Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်နှင့်ယခုနှစ် ပဲအမျိုးအစားအလိုက်ဈေးနှုန်း

     ပြည်ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ ပထမပတ်တွင် ရောင်းဝယ်လျက်ရှိသောပဲမျိုးစုံ၏ ယခင်နှစ်နှင့် ယခုနှစ်ကာလတူဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် အောက်ပါအတိုင်းတွေ့ရှိရပါသည်။

မတ်ပဲ

          ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလပထမပတ်တွင် ယခင်နှစ်၌ မတ်ပဲတစ်တင်းလျှင် (၄၁၀၀၀) ကျပ်၊ ယခုနှစ်၌ ဖေဖော်ဝါရီလ ပထမပတ်တွင် မတ်ပဲတစ်တင်းလျှင် (၅၈၅၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၄၀၀)ခန့်ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မတ်ပဲတစ်တင်းလျှင် (၁၇၅၀၀)ကျပ်ခန့် ဈေးပိုမိုရရှိခဲ့ပါသည်။

ပဲတီစိမ်း

          ယခုနှစ် ဖေဖော်ဝါရီပထမပတ် ပဲတီစိမ်းတစ်တင်းလျှင် (၅၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခင်နှစ်ဖေဖော်ဝါရီ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ်ပဲတီစိမ်းဈေးနှုန်းမှာ ယခင်နှစ်ထက် (၈၀၀၀)ကျပ်ခန့်ဈေးနှုန်းပိုရခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်ဖေဖော်ဝါရီ ပထမပတ်တွင် တစ်ရက်လျှင် အိတ်(၂၀၀)ခန့် မန္တလေးအဝယ်ရှိခဲ့ပါသည်။

ပဲစင်းငုံ

          ပြည်ကုန်စည်ဒိုင်၏ ယခုနှစ်ဖေဖော်ဝါရီပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၆၁၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀/၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဖေဖော်ဝါရီ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၄၃၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၁၈၀၀၀)ကျပ်ခန့် ဈေးပိုမိုရခဲ့ကြောင်းသိရှိရပါသည်။

ကုလားပဲ

          ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ် ဖေဖော်ဝါရီလ ပထမပတ်၌ ကုလားပဲ(HL)တစ်တင်းလျှင် (၄၄၅၀၀) ကျပ်၊ ယခုနှစ် ဖေဖော်ဝါရီပထမပတ်တွင် ကုလားပဲ(HL)တစ်တင်းလျှင် (၆၈၀၀၀)ကျပ်ဖြင့် ခွဲစက်သမားများဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀)ခန့်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ် ကုလားပဲ(HL)ဈေးနှုန်းမှာ ပိုမိုကောင်းခဲ့ပြီး တစ်တင်းလျှင် (၂၃၅၀၀)ကျပ်ခန့်ဈေးနှုန်းပိုမိုရရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

          ပြည်ကုန်စည်ဒိုင်၏ ယခုနှစ် ဖေဖော်ဝါရီ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် (၅၀၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်(၁၀၀)ခန့်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဖေဖော်ဝါရီ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် ဘိုကိတ်ပဲတစ်တင်းလျှင် (၁၅၀၀၀)ကျပ်ခန့်ဈေးပိုရရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ်ပဲမျိုးစုံဈေးနှင့် ယခုနှစ်ပဲမျိုးစုံဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်ပဲဈေးနှုန်းမှာပိုမိုကောင်းခဲ့ပါသည်။ ပဲစိုက်တောင်သူများအနေဖြင့် သွင်းအားစုကုန်ကျစရိတ်များ ပိုမိုကျသင့်ခဲ့သော်လည်း အကျိုးအမြတ်မှာ ယခင်နှစ်ထက် ပိုမိုရရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အစာလည်းဆေး ဆေးလည်းအစာအဖြစ် အသုံးဝင်သောတမာရွက်

     တမာပင်သည် နှစ်ရှည်အပင်ကြီးအမျိုးအစားဖြစ်ပြီး ၎င်းကို အရိပ်ရအပင်အဖြစ်စိုက်ပျိုးကြပါသည်။ တမာပင် တစ်ပင်လုံးသည် ဆေးဖက်ဝင်အပင်အမျိုးအစားဖြစ်ပါသည်။ တမာ၏ အာနိသင်မှာ အေး၍ လေ၊ သလိပ်နှင့် သည်းခြေကိုအားကောင်းစေပါသည်။ တမာပင်၏အပွင့်မှာ တပေါင်းလမှ ကဆုန်လအထိပန်းပွင့်ပြီး ပန်းရနံ့မှာ သင့်ပျံ့မွှေးကြိုင်ပါသည်။ တမာရွက်တွင် အသားဓာတ်၊ ရေငွေ့ဓာတ်၊ ထုံးဓာတ်တို့ပါဝင်ပြီး ၎င်းသည် အင်းဆက်ပိုးအပါအဝင် ဘက်တီးရီးယားမှိုရောဂါများကိုပါ ပျောက်ကင်းစေပါသည်။ မီးလောင်နာ စသည့်အနာများကို တမာရွက်ပြုတ်ရည်ဖြင့် ဖန်ရေဆေးနိုင်ပြီး တမာရွက်ပြုတ်ရည်ကို အနာလိမ်းပေးပါက ပိုမဝင်စေဘဲအနာအမြန်ကျက်စေပါသည်။

