Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

မာလမ်ပါယာ သဘာဝဓါတ်ငွေ့လုပ်ငန်းအား ဖိလစ်ပိုင်အစိုးရက ၁၅ နှစ် စာချုပ်သက်တမ်းတိုးမြှင့်

ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းကမ်းလွန်ပင်လယ်၌ ဆောင်ရွက်လျက်ရှိသော မာလမ်ပါယာသဘာဝဓါတ်ငွေ့တွင်း (Malampaya gas field) လုပ်ငန်းစီမံကိန်းရှိ ဝန်ဆောင်မှုလုပ်ငန်း စာချုပ်အမှတ် ၃၈ (SC 38) အား ၁၅-၅-၂၀၂၃ နေ့တွင် ဖိလစ်ပိုင်အစိုးရ က သက်တမ်း ၁၅ နှစ် တိုးမြှင့်ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

အဆိုပါစာချုပ်အရ ဖိလစ်ပိုင်နိုင်ငံ၌ သဘာဝဓါတ်ငွေ့ အများဆုံးထုတ်လုပ်လျက်ရှိသော မာလမ်ပါယာလုပ်ကွက်အမှတ် ၃၈ ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုမ္ပဏီများ ပူးပေါင်းအဖွဲ့အနေဖြင့် တည်ရှိဆဲဓါတ်ငွေ့တွင်းနှင့် အလားလာ ရှိသော အနီးပတ်ဝန်းကျင်ဧရိယာ တို့မှ သဘာဝဓါတ်ငွေ့  တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ဘူမိဗေဒနှင့် ဘူမိရူပဆိုင်ရာ လုပ်ငန်းစီမံချက်တစ်ရပ်အား ချမှတ်ဆောင်ရွက်မှုနှင့်အတူ အနည်းဆုံး ရေနက်ကြမ်းပြင် ဓါတ်ငွေ့တွင်း ၂ ခု တူးဖော်ခြင်းကို ၂၀၂၄ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း လုပ်ဆောင်ရမည်ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရသည် ၂၂-၂-၂၀၂၄ နေ့တွင် ထုတ်လုပ်မှုသက်တမ်း ၂၅ နှစ်ကုန်ဆုံးမည့် သဘာဝဓါတ်ငွေ့ လုပ်ငန်းစီမံကိန်းစာချုပ်ကို ၂၂-၂-၂၀၃၉ ရက်နေ့အထိ နောက်ထပ်သက်တမ်း ၁၅ နှစ် တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီများပူးပေါင်းအဖွဲ့ အနေဖြင့် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်များနှင့်အညီ ဓါတ်ငွေ့တွင်းများအား စွန့်လွှတ်မှုနှင့် လုပ်ငန်းအထောက်အပံ့ပစ္စည်းများ ဖြုတ်သိမ်းမှုတို့ကို လွှမ်းခြုံမှုရှိသည့် ဘတ်ဂျက်စာရင်းနှင့်အတူ လုပ်ငန်းရပ်စဲမည့် အစီအမံအား စာချုပ်သက်တမ်းတိုးမှု စတင် သက်ရောက်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဖိလစ်ပိုင်စွမ်းအင်ဦးစီးဌာနသို့ တင်သွင်းရမည်ဖြစ်ကြောင်း Manila Times သတင်းဌာနက ဖော်ပြထားသည်။

Source: Manila Times, 15 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပဲမျိုးစုံထုတ်လုပ်မှုကို ၃ နှစ်အတွင်း ဖူလုံမှုရှိအောင် အိန္ဒိယအစိုးရက ဆောင်ရွက်မည်

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးရန် လိုအပ်ချက်အပေါ် ပြည့်မီမှုမရှိသဖြင့် ၃ နှစ်တာကာလအတွင်း သတ်မှတ်ထားရှိသော ပြည်နယ်အချို့၌ စိုက်ပျိုးထုတ်လုပ်မှုကို နှစ်စဉ်မြှင့်တင်လျက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဖူလုံမှုရရှိအောင် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရှိ သတင်းအရင်းအမြစ်များအရ သိရှိရသည်။

၂၀၁၇-၁၈ ခုနှစ်မှ ၂၀၂၂-၂၃ ခုနှစ်အတွင်း ပြည်တွင်း၌ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုမှာ ၉% တိုးတက်ခဲ့ရာ ၎င်းကာလအတွင်း အိန္ဒိယ၏ ပဲမျိုးစုံ တင်သွင်းမှုသည် ၆၀% ကျဆင်းခဲ့သည်။ လွန်ခဲ့သော ၇ နှစ်တာ ကာလအတွင်း ပဲမျိုးစုံဧရိယာ ၁ ဟက်တာလျှင် ၆၅၅ ကီလိုဂရမ်မှ ၉၂၄ ကီလိုဂရမ်သို့ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ရာ အထွက်နှုန်းမှာ ၄၁% တိုးတက်မှုရရှိခဲ့သည်။ သို့ဖြစ်ရာ အထွက်နှုန်း မြှင့်တင်ခြင်းဖြင့် ပြည်ပမှတင်သွင်းရန် မလိုအပ်ပဲ ကိုယ်ပိုင်ဖူလုံမှုရှိရန် အလားအလာရှိသော ပဲများ ထုတ်လုပ်မှုတိုးတက်စေရေး အိန္ဒိယအစိုးရက စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မှ စတင်၍ ပဲစင်းငုံ တန်ချိန် ၄၅.၅ သိန်း၊ မတ်ပဲတန်ချိန် ၂၃.၈၈ သိန်းနှင့် ဆောင်းပဲနီလေး တန်ချိန် ၁၆.၉၅ သိန်းအထိ ထွက်ရှိရန် ရည်မှန်းထားသည်။ သို့သော် အဆိုပါ ရည်မှန်းချက်ကို ပြည့်မီရန်မှာ အတားအဆီးများစွာရှိနေပြီး ၎င်းတို့ကို ဖြေရှင်းရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနသည် မျိုးစေ့ဗဟိုဌာနအစီအစဉ်အား အကောင်အထည်ဖော်ခြင်းကို အိန္ဒိယစိုက်ပျိုးရေး သုတေသနကောင်စီ (ICAR) သို့ တာဝန်ပေးအပ်ဆောင်ရွက်လျက်ရှိသည်။

