ပြည်ပကုန်သွယ်မှုသတင်းများ
၂၀၂၃ ခုနှစ်၏ လက်ကျန်ကာလများတွင် တင်ပို့မှုဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းမှုများအရ ဗီယက်နမ် သီဟိုဠ်လုပ်ငန်းရှင်များအသင်း (VINACAS) က ယခုနှစ် သီဟိုဠ်စေ့ တင်ပို့ရန် ရည်မှန်းထားသည့်ပမာဏကို အမေရိကန်ဒေါ်လာ ၃.၀၅ ဘီလီယံသို့ လျှော့ချခဲ့ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့ မူလမျှော်မှန်းသည့် လျာထားချက်အပေါ် ဒေါ်လာသန်း ၅၀ နှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးဝန်ကြီးဌာန၏ လျာထားချက်အပေါ် ဒေါ်လာသန်း ၇၅၀ အသီးသီး လျှော့ချခဲ့ခြင်းဖြစ်ကြောင်း Vietnam News သတင်းဌာနက ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၌ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) သည် ITC HS code 2306 နှင့် အခြား HS code ခေါင်းစဉ်များအောက်၌ အကျုံးဝင်သော ဆီထုတ်ပြီး ဖွဲဖတ်များအား ပြည်ပသို့ တင်ပို့ခြင်းကို ၃၀-၁၁-၂၀၂၃ ရက်နေ့အထိ တားမြစ်ကန့်သတ်လိုက်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာကို ဇူလိုင်လ ၂၈ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံ၌ ရေချွေတာရန်အတွက် အလယ်ပိုင်းလွင်ပြင်ဒေသများတွင် စပါးစိုက်ပျိုးခြင်းကို ဆိုင်းငံ့ထားရန် အစိုးရက စဉ်းစားဖွယ်ရှိကြောင်း ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR)မှ ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုတားမြစ်ခဲ့ခြင်းသည် ကမ္ဘာ့ဈေးကွက်သို့ ထောက်ပံ့မှုအပေါ် အကျပ်အတည်း ဖြစ်ပေါ်စေပြီး ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ဆန်တင်ပို့သူများအနေဖြင့် ဩဂုတ်လတွင် တင်ပို့ရမည့် ဆန်တန်ချိန် ၅ သိန်းခန့်ရှိသော အရောင်းအဝယ်စာချုပ်များအတွက် ဈေးနှုန်းများကို ပြန်လည်ညှိနှိုင်းနေရသည်ဟု ကုန်သွယ်ရေးသတင်းအရင်းအမြစ်နှစ်ခုက ပြောဆိုပါသည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၌ ဆန်တင်ပို့မှုနှင့် ဆန်ပြန်လည်တင်ပို့မှု (re-export) တို့ကို ၂၈-၇-၂၀၂၃ နေ့မှစ၍ ၄ လကြာကာလအထိ ယာယီတားမြစ်ပိတ်ပင်လိုက်ကြောင်း စီးပွားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီ၌ ၂၈-၇-၂၀၂၃ နေ့အထိ စပါးစိုက်ပျိုးပြီးစီးမှု ဧရိယာ ဟက်တာပေါင်း ၂၃၇.၅၈ သိန်းရှိပြီး ယခင်နှစ်ကာလတူ စိုက်ပျိုးနိုင်မှု ဟက်တာ ၂၃၃.၂၅ သိန်း ထက် ၂% တိုးတက်ခဲ့သော်လည်း ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်ကာလတူအောက် ဧရိယာဟက်တာ ၁၂.၃၂ သိန်းခန့် လျော့နည်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
