Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နေကြာစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက် အခြေအနေ

          ကယားပြည်နယ်၏ ရေမြေ၊ရာသီဥတုအခြေအနေအရ နေရာအများစုတွင် နေကြာ သီးနှံများစိုက်ပျိုးဖြစ်ထွန်းပါသည်။ နေကြာသီးနှံသည် အခြားဆီထွက်သီးနှံများ နှင့် နှိုင်း ယှဉ်လျှင် စိုက်ပျိုးရလွယ်ကူ၍ ကုန်ကျစရိတ်သက်သာသည့်အပြင် ဆီထွက်နှုန်း ပိုမိုရရှိ နိုင်သည့် သီးနှံတစ်မျိုးဖြစ်သဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်း နေကြာသီးနှံကို သီးသန့်၊ သီးထပ်၊သီးညှပ်အဖြစ်စိုက်ပျိုးလျက်ရှိရာ၂၀၂၀-၂၀၂၁ခုနှစ်တွင် နေကြာစိုက်ဧက(၃၀၃၃) ဧက၊ ရိတ်ဧက (၃၀၃၃)ဧက၊ အထွက်နှုန်း (၈၅၂၈၉)တင်းထွက်ရှိကြောင်း ၊ ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် နေကြာစိုက်ဧက (၁၈၀၀)ဧက၊ ရိတ်ဧက(၁၈၀၀)ဧက ၊အထွက်နှုန်း(၅၀၇၀၂) တင်းထွက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်နှိုင်းယှဉ်လျှင် နေကြာစိုက် ဧက (၁၂၃၃)ဧက ၊ ရိတ်ဧက (၁၂၃၃)၊ အထွက်နှုန်း ( ၃၄၅၈၇ ) တင်း လျော့နည်းလျှက်ရှိ ကြောင်း၊ လျော့နည်းရခြင်းမှာ စိုက်ပျိုးရာသီတွင် တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ခြင်း မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများအနေဖြင့် နေကြာသီးနှံသည် အကျိုး အမြတ်ရရှိနိုင်သည့် သီးနှံဖြစ်သလို ပြည်တွင်း စားသုံးမှုဆီဖူလုံရေးအတွက် နေကြာသီးနှံ များကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း၊ ယခုလက်ရှိ ဇွန်လ ဈေးကွက်အတွင်း ဖြစ်ပေါ်နေ သောနေကြာဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင် မေလတွင် နေကြာဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ဈေး သာရှိခဲ့ပြီ ယခင်မေလထက် တစ်ပိဿာလျှင်(၁၀၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ကယား)

ပျားရှာသူများ ဝင်ငွေရနေ

            ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် သစ်တောထွက် သယံဇာတ တစ်ခုဖြစ်သော သဘာဝပျားရည်စစ်စစ်ထွက်ရှိရာ မြို့တစ်မြို့ဖြစ်ပါသည်။ သဘာဝပျားရည်သည် စားသုံးရာတွင် အရသာရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် ကိုယ်အလေးချိန်လျှော့ချခြင်း၊ အမြင်အာရုံအားနည်းသူများအတွက် တိုးတက်ကောင်းမွန်စေခြင်း၊ အအေးမိချောင်းဆိုးရောဂါများကို သက်သာစေခြင်းနှင့် အစာကြေလွယ်၍အိပ်ပျော်စေခြင်းစသည့် ကျန်းမားရေးကောင်းကျိုးများကို ရရှိစေပါသည်။ သဘာဝပျားရည်သည် ကျိုင်းတုံမြို့ရှိ တောင်ပေါ်ငါးအုပ်စု (နမ့်ခတ်၊ နမ့်အင်း၊ မိုင်းအင်း၊ နောင်ကော၊ နားပေါ်)တွင် အဓိကထွက်ရှိပြီး တောင်သူများသည် လယ်ယာလုပ်ငန်းခွင် နားချိန်၌ ပျားရှာ၊ ပျားဖွတ်ခြင်းများ လုပ်ကိုင်ကြပါသည်။

