Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖြူးမြို့နယ်မှ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော မတ်ပဲနှင့် ပဲတီစိမ်း

           တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ တောင်သူလယ်သမားကြီးများသည် မိုးစပါးပြီးလျှင် ဆောင်း သီးနှံအဖြစ် မတ်ပဲနှင့် ပဲတီစိမ်းကို စိုက်ပျိုးကြပါသည်။

            ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ယခုနှစ်ဆောင်းရာသီတွင် ဖြူး မြို့နယ်၌ မတ်ပဲ ၉၈၂၁၉ ဧကနှင့် ပဲတီစိမ်း ၁၃၅၂၇ ဧက စိုက် ပျိုးထားကြောင်း၊ ဇန်နဝါရီလကုန်အထိ မတ်ပဲ ၂၅၁၈၁ ဧကနှင့် ပဲတီစိမ်း ၈၁၅၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရှိရပါသည်။

             အထွက်နှုန်းအနေဖြင့် မတ်ပဲတစ်ဧကလျှင် ၂၆.၂၅ တင်းထွက်ရှိပြီး ပဲတီစိမ်းမှာ တစ်ဧက လျှင် ၂၃.၂၁ တင်းထွက်ရှိပါသည်။ လက်ရှိဒေသပေါက်ဈေးမှာ မတ်ပဲ တစ်တင်းလျှင် ၅၆၀၀၀ ကျပ် နှင့် ပဲတီစိမ်းမှာ တစ်တင်းလျှင် ၇၂၀၀၀ ကျပ် ရှိပါသည်။

              ပဲစိုက်တောင်သူများအနေဖြင့် ထွက်ရှိလာသော မတ်ပဲနှင့် ပဲတီစိမ်းများကို မြို့ပေါ်ရှိ ပွဲရုံ များသို့ ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(Bago)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

       ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၅၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၈၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၉၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၄၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ် ဖြစ်ပါသည်။

     ကျိုင်းတုံမြို့ရှိ ဖေဖော်ဝါရီလ ဒုတိယအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၇၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၂၉၁၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၉၁၀၀)ကျပ် ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင် ဇန်နဝါရီလ ဒုတိယပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဘတ်ငွေဈေး မြင့်တက်ခြင်းကြောင့်ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

ရေတာရှည်မြို့မှ အောင်မြင်လျက်ရှိသော ဒေါ်စိန်ဝက်အူချောင်းလုပ်ငန်း

           ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ ဒေါ်စိန် ဝက်အူ ချောင်းလုပ်ငန်းသည် အောင်မြင်လျက်ရှိသည့် အသေးစားအိမ်တွင်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ် ပါသည်။ ဝက်အူချောင်းအတွက် လိုအပ်သော ပစ္စည်းများမှာ ဆိတ်အူ၊ ဝက်သား၊ အချိုမှုန့်၊ သကြား၊ ဆားနှင့် ယမ်းစိမ်းတို့ဖြစ်ပါသည်။ ဆိတ်အူကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရပြီး ဝက်သားနှင့်  အခြားပါဝင်ပစ္စည်းများကို ရေတာရှည်မြို့မှ ဝယ်ယူပါသည်။

         ဝက်အူချောင်းထုတ်လုပ်ပုံမှာ ဝက်သားပိဿာချိန် (၂၀)ပိဿာကို အရိုးများဖယ်ထုတ်၍ ဓားဖြင့်နုတ်နုတ်စင်းရပါသည်။ ၎င်းဝက်သားများကြေမွသွားစေရန် အသားကြိတ်စက်ဖြင့် ထပ်မံ ကြိတ်ရပါသေးသည်။ ထို့နောက်ကြိတ်ထားသော ဝက်သားများထဲသို့ အချိုမှုန့်၊ ဆား၊သကြား၊ ယမ်းစိမ်းတို့အား အချိုးကျထည့်နယ်ပြီး ဆားရည်စိမ်ထားသော ဆိတ်အူထဲသို့ အသားညှစ်စက်ဖြင့် သွပ်သွင်းကာ မီးလင်းဖိုကြီးထဲတွင် အခြောက်ခံအပူပေးခြင်းအားဖြင့် လိုအပ်သော ဝက်အူချောင်း များကို ရရှိပါသည်။