ICAR ကောင်စီလက်အောက်ရှိ ကန်ပူရာမြို့အခြေစိုက် အိန္ဒိယပဲမျိုးစုံသုတေသနဌာန (IIPR) သည် ဖေဖော်ဝါရီလ၌ ဌာနတွင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပရာတွင် မိဘမျိုးစေ့ထုတ်လုပ်မှုမြှင့်တင်ခြင်းနှင့် မျိုးစေ့ဗဟိုဌာန အစီအမံများနှင့် စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း၊  IIPR  ဌာန၏ ပြောကြားချက်အရ မျိုးစေ့ဗဟိုဌာနအစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် ဒေသပေါင်း ၁၅၀ ၌ စတင်ခဲ့ပြီး စင်တာတစ်ခုချင်းစီ၏ မျိုးစေ့ထုတ်လုပ်နိုင်စွမ်းကို ၁၀၀၀ ကွမ်တယ် (၁၀ တန်) အထိ ရည်မှန်းထားကြောင်း၊ သို့သော် ပြည်နယ်များနှင့် အခြားအေဂျင်စီများ၏ မျိုးစေ့ထုတ်လုပ်မှုမှာ ကြန့်ကြာမှုရှိခြင်း၊ နိုင်ငံ၏ အရှေ့မြောက်ဒေသများတွင် မျိုးစေ့ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်သည့် အဖွဲ့အစည်းများ မရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ရေး ကလာပ်စည်းများအတွက် ရန်ပုံငွေပြတ်လပ်ခြင်း စသည့် ကန့်သတ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရသည်။

မေလ ၃ ရက်နေ့၌ ကျင်းပသော မိုးသီးနှံညီလာခံတွင် မျိုးစေ့ဗဟိုဌာနများ၏ ထုတ်လုပ်မှုကို မြှင့်တင်ရန် စိုက်ပျိုးရေးဦးစီးဌာနက ပြည်နယ်အစိုးရများသို့ အကြံပြုခဲ့ကြောင်း၊ သို့ရာတွင် မျိုးစေ့ဗဟိုဌာနများအနေဖြင့်  နောက်ကြောင်းခြေရာခံစနစ် နှင့် ပထဝီဒေသ ခွဲခြားမှတ်တမ်းတင်မှုတို့အပါအဝင်  သတင်းအချက်အလက်နည်းပည စင်္ကြန်များကို ၂ လ အတွင်း ထူထောင်ရန် လိုအပ်လျက်ရှိကြောင်း၊ မျိုးစေ့ဗဟိုဌာနများ၏ သက်ရောက်မှုရှိမည့် သုတေသနပြုလုပ်ငန်းများ၊  မျိုးစေ့ ထုတ်မှု ကုန်ကျစရိတ်များနှင့် ၎င်းဗဟိုဌာနများ၌ မျိုးစေ့ထုတ်လုပ်မှုအတွက် ပေးအပ်ရမည့်ထောက်ပံ့ကြေးများကို တွက်ချက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် မျိုးစေ့ဗဟိုဌာနများအနေဖြင့် အဆိုပါအထောက်အပံ့များကို လက်ခံရရှိခြင်း မရှိသေးကြောင်းဖြင့် The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

Source: The Hindu Business Line, 12 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

မလေးရှားစားအုန်းဆီဈေးနှုန်းသည် သုံးပတ်အတွင်း အမြင့်မားဆုံးခုန်တက်

စားအုန်းဆီထုတ်လုပ်မှု အထွက်နှုန်း သိသိသာသာကျဆင်းလာမည်ဟု ဧပြီလအတွင်း ခန့်မှန်းချက်များကြောင့်  အနာဂတ်မလေးရှားစားအုန်းဆီဈေးနှုန်းသည် မေလ ၉ ရက်နေ့တွင် ရက်သတ္တသုံးပတ်အတွင်း ၄ ရာခိုင်နှုန်းကျော် အမြင့်မားဆုံးဖြင့် တစ်ဟုန်ထိုးမြှင့်တက်လာခဲ့သည်။

မလေးရှားဘာဆာကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange- BMDE) တွင် ဇူလိုင်လအတွက် ပေးပို့ရမည့် စားအုန်းဆီစာချုပ်တွင် စားအုန်းဆီ ၁ တန်လျှင် ရင်းဂစ်ငွေ ၃၇၅၈ (အမေရိကန်ဒေါ်လာ ၈၄၇.၃၅) အထိ အပိတ်ဈေးရှိခဲ့ရာ ၁ တန်အပေါ် ရင်းဂစ်ငွေ ၁၅၇ တစ်နည်းအားဖြင့် ၄.၃၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။ စားအုန်းဆီသည် ဧပြီလ ၁၈ ရက်နေ့ နောက်ပိုင်းမှစ၍ ဆက်တိုက်တိုးမြှင့်ခဲ့ရာ လေးကြိမ်မြောက် အမြင့်ဆုံးအပိတ်ဈေးလည်း ဖြစ်သည်။

