Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာများ၌ ဆီကုန်သည်များအသင်းမှ စားအုန်းဆီ ရောင်းချပေးနေမှုအားကွင်းဆင်းကြီးကြပ်ခြင်း

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်းကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်း များ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ခရိုင်ရုံးဝန်ထမ်းများ သည် (၁၀.၂.၂၀၂၃)ရက်နေ့ နေ့လည်(၁၅:၀၀)အချိန်တွင် မကွေးမြို့၊ ဆားစည်ရပ်ကွက်၊ စျေးလယ်စိုး ရပ်ကွက်နှင့် ဘုရားသုံးဆူကျေးရွာများ၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော စားအုန်းဆီများကို မကွေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စျေးကား(၃)စီးဖြင့် စားအုန်းဆီ (၁)ပိဿာ ကျပ်(၄၉၀၀)ဖြင့် လူတစ်ဦးလျှင် (တစ်)ပိဿာနှုန်းရောင်းချနေမှုအား သွားရောက်စိစစ် ကြပ်မတ်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူ နိုင်ရေး စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီ ဝယ်ယူ ရာ၌စနစ်တကျရှိစေရေးကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)
 

သရက်မြို့နယ် ကျေးရွာများမှ ထွက်ရှိသည့် ဆီးသီး၊ မန်ကျည်းသီးနှင့် ကြောင်လျာစေ့များ၏ ဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော တဇီးကောက်၊ မိုးနတ်ကုန်း၊ ညောင်ဝိုင်း၊ ဘော်၊ မန်ကျဉ်းရုံစသည့် ကျေးရွာများမှ ထွက်ရှိသည့်ဆီးသီး အစို၊ အခြောက်များမှာ ဖေဖော်ဝါရီလ(ပထမ)ပတ်တွင် ဆီးသီး(၁)တင်းလျှင် ကျပ်(၁၀၀၀၀)ဈေးဖြစ်ပြီး (ဒုတိယ)ပတ်တွင် ကျပ်(၁၁၀၀၀)အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အောင်လံမြို့သို့ ရောင်းချကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

    ယခုအချိန်တွင် မန်ကျည်းသီးများလည်း လှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ ဖေဖော်ဝါရီလ(ဒုတိယ)ပတ်တွင် မန်ကျည်းသီးအစေ့ပါ (၁)ပိဿာလျှင် ကျပ်(၁၂၀၀)ဈေးဖြင့် လက်ကားဝယ်ယူလျက်ရှိကြောင်း၊ မန်ကျည်းသီးအစေ့မပါ (၁)ပိဿာလျှင် ကျပ်(၂၇၀၀)ဈေးဖြင့် ဝယ်ယူပြီး ပြည်၊ ကြံခင်း၊ မြန်အောင်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ထို့အပြင် ကြောင်လျာစေ့ (၁)ပိဿာလျှင် ကျပ်(၁၁၅၀၀) ဈေးဖြင့်ဝယ်ယူပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဖေဖော်ဝါရီ(ပထမ)ပတ် ပခုက္ကူမြေပဲဈေးကွက်အခြေအနေ

    ပခုက္ကူမြေပဲဈေးကွက်သို့ ဖေဖော်ဝါရီ(ပထမ)ပတ်အတွင်း မြေပဲတောင့်အဝင်နည်းပြီး မြေပဲဆံများကို ညောင်ဦး၊ ချောက်မြို့မှ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ (၆)လ မြေပဲတောင့်များမှာ ဈေးကွက်အတွင်းသို့ တစ်နေ့လျှင် ပိဿာ(၄၀၀၀မှ၅၀၀၀)ခန့်ဝင်ရောက် လျက်ရှိပြီး တစ်ပိဿာလျှင် ကျပ်(၃၂၀၀မှ ၄၀၀၀)ရှိကြောင်း၊ မြေပဲဆီဆံတစ်ပိဿာလျှင် ကျပ် (၅၇၀၀မှ ၆၀၅၀)ဈေးရှိပြီး လက်လီဈေးမှာ ကျပ်(၆၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခု တစ်ပတ်အတွင်း မြေပဲဆံဝင်ရောက်မှုနည်း၍ မြို့ပေါ်ရှိလုပ်ငန်းရှင်များမှ သိုလှောင်ထားသော မြေပဲ တောင့်များကို ကြိတ်ခွဲ၍ ဖြန့်ဖြူးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြေပဲဈေးကွက်မှ သိရှိရသည်။