       တစ်ကြိမ်ထုတ်လျှင် ဝက်အူချောင်း ၉ ပိဿာရပြီး တစ်လလျှင် ၆ ကြိမ်ထုတ်လုပ်ရ ကြောင်း သိရှိရပါသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဝက်သား(၂၀)ပိဿာလျှင် (၂၀၀၀၀၀)ကျပ်၊ အချိုမှုန့်ကြီး (၁)ထုပ်လျှင် (၅၃၀၀)ကျပ်၊ သကြား ၁ ပိဿာ လျှင်၅၀ ကျပ်သား(၃၉၀၀) ကျပ်၊ ယမ်းစိမ်း အနည်းငယ်လျှင် (၈၀၀)ကျပ်၊ ဆား ၂၅ ကျပ်သားလျှင် (၂၀၀)ကျပ်၊ ဆိတ်အူ ၁ ပိဿာ လျှင်၅၀ ကျပ်သား (၁၈၀၀၀) ကျပ်၊ စက္ကူ/ပလတ်စတစ်အိတ်ဖိုး(၁၅၆၀၀)ကျပ်၊ လုပ်သားခ(၂)ဦး (၁၂၀၀၀)ကျပ်အပါအဝင် စုစုပေါင်း (၂၅၅၈၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

       ထုတ်လုပ်ရရှိသော ဝက်အူချောင်းများကို ၁၀ ကျပ်သားထုပ်နှင့် ၂၅ ကျပ်သားထုပ်ဟူ၍ နှစ်မျိုးနှစ်စားထုပ်ပိုးပြီး ၁၀ ကျပ်သားထုပ်လျှင် ၄၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ၂၅ ကျပ်သားထုပ်လျှင်၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့များတွင် လက်လီဈေး နှုန်းဖြင့် ဖြန့်ဖြူးလျက်ရှိကြောင်း၊ အော်ဒါမှာယူပါကလည်း လက်ခံဆောင်ရွက်ပေးကြောင်း “ဒေါ်စိန်” အမှတ်တံဆိပ် ဝက်အူချောင်းထုတ်လုပ်သူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCAJ(Bago)

 

ဖြူးမြို့နယ် ညောင်ကားယားကျေးရွာမှ ဝါးခမောက်လုပ်ငန်း

          ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာတွင် နေထိုင်သူအများစုမှာ မိရိုးဖလာ လယ်ယာ လုပ်ငန်းကို လုပ်ကိုင်ကြသည့် တောင်သူလယ်သမားများဖြစ်ကြပြီး  လယ်ယာလုပ်ငန်းအပြင် မိသားစု အပိုဝင်ငွေရရှိစေရန် လယ်ယာလုပ်ငန်းမှ အားလပ်ချိန်များတွင် ဝါးခမောက်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ ညောင်ကားယားကျေးရွာမှ အိမ်ထောင်စု ၁၅ စုသည် လယ်ယာလုပ်ငန်း အတွက် မအားလပ်သည့် မိုးရာသီမှအပ ကျန်ရာသီများတွင် ယင်းလုပ်ငန်းအား လုပ်ကိုင်ကြပါသည်။

        ဝါးခမောက်အတွက် လိုအပ်သော ကုန်ကြမ်းများမှာ ဝါးဖတ်၊ ဝါးခွေ၊ ပျားဖယောင်း၊ အပ်ချည်နှင့် လက်ပံဆူးတို့ဖြစ်ကြပါသည်။ ဝါးခွေအတွက်လိုအပ်သော ကြသောင်းဝါးကို ဒေသ တွင်း ဖြူးမြို့မှ ဝယ်ယူနိုင်သော်လည်း ဝါးဖတ်ကိုမူ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှ မှာယူ ရပါသည်။