          တောင်ပေါ်ငါးအုပ်စုဒေသ၌ မိုးရာသီနှင့် ဆောင်းရာသီတွင် လယ်ယာလုပ်ငန်းခွင် အလုပ်များပြားသော်လည်း ယခုကဲ့သို့ နွေဦးကာလ (၄)လပိုင်း ဧပြီလမှစ၍ (၆)လပိုင်း ဇွန်လအတွင်း ပျားရှာ၊ ပျားဖွတ်ကြသော လုပ်ငန်းဖြင့် ဝင်ငွေရရှိနေပါသည်။ လက်ရှိရောင်းချရာ၌ ပျားသလက်၊ ပျားရည်ဟူ၍ (၂)မျိုးရှိပြီး ပျားသလက် (၁)ပိဿာလျှင် ကျပ် (၈၀၀၀)မှ ကျပ် (၁၀၀၀၀)အတွင်း ရောင်းရပြီး လတ်လတ်ဆတ်ဆတ် စားသုံးလိုသူများအတွက် အဆင်ပြေ၍ အကြိုက်တွေ့ကြကြောင်း ကျိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက ပြောကြားပါသည်။

         ကျိုင်းတုံမြို့မဈေးကွက်၌ သဘာဝပျားရည် တစ်ပုလင်းလျှင် ကျပ် (၁၀၀၀၀)မှ ကျပ် (၁၂၀၀၀)ပေါက်ဈေး ရရှိပါသည်။ ဆေးဖက်ဝင်အဖြစ် ဝယ်ယူစားသုံးသူများပြားပြီး လူကြီးမိတ်ဆွေ၊ သူငယ်ချင်းများသို့ လက်ဆောင်အဖြစ် ရောင်းချနေရာ၌ ပျားရည်ဝယ်ယူသူများ များပြားလျက်ရှိကြောင်း ရောင်းချသူထံမှ သိရပါသည်။

 DOCA(ရှမ်း)

 

 

 

ကသာမြို့တွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးနှုန်း/ဈေးကွက်အခြေအနေ

          ယခုတစ်ပတ်အတွင်း ကသာမြို့တွင် ရောင်းချလျက်ရှိသော ကြက်သွန်ဖြူဈေးနှုန်းမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ကြက်သွန်ဖြူဝင်ရောက်မှုအနေဖြင့် မန္တလေး-မုံရွာဘက်မှ တစ်ပတ်လျှင် ပိဿာ(၂၀)ပါ အိတ်(၂၀၀)ခန့် ဝင်ရောက်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် လက်ကားတစ်ပိဿာလျှင် အကြီး(၃၅၀၀)ကျပ်၊ အလတ်(၃၀၀၀)ကျပ်နှင့် အသေး (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လက်လီတစ်ပိဿာဈေးနှုန်းအနေဖြင့် အကြီး(၄၀၀၀)ကျပ်၊ အလတ်(၃၅၀၀)ကျပ်နှင့် အသေး (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ကြက်သွန်နီဈေးနှုန်းအနေဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လာကာ ယခုတစ်ပတ်အတွင်း  လက်ကားတစ်ပိဿာလျှင် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ (၂၀၀၀၊ ၁၇၀၀၊ ၁၅၀၀)ကျပ်ခန့်ရှိပြီး လက်လီတစ်ပိဿာလျှင် အကြီး (၂၃၀၀) ကျပ်၊ အလတ်( ၂၀၀၀)နှင့်၊ အသေး (၁၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ကြက်သွန်နီဝင်ရောက်မှုမှာ ယခုတစ်ပတ်အတွင်း မန္တလေး-မုံရွာဘက်မှ ၃၅ပိဿာပါ အိတ် (၁၅၀) ခန့်နှင့် ခင်ဦး-ရေဦးဘက်မှာ ၃၅ ပိဿာပါအိတ်(၁၀၀)ခန့်ဝင်ရောက်ကြောင်း ကြက်သွန်နီရောင်းချသူ ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကလေးဝမြို့နယ်၏ စားသုံးဆီစျေးကွက်အခြေအနေ