    ဈေးကွက်အတွင်းရှိ မြေပဲဆံများကို ဒေသတွင်းနေရာနှံ့အပြား၊ လုပ်ငန်းရှင်များနှင့် ပြည်ပပို့ကုန်အဖြစ် မန္တလေးမြို့မှတဆင့် တရုတ်နှင့်ထိုင်းနိုင်ငံများသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ယခုတစ်ပတ်တွင် မြေပဲဈေးကွက်အေး၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၆၀၀၀၀ ကျပ်၊ ငစိန်ဆန် (သစ်)(တစ်အိတ်)လျှင် ၄၅၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၁၉၅၀-၁၂၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင်၆၆၅၀-၆၇၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၀၀၀ မှ ၂၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အားလူး(တစ်ပိဿာ) ၂၄၀၀ မှ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၄၃၀၀-၄၅၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၂၀၀-၅၃၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၄၀၀ကျပ်၊ ဂေါ်ဖီ ထုတ် (တစ်ထုတ်)၈၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံးလျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၀၀၀မှ ၁၅၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်းသိရသည်။

      ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း ဆန်(သစ်)ဈေးနှုန်းများ ဈေးအေး နေပါပြီး၊ ငစိန်ဆန်ဈေးနှုန်း၊  ကြက်သွန်ဖြူ (ရှမ်းစ) ဈေးနှုန်းများ အနည်းငယ်တက်နေပါကြောင်းနှင့် ခရမ်းချဉ်သီးဈေး အနည်းငယ်ကျနေပါကြောင်း သိရှိရပါသည်။ ကြက်သွန်နီ(သစ်) ဈေးနှုန်းများ အရည် အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှု ရှိပါသည်။ ယခုအချိန်တွင် စားအုန်း ဆီရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်း ဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။ 

DOCA(စစ်ကိုင်း)

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

        မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း ကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းကျော် ပိုမိုခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းကျော် ပိုမိုခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲကျော် ပိုမိုခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၃၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၃၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၃၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၃၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့်ကျော်မှ နှစ်သောင်းခွဲကျော်အထိ ပိုမိုခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော် ပိုမိုခဲ့ပြီးတစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် နှစ်သောင်းကျော် ပိုမိုခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၂၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၂၈၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းခန့် ပိုမိုခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၉၇၅ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၇၅၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၆၆၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင် ကျော် မှ လေးထောင်ကျော်အထိ ပိုမိုခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၄၆၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၁၀၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၁၀၄၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၈၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လးသောင်းခန့် မှ ငါးသောင်းခွဲခန့်အထိ ပိုမိုခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

      တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဇန်နဝါရီလ အထိ(၁၀)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၈.၈၆၇)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၀၇၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၃.၇၅၇)ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဖေဖော်ဝါရီလ(၁၀)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ် လာသန်း(၀.၅၆၆)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၀၅၉) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၆၂၅) ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၁)လတာကာလအတွင်း စုစုပေါင်းပို့ကုန်ပမာဏ အမေရိ ကန်ဒေါ်လာသန်း(၉.၂၅၃)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၁၂၉)၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁၄.၃၈၂)ဖြစ်၍ (၁)နှစ်စာလျာထားချက်အပေါ် (၁၉.၇၀၁)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ ဖေဖော်ဝါရီလ (၁၀)ရက်နေ့အထိ (၁၁)လတာ လျာထားချက်အပေါ် (၂၂.၄၇၂)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

      အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ်ကြောင်း သိရပါသည်။

     တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

 

                                               

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန် ခရိုင်များတွင် ဈေးအေးနေကြောင်း သိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ်(၂၀၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၆၅၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀လျှင် ကျပ်(၁၅၀၀၀၀၀)၊  ဧရာမင်း (ဆန်) (သစ်)  ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၆၀၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၁၈၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ် လျှင်ကျပ် ၆၃၀၀၀၊  ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်  ၅၆၀၀၀ ကျပ်များဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧည့်မထ (ဆန်)(သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၅၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၁၀၀၀၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်၁၁၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၅၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၅၀၀၀၀၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀၊  ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၈၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၂၀၀၀၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   ဖေဖော်ဝါရီလ (ဒုတိယ)ပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေးသို့ အိတ်ရေ ၇၁၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၅၁၄၀၀)အိတ်၊ တန်အားဖြင့် (၇၅၇၀)စီးထွက်ခဲ့ပြီး၊ ယခု ဖေဖော်ဝါရီလ (တတိယ) ပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေး သို့ အိတ်ရေ ၈၄၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ ကချင်သို့ အိတ်ရေ ၁၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၆၈၄၀၀)အိတ်၊ တန်အားဖြင့် (၈၄၂၀)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခုပတ်တွင် အိတ်ရေ (၁၇၀၀၀) တန်အားဖြင့် (၈၅၀) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                       