       ဝါးခမောက်ပြုလုပ်ပုံမှာ ကြသောင်းဝါး ကိုခွဲစိပ်၍ ဝါးခွေပြုလုပ်ပြီး ဝါးဖက်ကိုအဝိုင်း ဆိုဒ်တိုင်း၍ ကပ်ကြေးဖြင့် ညှပ်ရပါသည်။ ပုံဖော်ညှပ်ထားသော ဝါးဖတ်များကို ကွပ်ဝါးတပ်၍ ဝါးညှပ်တံဖြင့်ဖိပြီး ချည်ကြိုးဖြင့်ချုပ်ရပါသည်။ အပေါ်ခွံအုပ်လေး ပြုလုပ်ရန်အတွက် ဝါးဖတ် အတိုအစလေးများကို ညီညာစွာဖြတ်တောက်၍ အလှဆင်ချုပ်လုပ်ရပါသည်။ ထို့နောက် ပျားဖယောင်းဖြင့် ဝါးခမောက်အား အချောကိုင်ပွတ်တိုက်၍ အပေါ်ခွံအုပ် တည့်တည့်တွင် အချော ကိုင်ထားသော လက်ပံဆူး ဘုကလေးတပ်ဆင်ပြီးစီးပါက ရောင်းတန်းဝင်သော ဝါးခမောက်တစ်လုံး ရရှိပါသည်။

         ဝါးခမောက်တစ်လုံး ပြုလုပ်မည်ဆိုပါက ဝါး ၂၀၀ ကျပ်၊ ဝါးဖတ် ၂၀၀ ကျပ်၊ ဝါးခွေ ၂၀၀ ကျပ်၊ အပ်ချည် ၁၅၀ ကျပ်၊ ပျားဖယောင်း ၃၀၀ ကျပ်နှင့် လက်ခ ၃၀၀ ကျပ်အပါအဝင်စုစုပေါင်း ၁၄၅၀ ကျပ် ကုန်ကျပြီး ရောင်းဈေးမှာ ၂၀၀၀ ကျပ် ဖြစ်ပါသည်။

      ဝါးခမောက် အလုံး ၅၀ လုံးကို အတွဲတစ်တွဲတွဲပြီး ဒေသတွင်းရှိ ဖြူး၊ တောင်ငူ၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦးမြို့နယ်များအပြင် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဈေးသို့ တင်ပို့ ရောင်းချရကြောင်း ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်းဈေးကွက်အခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့် လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

       ကွမ်းပင်များကို  ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြပြီး ကွမ်းပျိုးပင် တစ်ပင်လျှင် ကျပ်(၄၀၀-၅၀၀)ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့် စိုက်ပျိုးရသည်။ စိုက်ပျိုးပြီး လေးလခန့် အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့် အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိကာ တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိထွက်ရကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ ၁၀၀၀ ခန့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ကုန်ကျ စရိတ်မှာ ကျပ် ၁၅ သိန်းခန့် ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုအပေါ်မူတည်၍ ကွမ်းသက်တမ်း ( သုံးနှစ်မှ ခုနှစ်နှစ်အထိ )ကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း ၃၀ နှင့်အထက်ရရှိကြောင်း သိရသည်။   

     မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ဇန်နဝါရီ တတိအပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၃၀၀၀) ဈေးရရှိပြီး ယခု ဖေဖော်ဝါရီလ တတိယအပတ်တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၈၀၀၀) ရောင်းချရပြီး၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက် မှုများနေခြင်းကြောင့် ဈေးနှုန်းကျဆင်းကြောင်း၊ ဈေးကွက်အနေဖြင့် အရောင်းအဝယ်သွက်ကာ ကွမ်းစိုက်တောင်သူများအနေဖြင့် အဆင်ပြေနေကြကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။ 

DOCA(စစ်ကိုင်း)                                                                     

