Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း) မှ မိုးမခပန်း

     မိုးမခပန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး ၎င်းမှာ ဆောင်းရာသီတွင် အထွက်များသော်လည်း နေရောင်ခြည်ကို အလုံအလောက်ရရှိရန် လိုအပ်သော အပင်တစ်မျိုးဖြစ်သည်။ မိုးမခပန်းမှာ အမျိုးအစားနှင့် အရောင်အသွေးတို့စုံလင်ပြီး အရမ်းလှပသောပန်းပင်ဖြစ်သည်။ မိုးမခပန်း၏အရောင်မှာ  အနီရောင်ရှိ၍ အပွင့်သေးပြီး အစုံလိုက်ပွင့်သောကြောင့် ပတ္တမြားပန်းဟုခေါ်ဆိုရလောက်အောင်လှပသည်။ ရိုးတံမှာ အစိမ်းရောင်၊ အရွက်ဝိုင်းဝိုင်းထူထူလေးဖြစ်ပြီး အမြစ်လည်းပါရှိသောကြောင့် မိုးမခပန်းစိုက်ပျိုးသည့် တောင်သူတို့အတွက် အရွက်မှတစ်ဆင့် အပင်ပွား၍စိုက်ပျိုးရသောကြောင့် စိုက်ပျိုးရလွယ်ကူပါသည်။  အပင်တစ်ပင်မှ တစ်ဆယ့်ငါးပင်/ အပင်သုံးဆယ်ထိပွားနိုင်သောကြောင့် ပန်းစိုက်တောင်သူတို့အတွက် တွက်ခြေကိုက်ပြီး စီးပွားဖြစ်စိုက်ရန် အသင့်တော်ဆုံးသော ပန်းပင်ဖြစ်သည်။ မိုးမခပန်းသည့် ဘုရားပန်းအဖြစ်သာမက လာဘ်ပွင့်စေသည်ဟူသည့် အယူအဆနဲ့ အိမ်တွင်လည်း အလှစိုက်ပျိုးနိုင်သည်။ ယနေ့ဒေသပေါက်ဈေးအနေဖြင့်  တစ်ပင်လျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(ရှမ်း)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၂၇၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

      ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၂၇၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

      ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။

      အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၊ ရွှေကြာကန်ကျေးရွာရှိ ငါးမွေးမြူရေးလုပ်ငန်း

    လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကလီထော်အုပ်စု၊ ရွှေကြာကန်ကျေးရွာရှိ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်လင်းဦး၏ ငါးမွေးမြူရေးလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာတွင် ခြံမန်နေဂျာ ဦးမျိုးချစ်က ရှင်းလင်းပြောကြားရာမှာ မိမိတို့ငါးကန်သည် ဧက(၃၀)ရှိသည့် အတွက် ငါး(၃)မျိုးဖြစ်သည့် ငါးတန်၊ ငါးမြစ်ချင်းနှင့် ငါးမုန့်များကို မွေးမြူထားကြောင်းသိရှိရပါသည်။

