Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“အညာဒေသထွက် မကျည်းတောပဲမြစ်”

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျေးလက်ဒေသများ၌ ပဲမြစ်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျှက် ရှိရာ တံတားဦးမြို့နယ်၊မကျည်းတောကျေးရွာတွင် အများဆုံးစိုက်ပျိုးလျှက်ရှိပါသည်။ မကျည်းတော ကျေးရွာမှ တောင်သူများသည် ပဲမြစ်အား ဘိုးစဉ်ဘောင်ဆက် အဆက်ဆက်ကနေ ယနေ့အချိန်ထိ စိုက်ပျိုးလာခဲ့ကြောင်း ၊ ၄င်းရွာမှထွက်ရှိသော ပဲမြစ်များသည် အခြားဒေသများမှ ထွက်ရှိသော ပဲမြစ်များထက် အရွယ်အစားသေးငယ်ပြီး အရသာမှာဆိမ့်ပြီးစေးပိုင်နေသောကြောင့် ဆောင်းရာသီ ပဲမြစ်ပေါ်ချိန်တွင်တံတားဦးဒေသထွက်မကျည်းတောပဲမြစ်မှာလူသိများထင်ရှားပါသည်။ထွက်ရှိလာသော ပဲမြစ်များအား အင်းဝဒေသရှိ ဘုရားစေတီပုထိုးများ နှင့် ရှေးဟောင်းအမွေအနှစ်များသို့လာ ရောက်လေ့လာဖူးမြှော်ကြသော ခရီးသွားပြည်သူများ ၊ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်နှင့် အနယ်နယ်အရပ်ရပ်ရှိမြို့ကြီးများသို့တင်ပို့ရောင်းချလျှက်ရှိပါသည်။ပဲမြစ်ကိုစိုက်ပျိုးရာ၌ စနယ်မြေ အမျိုးအစား မြေပေါ်တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး တောင်သူအများစုမှာ နှစ်စဉ် သြဂုတ်လတွင် စိုက်ပျိုး၍ ဒီဇင်ဘာလနှင့်ဖေဖော်ဝါရီလများတွင် တူးဖော်ရောင်းချကြကြောင်း သိရှိရပါသည်။ စိုက်ပျိုးရာတွင် ဘောင်များ ဖြင့်ပြုလုပ်၍ အစေ့ချစိုက်ပျိုးပြီး မျိုးအနေဖြင့် တစ်ဧက(၂)တင်းနှုန်းခန့်ကုန်ကျကြောင်း၊ ပဲမြစ်မျိုး အနေဖြင့် ဝက်ဝံမျိုး၊ မလှိုင်မျိုးများကိုသာ အများဆုံးစိုက်ပျိုးပြီး တစ်တင်းလျှင် (၁၅၀,၀၀၀-၂၀၀,၀၀၀)ကျပ်ရရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၆၀၀,၀၀၀/-)ဝန်းကျင်ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှပိဿာ(၁၄၀၀၊၁၅၀၀)ခန့်ထွက်ရှိကြောင်း ​၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ပဲမြစ်စိုက်တောင်သူ အနည်းငယ်သာရှိသောကြောင့် ပဲမြစ်တစ်ပိဿာ စျေးနှုန်းမှာ (၁၀၀၀-၁၂၀၀)ကျပ် ရရှိရာမှ ယခုနှစ်တွင် ပဲမြစ်စိုက်တောင်သူများလာ၍ ပဲမြစ်တစ်ပိဿာ စျေးနှုန်းမှာ (၇၀၀-၉၀၀)ကျပ် ရှိခဲ့ရာ တောင်သူများအနေဖြင့် တစ်ဧကလျှင် အကျိုးအမြတ် (၅၀၀,၀၀၀)ကျပ် ဝန်းကျင် ခန့်ရရှိကြောင်း ပဲမြစ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 “မိတ္ထီလာမြို့နယ်တွင် ဆိတ်မွေးမြူးရေးလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်လာ’’

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၇.၁.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မိတ္ထီလာမြို့နယ် အင်းပက်လက်ကျေးရွာနှင့် ရေချို ကျေးရွာ တို့ရှိ ဆိတ်မွေးမြူရေးလုပ်ငန်းရှင် တောင်သူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