မလေးရှားစားအုန်းဆီအဖွဲ့(Malaysian Palm Oil Association - MPOA) က ဧပြီလတွင် လစဉ်ထုတ်လုပ်မှုမှာ ၈.၃ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းချက်များကြောင့် မျှော်လင့်ထားသည်ထက် ထုတ်လုပ်မှုများတွင် ပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကုန်သည်များက စိုးရိမ်ခဲ့သည်။ Reuters သတင်းဌာန၏ စစ်တမ်းများတွင် ဧပြီလအတွင်း ထုတ်လုပ်မှုများကို နှိုင်းယှဉ်ပါက ယခင်အပတ်တွင် ၀.၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ပြည်တွင်းစားသုံးမှု မြှင့်တက်လာခဲ့ခြင်းကြောင့် သိုလှောင်မှုများမှာ ၁၁ လအတွင်း အနိမ့်ဆုံးကျသွားနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။ မွန်ဘိုင်းအခြေပြု ဟင်းသီးဟင်းရွက်ဆီကုန်သည်များ Sunvin Group အဖွဲ့၏ သုတေသန အကြီးအမှူးဖြစ်သူ Anilkumar Bagani ၏ ပြောကြားချက်အရ မလေးရှားနိုင်ငံအတွင်း ထုတ်လုပ်မှုများသည် အမှန်တကယ်ဆိုးရွားလာနိုင်ပြီး အင်ဒိုနီးရှားနိုင်ငံအတွက်လည်း အလားတူအခြေအနေမျိုး ဖြစ်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်းဖြင့် သိရသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းအနေဖြင့် မေလနှင့် စက်တင်ဘာလအတွင်း အယ်နီညိုရာသီ ဥတုဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းချက်များကြောင့်လည်း ထုတ်လုပ်မှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း စိုးရိမ်လာကြသည်။ စားအုန်းဆီအဓိကစိုက်ပျိုးသည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာသည့် ခြောက်သွေ့ရာသီဥတု၏ အကျိုးဆက်အရ စားအုန်းဆီအထွက်နှုန်းမှာ လျော့ကျနိုင်ကြောင်း သိရသည်။

Source: Reuters, 9 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ ပန်းသီးတင်သွင်းမှုအား တားမြစ်ကန့်သတ်

အိန္ဒိယနိုင်ငံတွင် ပန်းသီးတင်သွင်းမှုများသည် ပြည်တွင်း၌ ထုတ်လုပ်သောပန်းသီးများ၏ဈေးနှုန်းကို လျော့နည်းကျဆင်းစေခဲ့ပါသည်။ သို့ဖြစ်ရာ နိုင်ငံအတွင်းသို့ ပန်းသီးတင်သွင်းမှုကို ယခင်က ကင်းလွတ်ခွင့်ပြုထားရာမှ ယခုတားမြစ်ကန့်သတ်လိုက်ကြောင်း အိန္ဒိယအစိုးရက မေလ ၈ ရက်၊ တနင်္လာနေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။

အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ အဆိုပါ အမိန့်ကြော်ငြာစာအရ တင်သွင်းမည့် ပန်းသီး၏ ဆိပ်ကမ်းအရောက်တန်ဖိုး CIF ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ရူပီး ၅ဝ သို့ မဟုတ် ယင်းဈေးနှုန်းအောက် လျော့နည်းပါက အိန္ဒိယပြည်တွင်းသို့ တင်သွင်းခွင့်ပြုမည် မဟုတ်ကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ အနိမ့်ဆုံးထားတင်သွင်းရမည့် CIF ဈေးနှုန်း သတ်မှတ်ချက်သည်   ဘူတန်နိုင်ငံမှ တင်သွင်းမည့် ပန်းသီးများအတွက် အကျုံးဝင်မှုမရှိကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံသည် ပန်းသီးကို တူရကီ၊ အီတလီ၊ အီရန်နှင့် ချီလီနိုင်ငံတို့မှ အဓိကတင်သွင်း မှုရှိပြီး ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၈၅.၁ သန်းဖိုး တင်သွင်းခဲ့ကြောင်း၊ ၂၀၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ပန်းသီးတင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၂၆ဝ.၃၇ သန်းရှိကြောင်း သိရှိရပါသည်။

ပြည်ပမှတင်သွင်းမှုက ပြည်တွင်းပန်းသီးဈေးနှုန်းများကို လျော့နည်းကျဆင်းစေခဲ့သဖြင့် ကက်ရှ်မီးယားဒေသရှိ ပန်းသီးစိုက်တောင်သူများက အီရန်နိုင်ငံမှ ပန်းသီးများတင်သွင်းမှုကို ပိတ်ပင်ပေးရန် တောင်းဆိုခဲ့ကြသည်။ ပန်းသီးများတင်သွင်းရာတွင် အိန္ဒိယအစိုးရသည် ဆိပ်ကမ်းကန့်သတ်ချက်များကို ၂ဝ၁၈ ခုနှစ်၌ ဖယ်ရှားပေးခဲ့ပြီး ပန်းသီးတင်သွင်းမှုကို ကောလ်ကတ္တား၊ ချန်နိုင်း၊ မွန်ဘိုင်းနှင့် ကိုချင်း မြို့များရှိ ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် ဒေလီမြို့ရှိ ပြည်တွင်း ကုန်းလမ်းဆိပ်ကမ်းနှင့် လေဆိပ်များမှတစ်ဆင့် တင်သွင်းခွင့်ပြုခဲ့သည်။ ထို့နောက် နယ်စပ်ဒေသများမှလည်း ပန်းသီးတင်သွင်းမှုကို ခွင့်ပြုခဲ့ပါသည်။