              ကလေးဝမြို့နယ်တွင် ဆီထွက်သီးနှံများအနေဖြင့် ဒေသတွင်းထွက်ရှိသည့်မြေပဲနှင့် နေကြာ တို့ကိုသာကြိတ်ခွဲနေရပြီး မြေပဲဆံနှင့်နေကြာဆံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  သီးနှံများ ပေါ်စအချိန်ကပင် မြေပဲဆံ ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၄၃၀၀၀ - ၄၅၀၀၀ )ကျပ်၊ နေကြာဆံ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၀၀၀၀ မှ ၂၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိခဲ့ပြီး ယခုလက်ရှိတွင် မြေပဲဆံ ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၅၄၀၀၀ - ၅၆၀၀၀ ) ကျပ်၊ နေကြာဆံ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၄၀၀၀ မှ ၂၅၀၀၀ ) ကျပ် ခန့်ရှိပြီး ဆီထွက်သီးနှံများ အမြင့်ဈေးသို့ ရောက်ရှိကာ ရောင်းဝယ်မှုများရှိကြောင်း သိရှိရပါသည်။

             စားသုံးဆီဈေးကွက်အနေဖြင့် ​မြေပဲဆီ ( ၁၀ ) ပိဿာဝင် တစ်ပုံးလျှင် ( ၉၅၀၀၀ - ၉၇၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁၀ ) ပိဿာဝင် တစ်ပုံးလျှင် ( ၇၈၀၀၀ - ၈၀၀၀၀ ) ကျပ်ဖြင့် ရောင်းချနေပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းသာ ရောင်းချလျက်ရှိပါကြောင်း ဆီကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလာသည့် ဘရာဇီးငှက်ပျော

             ကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ အမှတ် ( ၁ ) ရပ်ကွက်ရှိ ဦးအောင်သန်းဦးနေအိမ်အတွင်း လစ်လပ်နေသော မြေနေရာများတွင် တစ်ပိုင်တစ်နိုင်စိုက်ခင်းအဖြစ် ဘရာဇီးငှက်ပျောပင်များ စိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ယခင်နှစ်များက ငှက်ပျောပင်ပေါက်များကို မန္တလေးမှ မှာယူရပြီး တစ်ပင်လျှင် ( ၁၀၀၀ ) ကျပ်ပေးရပါကြောင်း၊ စိုက်ပျိုးရာတွင် ( ၁ ) ပေပတ်လည်ကျင်းတူး၍  ( ၇ ) ပေ ပတ်လည်ကြား စိုက်ပျိုးရပါကြောင်း၊ ပထမဦးစွာ မြေအောင်းပိုးသတ်ဆေး၊ အမြစ်ပွား ဆေးရည်များထည့်ပြီးနောက် ကြက်ချေး ( ၁ ) ဆနှင့် ဖွဲပြာ ( ၂ ) ဆ ရောမွေပြီး ကျင်းထဲသို့ နှပ်ထားပြီး ရေလောင်းပြီး ( ၂ ) ရက်ကြာမှ ငှက်ပျောပင်ပေါက်များ စတင်စိုက်ပျိုးပါသည်။  ဘရာဇီးငှက်ပျောပင်သည် ရေကြိုက်သော်လည်း ရေဝပ်ခြင်းကို မကြိုက်နှစ်သက်၍ စိုက်ပျိုးခါစမှာ အပင်များ ပုပ်မသွားစေရန် အထူးဂရုစိုက်ပြီး စိုက်ပျိုးရပါတယ်။ ရာသီဥတုပူလျှင် ( ၁ ) လတစ်ကြိမ် ရေသွင်းစိုက်ပျိုးရပါတယ်။ နေရောင်ခြည်ကို ကြိုက်နှစ်သက်သော အပင်တစ်မျိုးဖြစ်ပါတယ်။ ခြံဝန်းအတွင်း တစ်ဖက်တစ်လှမ်းမှ မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိသားစုလုပ်အားဖြင့် စိုက်ပျိုးပြီး မိမိအိမ်ခြံဝန်းအတွင်း ကြက်များမွေးမြူထားသည့်အတွက် မိမိကြက်ခြံမှထွက်ရှိသည့် ကြက်ခြေးများကို လစဉ် အပင်များ ရှင်သန်ကြီးထွားရေးအတွက် သဘာဝမြေသြဇာသာအသုံးပြု၍ စိုက်ပျိုးပါတယ်။ အခြားစိုက်ပျိုးသည့် ငှက်ပျောစိုက်ခင်းများထက် ဓါတုဆေးဝါးများ၊ မြေသြဇာများ ဝယ်ယူအသုံးပြုခြင်း မရှိသည့်အတွက် ကုန်ကျစရိတ်များ သက်သာပါတယ်။