            မိတ္ထီလာမြို့နယ်၊ အင်းပက်လက်ကျေးရွာနှင့် ‌ရေချိုကျေးရွာရှိတောင်သူများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အများအားဖြင့် စပါး၊နှမ်း၊မြေပဲ၊ကုလားပဲ၊ ပဲစဉ်းငုံ၊ ဝါသီးနှံများကို အများဆုံး စိုက်ပျိုးကြသည်။ ယခုအခါတွင် စိုက်ပျိုးရေးလုပ်ငန်းအပြင် ဆိတ်မွေးမြူရေးလုပ်ငန်းကို အဓိကထား၍ တွဲဖက် လုပ်ကိုင်လာကြသည်ကို တွေ့ရကြောင်း သိရှိရပါသည်။ အင်းပက်လက်ကျေးရွာတွင် အိမ်ခြေ(၃၅၀)ရှိပြီး ဆိတ် မွေးမြူကြသည့် တောင်သူ (၅၃)ဦးနှင့် ရေချိုကျေးရွာတွင် အိမ်ခြေ(၅၀၁) ရှိပြီး ဆိတ်မွေးမြူသည့် တောင်သူ (၄၀)ဦးခန့်ရှိကြောင်း၊ ထိုကျေးရွာများတွင် ဆိတ်မွေးမြူရေးလုပ်ငန်းကို အများအားဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူ ကြပြီး အစာဝယ်မကျွေးရပဲ တောထဲလွှတ်ကျောင်းသည့်စနစ်ဖြင့် မွေးမြူကြပြီး၊ မွေးမြူသူ (၁)ဦးတွင်အနည်းဆုံး ဆိတ်အကောင် ရေ(၂၀မှ ၅၀ထိ) မွေးမြူကြကြောင်း သိရှိရသည်။ ဆိတ်မွေးမြူရေးလုပ်ငန်းကို အစာဝယ်ကျွေး သည့် စနစ်ဖြင့် စီးပွားဖြစ်လုပ်ကိုင်သည့် မွေးမြူရေးလုပ်ငန်းရှင် တောင်သူ(၃)ဦးရှိကြောင်း၊ ၁ ဦးလျှင် ဆိတ် အကောင်ရေ (၂၀၀မှ ၃၀၀ထိ) မွေးမြူကြကြောင်း သိရှိရပါသည်။

            ဆိတ်မွေးမြူရာတွင် အသားတိုးဆိတ်နှင့် မျိုးပွားဆိတ်ဟူ၍ ခွဲခြားမွေးမြူထားကြကြောင်း၊ အသားတိုး ဆိတ်များကို မွေးမြူရာတွင် ဆိတ်ထီးနှင့် ဆိတ်မများကို သီးသန့်ခွဲခြားထားမွေးမြူကြကြောင်း တွေ့ရှိရပြီး၊ တစ် နှစ်မွေးမြူပါက ၃၅ ပိဿာအထိကြီးထွားမှုရှိကြောင်း၊ မျိုးပွားဆိတ်အဖြစ်မွေးမြူထားသော ဆိတ်များမှာ ၁ နှစ်လျှင် ၂ သား ပုံမှန် မွေးဖွားကြောင်းသိရပြီး တစ်ခါမွေးလျှင် (၁ ကောင်မှ ၂ ကောင် ၃ ကောင်အထိ) သားပေါက်များ မွေး ဖွားနိုင်ကြောင်း သိရှိရပါသည်။ အသားတိုးဆိတ်ကြီး (ကစီး)မျိုး ၁ နှစ်ခွဲ အရွယ်ကို (၁၀၀၀၀၀) ကျပ် စျေးပေး၍ ပခုက္ကူ၊ ညောင်ဦးမြို့နယ်များဘက်မှ မျိုးအဖြစ်ဝယ်ယူမွေးမြူကြပြီး မျိုးပွားဆိတ်သေး ၁ နှစ်သား အရွယ်ကို (၇၅၀၀၀) ကျပ်စျေးဖြင့် မြို့နယ်တွင်းမှ ဝယ်ယူမွေးမြူကြရကြောင်း သိရှိရပါသည်။ ဆိတ်အကောင်ရေ (၅၀)ခန့် မွေးမြူနိုင်သော ဆိတ်ခြံ (၁) ခြံ တည်ဆောက်ရန် (၁၅)သိန်းကျပ်ခန့် ကုန်ကျမှာဖြစ်ကြောင်း၊ အသားတိုးဆိတ် ကြီးမျိုးများ စတင်မွေးမြူလျှင် ဆိတ်တန်ဖိုးနှင့်ခြံတန်ဖိုးပေါင်း (၆၅) သိန်းကျပ်ခန့် ကုန်ကျနိုင်ပြီး ဆိတ်သေးမျိုး (မျိုးပွား) စတင် မွေးမြူလျှင် ဆိတ်တန်ဖိုးနှင့် ခြံတန်ဖိုးပေါင်း (၅၂) သိန်းကျော်ကုန်ကျနိုင်ကြောင်း ဆိတ်မွေးမြူ ‌ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

            အစာဝယ်ယူကျွေးမွေးရသော မွေးမြူ‌ရေးဆိတ်များအတွက် အစာအဖြစ် ဇီးသီးကြိတ်ဖက်၊ ဝါစေ့ကြိတ် ဖက်၊  ပဲအနှစ်နှင့် ကုလားပဲအခွံများကို ရောနယ်၍ကျွေးရပါသည်။ ဇီးကြိတ်ဖက်နှင့် ဝါစေ့ကြိတ်ဖက်များကို ပခုက္ကူမြို့နယ်ဘက်မှ ဝယ်ယူရပြီး ပဲအနှစ်နှင့် ကုလားပဲအခွံများကို မိတ္ထီလာမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ ပဲခွဲ စက်များမှ ဝယ်ယူကြရကြောင်း သိရှိရပါသည်။ ဇီးကြိတ်ဖက် ၁ အိတ်လျှင် ၂၀၀၀ ကျပ်၊ ဝါစေ့ကြိတ် ဖက် ၁ အိတ်လျှင် ၁၅၀၀၀ ကျပ်၊ ပဲအနှစ် ၁ ပိဿာလျှင် ၁၀၀၀ ကျပ်၊ ကုလားပဲအခွံ ၁ ပိဿာလျှင် ၇၅၀ ကျပ် စျေးနှုန်း ဖြင့် ဝယ်ယူကြရကောင်း သိရှိရပါသည်။