Source: Economic Times, 8 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပထဝီကုန်အညွှန်းအမှတ်အသား ထုတ်ကုန်များ ရောင်းချမှု ဘတ်ငွေ ၅ဝ ဘီလီယံ ရောက်ရှိမည်ဟု ထိုင်းအစိုးရက ခန့်မှန်း

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်၌ ရရှိခဲ့သော ပထဝီကုန်အညွှန်း အမှတ်အသားထုတ်ကုန် ရောင်းချရမှုတန်ဖိုး ဘတ်ငွေ ၄၈ ဘီလီယံထက် ပိုမိုလျက် ၂၀၂၃ ခုနှစ်တွင် ဘတ်ငွေ ၅ဝ ဘီလီယံသို့ တိုးတက်ရရှိမည်ဟု ခန့်မှန်းထားပါသည်။ ပထဝီကုန်အညွှန်းအမှတ်အသား (GI) ဆိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဈေးကွက်တန်ဖိုး ပိုမိုရရှိစေရန် ထုတ်ကုန်တစ်ခုအား နိုင်ငံတစ်ခု၊ ဒေသတစ်ခု သို့မဟုတ် နေရာဌာနတစ်ခုတွင် ထုတ်လုပ်ပြီး ထူးခြားသော ဝိသေသလက္ခဏာများ သို့မဟုတ် အရည်အသွေးများကို ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း ဖြစ်ပါသည်။ လက်ရှိကာလ၌ ထိုင်းနိုင်ငံတွင် GI မှတ်ပုံတင်ထားသော ထုတ်ကုန်အမျိုးအစား ၁၈၅ မျိုးရှိပြီး အစားအသောက်၊ လယ်ယာထွက်ကုန်များနှင့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း သိရှိရပါသည်။

လတ်တလောကာလ၌ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတောင်ပိုင်း အနောက်ဘက်ကမ်းခြေ‌ရှိ ကရာဘိဒေသတွင် နောက်ဆုံး ပထဝီကုန်အညွှန်းအမှတ်အသား ထုတ်ကုန်အဖြစ် “Tu-Rian Talay Hoi” သို့မဟုတ် “Talay Hoi Durian” ခေါ် ဒူးရင်းသီးကို မှတ်ပုံတင်ခဲ့ပါသည်။ ကရာဘိကမ်းခြေဒေသ၊ Plaipraya ခရိုင်ရှိ Tambon Plaipraya နှင့်  Tambon Khao Khen နယ်မြေများတွင် ဒူးရင်းစိုက်ခင်းများသည် ကောင်းမွန်သောရာသီဥတုနှင့် ရေအရင်းအမြစ်တို့ကို ရရှိပိုင်ဆိုင်ပြီး ဓာတုပစ္စည်းများကို အသုံးမပြုပဲ အရေးပါသည့် အာဟာရများကို ရရှိကြသဖြင့် အရည်အသွေးသာလွန်ကောင်းမွန်ပြီး ထူးခြားသောအသွင်အပြင်ရှိသည့် ဒူးရင်းသီးများ ထွက်ရှိရာဒေသများဖြစ်ကြပါသည်။

လက်ရှိကာလတွင် ထိုင်းနိုင်ငံသည် GI မှတ်ပုံတင်ထားသော ထုတ်ကုန် ၈ မျိုးကို ပြည်ပတင်ပို့လျက်ရှိသည်။ အဆိုပါထုတ်ကုန်များမှာ ဥရောပသမဂ္ဂနှင့် အင်ဒိုနီးရှားတို့တွင် Thung Kula Rong Hai hom mali ဆန်နှင့် Sangyod Muang Phutthalung ဆန်၊ ဥရောပသမဂ္ဂ၌ Doi Chang ကော်ဖီ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘောဒီးယားတို့တွင် Doi Tung ကော်ဖီ၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့၌ Lamphun brocade ပိုးထည်၊ ဗီယက်နမ်တွင် ရိုးရာ Isan ပိုးထည်ချည်၊ Phetchabun မန်ကျည်း အချိုသီးနှင့် Lamphun လိုက်ချီးသီးတို့ကို မှတ်ပုံတင်ထားခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် GI အမှတ်အသားထုတ်ကုန်အဖြစ် Thung Kula Rong Hai hom mali ဆန်၊ Pakpanang Tab Tim Siam ကျွဲကောသီးနှင့် Phetchabun မန်ကျည်းသီးချိုတို့ကို တရုတ် နိုင်ငံတွင်လည်းကောင်း၊ Doi Tung ကော်ဖီ၊ Doi Chang ကော်ဖီ၊ Phetchabun မန်ကျည်းအချိုသီး နှင့် Huay Mon နာနတ်သီးတို့ကို ဂျပန်နိုင်ငံ၌ လည်းကောင်း မှတ်ပုံတင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

Source: Bangkok Post, 9 May, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ ဓာတ်မြေဩဇာလုပ်ငန်း ၁၁၂ ခု၏ လိုင်စင်များအား အစိုးရက ပယ်ဖျက်