     မိမိတို့ငါးကန်အတွင်းသို့ ငါး(၃)မျိုးထည့်သွင်းမွေးမြူထားပြီး ငါးအမျိုးအစားအလိုက် (၃)လစီခြား၍ ထည့်သွင်းမွေးမြူရာ ပထမဦးစွာ ငါးတန်သားပေါက် (၃)လက်မအရွယ်ငါးကောင်ရေ (၁၈၀၀၀)ခန့်ထည့်သွင်း၍လည်းကောင်း၊ ငါးတန်ထည့်ပြီးနောက် (၃)လအကြာတွင် ငါးမြစ်ချင်းသားပေါက်(၂)လက်မ/ (၃)လက်မ အရွယ်အစားအကောင်ရေ (၈၀၀၀၀)မှ (၉၀၀၀၀) ထိ ထည့်သွင်း၍လည်းကောင်း၊ ငါးမြစ်ချင်းထည့်ပြီးနောက် (၃)လအကြာတွင် အစားကြမ်းသောငါးမျိုးဖြစ်သည့်  ငါးမုန့်သားပေါက် (၃)လက်မ/ (၄)လက်မ အရွယ်အကောင်ရေ (၆၀၀၀)မှ (၇၀၀၀)အထိလည်းကောင်း ထည့်သွင်းမွေးမြူပါသည်။ ပထမဦးဆုံး ငါးတန်ထည့်သွင်းပြီးချိန်မှ တစ်နှစ်ခွဲအကြာ၌ ငါးအားလုံးဖော်ထုတ်ရာ ငါးတန်တစ်ကောင်လျှင် ပိဿာချိန် တစ်ပိဿာခွဲမှ တစ်ပိဿာရှစ်ဆယ်သားထိရှိပြီး တစ်ပိဿာလျှင် (၂၃၀၀)ကျပ်မှ (၂၄၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ ငါးမြစ်ချင်းတစ်ကောင်လျှင်  (၈၅)ကျပ်သားမှ (၉၀)ကျပ်သားအထိကြီးထွားပြီး တစ်ပိဿာလျှင် (၃၈၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိလည်းကောင်း၊ ငါးမုန့်တစ်ကောင်လျှင် (၁) ပိဿာ၊ (၅၀)ကျပ်သားမှ (၂)ပိဿာထိရှိပြီး ဈေးနှုန်းမှာ (၂၃၀၀)ကျပ်မှ (၂၄၀၀)ကျပ်ထိလည်းကောင်း ဈေးနှုန်းရရှိ၍ ဈေးကွက်အတွင်းဖြန့်ဖြူးရန်အတွက် လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေးသို့ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကန့်ဘလူမြို့၏ ဇန်နဝါရီလ စတုတ္ထပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ဇန်နဝါရီလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊  ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ငါးဈေးနှုန်းများအား ဇန်နဝါရီလ တတိယပတ်နှင့်နှိုင်းယှဉ်ပါက ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊  ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး   ကျန်ငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသောငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

         

ရွှေဘိုဈေးကွက်၌ ဇန်နဝါရီလ (စတုတ္ထပတ်)တွင် ပဲစဉ်းငုံ(နီ)ဈေးများမြင့်တက်

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါ သည်။ ဇန်နဝါရီလ၊ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း စတုတ္ထပတ်တွင် ပဲစဉ်းငုံ(နီ)တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ကြောင်း၊ ယခုအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၂၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်း အဝယ်ဖြစ်မှုမှာ (၉၀၀၀)တင်း/(၂၉၄)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၁၂၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၈၀၀ဝိ/-)ဈေးပိုရရှိခဲ့ကြောင်းနှင့် ယခင်အပတ်အောက် အဝင်နဲပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

CP အသားစားကြက်မွေးမြူရေးလုပ်ငန်း

    လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကလီထော်အုပ်စု၊ ရွှေကြာကန်ကျေးရွာရှိ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်လင်းဦး၏ CP အသားစားကြက်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာတွင် ခြံမန်နေဂျာ ဦးမျိုးချစ်က ကြက်ပေါက်များကို ထောက်ကြန့်မြို့ရှိ “ထွန်း”မွေးမြူရေးအစာ၊ ဆေးနှင့်ကြက်ပေါက်ဖြန့်ချိရေးလုပ်ငန်းမှဝယ်ယူ၍ မွေးမြူရကြောင်း၊ ၎င်းတို့တွင် ကြက်ခြံ(၂)ခြံရှိရာ တစ်ခြံလျှင် ကြက်အကောင် (၃၀၀၀) ဖြင့်  စုစုပေါင်း (၆၀၀၀)ကျော်ကို စီးပွားဖြစ်မွေးမြူထားကြောင်းနှင့် ကြက်ပေါက်တစ်ကောင်လျှင် (၁၃၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူမွေးမြူခဲ့ကြောင်းသိရှိရပါသည်။

    ကြက်ပေါက်များကို စတင်မွေးမြူစမှ ရက်ပေါင်း(၂၀)ရက်နေ့အထိ ဖွဲမှုန့်ခံ၍ မိမိအနေဖြင့် မွေးမြူထားကြောင်း၊ ရက်ပေါင်း(၂၀)ကျော်ပါက ဖွဲမှုန့်များကိုဖယ်ပြီး ကြမ်းကျင့်ချိန်တွင် ကြမ်း၏ အအေးဒဏ်နှင့် ရေ၏အအေးဒဏ်ကိုမခံရအောင် အထူးဂရုပြု၍စိုက်မွေးမြူရပါသည်။ CP ကြက်စာဈေးနှုန်းအနေဖြင့် ကြက်သားပေါက်အစာ (၅၀ကီလို) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ ကြက်လတ်စာ (၅၀ကီလို) တစ်အိတ်လျှင် (၈၂၀၀၀)ကျပ်နှင့် ကြက်ကြီးစာ (၅၀ကီလို) တစ်အိတ်လျှင် (၈၁၀၀၀)ကျပ်နှုန်းဖြင့်ဝယ်ယူကာ ကြက်စာများကို တစ်နေ့လျှင် (၃)ကြိမ်ခန့်ကျွေးမွေး၍ မွေးမြူရပါသည်။ ရက် (၄၀) မှ (၄၅)ရက်အတွင်းရှိသော CP အသားစားကြက်ကို ဈေးကွက်အတွင်း၌ (၁)ပိဿာလျှင် (၄၂၀၀) ကျပ်မှ (၄၃၀၀) ကျပ်ဖြင့် ရွှေပြည်သာမြို့နယ်ရှိ ကြက်ဒိုင်မှ မိမိတို့ မွေးမြူရေးခြံသို့ လာရောက်ဝယ်ယူခဲ့ကြောင်း ခြံမန်နေဂျာ၏ ပြောပြမှုအရသိရှိရပါသည်။