            ဆိတ်များသည် မိုးတွင်းကာလတွင် ရာသီဥတုဒဏ်မခံနိုင်၍ ပိုမို ဂရုစိုက်ရကြောင်း၊ ဆိတ်များရောင်းချ ရာတွင်အကောင်ပြတ်စနစ်ဖြင့် ၁ ပိဿာလျှင် ၆၀၀၀ ကျပ်စျေးဖြင့်ရောင်းချကြကြောင်းသိရှိရပါသည်။ မိတ္ထီလာ မြို့ (နွားပွဲ/ဆိတ်ပွဲ)စျေးသို့လည်းကောင်း ရန်ကုန်၊ မော်လမြိုင်၊ မန္တလေးမြို့များသို့လည်းကောင်း တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။ ဆိတ်တစ်ကောင်သည် ၁ နှစ်လျှင် (၄ ကောင်မှ ၆ ကောင်အထိ) မျိုးပွားနိုင်၍ တွက်ခြေ ကိုက်သဖြင့် အချို့မိသားစုများသည် ဆိတ်မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြကြောင်း သိရှိရ ပါသည်။

            မိတ္ထီလာမြို့နယ်၊ အင်းပက်လက်ကျေးရွာနှင့် ရေချိုကျေးရွာရှိ ဆိတ်မွေးမြူရေးလုပ်ငန်းသည် ယခုလို Covid-19 ကာလအတွင်းနှင့် Covid-19 အလွန်ကာလများတွင် အခြားစီးပွား‌ရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှပ်နှံချိန်ကာလ တိုတောင်းပြီး အချိန်တိုအတွင်း တွက်ခြေကိုက်၍ ဝင်ငွေရရှိနိုင်သော လုပ်ငန်းတစ်ခုဖြစ် သည့်အတွက်ကျေးရွာနေပြည်သူများသည် တိုးချဲ့မွေးမြူလုပ်ကိုင်လာကြသည်ကိုတွေ့ရှိရပြီး နိုင်ငံတော်အတွက် စီးပွားရေးအလားအလာကောင်းသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 “စိုက်ပျိုးသူတောင်သူများ အကျိုးဖြစ်ထွန်းနေသော Hybrid ဒန့်သလွန်”

            မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဖြိုးဓနလင်း၊ဒု-ဦးစီးမှူး သည် ဝမ်းတွင်းမြို့ စိုက်ကွင်း (၁) ကျေးရွာသို့ ကွင်းဆင်း၍ အိန္ဒိယဒန့်သလွန် စိုက်ပျိုးသော တောင်သူဦးမြအေးနှင့် စိုက်ပျိုးထုတ်လုပ်မူ အခြေအနေများကိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။

            ဒန့်သလွန်ပင်သည် အပူပိုင်းသီနှံဖြစ်သော်လည်း တောင်ပေါ်မြေပြန့်မရွေးဖြစ်ထွန်းသဖြင့် ရာသီဥတု မရွေးစိုက်ပျိုးနိုင်သောအပင်ဟုဆိုနိုင်ကြောင်း၊ ဒန့်သလွန်ပင်ဟာ သဲဆန်လွန်းသောမြေနှင့် ကျောက်စရစ်မြေများမှလွဲ၍ မြေ မ‌ရွေးဖြစ်ထွန်းသော အပင်ဖြစ်ကြောင်း၊ ဒန့်သလွန်စိုက်ပျိုးရန် ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေ စေးများတွင် အကောင်းဆုံးဖြစ်ကြောင်း၊ ဒန့်သလွန်ပင်ကို ကိုင်ဖြတ်၍သော်လည်းကောင်း၊ အစေ့တိုက်ရိုက်မြေချ၍သော်လည်းကောင်း၊ ပျိုးထောင်၍သော်လည်းကောင်း စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

            ဒန့်သလွန်မျိုးမှာ အိန္ဒိယမျိုးဖြစ်၍ အစေ့တစ်စေ့လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူပျိုးထောင်စိုက်ပျိုးခဲ့ ကြောင်း၊ ဒန့်သလွန် တစ်ဧကလျှင် (၄၃၅) ပင် (၁၀'x ၁၀') ခြား စိုက်ပျိုးဝင်ဆန့်ပါကြောင်း၊၂၀၁၉ ခုနှစ်တွင် ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ယခု ၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။ တစ်ဧကကုန်ကျစရိတ် ၂ သိန်း ခန့်  ကုန်ကျပြီး နှစ်အနည်းငယ်အတွင်း အကျိုးဖြစ်ထွန်းသော ဒန့်သလွန်ပင်ဖြစ်ကြောင်း သိရှိရပါသည်။