အစိုးရက ထောက်ပံ့ပေးသည့် ဓာတ်မြေဩဇာများအား စက်မှုကုန်ထုတ်လုပ်ငန်းများသို့ လွှဲပြောင်းသုံးစွဲခြင်းကို တားဆီးရန်နှင့် အရည်အသွေးအာမခံချက်ရှိစေရန် လုပ်ဆောင်မှုအဖြစ် စံသတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်သော ကုမ္ပဏီ ၁၁၂ ခု၏ လုပ်ငန်းလိုင်စင်များအား ဖျက်သိမ်းခဲ့ကြောင်းနှင့် လွန်ခဲ့သည့်ခြောက်လအတွင်း လုပ်ငန်းပေါင်း ၃၇၀ ကျော်ကို စစ်ဆေးခဲ့ပြီးနောက် အမှုဖွင့်အရေးယူမှု ၃၀ မှုရှိခဲ့ကြောင်း အိန္ဒိယ ဓာတုပစ္စည်းနှင့် ဓာတ်မြေဩဇာဝန်ကြီးဌာနက မေလ ၉ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ပြည်နယ် ၁၅ ခုရှိ ဓာတ်မြေဩဇာလုပ်ငန်းပေါင်း ၃၇၀ ကို စစ်ဆေးရာတွင် ဓာတ်မြေဩဇာ အရောအနှော ပြုလုပ်သည့် စက်ရုံ ၂၂၀ ခု၊ ယူရီးယားစက်ရုံ ၁၃၀ ခု၊ Single Super Phosphate (SSP) ဓာတ်မြေဩဇာစက်ရုံ ၁၅ ခုနှင့် ပို့ကုန်လုပ်ငန်းရှင် ၅ ဦးတို့အား ပါဝင်ကြောင်း၊ စစ်ဆေးမှုတွင် ဂူဂျရတ်ပြည်နယ်မှ လုပ်ငန်း ၉၂ ခု အများဆုံး ပါဝင်ပြီး ၎င်း၏နောက်၌ ကီရာလာပြည်နယ်မှ ၅၄ ခု၊ တမီနာဒူပြည်နယ်မှ ၄၀ ခုနှင့် ကာနာတကာပြည်နယ်မှ လုပ်ငန်း ၃၉ ခုတို့ကို အများဆုံး စစ်ဆေးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါသည်။

ကမ္ဘာတစ်ဝန်း၌ ဓာတ်မြေဩဇာ အကျပ်အတည်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေတွင် ၄၅ ကီလိုဂရမ်ဝင် ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်လျှင် ၂၅၀၀ ရူပီးခန့် ကျသင့်သော်လည်း လယ်သမားများသို့ ၂၆၆ ရူပီး ဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် မူလရည်ရွယ်သော လုပ်ငန်းလမ်းကြောင်းမှ ပြောင်းလွှဲမှုရှိသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုရှိသော ဖြန့်ဖြူးသူ သို့မဟုတ် အသုံးပြုသူ သို့မဟုတ် ဆိုင်ခွဲများအား ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ဓာတုပစ္စည်းနှင့် ဓာတ်မြေဩဇာဝန်ကြီး Mr. Mansukh Mandaviya က‌ ပြောကြားခဲ့သည်။

အဆိုပါ ဓာတ်မြေဩဇာလုပ်ငန်းများမှ နမူနာ ၂၆၈ ခုအား ရယူခဲ့ပြီး၊ နမူနာ ၅၉ ခု၏ ရလဒ်အား ‌စောင့်ဆိုင်းနေဆဲဖြစ်သည်။ သို့သော် နမူနာ ၈၉ ခုတွင် စံချိန်မမီသော ယူရီးယား ပါဝင်ကြောင်းတွေ့ရှိခဲ့သည်။ စက်ရုံ ၁၃၀ အား စစ်ဆေးရာတွင် ၁၂၀ မှာ ယူရီးယားမြေဩဇာအား လုပ်ငန်းလမ်းကြောင်းမှ ပြောင်းလွှဲမှုရှိသဖြင့် လုပ်ငန်းလိုင်စင် ၁၁၂ ခုအား ပယ်ဖျက်ခဲ့ကြောင်း ဝန်ကြီး Mr. Mandaviya က ပြောဆိုသည်။

အဆိုပါ စစ်ဆေးမှုများအရ အစိုးရက အထောက်အပံ့ပေးသည့် ဓာတ်မြေဩဇာများကို လမ်းကြောင်း ပြောင်းလွှဲမှုရှိခြင်းကြောင့် အမှုဖွင့်အရေးယူမှု ၃၀ မှုထိ ရှိလာခဲ့ပြီး  ဂူဂျရတ်၊ ကီရာလာ၊ ဟာရီယာနာ၊ ရာဂျပ်စတန်နှင့် ကာနာတကာ ပြည်နယ်များမှ ဓာတ်မြေဩဇာ အိတ် ၇၀၀၀၀ အား သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ အိတ်များအနက် ၂၆၁၉၉ အိတ်ကို ဓာတ်မြေဩဇာထိန်းချုပ်ရေးအမိန့် (FCO) စည်းမျဉ်းများအရ ဖျက်ဆီးခဲ့ကြောင်း၊ ပထမဆုံးအကြိမ်အဖြစ် လွန်ခဲ့သည့် ၁ နှစ်အတွင်း ယူရီးယား မှောင်ခိုရောင်းချသူ ၁၁ ဦးအား မှောင်ခိုရောင်းဝယ်မှု တားဆီးကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း၊  ယူရီးယားကို စိုက်ပျိုးရေးလုပ်ငန်းအပြင် အစေး၊ ကော်၊ သုံးထပ်သား၊ ပုံသွင်းမှုန့်၊ ပန်းကန်ခွက်ယောက်၊ နွားစာ၊ နို့ထွက်ပစ္စည်း၊ သတ္တုတွင်း ဖောက်ခွဲရေး ပစ္စည်း စသည်ဖြင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုလာကြကြောင်း၊ တရားမဝင် ပြောင်းလဲသုံးစွဲမှု မြင့်တက်လာခြင်းကြောင့် မျိုးစေ့ကြဲကာလတွင် ယူရီးယားမြေဩဇာ ရှားပါးလာခြင်းဖြစ်ကြောင်း အိန္ဒိယဓာတုပစ္စည်းနှင့် ဓာတ်မြေဩဇာဝန်ကြီးဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, 9 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