ပြည်ဈေးကွက်တွင်ရောင်းချသော မင်းတုန်းကြက်သွန်

      ပြည်ဈေးကွက်တွင် မင်းတုန်းကြက်သွန်များမှာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မင်းတုန်းကြက်သွန်များကို မြေနုကျွန်းများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မင်းတုန်းကြက်သွန်ဥများသည် အချိုလေးသောကြောင့် တို့စားခြင်း၊ မြှုပ်စားခြင်းနှင့် သုပ်စားခြင်းတို့တွင် အကောင်းဆုံးရာသီစာဖြစ်သည်။ မင်းတုန်းကြက်သွန်မှာ အရမ်းချိုပြီး အနံ့မမွှန်သောကြောင့် ထမင်းစားတိုင်း တို့စားလျှင် ထမင်းမြိန်စေပြီး ပြည်ဈေးကွက်တွင် အထုံးလေးများစည်းပြီး ရောင်းချကြပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချနေသော မင်းတုန်းကြက်သွန်များကို မကွေးမြို့မှ အများဆုံး မှာယူရောင်းချကြောင်းသိရှိရပါသည်။ အထုံးများ ထုံးထားသောအစည်းတစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

                  

ခွေးတောက်ရွက်၏ အသုံးဝင်ပုံနှင့်ဈေးနှုန်းများ

       ခွေးတောက်ရွက်ပင်သည်  နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည် ။ စိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ခူးယူစားသုံးနိုင်ပြီး နှစ်ရှည်ဆယ်စုနှစ်တစ်စုထိခူးယူနိုင်သော အပင်အမျိုးအစားလည်းဖြစ်ပါသည်။ နှစ်ရင့်ခွေးတောက်ပင်များမှာ တစ်နှစ်တစ်ကြိမ်ဖူးပွင့်ကာ နွေရာသီတွင် အသီးသီးလေ့ရှိပြီး အသီးများရင့်ပြီးချိန်၌ ကွဲအက်၍ အတွင်းမှအလွန်သေးငယ်သောအစေ့များမှာ အစေ့အညှာတိုင်မှ ဂွမ်းနှင့် အတူလေထဲပါသွားလေ့ရှိကာ ဂွမ်းကျရာနေရာများ၌ အစေ့ငယ်ကျပြီး အပင်ပေါက်၍ မျိုးပွားလေ့ရှိပါသည်။

      အလေ့ကျအပင်ပေါက်များမှ မျိုးစေ့ယူလိုပါကလည်း နှစ်ရင့်ခွေးတောက်ပင်များအသီးသီးချိန်၌ ရင့်ချိန်တွင်ခူး၍ အစေ့ထုတ်ယူ၍ စိုက်ပျိုးနိုင်ပါသည်။ ခွေးတောက်ပင်ကို စီးပွားဖြစ် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်ပျိုးယူစိုက်ပျိုးခြင်းနည်းလမ်းများဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ သုံးလသားအရွယ်မှစ၍ အညွန့်များကိုစတင်ခူးဆွတ်နိုင်ပြီး အညွန့်ထွက်မှုကောင်းလျှင် (၃)ရက်လျှင် တစ်ကြိမ်ခူးဆွတ်နိုင်ပါသည်။ အညွန့်များထွက်စေရန် ခူးသည့်အချိန်၌ အောက်ခြေတွင်ရှိသော နှစ်တက်သုံးတက်လောက်ကို ချန်၍ညှပ်ပေးပါက အကိုင်းအခက်အများအပြားထွက်လာပြီး အညွန့်များများရမည်ဖြစ်ပါသည်။

       ခွေးတောက်ရွက်မှာ ခါးသက်သက်အရသာရှိပြီး ဆေးဖက်ဝင်အရွက်ဖြစ်ကာ တို့စရာအဖြစ်သော်လည်းကောင်း၊ ဟင်းချိုအဖြစ်နှင့် ကြော်စား၍သော်လည်းကောင်း စားသုံးကြပါသည်။ ခွေးတောက်ရွက်ကို ဘဲဥနှင့်ကြော်စားပါက ခွန်အားကိုတိုးပွားစေပါသည်။ ခွေးတောက်ရွက်ကို ကြက်သား၊ ကြက်ရိုးနဲ့ ဟင်းချို ချက်သောက်ပါကလည်း ကိုယ်ခန္ဓာဝမ်းတွင်းအဆိပ်အတောက်များကို ပြေစေသောအစွမ်းရှိပြီး ထန်းရည်၊ အရက်၊ ဘီယာကြောင့် ခေါင်းအုံ၊ ခေါင်းကိုက်ခြင်းများကိုလည်း အမြန်ဆုံးသက်သာစေပါ သည်။ သွေးစုနာနှင့် အနာစိမ်းများပေါက်လျှင် ခွေးတောက်ရွက်ကိုမီးကင်ကပ်ပါက နုလျှင်ပိန်၍ ရင့်လျှင်ပြည်ပေါက်ကာ ပျောက်သွားပါသည်။ ခွေးတောက်ရွက်ကို ဟင်းခါးချက်၍သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေထိုးလေအောင့်နှင့် ဆီးချုပ်ရောဂါများကို ပျောက်ကင်းစေပါသည်။ ရေယုန်နာကိုလည်း ခွေးတောက်ရွက်ကြိတ်ရေကိုဆွတ်ပေးခြင်းဖြင့် ပျောက်ကင်းစေပြီး အရွက်ကိုကြိတ်၍ အုံစည်းပေးခြင်းဖြင့်လည်း အဖုအကြိတ်များကို ပျောက်ကင်းစေပါသည်။ ခွေးတောက်ရွက်အရည်နှင့် သနပ်ခါးသွေးကာ လိမ်းပေးခြင်းဖြင့် ဒူး၊ ခါးနှင့် လက်တို့ နာကျင်ကိုက်ခဲ့ခြင်းဝေဒနာကို သက်သာ ပျောက်ကင်းစေပါသည်။