            မိတ္ထီလာခရိုင်အတွင်း ဝမ်းတွင်းမြို့နယ် စိုက်ကွင်း (၁) ကျေးရွာနှင့် သာစည်မြို့နယ် မြိုင်သာကျေးရွာတွင် ဒန့်သလွန်စိုက်ဧက ၃ ဧကစီ၊ စုစုပေါင်း ၆ ဧက စိုက်ပျိုးထားကြောင်းနှင့် အမျိုးအစားအနေဖြင့် အိန္ဒိယမျိုး (P.K.M.I) ကို စိုက်ပျိုးကြောင်းသိရှိရပါသည်။ စိုက်ပျိုးပြီးအပင်သက်တမ်း ၇ လ ၈ လကြာလျှင် အသီးခူးဆွတ် နိုင်ကြောင်း၊ အပင်သက်တစ်နှစ်ဝန်းကျင်ကျော်ရှိသော ဒန့်သလွန်ပင်တစ်ပင်လျှင် တစ်နှစ်လျှင် အတောင့် (၁၂၀/ ၁၅၀)ဝန်းကျင်ထိ ထွက်ရှိကြောင်း၊ အပင်သက်တမ်းအနေဖြင့် (၅/၆)နှစ်ခန့် ခူးဆွတ်နိုင်ကြောင်းသိရှိရပါသည်။ ဒန့်သလွန်ပင်သည် ၁ နှစ်တွင် ၂ ကြိမ်ခူးဆွတ်ရပြီး၊ ဒန့်သလွန် ၁ ဧက လျှင် (၄၃၅) ပင်အား တစ်နှစ် ခြံအပြတ်စနစ် (၆၅) သိန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ထွက်ရှိသော ဒန့်ဒလွန်သီးများအား မန္တလေး၊ တောင်ကြီး၊ နေပြည်တော်၊ ရန်ကုန်၊ မြဝတီ စျေးကွက်များသို့ တင်ပို့ရောင်းချကြောင်း လေ့လာသိရှိရပါသည်။

            ဒန့်သလွန်သီးပင်သည်ယခုအချိန်တွင် စျေးကွက်ရောင်းဝယ်အားကောင်းပြီး စိုက်ပျိုးသူ တောင်သူများ အနေဖြင့် အကျိုးစီးပွားဖြစ်ထွန်းသော သီးနှံတမျိုးဖြစ်၍ ပိုမို စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း စိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံမေးမြန်းမူ့အား တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

၁.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၃၁.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၃၁.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ကျောက်ပန်းတောင်းမန်ကျည်းဈေးခပ်အေးအေး

             မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် မန်ကျည်းအများဆုံးစိုက်ပျိုးထွက်ရှိရာ မြို့နယ်ဖြစ်သည့်အလျောက် စိုက်ပျိုးဧက(၁၅၆၀) ဧက၊အိမ်ခြံမြေ ဥယျာဉ် စိုက်ဧကမှာ(၇၈၉)ဧက၊ အလေ့ကျပေါက်ပင်ဧကမှာ(၇၇၁)ဧကဖြစ်၍ စုစုပေါင်း(၃၁၂၀)ဧက ရှိကြောင်း သိရှိရပါသည်။ကမ္ဘာပေါ်တွင် မန်ကျည်းကို အိန္ဒိယနိုင်ငံမှ အများဆုံးစိုက်ပျိုးထွက်ရှိပြီး မြန်မာနိုင်ငံသည် ဒုတိယ အများဆုံးထွက်ရှိသော နိုင်ငံဖြစ်ပါသည်။မကျီးပင်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး ရာသီဥတုအရမ်းပူပြင်းခြင်း၊ မိုးဦးနောက်ကျခြင်းတို့ကြောင့်လည်း အသီးအထွက်နှုန်း လျော့ကျတတ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း မကျီးအများဆုံးထွက်ရှိသောမြို့များမှာ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့်မြို့များဖြစ်ကြပြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်း အဓိက ထွက်ရှိသော ကျေးရွာများမှာ ပုပ္ပား၊သံဘို၊ဆည်ပေါက်၊ညောင်ကန်၊မြောက်တော၊ချိုင်း၊ပုပ္ပားလွင်၊ဆုံကုန်း စသည့် ကျေးရွာတို့မှာ အများဆုံးထွက်ရှိကာ ပုပ္ပားကျေးရွာမှထွက်ရှိသော မန်ကျည်းမှာ အရည်အသွေး အကောင်းမွန်ဆုံး ဖြစ်ကြောင်းသိရပါသည်။ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ဇန်နဝါရီလ နောက်ဆုံးပါတ်မှစတင်၍ မန်ကျည်းကို အသား၊အလုံး၊ဓားဆင်း အဖြစ်စတင်ကာ ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်ကြပါသည်။