ငှက်ပျောစိုက်ပျိုး တောင်သူများ ဝင်ငွေကောင်းလျက်ရှိ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ငှက်ပျောတိုးချဲ့စိုက်ပျိုးလာကြပြီး  မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ဒေသတွင်းတွင် ဖီးကြမ်းငှက်ပျော(ရိုးရိုး)နှင့် ဖီးကြမ်း(ကျောက်စိမ်း) (၂)မျိုးကိုသာ အများဆုံးစိုက်ပျိုးကြပြီး ငှက်ပျောသားပေါက်များကို တစ်ပင်လျှင် ၃၅၀ ကျပ်နှုန်းဖြင့် ကနီမြို့နယ်မှ ဝယ်ယူစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပုံမှာ တစ်ဧကလျှင် အပင်ရေ(၈၀၀)ခန့် စိုက်ပျိုး ကြောင်း၊ မစိုက်မီ ထယ်နှစ်စပ်ထိုး၍ တစ်ပင်နှင့်တစ်ပင် ၉ပေခန့်  အကွာအဝေးဖြင့် ရေသွင်း စိုက်ပျိုးကြောင်း၊ စိုက်ပင် ၁၅ ရက်သားတွင် အရွက်မထွက်သည့်အပင်များကို ထိပ်ဖွင့်ပြီး ၂၀ ရက်သား တွင် အပင်မပေါက်သည်များကို ဖာထေး၍ ၃၅ ရက်သားတွင် ရိုလာစက်ဖြင့် ပေါင်းသတ်ပေးပြီး ၄၅ ရက်သားတွင် ထယ်တစ်စပ်ထိုးကာ ရေသွင်းပေးရကြောင်း၊ ငှက်ပျောစိုက်ပင် (၁၀)လသားအထိ တစ်လတစ်ကြိမ် ထယ်တစ်စပ်ထိုး၊ ရေတစ်ကြိမ်သွင်းပြီး သားပင်များကို တံဇဉ်ဖြင့် ထိပ်ဖြတ်ပေးရ ကြောင်း၊ ငှက်ပျော(၁၃)လသားအရွယ်တွင် ငှက်ပျောပင်အားလုံး အခိုင်ထွက်ပြီး တစ်ပင်လျှင်တစ်ခိုင်၊ တစ်ခိုင်လျှင် (၁၀)ဖီးခန့်ပါရှိပြီး ရောင်းတန်းဝင်(၅)ဖီးရယူကြောင်း၊ မြေဆီမြေသားကောင်းမွန်မှုနှင့်ရေရ ရှိမှုအပေါ်မူတည်၍ ငှက်ပျောစိုက်ပင်သက်တမ်း(၅)နှစ်မှ (၇)နှစ်ခန့်အထိ ရောင်းတန်းဝင်ငှက်ပျောခိုင် များ ထွက်ရှိကြောင်း၊ ထွက်ရှိသော ငှက်ပျောများကို မြို့ပေါ်ရှိကုန်သည်များမှ ခြံအရောက် တစ်ဖီး လျှင် (၈၀၀-၁၀၀၀) ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူကြပြီး မြို့တွင်းလက်လီဈေးများတွင် ပြန်လည်ရောင်းချမှုများ ရှိလာသောကြောင့် ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိပြီး၊ တွက်ခြေကိုက်ကာ အဆင်ပြေနေကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                      

 

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်းကျဆင်း

           မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းပါသည်။

        ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်ဖြစ်သည့်အတွက် ဈေးကွက်တွင်ဒေသတွင်းထွက်ကုန် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင် ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ မုံရွာမြို့နယ် အတွင်း ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၁၂၀၀-၁၃၀၀) မှ ယခုဖေဖော်ဝါရီလ တတိယအပတ်တွင်ကျပ် (၇၀၀-၈၀၀) အထိ ဈေးနှုန်းကျဆင်းလျက်ရှိပြီး ဈေးကွက်အတွင်း၌ ဒေသထွက်ခရမ်းချဉ်သီးများ ဝင်ရောက်မှုများ ပြားနေကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၁၅.၂.၂၀၂၃)

      ၁၅.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

            တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

            တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း