       ချောင်းဆိုးလျှင်လည်း တမာရွက်ပြုတ်ရည်ကိုသောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ ကလေးများသည် ရေကျောက်၊ ယားနာများပေါက်လျှင် တမာရွက်ပြုတ်ရည်နှင့် ရေအေးစပ်ပြီး ရေချိုးပေးလျှင် သက်သာပျောက်ကင်းစေပါသည်။ တမာရွက်ကို ပြုတ်စားခြင်းဖြင့် အရသာခံ အာရုံမကောင်းခြင်းကိုသက်သာစေပြီး ဝမ်းချုပ်ခြင်း ၊ အစာမကျေခြင်းတို့ကိုသက်သာစေပါသည်။  ရင်ပူခြင်းကင်းပြီး ခုခံအားကိုလည်း ကောင်းမွန်စေပါသည်။ ယခုရာသီတွင် တမာရွက်အနုလေးများထွက်ပေါ်လာပြီး အစိမ်းနုရွက်အခက်ကလေးများကိုခူးယူကာ ရေနွေးထဲတွင် ထည့်ပြုတ်ပြီး အဝါရောင် အဖြစ်ရရှိလျှင် ဈေးကွက်အတွင်းရောင်းချပါသည်။ ရာသီစာ စားစရာအဖြစ် ထမင်းပွဲများတွင် ဟင်းအရန်အဖြစ် ခရမ်းချဉ်သီးငါးပိချက်နှင့် တမာရွက်ပြုတ်ကို တွဲဖက်၍စားသုံးနိုင်သကဲ့သို့ ငါးငပိရေကျို ငရုတ်သီးစပ်စပ်ဖြင့်လည်း တမာရွက်ပြုတ်အနုကလေးများကို တို့စရာအဖြစ် ထမင်းဝိုင်းများတွင် စားသောက်ကြသည့်ဓလေ့ရှိပါသည်။ ဈေးကွက်အတွင်း၌ တမာရွက်ပြုတ် အခက်(၃)ခက်ပါတစ်စည်း လျှင် (၂၀၀) ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း၌ ရောင်းချကြောင်းသိရှိရပါသည်။ တမာပင်များအား အိမ်တိုင်းတွင် စိုက်ပျိုးကြပါသည်။ တမာပင်အမျိုးအစား (၂)မျိုးရှိကြောင်း သိရှိရပါသည်။ ရေတမာ (သို့မဟုတ်) ဒေသအခေါ် အညာတမာဟုသိရှိရပြီး ရေတမာပင်ကို အရိပ်ရပင်အဖြစ်အသုံးပြုပြီး အညာတမာကို တို့စရာအဖြစ် အသုံးပြုစားသောက်ရာတွင်လည်းကောင်း၊ ဆေးဖက်ဝင်အဖြစ်အသုံးပြုရသည်မှာ အညာတမာပင်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)

                                               