               စတင်စိုက်ပျိုးသည်မှ ( ၈ ) လခန့်တွင် အသီးစတင်သီးပြီး ( ၃ ) ပတ်ခန့်အကြာတွင် ချက်ခြွေပေးခြင်းအားဖြင့် အလုံးအရွယ်အစားနှင့် အဖီးလှရန်အတွက် တစ်ခိုင်လျှင် ငှက်ပျောဖီး ( ၁၀ ) ဖီးသာ ထားရှိပြီး ငှက်ပျောဖူးထိပ်မှ ခုတ်ချခြင်းအားဖြင့် အလုံးအရွယ်အစားလှပြီး၊ အရင်းအဖီးတွင် အလုံးရေ ( ၃၅ ) လုံးခန့်နှင့် အဖျားအဖီးတွင် ( ၁၆ ) လုံးခန့် တင်သောကြောင့် ငှက်ပျောပင်သည် စတင်သီးသည့် အချိန်တွင် အသီးတင်သည့် ငှက်ပျောင်အား ဒေါက်ထောက်ပေး ရပါတယ်။ အသီးသီးသည့် အပင်ဘေးတွင် ငှက်ပျောပင်သားတက်ပွားများလျှင် ငှက်ပျောသီးအလုံး အရွယ်အစား ကြီးထွားမှုကို လျော့ကျစေသည့်အတွက် သားတက်ပွားများကို တူးပစ်ရပါတယ်။ သားတက်ငှက်ပျောပင်များကို ဝယ်ယူသူများရှိပါက တစ်ပင်လျှင် ( ၁၀၀၀ ) ကျပ်ဖြင့် ပြန်လည် ရောင်းချပေးပါတယ်။

               ငှက်ပျောသီးရောင်းချရာတွင် တစ်ခိုင်လုံးအပြတ်သာရောင်းချပြီး တစ်လုံးလျှင် ( ၆၀ ) ကျပ်ဖြင့် ( ဗြွန်း ) ရောင်းချပါတယ်။ မိမိကဲ့သို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုသူများရှိပါက ငှက်ပျောပင်ပေါက်များရောင်းချပေးနေပြီး၊ စိုက်ပျိုးပုံအဆင့်ဆင့်အား အခကြေးငွေရယူခြင်းမပြုဘဲ မိမိ စိုက်ပျိုးသည် စိုက်ပျိုးနည်းပညာများကိုလည်း ဖြန့်ဝေပေးပြီး ဓာတုဆေးများ အသုံးပြုမှုနည်းပြီး ကုန်ကျစရိတ်သက်သာသည့် သဘာဝစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးသင့်ပါကြောင်း ငှက်ပျောစိုက်ပျိုးသူ  ဦးအောင်သန်းဦး၏ပြောကြားချက်အား ပြန်လည်မျှဝေရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