DOCA(ရန်ကုန်)

ရာသီပေါ်ဈေးကောင်းရနေတဲ့စိမ်းစားဥ

      စိမ်းစားဥကို ပဲစိမ်းစား(သို့) ပဲစိမ်းစားဥဟူ၍ ခေါ်ပါသည်။ ပဲမြစ်များရရှိသော ပဲစောင်းလျား ပင်ကဲ့သို့ စိမ်းစားဥပင်သည် ဥအတွက် ဥအတွက်စိုက်ပျိုးသော ပဲပင်မျိုးဖြစ်ပြီး စိမ်းစားဥကို အစိမ်း လိုက်ဖြစ်စေ၊ ကြော်ချက်၍ဖြစ်စေ စားလေ့ရှိကြပါသည်။ စိမ်းစားဥပင်ကို ဆောင်းအခါ နုန်းမြေရှိသော အရပ်ဒေသတိုင်း၌ စိုက်ပျိုးနိုင်ပါသည်။ စိမ်းစားဥကို စားရသော်လည်း အပင်ကို လူနှင့်တိရိစ္ဆာန်များ စားလျှင် အဆိပ်အတောက်ဖြစ်၍ သေတတ်သည်ဟု သိရပါသည်။ စိမ်းစားဥသည် အရည်ရွှမ်း၍ စားလျှင် ရေငတ်ပြေပါသည်။ စိမ်းစားဥ တစ်ဧကလျှင် ပိဿာချိန်ပေါင်း ၂၀၀၀မှ ၈၀၀၀ အထိ ထွက်နိုင်သည်ဟု သိရပါသည်။ စိမ်းစားဥကို ဇန်နဝါရီလ ဒုတိယပတ်မှစ၍ ပြည်မြို့ စည်ပင်သာယာ ဈေးကြီးနှင့် အခြားဈေးများတွင်ရောင်းချနေပြီး ဈေးကောင်းရကြောင်း လည်းသိရပါသည်။ စိမ်းစားဥ ကို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှ စိုက်ပျိုးပြီး ထွက်ရှိလာသော စိမ်းစားဥကို ပြည်မြို့တွင်းနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ စိမ်းစားဥ တစ်တွဲလျှင် အလုံးချော(၅)လုံးပါရှိပြီး တစ်တွဲလျှင် ၁၅၀၀ကျပ်၊ ဥ(အလတ်)တစ်တွဲလျှင် (၇)လုံး ပါပြီး ၁၀၀၀ကျပ်၊ အသေး တစ်တွဲလျှင် ၇၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရဲကျွန်း(ခေါ်)မင်းတုန်းကြက်သွန်နီဈေး

