၀၀၀ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပါသည်။ ရန်ကုန်နှင့် လှောင်သမားများအဝယ်တစ်ရက်ကို အိတ် ၆၀၀/၇၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံဈေးတက်လာပြီး တစ်တင်းကို ၁၀၈၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၆၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၁၆၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၆၀၀)ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၁၆၅၀၀-၁၁၇၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၃၀၀ခန့် ရှိပါ သည်။

ကုလားပဲ

          ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၉၆၀၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် ခွဲစက်သမားများ မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၉၇၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် အိတ်(၄၀၀)ခန့်ရှိပါသည်။ တတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၄၀၀)ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမားနှင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၅၀၀/၆၀၀ခန့် ရှိပါသည်။

ပဲကြီး

          ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၅၀၀၀ကျပ်၊ ဒုတိယပတ်တွင်လည်း ပဲကြီးဈေးအေးနေပြီး မြိို့တွင်း ပဲကြော်သမားများ အဝယ်ရှိပါသည်။ ဇန်နဝါရီတတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၅၀၀၀ကျပ်၊ ဈေးဖြင့် မြို့တွင်းပဲကြော် သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲကြီးဈေးအေးနေပြီး  ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၅၀၀၀ကျပ် ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကိုအိတ် ၄၀၀ခန့်ရှိပါသည်။

ဘိုကိတ်ပဲ

          ဇန်နဝါရီပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၅၀/၁၀၀ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့်မြို့တွင်းအဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၅၀၀၀ကျပ်၊ စတုတ္ထပတ်တွင် ၇၅၀၀၀ ကျပ်ဖြင့် ဈေးအေး နေပြီး ရန်ကုန်နှင့်မြို့တွင်းအဝယ် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ ခန့်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးများကောင်းနေပြီး ပဲတီစိမ်း၊ ပဲကြီး၊ ဘိုကိတ်ဈေးများမှာ အေးနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၅.၂.၂၀၂၄ )

  ၅.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မီးသွေးဈေးနှုန်းအခြေအနေ

            ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ ဇန်နဝါရီလတွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာ မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သတင်းရရှိသည်။                                                

            ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်နှင့်နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သောမီးသွေး ဈေးနှုန်းများမှာ ဇန်နဝါရီ ပထမပတ် ဘားအံမြို့အတွင်း နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း ၉၅၀၀ ကျပ်၊ ကမမောင်းမီးသွေးတစ်အိတ် ၈၅၀၀ ကျပ်၊ ကော့ကရိတ် ပသကျေးရွာ မီးသွေးတစ်အိတ် ၆၅၀၀ ကျပ်၊ မြဝတီမြို့အတွင်း မီးသွေး တစ်အိတ်ဈေးနှုန်း ၇၀၀၀ ကျပ်၊ ကော့ကရိတ်မြို့နယ် ပသကျေးရွာ၊ ပေါင်ရေပူကျေးရွာအတွင်း မီးသွေး တစ်အိတ်ဈေးနှုန်း ၅၅၀၀/၆၀၀၀ ကျပ်၊ လှိုင်းဘွဲ့မြို့အတွင်း မီးသွေး တစ်အိတ် ၇၀၀၀ ကျပ်နှင့် ဖာပွန်၊ ကမမောင်း မြို့နယ်အတွင်း မီးသွေးတစ်အိတ် ၇၀၀၀ ကျပ် နှင့် ယခု ဇန်နဝါရီ နောက်ဆုံးပတ်၌ ဘားအံမြို့အတွင်း နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း ၁၀၀၀၀ ကျပ်၊ ကမမောင်းမီးသွေးတစ်အိတ် ၉၀၀၀ ကျပ်၊ ကော့ကရိတ် ပသကျေးရွာမီးသွေးတစ်အိတ် ၇၀၀၀ ကျပ်၊ မြဝတီမြို့အတွင်း မီးသွေးတစ်အိတ်ဈေးနှုန်း ၈၀၀၀ ကျပ်၊ ကော့ကရိတ်မြို့နယ် ပသကျေးရွာ၊ ပေါင်ရေပူကျေးရွာအတွင်း မီးသွေးတစ်အိတ်ဈေးနှုန်း ၆၀၀၀/၇၀၀၀ ကျပ်၊ လှိုင်းဘွဲ့မြို့အတွင်း မီးသွေးတစ်အိတ် ၈၀၀၀ ကျပ်နှင့် ဖာပွန်၊ ကမမောင်း မြို့နယ်အတွင်း မီးသွေးတစ်အိတ် ၈၀၀၀ ကျပ်တို့ဖြင့် အများပြည်သူများရောင်းဝယ်ကြလျက်ရှိပါသည်။  

        ကရင်ပြည်နယ်ဒေသအတွင် ဖြစ်ပေါ်နေသော ပထမပတ်နှင့်နောက်ဆုံးပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေသည်ကို တွေ့ရှိရသည်။ယခုလို မီးသွေးဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းမှာ မိုးရွာသွန်းမှုနှင့်သယ်ယူ ကုန်ကျစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း