သံသတ္တုရိုင်း တစ်တန်လျှင် ဒေါ်လာ ၁၀၀ အောက် ဈေးနှုန်းကျဆင်း

စင်ကာပူဈေးကွက်၌ သံသတ္တုရိုင်းဈေးနှုန်းမှာ မေလ ၈ ရက်၊ တနင်္လာနေ့တွင် ကျဆင်းခဲ့ပြီး ဩစတေးလျနှင့် ဘရာဇီးတို့မှ တင်ပို့ရောင်းချမှု အားကောင်းလာမှုနှင့်အတူ ထိပ်တန်းသံမဏိ ထုတ်လုပ်သူတရုတ်၏ ဝယ်လိုအား နှေးကွေးနေသဖြင့် တစ်တန်လျှင် ဒေါ်လာ ၁၀၀ အောက်ထိ ရောက်ရှိခဲ့သည်။

သံမဏိထုတ်လုပ်ရာ၌ အသုံးပြုသည့်ကုန်ကြမ်းအား အရောင်းအဝယ်အများဆုံးဖြစ်သည့် ဇွန်လအတွက် ကြိုတင်ချုပ်ဆိုသော စာချုပ်များ၏ စင်ကာပူအိတ်ချိန်းတွင် ဖြစ်ပေါ်သည့် ဈေးနှုန်းမှာ တစ်တန်လျှင် ၉၇.၀၅ ဒေါ်လာအထိ ၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

Caixin Manufacturing ၏ ဝယ်ယူရေးစီမံခန့်ခွဲသူများ အညွှန်းကိန်း (PMI) အချက်အလက်များအရ ဧပြီလတွင် တရုတ်နိုင်ငံ၏ စက်ရုံအလုပ်ရုံ ဆောင်ရွက်မှုများ မမျှော်လင့်ဘဲ ကျဆင်းပြီးနောက် မေလ ၅ ရက်၊ သောကြာနေ့တွင် ၉၄.၂၀ ဒေါ်လာအထိ ကျဆင်းမှုက သံသတ္တုရိုင်း ဈေးကွက်အပေါ် ရိုက်ခတ်ခဲ့သည်။ သို့သော် ရှန်ဟိုင်းရှိ သံမဏိဈေးနှုန်းများ ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ တရုတ်နိုင်ငံ Dalian ကုန်စည်ဒိုင်၌ သံသတ္တုရိုင်းများမှာ ငါးလတာကာလအတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ‌ရောက်ရှိပြီးနောက် သောကြာနေ့တွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။

Dalian ရှိ သံသတ္တုရိုင်းများ၏ဈေးမှာ စက်တင်ဘာလစာချုပ်အရ တစ်တန်လျှင် ၇၀၂ ယွမ် (၁၀၁.၄၈ ဒေါ်လာ) ဖြင့် ၂.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သံရည်ကြို လုပ်ငန်းဆောင်ရွက်နိုင်မှုများအပေါ်မူတည်၍ စာချုပ်ကို ဆက်လက်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း၊ သံသတ္တုရိုင်းဝင်ရောက်မှု မြင့်တက်လာခြင်းနှင့် တရုတ်နိုင်ငံ၏ သံသတ္တုရိုင်းများပြားလာခြင်းတို့ကြောင့် ဩစတေးလျနှင့် ဘရာဇီးတို့၏ သံသတ္တုရိုင်းများ တင်ပို့မှုသည် သုံးလပတ်အတွင်း ပိုမိုမြန်ဆန်လာနိုင်သည်ဟု ခန့်မှန်းမိကြောင်း၊ သံသတ္တုရိုင်းဝယ်လိုအားအတွက် ဖြစ်နိုင်ချေရှိသော စုဆောင်းမှုမှာ တရုတ်၏ သံရည်ကြိုမီးဖိုများအတွက် ပိုမိုဈေးသက်သာစွာ သိုလှောင်ထားခြင်း ဖြစ်ကြောင်း Navigate Commodities မှ မန်နေဂျင်းဒါရိုက်တာ Mr. Atilla Widnell က ပြောကြားခဲ့သည်။ သို့သော် တည်ငြိမ်သော ငွေကြေးစီးဆင်းမှုဖြစ်စေရန်အတွက် ထုတ်လုပ်မှုကို လျှော့ချရန် တရုတ်နိုင်ငံ သံနှင့်သံမဏိအသင်းက ပြည်တွင်း သံမဏိထုတ်လုပ်သူများအား တိုက်တွန်းထားသည်။

သံရိုင်းများအနေဖြင့် တစ်တန်လျှင် ၉၅ ဒေါ်လာ ကြမ်းခင်းဈေးအထိဖြစ်နိုင်သည် ဟု ANZ ကုန်စည်ဆိုင်ရာ မဟာဗျူဟာရှင်များက ပြောဆိုကြောင်း၊ Shanghai Futures Exchange တွင် ပြန်လည်အားဖြည့် သံချောင်း (Rebar) ဈေးနှုန်းသည် ၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ သံမဏိပြားအခွေ (Hot-rolled coil) မှာ ၃.၇ ရာခိုင်နှုန်းနှင့် သံမဏိချောင်း (Stainless Steel) သည် ၁.၁ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: Reuters, 9 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အီသနောလောင်စာရောစပ်မှု ၁၂% ရရှိအောင် အိန္ဒိယသကြားစက်ရုံများက ဆောင်ရွက်လျက်ရှိ