          ၂၀၂၀ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် မန်ကျည်းအထွက်ပိဿာပေါင်း (၂၅၀၀၀၀၀)ကျော်သာ ထွက်ရှိခဲ့ကြောင်း သိရပါသည်။မကျီးများစတင်ပေါ်ထွက်ချိန်ဖြစ်သည့် ဇန်နဝါရီလတွင် မန်ကျည်းအသား အစေ့လွတ်(ထိပ်စ) တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၊အလတ်စ တစ် ပိဿာလျှင်(၃၂၀၀)ကျပ်၊အောက်စ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ မကျီးအလုံး(အကြောပါ) တစ်ပိဿာလျှင် (၁၆၀၀)ကျပ်၊အလုံး(အကြောမပါ)တစ်ပိဿာလျှင် (၁၂၅၀)ကျပ်ဖြင့် စတင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး နှစ်ကုန်ဒီဇင်ဘာလ၌ မန်ကျည်းအသား အစေ့လွတ် (ထိပ်စ)တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊အလတ်စ တစ်ပိသာလျှင် (၃၂၀၀)ကျပ်၊အောက်စ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် အကြော မပါအလုံးတစ်ပိဿာလျှင် (၁၉၅၀)ကျပ်တို့ဖြင့် ဈေးပိတ်ခဲ့ပါသည်။

          ၂၀၂၁ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် မန်ကျည်းအထွက်ပိဿာ (၃၅၀၀၀၀၀)  ခန့်ထွက်ရှိခဲ့ကြောင်း သိရှိရပြီး စတင်ပေါ်ချိန်တွင် မန်ကျည်းအသား အစေ့လွတ် (ထိပ်စ) တစ်ပိဿာ (၂၃၀၀)ကျပ်၊အလတ်စ တစ်ပိဿာ (၂၂၅၀)ကျပ်နှင့် အောက်စတစ်ပိဿာ (၂၂၀၀) ကျပ်တို့ဖြင့် စတင်၍အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ဒီဇင်ဘာလတွင် အသားအစေ့လွတ်ထိပ်စ တစ်ပိဿာ(၂၇၅၀) ကျပ် ၊ အလတ်စ (၂၆၀၀) ကျပ်၊  အောက်စ (၂၂၀၀) ကျပ် တို့ဖြင့် ရောင်းချခဲ့ပြီး ၂၀၂၁ ခုနှစ်၏ မန်ကျည်းအသားအစေ့လွတ်လက်ကျန်ပိဿာမှာ(၆၀၀၀၀၀)နှင့် မန်ကျည်းအလုံး (အကြောမပါ) မှာ (၄၀၀၀၀၀) ပိဿာခန့် ကျန်ရှိကြောင်းသိရှိရပြီး ယနေ့ဈေးကွက်အတွင်း မန်ကျည်းအဟောင်း အသား (ထိပ်စ) တစ် ပိဿာလျှင် (၂၈၀၀)ကျပ်၊ အလတ်စ(၂၅၀၀)ကျပ် ၊အောက်စ (၂၄၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။၂၀၂၂ ခုနှစ် ဈေးကွက်အတွင်း မန်ကျည်းများ ဝင်ရောက်နေပြီဖြစ်ရာ ပုပ္ပား မန်ကျည်းအသစ်မှာ ထိပ်စတစ်ပိဿာ(၄၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာ(၃၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်စတင်ပြုလုပ်လျက်ရှိပြီး တစ်ရက်လျှင် အဝင်ပိဿာ (၂၀၀-၃၀၀)ခန့် ဝင်ရောက်နေပြီဖြစ် ကြောင်း သိရှိရပါသည်။ မကျီးအရောင်း အဝယ်မှာလည်း ယနေ့ချိန်တွင် ပြည်ပသို့တင်ပို့ ရောင်းချနိုင်ခြင်း မရှိသေးကြောင်း၊ပြည်တွင်း ဈေးကွက်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့များသို့ အဓိကတင်ပို့ကြပြီး တစ်ပါတ်လျှင် ကုန်ချိန်ပိဿာ(၇၀၀၀) မှ (၁၀၀၀၀) ပိဿာထိသာ တင်ပို့ရောင်းချနေကြောင်း သိရှိရပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း ဒေသခံ မန်ကျည်းကုန်သည် တစ်ဦးထံမှ သိရှိရပါသည်။ မန်ကျည်းအား တန်ဖိုးမြှင့် ထုတ်ကုန် (value added) အနေဖြင့် ထုတ်လုပ် တင်ပို့ရောင်းချမည်ဆိုပါက ဒေသတွင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်သလို ဝင်ငွေမှာလည်း တိုးတက်ရရှိနိုင်ပြီး ပြည်ပများမှဝင်ရောက်နေသော မန်ကျည်းအနှစ်၊မန်ကျည်းဖျော်ရည်၊ မန်ကျည်းတော်ဖီ၊ မန်ကျည်းပလိပ်ပြား စသည့်မန်ကျည်းထုတ် ကုန် ပစ္စည်းများအား အစားထိုးသုံးစွဲလာခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲရာတွင် ချွေတာရာရောက်မည် ဖြစ်၍ ကုန်သည်များမှ စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