ချင်းတောင်မှ ကလေးမြို့သို့ ဝင်ရောက်လာသည့် ခရမ်းချဉ်သီး စျေးနှုန်းစျေးကွက်

          ကလေးမြို့နယ်အတွင်းတွင် တောင်သူများ အပိုဝင်ငွေရရှိရန်အတွက် ဒေသတွင်းစားသုံးရန် ခရမ်းချဉ်သီးများကို လှိုင်သာယာရပ်ကွက်၊ မြို့သာရပ်ကွက်၊ ဖောင်ကူးနှင့် သာစည်ကျေးရွာ နယ်တစ်ဝိုက်တွင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးစတင်ပေါ်စတွင် မုံရွာ၊ မန္တလေးမြို့မှလာသည့် အသီးများကို ဝယ်ယူစားသုံးရပြီး ဒေသတွင်းထွက်ရှိပါက ဒေသထွက် ခရမ်းချဉ်သီးကို ဝယ်ယူစားသုံးကြပါသည်။ ဒေသတွင်းမှ ထွက်ရှိသော ခရမ်းချဉ်သီးများကို တမူးမြို့၊ ကလေးဝမြို့၊ အထက် ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်မြို့များသို့ သေတ္တာများဖြင့် တင်ပို့ရောင်းချလျှက် ရှိပါသည်။ စျေးနှုန်းအနေဖြင့် ( ၁ ) ပိဿာလျှင် လက္ကား ( ၈၀၀/- )၊ လက်လီ ( ၁၀၀၀/- မှ ၁၂၀၀/- ) ပေါက်စျေးနှုန်းဖြင့် ဈေးကွက်တွင်း ရောင်းဝယ်လျက် ရှိပါသည်။ မိုးတွင်ကာလတွင် ယခင်နှစ်များက မုံရွာမြို့မှဝယ်ယူပြီး ဒေသပေါက်စျေး ( ၁ ) ပိဿာလျှင် ( ၃၀၀၀/- မှ ၄၀၀၀/- ) ခန့် ပေးဝယ်ရပြီး ယခုအခါ ချင်းတောင်မှတင်ပို့လာသည့် ခရမ်းချဉ်သီးများ လုံလောက်စွာရရှိသဖြင့် ကလေးမြို့ အနေဖြင့် သင့်တင့်သော စျေးဖြင့်သာ ဝယ်ယူစားသုံးနေရပါသည်။ ချင်းတောင်ဒေသမှ ထွက်ရှိသော ခရမ်းချဉ်သီးများ စိုက်ပျိုးထွက်ရှိမှုအခြေအနေများကို ခရမ်းချဉ်သီး ရောင်းဝယ်သူများထံ မေးမြန်းရာ မုံရွာမြို့မှစိုက်ပျိုးသည့်မျိုးစေ့များကို ဝယ်ယူ၍စိုက်ပျိုးရန်အတွက် နည်းလမ်းကောင်းများအား ဖြန့်ဝေပေးသည့်အတွက် စိုက်ပျိုးရေးနည်း စနစ်ကောင်းမွန်လာပြီး အထွက်နှုန်းကောင်းလာခဲ့ခြင်း ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်ထောင်စုနယ်မြေအတွင်း ဖူးစားပြောင်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

            ပြည်ထောင်စုနယ်မြေအတွင်း စိုက်ပျိုးထုတ်လုပ်မှုတွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းတို့ကို အများဆုံး စိုက်ပျိုးကြသည်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုကို မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးပြီး ဖူးစားပြောင်းစိုက်ပျိုးမှုကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရသည်။ အစေ့ထုတ် ပြောင်းစိုက်ပျိုးမှုမှာ ကာလအတန်ကြာပြီဟုသိရပြီး ဖူးစားပြောင်းစိုက်ပျိုးမှုမှာ ၂၀၀၅ခုနှစ်ခန့်မှ စီးပွားဖြစ်စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယခုအခါတွင် ဖူးစားပြောင်းစိုက်ပျိုးထုတ်လုပ်မှုမှာ အားကောင်းသောအခြေအနေတွင် ရှိနေပါသည်။

            ဖူးစားပြောင်းစိုက်ပျိုးထုတ်လုပ်မှုကို (ပံ-75) မျိုးကို စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ အရည်အသွေးပိုမိုကောင်းမွန်သောမျိုးဖြစ်သည့် အဖြူကြား(ဖန်စီဖစ်)မျိုးနှင့် အဝါရောင်(2678)အမျိုးအစားသည် ရန်ကုန်ဈေးကွက် အခိုင်အမာရရှိနေသဖြင့် စိုက်ပျိုးထုတ်လုပ်မှု(၈၅%)သည် အဝါရောင်မျိုး (2678)ကို ပိုမိုစိုက်ပျိုးကြောင်း သိရသည်။