       ကိုဗစ်ကာလအတွင်း လူနာများမှာ အရေးပေါ် အောက်စီဂျင်လိုအပ်လာပါကလည်း ရေနွေးပူထည့်ထားသည့်ဖန်ခွက်အတွင်း ခွေးတောက်ရွက်အချို့ထည့်စိမ်ပြီး အငွေ့အားရှူရှိုက်စေခြင်းဖြင့် အောက်စီဂျင်ရရှိစေမည်ဖြစ်ကြောင်း Facebook စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိခြင်းတို့ကြောင့် ဈေးကွက်အတွင်း၌ ခွေးတောက်ရွက်တစ်စည်းလျှင် ပုံမှန်ရှိရင်းဈေးနှုန်းထက် ၃ ဆခန့်မြင့်တက်သွားပါသည်။ ယခုပြည်မြို့ရှိ ဈေးကွက်တွင် ခွေးတောက်ရွက်တစ်စည်းလျှင် အစည်းအကြီး/ အသေးပေါ်မူတည်၍ ကျပ် (၁၀၀) မှ ကျပ် (၂၀၀)အထိရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

                            

ရာသီစာ မလွှပွင့် (ခေါ်) ဖက်ပွင့်

      မလွှပွင့်သည်ဆေးဘက်ဝင်သော ဒေသထွက်ကျေးလက်စားသောက်စရာဖြစ်သော အစားအစာတစ်မျိုးဖြစ်ပါသည်။ မလွှပွင့်ကိုပြုတ်၍ အတို့အမြုပ်အဖြစ် ငါးပိရည်နှင့်တွဲဖက်ပြီး စားသုံးနိုင်သကဲ့သို့ ရေနွေးဖျောထားသော မလွှပွင့်ကိုပါးပါးလှီးကာ ကြက်သွန်ဖြူ/နီ၊ ပုစွန်ခြောက်များနှင့်သုပ်၍လည်း စားသုံးနိုင်ပါသည်။ ကြက်သွန်နီ/စိမ်း၊ ပဲကြော်တို့နှင့် မိုးကြာလက်ဖက်သုပ်အဖြစ် သုပ်စားနိုင်သည့်အပြင် မလွှပွင့်ခြောက်ဖက်များကို ရေနွေးတွင်ခတ်၍ မလွှပွင့်ခြောက်ကို ရေနွေးကြမ်း အဖြစ်လည်း သောက်သုံးနိုင်ပါသည်။

    ဆေးအတွက်ဆိုလျှင် မလွှပွင့်သည် ခါးသက်သောအရသာရှိပြီး လေရောဂါကိုနိုင်၏။ ဝမ်းမှန်စေပြီး လေသက်စေ၏။ မလွှပွင့်ကို ရှမ်းလို "လောက်ကဲ'' ဟုခေါပြီး ဝက်သားကို တောက်တောက်စင်း၍ အစာသွပ်ပြီး ကြော်စား၍လည်းရပါသည်။ မလွှပွင့်၏အလယ်မှ ဝတ်ဆံကိုဖြုတ်ကာ ပွင့်ဖက်ကိုရေစင်အောင်ဆေး၍ ရေနွေးဖျောပြီး မိမိလိုသလို ဆီပြန်ဟင်း(သို့) ငါးပိချက်ချက်၍ စားသုံးကြပါသည်။ အရသာမှာခါးလွန်းခြင်းမဟုတ်ဘဲ ခပ်သက်သက်အရသာလေးဖြင့်  ချိုလှပါသည်။ အကြောမှာ တင်းတင်းထုတ်ထုတ်လေးနှင့် မှိုနှင့်တန်းတူကြိုက်နှစ်သက်သည့်ဟင်းတစ်မယ်ဖြစ်ပါသည်။ အပွင့်ကို အမျိုးမျိုးလုပ်၍စားသုံးကြသည့်အပြင် မလွှတောင့်ကိုလည်း ပြုတ်၍တို့စားကြပါသည်။ ယခုအချိန်၌ ရာသီစာမလွှပွင့်(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း