မော်လမြိုင် ဘိလပ်နှင့်ဓါတ်မြေဩဇာဈေးကွက်

         မော်လမြိုင်မြို့၌ ယခုလဇန်နဝါရီစတုတ္ထအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေသည့် ဈေးနှုန်းများမှာ ယခင်အပတ်တွင် ကြံ့နှစ်ကောင်(အနီ) ၁ အိတ်လျှင် ကျပ် ၈၇၅၀၊ ဆင်(ထိုင်း) ၁ အိတ်လျှင် ကျပ် ၉၃၀၀၊ ကြံ့တံဆိပ် (အဝါ) ၁ အိတ်လျှင် ကျပ် ၈၂၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ၁ အိတ်လျှင် ကျပ် ၉၄၀၀၊ ဆင်(ထိုင်း) ၁ အိတ်လျှင် ကျပ် ၉၅၀၀၊ ကြံ့တံဆိပ်(အဝါ) ၁ အိတ်လျှင် ကျပ် ၈၅၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

        မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းမြင့်တက်၍ အရောင်းအေးလျက် ရှိပါသည်။ အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်တစ်ပတ်တွင် ကွန်ပေါင်း(မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅ မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၇၈၅၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၇၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) 15:15:15 မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၈၂၀၀၀၊ ပုလဲ(အသေး) ၄၆% မြန်မာ(MPE) မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၄၆၅၀၀၊ ပုလဲ (အသေး) ၄၆% တရုတ် (တောင်) မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၅၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၈၃၀၀၀၊ တီစူပါ တရုတ် (သံကွင်း)မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၄၉၀၀၀ ရှိခဲ့သည်။ ယခုအပတ်တွင် ကွန်ပေါင်း(မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅  မှာ ကျပ် ၈၂၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၈၃၃၀၀၊ ကွန်ပေါင်း(Thai Grow How) 15:15:15 မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၈၅၀၀၀၊ ပုလဲ(အသေး) ၄၆% မြန်မာ(MPE) မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၄၈၅၀၀၊ ပုလဲ (အသေး) ၄၆% တရုတ် (တောင်) မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၅၉၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၈၃၀၀၀၊ တီစူပါ တရုတ် (သံကွင်း) မှာ 50kg ပါ ၁ အိတ်လျှင် ကျပ် ၄၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိပါသည်။

DOCA(မွန်)

ပြည်ထောင်စုနယ်မြေ၊ မြေပဲဆံ၊ မြေပဲဆီ ဈေးကွက်အခြေအနေ

           ပြည်ထောင်စုနယ်မြေအတွင်း ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း မြေပဲဆံ(၁)ပိဿာ (၂၄၅၀)ကျပ်နှုန်းရှိခဲ့ပြီး မြေပဲဆီဈေးမှာ ဆီစက်ရှိ အရောင်းဆိုင်များတွင် (၁)ပိဿာ (၆၅၀၀)ကျပ်၊ အခြားကုန်စုံနှင့်တွဲဖက်ရောင်းဆိုင်များတွင် (၁)ပိဿာ (၇၀၀၀) ကျပ်ဈေးဖြစ်ပြီး ဒုတိယပတ်တွင် မြေပဲဆံ (၁)ပိဿာ (၂၆၀၀)ကျပ်နှုန်း ဖြစ်လာကြောင်း၊ ဆီဈေးတွင် ဆီစက်ရှိအ‌ရောင်းဆိုင်များတွင်(၁)ပိဿာ (၇၀၀၀)ကျပ်၊ အခြားဆိုင်များတွင် (၇၂၀၀)ကျပ်၊ တတိယပတ် တွင် မြေပဲဆံဈေး (၂၈၀၀)ကျပ်ဈေးအထိ မြင့်တက်လာသည်ကိုတွေ့ရပြီး မြေပဲဆီဈေးမှာ ဆီစက်ရှိအရောင်းဆိုင်များတွင် (၇၂၀၀)ကျပ်၊ အခြားဆိုင်များတွင် (၇၅၀၀) ကျပ်ဈေးတို့ဖြစ်ပေါ်ခဲ့ပါသည်။ ဇန်နဝါရီလ၏ နောက်ဆုံးပတ်အတွင်း (၂၈.၁.၂၀၂၂)နေ့တွင် မြေပဲဆံဈေး (၁)ပိဿာ(၂၉၅၀)ကျပ်ဈေးနှုန်း ရှိနေသည့်အနေအထားကို တွေ့ရှိရသော်လည်း မြေပဲဆီဈေး မြင့်တက်လာမှု မရှိခြင်းမှာ ပဲဖတ်ရောင်းချရမှုဈေးနှုန်း(၁)ပိဿာ (၁၀၀၀)ကျပ်မှ (၁၃၀၀)ကျပ်ဈေးနှုန်း ရရှိခြင်းကြောင့် ဖြစ်ပါကြောင်း သိရှိရပါသည်။