           ဖူးစားပြောင်းစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များမှာ ရာသီချိန်အလိုက်ကွာခြားမှုရှိပြီး ဆောင်း နှောင်းပိုင်းနှင့် နွေရာသီတွင်စိုက်ပျိုးပါက ကျပ်(၁၀)သိန်းဝန်းကျင်ကုန်ကျပြီး မိုးရာသီနှင့်ဆောင်းဦးကာလများတွင် စိုက်ပျိုးပါက ကျပ်(၇)သိန်းဝန်းကျင် ကုန်ကျသည်ဟု သိရပါသည်။ စိုက်ပျိုးကာလ နှင့် ရိတ်သိမ်းကာလအနေဖြင့် ဆောင်းနှောင်းနှင့် ‌နွေရာသီတွင် စိုက်ပျိုးသည့်စိုက်ခင်းမျာသည် ရက် (၉၀)မှ ရက်(၁၀၀)‌ကျော်အတွင်း ရိတ်သိမ်းနိုင်ပြီး မိုးရာသီနှင့် ဆောင်းဦးကာလ စိုက်ပျိုးသော စိုက်ခင်း များသည် (၇၅)ရက်မှ (၈၀)ရက်အကြား ရိတ်သိမ်းနိုင်သည့် အနေအထားရှိသည်ဟု သိရသည်။ ဖူးစားပြောင်းစိုက်ပျိုးရာတွင် မသုံးမဖြစ်သုံးစွဲရသော ယူရီးယားဓါတ်မြေဩဇာကို တစ်ဧကလျှင် (၃)အိတ်ခန့် သုံးစွဲရပြီး ဈေးနှုန်းအလွန်မြင့်မားနေသော်လည်း ဈေးကွက်အခိုင်အမာရရှိထားသောကြောင့် စိုက်ပျိုးထုတ်လုပ်မှုလျော့ကျသွားခြင်းမရှိဘဲ ပုံမှန်စိုက်ပျိုးထုတ်လုပ်နေသည့် အခြေအနေကို တွေ့ရှိရပါသည်။

           ဝင်ငွေရရှိမှုအနေဖြင့် ဖူးစားပြောင်းစိုက်ခင်းသည် (၈၀%)ခန့် စိုက်ပျိုးဖြစ်ထွန်းမှုရှိပါက ရောင်းတန်းဝင်ပြောင်းဖူး(၁)ဖူးလျှင် (၁၀၀)ကျပ်ဈေးနှုန်းဖြင့် ဝင်ငွေ (၁၂)သိန်းကျပ်ခန့် ရရှိမည်ဖြစ်ပြီး အဝါရောင်(2678)အမျိုးအစားသည် ရန်ကုန်ဈေးကွက် အခိုင်အမာရရှိထားသောမျိုးဖြစ်သဖြင့် တစ်ဧကဝင်ငွေကျပ်(၁၅)သိန်း ဝန်းကျင်အထိ ရရှိနေမှုကြောင့် စိုက်ပျိုးမှုအများဆုံးဖြစ်နေသည်ကို လည်း သိရှိရပါသည်။ ဖူးစားပြောင်းဈေးနှုန်းများသည် များသောအားဖြင့် ကုန်ပစ္စည်းထွက်ရှိမှုအခြေအနေပေါ်တွင် မူတည်ပြီး ဈေးနှုန်းအနိမ့်အမြင့် ဖြစ်ပေါ်တတ်သည်ဟု သိရှိရပြီး ၂၀၂၂ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်း ပြောင်းဖူးတစ်ဖူးလျှင် စိုက်ခင်းဈေး (၁၆၀)ကျပ်အထိဖြစ်ခဲ့ပြီး ယခု ဇွန်လ၊ ပထမပတ်တွင် လက်လီဈေး ပြောင်းဖူးတစ်ဖူးလျှင် (၂၅၀)ကျပ်မှ (၃၀၀)ကျပ်အထိ ပေါက်ဈေးရှိကြောင်း လေ့လာသိရှိရမှုများကို ရေးသားတင်ပြအပ်ပါသည်။  

DOCA( ပြည်ထောင်စုနယ်မြေ)

မအူပင်မြို့နယ်တွင် စပါးဈေးကောင်း၍ တောင်သူဝင်ငွေကောင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင်၊ မိုးစပါးစိုက်ဧက ၁၂၇၇၆၆ နှင့် နွေစပါးစိုက်ဧက ၈၁၈၀၁ ဧက ထိရှိ ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး/ နွေ၊စပါး အထွက်တင်းပေါင်း ၁၅၅၆၄၀၅၂ တင်း ထွက်ရှိကြောင်း သိရှိရပါသည်။

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ သည် မအူပင်မြို့နယ်ရှိ ဆန်စက်ကြီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ၁၃.၆.၂၀၂၂ နေ့တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်စက်တစ်စက် ချင်းဆီသို့ သွားရောက်တွေ့ဆုံ မေးမြန်းဆောင်ရွက်ခဲ့ပါသည်။