တစ်နိုင်တစ်ပိုင်ဝင်ငွေတိုး စိုက်ပျိုးရေးကောက်ရိုးမှို

    ကောက်ရိုးမှိုသည် မြန်မာလူမျိုးများနှစ်သက်စွာစားသုံးသော အစားအစာတစ်မျိုးဖြစ်သည်။ ကျေးလက်ဒေသများတွင် (ကောက်ရိုးပုံ၊ ရိုးပြတ်ပုံ) စုပုံထားရှိရာမှ ဆွေးမြေ့လာပြီး အလိုအလျောက် ကောက်ရိုးမှိုပွင့်မျာ းထွက်ပေါ်လာသည်ကိုတွေ့ရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသောကောက်ရိုးမှိုများမှာ စိုက်ပျိုးရေးမှိုများဖြစ်ပါသည်။ ကောက်ရိုးမှိုသည် စိုက်ပျိုးရလွယ်ကူပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးရန်အတွက် သန့်ရှင်းခြောက်သွေ့သောကောက်ရိုးထုံး (သို့) ရိုးပြတ်များကို ပထမဦးဆုံးရေစိမ်ရပါသည်။ ရေစိမ်ရာတွင်လည်း ကောက်ရိုးများ၊ ရိုးပြတ်များ ရေစိုနစ်နေစေရန်အတွက် နွေရာသီတွင်စိုက်ပျိုးလျှင် (၆)နာရီ၊ မိုးရာသီတွင် စိုက်ပျိုးရာလျှင် (၃၀)မိနစ်နှင့် ဆောင်းရာသီတွင်စိုက်ပျိုးလျှင် (၁)နာရီခန့်ကြာသည်အထိ ရေထဲတွင်စိမ်ထားရပါသည်။ မှိုစိုက်ရန်အတွက် ရေမဝပ်သောနေရာများကိုရွေးချယ်ရပြီး အရိပ်ရပြီး လေဝင်လေထွက်ကောင်းသောနေရာမျိုးများတွင် ပိုမိုသင့်တော်ပါသည်။ ရေစိမ်ပြီး ကောက်ရိုးထုံးများအား အရင်းပိုင်းကို အပြင်ဘက်တွင်ထား၍ အဖျားပိုင်းကို အတွင်းဘက်တွင်ယှဉ်ထပ်ကာ အတန်းလိုက် နေရာလပ်မရှိအောင် စီချထားရပါသည်။ ပိပြားစေရန် ရေအနည်းငယ်ဖျန်းပြီး တက်နင်းပေးရပါသည်။ မှိုမျိုးစေ့ထုပ်များအား ခွက်တစ်ခုအတွင်း၌ဖြည်ထည့်ကာ မြေဆွေးများ၊ ဖွဲနုများနှင့် သမအောင်ရောနှောမွေပြီး ထားရပါသည်။ ၎င်းနောက် မှိုစိုက်ပျိုးရန်အတွက် အသင့်ပြုလုပ်ထားသော ကောက်ရိုး(သို့)ရိုးပြတ်ပုံများပေါ်သို့ ဖြန့်ကြဲပေးရပါသည်။ မှိုပုံထားသောကောက်ရိုးပုံများပေါ်တွင် ပလတ်စတစ်အကြည်ပါးလေးဖြင့် ဖုံးအုပ်ပေးထားရပါသည်။ စိုက်ပျိုးပြီး (၄-၅)ရက် အကြာတွင် ရေစတင်လောင်းပေးရပါသည်။ ထို့နောက် (၇-၁၀)ရက်အတွင်း၌ ဆန်ကွဲစေ့သဏ္ဌာန် မှိုခဲလေးများကို စတင်မြင်တွေ့ရပါသည်။ နေ့စဉ် နံနက်ပိုင်းအချိန်တွင် ပလတ်စတစ်ကို (၁၅)မိနစ်ခန့် လှပ်ထားပေးရပါသည်။ မှိုများကို (၁၅)ရက်ကြာလျှင် ဆွတ်ခူးနိုင်ပါသည်။ (၃)ရက်ဆက်တိုက်ခန့်နုတ်ယူပြီးလျှင် မှိုပုံထားသောမှိုပုံပေါ်မူတည်ပြီး (၃)ပိဿာမှ (၁၂)ပိဿာအထိထွက်ရှိပါသည်။ ဈေးကွက်အတွင်း ရောက်ရှိလာသောကောက်ရိုးမှိုများကို မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် စိုက်ပျိုး၍သော်လည်းကောင်း၊ စီးပွားဖြစ်စနစ်တကျစိုက်ပျိုး၍သော်လည်းကောင်း အသီးသီးစိုက်ပျိုးကြပါသည်။

      ရွှေတောင်မြို့နယ်နှင့် ပြည်မြို့နယ်ဒေသများအတွင်းရှိ ကျေးလက်ဒေသများတွင် စိုက်ပျိုးကြောင်းသိရှိရပါသည်။ ကောက်ရိုးမှိုများအား ကန်စွန်းရွက်ဖြင့် ရောနှောကြော်ချက်စားသောက်ရာတွင် နူးညံ့ပြီးချိုသော အရသာရှိပါသည်။ ဈေးကွက်အတွင်းရောင်းချသောကောက်ရိုးမှိုများမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မန်ကျည်းမှည့် ဈေးအနည်းငယ်ကျလာ

       ယခုအပတ်၌ ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ပန်းတောင်း၊ ရွှေတောင်၊ ဝက်ထီးကန်နှင့် ပြည်ခရိုင်အတွင်းရှိဒေသစုံတွင် တစ်နေ့လျှင် မန်ကျည်းမှည့် ပိဿာ(၃၀)ဝင်အိတ်  (၂၀၀၀/၃၀၀၀)အိတ်ခန့်ဝင်ရောက်လျက်ရှိပါသည်။ လှောင်လက်သမားများအဝယ်ရှိနေပြီး လက်လီသမားတို့လည်း အဝယ်လိုက်နေသောကြောင့် အရောင်းအဝယ်မှာ ကောင်းသော်လည်း ဈေးအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ ယခုအပတ်၌ မန်ကျည်းမှည့်သစ် (ပွဲရုံ) ဈေးနှုန်းမှာ အစေ့ပါတစ်ပိဿာလျှင် (၁၂၀၀)ကျပ်နှင့် အစေ့မပါအသားချည်းဈေးနှုန်းမှာ (၂၄၀၀-၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ဒေသတွင်း လက်လီဈေးနှုန်းမှာ အစေ့ပါတစ်ပိဿာလျှင် (၁၃၀၀)ကျပ်နှင့် အစေ့မပါတစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် မြေပဲဆံဈေးများမြင့်တက်လာသလို မြေပဲဆီဈေးနှုန်းလည်းမြင့်တက်လာ