          ဈေးကွက်အတွင်းဝင်ရောက်မှုရှိနေသည့် ထုပ်ပိုးပုံစံလှပမှုရှိသော ပဲဆီဈေးနှုန်းတို့သည် (၁)ပိဿာ (၈၀၀၀)ကျပ်အထက်တွင်ရှိ၍ ဒေသတွင်းကြိတ်ခွဲမှုမှရရှိသော မြေပဲဆီများကို အသုံးပြုမှုပိုမိုလာသည်ကို တွေ့ရှိရပါသည်။ မြေပဲဆီ စားသုံးမှုအခြေအနေကြောင့် မြေပဲဆံဈေးကွက်ဖြစ်ပေါ်မှုတွင် ဇန်နဝါရီလ၊ တတိယပတ် ‌တွင်း (၂၈၀၀)ကျပ်ဈေးနှုန်းဖြစ်ပေါ်နေသည့်အချိန် မန္တလေးတင်ပို့မှုများမှ (၂၇၀၀)ကျပ် ဈေးသာရရှိသဖြင့် တင်ပို့ခနှုတ်လျှင် (၁)ပိဿာ (၂၆၂၅)ကျပ်သာ ရရှိခဲ့ပါသည်။ ယခုလ၏ နောက်ဆုံးပတ်တွင်လည်း ဒေသတွင်း မြေပဲဆံ (၁)ပိဿာ(၂၉၅၀)ကျပ် ဈေးနှုန်းဖြစ်ပေါ်ချိန် မန္တလေးဈေးကွက်တွင် (၁)ပိဿာ (၃၀၀၀)ကျပ်ဈေးနှုန်းသာရှိနေ၍ မြေပဲဆံတင်ပို့ရောင်းချမှုအခြေအနေမှာ ဒေသတွင်း ဆီကြိတ်ခွဲမှုအတွက်သာ ရောင်းဝယ်မှုဖြစ်နေကြောင်း သိရှိရပါသည်။

          မတ်လအတွင်းတွင်လည်း နွေရေသွင်းမြေပဲများ ထွက်ရှိလာမည်ဖြစ်သဖြင့် မြေပဲဆံဈေး တည်ငြိမ်နေမည်ဟု ခန့်မှန်းရပါသည်။

စားသုံးသူ‌ရေးရာဦးစီးဌာန

ပြည်ထောင်စုနယ်မြေ

 

မော်လမြိုင်ကုန်စည်ဒိုင် (လပတ်) အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

          မော်လမြိုင်ကုန်စည်ဒိုင် (လပတ်) အစည်းအဝေး (၁/၂၀၂၂) ကို ၂၆.၁.၂၀၂၂ ရက်နေ့ (၁၃:၀၀) ချိန်တွင် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မော်လမြိုင်ကုန်စည်ဒိုင် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌနှင့် အသင်းတာဝန်ခံများ၊ Rohmonnya Business Institute မှ ဒါရိုက်တာနှင့် National Enlightenment Institute (NEI) မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်အဖွဲ့ဝင်များ၊ စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မျိုးဦး က ကုန်စည်ဒိုင်၏ တစ်နှစ်တာကာလအတွင်းပြုလုပ်ခဲ့သော လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး မော်လမြိုင်ကုန်စည်ဒိုင်၏ အလုပ်အမှုဆောင် ဦးခင်မောင်ရီ က ငါးလုပ်ငန်းကဏ္ဍအထူးပြု စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ခဲ့သော လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မော်လမြိုင်ကုန်စည်ဒိုင် ဒု-ဥက္ကဌ ဦးဘုန်းမြင့်က ရော်ဘာလုပ်ငန်း ကဏ္ဍအထူးပြု  စက်ရုံအလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့သော လေ့လာရေး ခရီးစဉ်နှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန၏ Basic Technology (Wet) သင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း ကိစ္စများ၊ မော်လမြိုင်ကုန်စည်ဒိုင်တွင် ရော်ဘာကုန်ဈေးနှုန်းဖော်ပြမှုနှင့် စပ်လျဉ်း၍ ပိုမိုပြည့်စုံသော အချက်အလက်များ တင်ပြနိုင်ရေး စသည့်အချက်များအား ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မော်လမြိုင်ကုန်စည်ဒိုင်၏ ၂၀၂၂ ခုနှစ် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ( ၁၆:၀၀ ) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 ပြည်ပသို့ ထွက်ခွာရန် တာဆူနေသည့် ရွှေရှင်းပျားလိမ္မော်သီး

                 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်းရှိ ဖန်မင်အုပ်စု၊ ဝမ်ကောကျေးရွာနှင့် တာလေမြို့နယ်ခွဲတို့တွင် GAP-Good Agriculture Practices စနစ်ဖြင့် (သီးနှံများစတင် စိုက်ပျိုးရန် မြေစတင်ရွေးချယ်ချိန်မှစ၍ စားသုံးသူများ လက်ဝယ်ရောက်ရှိသည် အထိ စိုက်ပျိုးထုတ်လုပ်မှုအဆင့်တိုင်းကို သီးနှံများ၌ ဓာတုဆေးများ၊ ကူးစက်မှုများစသည့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ခြင်း အလေ့အကျင့်ကောင်း) စိုက်ပျိုးထား ရှိသော ပျားလိမ္မော်ဧက(၅၀၀)ကျော်ပိုင်ဆိုင်သော ရွှေရှင်းပျားလိမ္မာ်ခြံ၏ စိုက်ဧက၊ သွင်းအားစု၊ သီးနှံထွက်ရှိမှုအခြေအနေနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား သိရှိနိုင်ပါရန် ရွှေရှင်းပျား လိမ္မော်ခြံ လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