          စိန်သီဟဆန်စက်ရှိ စက်ပိုင်ဦးရဲစိုးမိုးမှ မအူပင်မြို့နယ်ရှိ လက်ရှိဆန်၊စပါးဈေးကွက်မှာ စက် အရောက် ဧည့်မထစပါးတင်း (၁၀၀) လျှင် ၉သိန်းဖြင့် အရောင်းအဝယ်တွင်ကျယ်လျှက်ရှိပြီး တောင်သူများ ဝင်ငွေကောင်းလျှက်ရှိကြောင်းနှင့်၊ ပေါ်ဆန်းစပါး တင်း(၁၀၀) လျှင် (၁၃)သိန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မအူပင်ဈေးကွက်သာရောင်းချနိုင်ကြောင်းနှင့် ရန်ကုန်မှ ဧည့်မထ ဆန်များ ဝယ်လိုအားမှ, ပုံမှန်သာ ဖြစ်နေကြောင်း ဆန်စက်ပိုင်ရှင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေကျင်နှင့်ညောင်လေးပင်မြို့နယ်ရှိ ဓာတ်မြေသြဇာ ဈေးနှုန်းဈေးကွက် အခြေအနေ

          ရွှေကျင်မြို့ရှိ  ဓာတ်မြေသြဇာဈေးနှုန်းများသည် ယခုဇွန်လဆန်းပိုင်းတွင် ဈေးနှုန်းများ တည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။ ပုလဲဓာတ်မြေသြဇာ (ကောမတ်)  50 kg တစ်အိတ်လျှင် ၉၄၅၀၀ ကျပ်၊ ပုလဲဓာတ်မြေသြဇာ (ရွှေလယ်တော)  50kg  တစ်အိတ်လျှင် ၉၄၅၀၀ ကျပ်၊ ကွန်ပေါင်း ဓာတ်မြေသြဇာ  50kg တစ်အိတ်လျှင်  ၇၅၀၀၀ ကျပ်၊ ပိုတက်ဓာတ်မြေသြဇာ ( GBS  ပိုတက်)   50kg တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ပိုးသတ်ဆေး (အဆီဖိတ်)  1kg တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ပိုးသတ်ဆေး (ပန်ဒန်)      250g တစ်အိတ်လျှင် ၁၆၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး မေလ စတုတ္ထပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  ဈေးနှုန်းများအတက်အကျမရှိသည်ကို တွေ့ရှိရပါသည်။

          ထို့အတူ ညောင်လေးပင်မြို့နယ်တွင် ယခုဇွန်လဆန်းပိုင်းတွင် ကွန်ပေါင်း (ရွှေနဂါး)   50kg တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ ပုလဲသာ (ရွှေနဂါး)   50kg  တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ မြင်းပျံ ပုလဲ (သြဘာ)  50kg တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ဖျူရာဒါန် (သြဘာ)  500g တစ်ထုပ်လျှင် ၆၀၀၀ ကျပ်၊ သြဘာနွယ်စုံ (သြဘာ) ၁ လီတာ ၁ ဘူးလျှင် ၃၀၉၀၀ ကျပ်ဖြင့် ဈေးနှုန်းများတည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ဈေးနှုန်းမှတ်တမ်းများမှ အာလူးဈေးကွက်အပေါ် ခန့်မှန်းသုံးသပ်ခြင်း

           မြန်မာနိုင်ငံတွင် အာလူးသီးနှံအား ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ဆင်ဖြူကျွန်းတို့တွင် အမြောက်အများစိုက်ပျိုး ထုတ်လုပ်ကြပါသည်။ အာလူး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ဈေးနှုန်းဈေးကွက်အခြေအနေအား ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း မှတ်တမ်းများအရ လေ့လာသုံးသပ်ရသော် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဈေးကွက်တည်ငြိမ်ခြင်းရှိနိုင်ကြောင်း တွေ့ရှိရပါသည်။ အာလူးသည် မည်သည့်ဘဏ္ဍာနှစ်တွင်မဆို မေလနှင့် ဇွန်လတို့တွင် ဈေးနှုန်းကျဆင်း ဖြစ်ပေါ်တတ်ပြီး ယခုနှစ်တွင် တောင်သူတွက်ခြေကိုက်ဈေးနှုန်းဖြစ်သော တစ်ပိဿာလျှင် ၁၂၀၀ကျပ် ဈေးအောက်ရောက်ရှိခြင်း မရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ ဈေးကွက်လိုအပ်ချက်ထက်သာလွန်အောင် မထုတ်လုပ်နိုင်ခြင်း၊ ထုတ်လုပ်နိုင်မှု အရေအတွက်သည် ဈေးကွက်လိုအပ်ချက်နှင့်ညီမျှနေခြင်းတို့ကြောင့် ထုတ်ကုန်နှင့်ဈေးကွက် မျှခြေညီပြီးဈေးနှုန်း တည်ငြိမ်ကြောင်းတွေ့ရှိရပါသည်။