ရုရှားနိုင်ငံ၏ ရေနံစိမ်းတင်ပို့မှု လျှော့ချမှုနှင့်အတူ ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများမှ ရေနံ ဝယ်လိုအားမြင့်တက်လာမှုကြောင့် အိန္ဒိယနိုင်ငံမှရေနံသန့်စင်သူများအတွက် ဒီဇယ်တင်ပို့မှု အခွင့်အလမ်းကို လမ်းပွင့်စေခဲ့ပါသည်။ ရုရှားနိုင်ငံတွင် ဒီဇယ်အတွက် ပြည်တွင်းဝယ်လိုအားကို ကာမိစေရန်နှင့် ကမ္ဘာ့ဒီဇယ်ဈေးနှုန်းများကို ကျားကန်ပေးနိုင်ရန်တို့အတွက် ရေနံစိမ်းနှင့် သန့်စင်ပြီး ရေနံတင်ပို့မှု အထူးသဖြင့် ရောင်းအားအများဆုံးဖြစ်သည့် အလယ်အလတ်တန်းစား Ural blend ရေနံတင်ပို့မှုမှာ ကျဆင်းခဲ့ကြောင်း ကုန်သွယ်မှုအရင်းအမြစ်များမှ သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံ ရာဘာအသင်း ဥက္ကဋ္ဌ Trần Ngọc Thuận နှင့် လာအို ရာဘာအသင်း ဥက္ကဋ္ဌ Bounthong Buahom တို့သည် နှစ်နိုင်ငံအတွင်း ရာဘာလုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားသီဟိုဠ် အသင်းအဖွဲ့ချုပ်တို့ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ အစောပိုင်းတွင် ဆီရမ်ရိပြည်နယ်၊ အန်ကော၌ ၃ ရက်ကြာ ကမ္ဘာ့လုံးဆိုင်ရာ သီဟိုဠ်ညီလာခံကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား ပြည်တွင်း၌ သီဟိုဠ်ကဏ္ဍ ဈေးကွက်အလားအလာကို လေ့လာဖော်ထုတ်ရေးနှင့် စိုက်ပျိုးနိုင်ရေးတို့အတွက် ပြည်တွင်းပြည်ပ သီဟိုဠ်အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းထားရှိနိုင်ရန်နှင့် သီဟိုဠ်စေ့ ပြုပြင်ထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံမှုများကို တိုက်တွန်းအားပေးရန် ရည်ရွယ်လျက် အဆိုပါညီလာခံကို ကျင်းပမည်ဖြစ်ကြောင်းဖြင့် Khmer
မလေးရှားနိုင်ငံအခြေစိုက် RHB သုတေသနအဖွဲ့၏ လေ့လာဆန်းစစ်ချက်အရ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ စားအုန်းဆီထုတ်လုပ်မှုလုပ်ငန်းအပေါ် သက်ရောက်မှုများသည် လာမည့်နှစ်များတွင် ဖြစ်ပေါ်နိုင်ပြီး စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်တွင် တစ်တန်လျှင် ရင်းဂစ်ငွေ ၃၉၀၀ နှင့် ၂၀၂၅ ခုနှစ်၌ တစ်တန်လျှင် ရင်းဂစ်ငွေ ၃၈၀၀ ခန့်သို့ မြင့်တက်ဖွယ်ရှိကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြခဲ့သည်။
ပြည်တွင်းဈေးကွက်၌ ရောင်းလိုအားပြတ်လပ်မှုမှ ရှောင်ကြဉ်နိုင်ရန်အတွက် ပြည်ပသို့ နေကြာဆီတင်ပို့မှုအပေါ် ပို့ကုန်အခွန် သတ်မှတ်ထားရှိခြင်းအား သက်တမ်း ၁ နှစ် တိုးမြှင့်မည်ဖြစ်ကြောင်း ရုရှားစီးပွားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၆ ရက်နေ့ တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
ကမ္ဘာ့ဆန်ဈေးကွက်အပေါ် သိသာစွာ သက်ရောက်မှုရှိမည့် အိန္ဒိယ၏ ဆန်တင်ပို့မှုအား တားမြစ်ကန့်သတ်ချက် ထုတ်ပြန်ခဲ့အပြီးတွင် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် စားနပ်ရိက္ခာဖူလုံမှု သေချာခိုင်မာရှိစေရေး ဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပို့ကုန်သွင်းကုန်ဌာနက ဆန်တင်ပို့သူများအား တိုက်တွန်းခဲ့ပါသည်။