    ကြက်သွန်နီမျိုးစိတ် အများအပြားရှိသည့်အထဲမှ ရဲကျွန်း(ခေါ်)မင်းတုန်းကြက်သွန်နီသည် အသေးဆုံးနှင့် အချိုဆုံးကြက်သွန်နီဖြစ်ပါသည်။ ရိုးရိုးကြက်သွန်များကို ဈေးများတွင် အလွယ်တကူ ဝယ်ယူ၍ရပေမဲ့ မင်းတုန်းကြက်သွန်နီကတော့ တစ်ရာသီပဲပေါ်သောကြောင့် ယခုအချိန်တွင် ဝယ်ယူစုဆောင်းထားသင့်ပါသည်။ ပင်ခြောက် ဆောင်းကြက်သွန်နီ ဖြစ်သောကြောင့် နှစ်ပေါက် အထားခံသောဆောင်းကြက်သွန်ဖြစ်ပါသည်။ အသုပ်သုပ်ရာတွင်ထည့်စားပါက အလွန်ချိုပြီး ကျွပ်ပါသည်။ မင်းတုန်းကြက်သွန်နီကို ထမင်းစားရာတွင် အတို့အနေဖြင့် အများဆုံးစားသုံးကြပါသည်။ ရာသီစာ ခရမ်းချဉ်သီးချက်နှင့် တွဲဖက်၍ စားသုံးပါက အလွန်လိုက်ဖက်သော တို့စရာတစ်မျိုး ဖြစ်ပါသည်။ မင်းတုန်းကြက်သွန်နီ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှုန်းဖြင့် ရောင်းချပြီး အထုံးတစ်ထုံးလျှင် ၃၀၀ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်ရှိ မီးဖိုချောင်သုံးသီးနှံဈေးကွက်

    ပြည်ဈေးကွက်ရှိ စားဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူ(ရှမ်းစ)ဈေးနှုန်းမှာ အရည်အသွေးပေါ်လိုက်၍ အချောအသန့် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိပြီး အကြီး၊ အသေး အနည်းငယ်ရောသည့် ရှမ်းစများမှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) ဈေးနှုန်းအနေဖြင့် အသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ် ဈေးရှိပြီး အိတ်ဆွဲဈေး (၇ပိဿာပါ) အနေဖြင့် တစ်ပိဿာလျှင် ၁၁၅၀၀ကျပ် ဈေးဖြင့် ယခု ဇန်နဝါရီ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်သွန်နီ(မြစ်သား) အချော တစ်ပိဿာလျှင် ၃၈၀၀ကျပ်၊ အလတ် တစ်ပိဿာလျှင် ၃၆၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၃၄၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မကွေးမှအဝင်ရှိသော ကြက်သွန်နီအသစ်များမှာ တစ်ပိဿာလျှင် ၂၂၀၀-၂၄၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ရှမ်းပြည်နယ်မှဝင်ရောက်သော ရှမ်းအာလူးများမှာ အချောတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၂၀၀-၃၅၀၀ကျပ်ဈေးရှိပါသည်။ ပြည်ဈေးကွက်သို့ မီးဖိုချောင်သုံးသီးနှံဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့်  အာလူးချောများမှာ ပုံမှန်အဝင်ရှိနေပြီး ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                               

ပြည်ခရိုင်ဆန်စပါးဈေးကွက်

   ပြည်ဈေးကွက်တွင် မိုးစပါးဈေးများမှာ ဈေးများ ဆက်လက်မြင့်တက်နေပါသည်။ ၂၀၂၄ ဇန်နဝါရီလမှစ၍ စပါးတင်း ၁၀၀လျှင် ၂၀၀၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၇၄၀၀၀ကျပ် ရှိရာမှ ယခု ဇန်နဝါရီ စတုတ္ထပတ်တွင် ကရင်မစပါးမှာ ၄၆ပေါင် တင်း ၁၀၀လျှင် ၂၁၀၀၀၀၀ကျပ် ၊ ဆန်တစ်အိတ် လျှင် ၇၆၀၀၀ကျပ်၊ မှော်ဘီစပါးတင်း(၁၀၀)လျှင် ၂၁၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်ဖြင့် ဈေးဆက်လက်မြင့်တက်လာခဲ့ပါသည်။ ဆင်းသွယ်ဆန် တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ ရတနာတိုးဆန်မှာ ၇၄၀၀၀ကျပ်၊ ကျော်ဇေယျ ဆန်မှာ ၇၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဆန်ကွဲ Extra တစ်အိတ်လျှင် ၅၁၀၀၀ကျပ် ၊ ဆန်ကွဲ 2,3,4 တစ်အိတ်လျှင် ၄၉၀၀၀ကျပ်၊ ဆန်ကွဲ 1,2  တစ်အိတ်လျှင် ၅၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ဖွဲနုတစ်ပေါင်လျှင် ၂၆၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။

     ပြည်မြို့မှ ရန်ကုန်မြို့သို့ ဆန်တင်ပို့ရောင်းချမှုမှာ တစ်ပတ်လျှင် ရန်ကုန်သို့ ၃၁၅၀အိတ် တင်ပို့ ရောင်းချမှုရှိပါသည်။ စပါးဈေးများမှာဆက်လက်မြင့်တက်နေသော်လည်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း