     ပြည်ဈေးကွက်သို့ ယခုဖေဖော်ဝါရီလ ဒုတိယပတ်တွင် မြေပဲဆံများကို ရွှေတောင်(ကျွန်းတဲ)၊ ကံမနှင့် မင်းတုန်းဘက်မှ နေ့စဉ်ဝင်ရောက်မှုမရှိဘဲ ရက်ခြားသာဝင်ရောက်မှုရှိပြီး တစ်ခါဝင်ရောက်လျှင် အိတ်(၂၀၀၀)ခန့်ဝင်ရောက်မှုရှိကြောင်းသိရှိရပါသည်။ ဝင်ရောက်လာသည့်မြေပဲဆံများကို ဒေသတွင်း ဆီစက်လုပ်ငန်းရှင်နှင့် ပဲကြော်ဖိုသမားများက အဝယ်ရှိသည့်အပြင် အညာဒေသဖြစ်သော မကွေး၊ မြင်းခြံ၊ ပခုက္ကူနှင့် မန္တလေးဘက်မှလည်း ဝယ်ယူမှုရှိသဖြင့် ဝင်သလောက် အရောင်းအဝယ်ဖြစ်ပါကြောင်းသိရှိရပါသည်။ မြေပဲဆံဝယ်လိုအားကောင်းလာသဖြင့် ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ပါသည်။ ယခုအပတ်၌ မြေပဲဆန်ဈေးများမှာ ဆီကြိတ်မြေပဲဆံ (အဖြူ) တစ်ပိဿာလျှင် (၅၆၀၀) ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၆၆၀၀)ကျပ်ဖြင့် ယခင်အပတ်ကထက်စာလျှင် ကျပ် (၁၀၀၀)ဝန်းကျင်ခန့်ဈေးမြင့်တက်လာခဲ့ပါသည်။ ထို့အတူ မြေပဲလုံးဆံဈေးနှုန်းမှာ (အဖြူ) တစ်ပိဿာလျှင် (၆၁၀၀) ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၇၁၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် ကျပ်(၅၀၀)ခန့်ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ မြေပဲဆံဈေးနှုန်းမှာ မြင့်တက်လာခဲ့သဖြင့် မြေပဲဆီဈေးနှုန်းလည်း မြင့်တက်လာခဲ့ပါသည်။ မြေပဲဆီဈေးမှာ ယခုအပတ်တွင် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဈေနှုန်းအထိမြင့်တက်လာခဲ့ပါသဖြင့် ယခင်လတွင် မြေပဲဆီတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ဈေးရှိခဲ့၍ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နှစ်ပတ်တစ်ကြိမ် ဖြန့်ဝေသည့် ကုန်စည်ဒိုင်သတင်းလွှာ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နှစ်ပတ်တစ်ကြိမ် ဖြန့်ဝေသည့် ကုန်စည်ဒိုင်သတင်းလွှာ အမှတ်စဉ်(၃/၂၀၂၃)အား ပေးပို့တင်ပြအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နှစ်ပတ်တစ်ကြိမ် ဖြန့်ဝေသည့် ကုန်သွယ်မှုသတင်းလွှာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နှစ်ပတ်တစ်ကြိမ် ဖြန့်ဝေသည့် ကုန်သွယ်မှုသတင်းလွှာ အမှတ်စဉ်(၃/၂၀၂၃)အား ပေးပို့တင်ပြအပ်ပါသည်။

ပြည်တွင်း ကြက်သွန်နီ လက်ကားဈေးနှုန်း၊ မြို့နယ်အလိုက် လက်လီ/လက်ကားဈေးနှုန်း၊ လက်ကျန်အခြေအနေနှင့် သုံးသပ်ချက်များ

       ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုအခြေအနေ၊ ၁-၂-၂၀၂၃ ရက်နေ့မှ ၁၅-၂-၂၀၂၃ ရက်နေ့ထိ ပြည်တွင်း ကြက်သွန်နီ လက်ကားဈေးနှုန်း၊ မြို့နယ်အလိုက် လက်လီ/လက်ကားဈေးနှုန်း၊ လက်ကျန်အခြေအနေနှင့် သုံးသပ်ချက်များအား ပူးတွဲ တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

         တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

      တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း