အိန္ဒိယနိုင်ငံ၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ အီသနောပေးသွင်းမှုနှစ် (Ethanol Supply Year – ESY) အတွက် စာချုပ်ချုပ်ဆိုထားသော အီသနောလီတာပေါင်း ၅၁၄ ကုဋေအနက် ဧပြီလ ၃၀ ရက်နေ့အထိ လီတာပေါင်း ၂၃၃ ကုဋေကို ရေနံထွက်ကုန်ဖြန့်ဖြူးရေးကုမ္ပဏီများက လက်ခံရရှိပြီးဖြစ်ရာ လောင်စာဆီ၌ အီသနောရောစပ်မှုကို ယခင်နှစ်ကာလတူတွင် ဆောင်ရွက်နိုင်မှု ၁၀% ထက် ပိုမိုလျက် ၁၁.၆၅% သို့ တိုးတက်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။ ယခု ESY နှစ်အတွက် ဓာတ်ဆီတွင် အီသနော ရောစပ်ပါဝင်မှုကို ၁၂% အထိ တိုးမြှင့်ရန် အိန္ဒိယအစိုးရက ရည်မှန်းထားသည်။

တမီနာဒူပြည်နယ်မှအပ ကျန်ဒေသများတွင် ကြံကြိတ်ခွဲမှုများ ပြီးစီးဖြစ်၍ သကြားစက်ရုံများအနေဖြင့် ရာသီပိတ်သိမ်းချိန်အတွက် သိုလှောင်ထားသော တင်လဲရည်မှ အီသနောလောင်စာ ထုတ်လုပ်တော့မည်ဖြစ်သည်။ ကြံရည်မှ အီသနောထုတ်လုပ်မှုမှာ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း၊ သကြားထုတ်လုပ်နိုင်မှု ကျဆင်းနေချိန်၌ အီသနောထုတ်လုပ်နိုင်မှုမှာ အောင်မြင်မှုတစ်ရပ်ပင်ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောဆိုပါသည်။ ရေနံထွက်ကုန်ဖြန့်ဖြူးရေးကုမ္ပဏီများသည် လောင်စာဆီ ရောနှောမှုလိုအပ်ချက်အတွက် သကြားအခြေပြုစက်ရုံများမှ အီသနော လီတာပေါင်း ၃၇၄ ကုဋေနှင့် ကောက်ပဲသီးနှံ အခြေပြု အီသနောစက်ရုံများမှ လီတာပေါင်း ၁၄၀ ကုဋေ ဝယ်ယူရမည်ဖြစ်သည်။

ကြံရည်မှတိုက်ရိုက်ထုတ်လုပ်မည်ဆိုပါက ကြံတစ်တန်လျှင် အီသနော ၇၀ မှ ၇၅ လီတာ ထွက်ရှိနိုင်ပြီး တင်လဲရည်အပျစ် (B-Heavy Molasses) တစ်တန်မှ ထုတ်လုပ်လျှင် ဇီဝလောင်စာ ဆီလီတာ ၃၂၀ ထွက်ရှိနိုင်သည်။ သကြားလုပ်ငန်းနယ်ပယ် သတင်းအရင်းအမြစ်များအရ သကြားစက်ရုံများသည် ကြံရည်မှ အီသနောလီတာပေါင်း ၁၃၈ ကုဋေနှင့် တင်လဲရည်အပျစ်မှ လီတာပေါင်း ၂၃၀ ကုဋေ ပေးသွင်းရန် စာချုပ်ချုပ်ဆိုပြီး ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရက ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ESY ရာသီအား ဒီဇင်ဘာလမှ နိုဝင်ဘာလအထိ ကာလအစား နိုဝင်ဘာလမှ အောက်တိုဘာလအထိ ကာလသို့ ရွှေ့ပြောင်းလိုက်ခြင်းကြောင့် ယခုနှစ်တွင် ၁၁ လသာ လုပ်ငန်းလည်ပတ်မည်ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း အီသနော လောင်စာရောစပ်နိုင်မှု ၁၂% ရရှိရန် ဆောင်ရွက်ရမည်ဖြစ်သည်။

အိန္ဒိယ သကြားစက်ရုံလုပ်ငန်းရှင်များအသင်း (ISMA) ၏ စာရင်းများအရ ယခုနှစ် သကြားထုတ်လုပ်ရေးရာသီ (၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ) တွင် ဧပြီလ ၃၀ ရက်နေ့အထိ သကြားတန်ချိန်ပေါင်း ၃၁၇.၉၁ သိန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ယခင်နှစ် ကာလတူထုတ်လုပ်နိုင်မှု တန်ချိန် ၃၄၁.၆၃ သိန်းနှင့် နှိုင်းယှဉ်ပါက ၇% ကျဆင်းခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် မဟာရဋ္ဌပြည်နယ်၌ တန်ချိန် ၂၇ သိန်း လျော့ကျခဲ့ကြောင်း၊ သို့ဖြစ်ရာ အီသနောထုတ်လုပ်ရန် သုံးစွဲမည့် သကြားပမာဏအား မူလက တန်ချိန် ၄၅ သိန်းမှ လျာထားရာမှ တန်ချိန် သိန်း ၄၀ သာ အသုံးပြုနိုင်မည်ဟု ISMA က ယခင်လ၌ လျော့ချခန့်မှန်းခဲ့ကြောင်း သိရှိရသည်။