နှစ်အလိုက်အာလူးဈေးနှုန်းများ

 

၂၀၁၉

၂၀၂၀

၂၀၂၁

၂၀၂၂

နိမ့်

မြင့်

နိမ့်

မြင့်

နိမ့်

မြင့်

နိမ့်

မြင့်

ဇန်

၄၀၀

၁၀၅၀

၃၀၀

၈၇၀

၂၅၀

၆၅၀

၉၀၀

၂၈၀၀

ဖေ

၄၈၀

၁၁၀၀

၂၅၀

၉၀၀

၂၅၀

၈၀၀

၉၀၀

၁၉၀၀

မတ်

၄၀၀

၁၁၅၀

၂၀၀

၈၀၀

၂၅၀

၈၅၀

၈၀၀

၂၀၀၀

ဧပြီ

၂၀၀

၆၈၀

၂၀၀

၇၅၀

၂၀၀

၆၀၀

၈၀၀

၂၀၀၀

မေ

၁၅၀

၆၀၀

၁၀၀

၆၅၀

၂၀၀

၆၅၀

၇၀၀

၁၇၀၀

ဇွန်

၁၀၀

၈၃၀

၂၀၀

၆၀၀

၁၅၀

၆၀၀

၉၀၀

၁၇၀၀

ဇူလိုင်

၁၅၀

၁၁၅၀

၂၀၀

၈၀၀

၁၅၀

၆၈၀

 

 

ဩဂုတ်

၁၅၀

၈၅၀

၂၀၀

၈၅၀

၃၀၀

၁၀၀၀

 

 

စက်

၂၀၀

၉၀၀

၂၅၀

၉၀၀

၃၅၀

၁၁၅၀

 

 

အောက်

၂၀၀

၁၀၀၀

၅၅၀

၉၅၀

၆၀၀

၁၄၀၀

 

 

နို

၂၅၀

၁၁၅၀

၅၀၀

၈၅၀

၇၅၀

၁၉၀၀

 

 

ဒီ

၂၀၀

၉၀၀

၁၀၀

၆၅၀

၉၀၀

၂၈၀၀

 

 

 

          စိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ မျိုးဈေး၊ သွင်းအားစု၊ လုပ်အားခနှင့် အခြားကုန်စည်တန်ဖိုးများ မြင့်တက်လာမှုအရ အာလူးစိုက်ပျိုးထုတ်လုပ်မှု တစ်ဧကကုန်ကျစရတ် ကျပ် သိန်း (၅၀)ခန့်ရှိကြောင်း တွေ့ရှိရပြီး စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်းလာပါသည်။ စိုက်ပျိုးမှု လျော့ကျသည်အတွက် ကုန်ထွက်ရှိမှု လျော့နည်းသဖြင့် ကုန်ထွက်ဖောင်းပွမှု လျော့နည်းလာမည်ဖြစ်သော်လည်း ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်မည့်အခြေအနေ တွေ့ရှိရပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အာလူးစိုက်ပျိုးထုတ်လုပ်မှုမှ စားသုံးသူ၊ တောင်သူ၊ ကုန်သည် ညီမျှစွာ တွက်ခြေကိုက်နိုင်သည့် ဈေးနှုန်းအတိုင်းသာ တည်ငြိမ်နိုင်ကြောင်း၊ ဈေးနှုန်းတည်ငြိမ်ပြီး ဈေးကွက်ခိုင်မာသော သီးနှံဖြစ်ကြောင်း နှစ်စဉ်လအလိုက် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းမှတ်တမ်းများအပေါ် အခြေခံ၍ သုံးသပ်ရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း