                ပျားလိမ္မော်သည် အေး၍ စိုစွတ်သော ရာသီဥတုကို နှစ်သက်၍ ရေသွင်းစိုက်ပျိုးရသော သီးနှံအမျိုးအစားဖြစ်သော်လည်း ရေဝပ်မှုဒဏ်ကိုမခံနိုင်သော အပင်မျိုးဖြစ်ပါသည်။ လေဝင် လေထွက်ကောင်းရန်အတွက် ပင်ခြားတန်းခြား (၉'×၁၈') ခြား၍ စိုက်ပျိုးရသော အပင်မျိုး ဖြစ်ပြီး တစ်နှစ်သားအောက်အပင်များကို သဘာဝမြေဩဇာဖြစ်သော နွားချေးကို(၃)လတစ်ကြိမ် ထည့်သွင်း ပေးရပါသည်။ အပင်သုံးနှစ်သားအရွယ်မှသာ အသီးစတင်ခူးစွတ်ပြီး အသီးမခူးစွတ်မီ(၃)ပတ်အလို တွင် ပိုးသတ်ဆေးပက်ဖြန်းခြင်း မပြုလုပ်တော့ကြောင်း သိရှိရပါသည်။

              အသီးခူးစွတ်ချိန်မှာ ဒီဇင်ဘာလမှ မတ်လအထိဖြစ်ပြီး အသီးခူးစွတ်ရာတွင် အသီးအတွဲလိုက် ရှိသော အကိုင်းအခက်များကို ကတ်ကြေးဖြင့် ဖြတ်တောက်ပြီးနောက် အသီးတစ်လုံးခြင်းစီ ဖြစ်အောင် ပြန်လည်ဖြတ်တောက်ကာ ၎င်းအသီးများကို သန့်ရှင်းအောင်ပြုလုပ် ထုပ်ပိုးကြပါသည်။ ပျားလိမ္မော် တစ်ပင်လျှင် အထွက်နှုန်းကီလို (၅၀) မှ (၆၀)အထိ ထွက်ရှိကြောင်း ယခုနှစ်တွင် တစ်ကီလိုဈေးနှုန်းမှာ ကျပ်(၂၅၀၀) မှ ကျပ်(၃၀၀၀)အထိ ပေါက်ဈေးရှိပြီး ယခင်နှစ် တစ်ကီလို ဈေးနှုန်းမှာ ကျပ်(၂၀၀၀)မှ ကျပ်(၃၀၀၀)အထိ ရှိသဖြင့် ဈေးပိုမိုရရှိကြောင်း တွေ့ရှိရပါသည်။

                 ရွှေရှင်းပျားလိမ္မော်ခြံအနေဖြင့် ဒေသအတွင်းဖြစ်သော ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်များရှိ မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ပြည်မ (ရန်ကုန်-မန္တလေး)မြို့ များသို့ တင်ပို့ရန်ဆန္ဒရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးကွာဝေးခြင်းနှင့် သယ်ယူစရိတ်ကြီးမြင့် ခြင်းစသည့်အခက်အခဲများကြောင့် နယ်စပ်ဒေသဖြစ်သည့်အလျောက် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ ရန်သာ အဓိကထားဆောင်ရွက်လျက်ရှိပါသည်။ ယခင်နှစ်က ထိုင်းနိုင်ငံသို့ ပျားလိမ္မော် တန်ချိန် (၁၀၅၆)တန် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ဒေသအတွင်းစားသုံးရန်အတွက်သာ ဖြန့်ဖြူးရောင်းချနိုင်ပါသည်။ ထိုင်းနိုင်ငံမှ ဝယ်ယူမည်ဆိုပါက လက်ရှိတွင် တန်ချိန်(၂၀၀)ခန့်တင်ပို့နိုင်ရန် အဆင်သင့်ရှိ ကြောင်းသိရှိရပါသည်။

          ရွှေရှင်းပျားလိမ္မော်ကို ယခုနှစ်တွင် ယခင်နှစ်ကဲ့သို့ ပြင်ပတင်ပို့ရန် နှောင့်နှေးကြန့်ကြာနေရ ခြင်းမှာ ထိုင်းနိုင်ငံအနေဖြင့် ၎င်းနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် ပျားလိမ္မော်များကိုသာ အဓိကထား ဖြန့်ဖြူးရောင်းချလျက်ရှိပြီး နိုင်ငံအတွင်းဖြန့်ဖြူးရောင်းချရန် မလုံလောက်သည့် အခြေအနေမှသာ တင်သွင်းခွင့်ကို လက်ခံဆောင်ရွက်မည်ဖြစ်ခြင်း၊ ထိုင်းနိုင်ငံ၏ ပုဂ္ဂလိကဓာတ်ခွဲခန်းထောက်ခံချက်ရ မှသာ တင်သွင်းခွင့်ပြုသည့်အတွက် ထောက်ခံချက်ရရှိရန်ခက်ခဲခြင်း၊ ကမ္ဘာ့ကပ်ရောဂါ Covid-19 ရောဂါဖြစ်ပွားလျက်ရှိခြင်းတို့ကြောင့် ရွှေရှင်းပျားလိမ္မော်အနေဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် အဆင်သင့် ဖြစ်နေပြီဖြစ်သော်လည်း တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း