သမဝါယမသကြားစက်ရုံများအသင်းချုပ် (NFCSF) ကမူ ယခုနှစ် ကြံကြိတ်ခွဲရေးရာသီ၌ ၁-၁၀-၂၀၂၂ နေ့မှ ၃၀-၄-၂၀၂၃ နေ့အတွင်း သကြားတန်ချိန် ၃၂၀.၃၀ သိန်းခန့် ထုတ်လုပ်နိုင်ခဲ့ကြောင်း ခန့်မှန်းထားသည်။ NFCSF ၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ အိန္ဒိယတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြံတန်ချိန် ၃၂၄၄.၃၃ သိန်း ကြိတ်ခွဲခဲ့ပြီး ကြံကြိတ်ခွဲမှုမှ သကြားပြန်လည် ထုတ်လုပ်ရရှိမှုနှုန်းမှာ ၉.၈၇% ရှိကြောင်း၊ ယခင်နှစ်ကာတူ၌ ကြံတန်ချိန် ၃၄၀၉.၆၂ သိန်း ကြိတ်ခွဲနိုင်ခဲ့ပြီး သကြားပြန်လည်ရရှိမှုမှာ ၁၀.၀၇% ဖြစ်၍ ယခုနှစ်တွင် ထုတ်လုပ်မှု ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 9 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆီးဂိမ်းပြိုင်ပွဲ၌ ကမ္ဘောဒီးယား၏ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး ကုန်စည်များ ခင်းကျင်းပြသ

၂၀၂၃ ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Morodok Techo အားကစားရုံ၏ ပရိဝုဏ်အတွင်း ဆိုင်ခန်းငယ်များ၌ ဈေးကွက်အသစ်များ ရှာဖွေမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဒေသထွက်စိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန်အမျိုးအမည်ပေါင်း ၂၀၀ ကျော်ကို ခင်းကျင်းပြသလျက်ရှိကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားအမျိုးသားအဆင့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးမြှင့်တင်ရေးကော်မတီသည် ၁၀ ရက်ကြာ ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၌ ကျေးလက်စိုက်ပျိုးရေးထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေး စီစဉ်ခဲ့ရာ ပြခန်း ၂၀ ကျော်ဖြင့် လုပ်ငန်းရှင် ၄၅ ဦးက ဒေသထွက်ကုန် ၂၀၀ ကျော်ကို ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါကော်မတီ၏ အတွင်းရေးမှူးချုပ် Mr. Suong Noy က လယ်ယာထွက်ကုန်ပြပွဲ၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာဧည့်သည်များအား ကမ္ဘောဒီးယား၏ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို သိရှိစေပြီး ဈေးကွက်ရှာဖွေမြှင့်တင်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ဖြစ်ကြောင်း၊ ပြပွဲ၌ ပါဝင်သူများအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို တာဝန်ယူမှုဖြင့် ရိုးရိုးသားသား ရောင်းချလျက် ကမ္ဘောဒီးယား၏ ထုတ်လုပ်မှုကွင်းဆက် အရည်အသွေးအပေါ် ဂုဏ်ယူကြရန် တိုက်တွန်းလိုကြောင်း၊ အနာဂတ်တွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး လှုပ်ရှားမှုတွင် ပါဝင်သောအဖွဲ့ဝင်များ၏ ထုတ်ကုန်များအား ကျယ်ပြန့်စွာ သိရှိလျက် အရောင်းအဝယ် ပိုမိုဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် စုစုပေါင်းလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းရှိပြီး GDP ၏ ၅၈ ရာခိုင်နှုန်းရှိသည့်အပြင် အလုပ်အကိုင်အနေဖြင့် ၇၀ ရာခိုင်နှုန်းကျော် ဖန်တီးပေးထားသည်။ ၆၄ နှစ်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲအား လက်ခံကျင်းပသည့် အခွင့်အရေးကို ရယူလျက်  ကမ္ဘောဒီးယားအစိုးရက ကျေးလက် စိုက်ပျိုးရေးထုတ်ကုန်များ မြှင့်တင်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Source: Khmer Times, 10 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အာဆီယံ၏ ဒေသသုံးငွေကြေးဖြင့် ပေးချေရန် ကြေညာချက်မူကြမ်းကို ထိုင်းအစိုးရက အတည်ပြု

အာဆီယံစီးပွားရေးအသိုက်အဝန်းအသေးစိတ်အစီအစဉ် ၂၀၂၅ အား အကောင်အထည်ဖော်ဆောင်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ဒေသတွင်းငွေပေးချေဆက်သွယ်ဆောင်ရွက်မှု တိုးတက်ရေးနှင့် ‌ဒေသသုံးငွေကြေးသို့ ကူးပြောင်းမှု မြင့်တင်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်မူကြမ်းကို ထိုင်းနိုင်ငံအစိုးရအဖွဲ့က မေလ ၉ ရက်နေ့တွင် လက်ခံအတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကြေညာချက်မူကြမ်းသည် အထူးသဖြင့် အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်အပါအဝင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအား အဟန့်အတား ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးကို အထောက်အပံ့ပြုမည့် တီထွင်ဆန်းသစ်မှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းနယ်ပယ်များအပေါ် လွှမ်းခြုံမှုရှိကြောင်း၊ ၎င်းမူကြမ်းအရ ‌ဒေသသုံးငွေကြေးသို့ ကူးပြောင်းရေးလုပ်ငန်းအဖွဲ့တစ်ရပ် ထူထောင်လျက် ပြင်ပငွေကြေးဈေးကွက် မတည်ငြိမ်မှုများ၏ ဒေသတွင်းသို့ ရိုက်ခတ်မှုမှ အကာအကွယ်ပေးခြင်း၊  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို   အထောက်အကူပြုနိုင်ရေး ပြောင်းလွယ်ပြင်လွယ်ရှိသော နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ စံသတ်မှတ်ချက်များ ချမှတ်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊  မေလ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ Labuan Bajo မြို့၌ ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဒေသတွင်းခေါင်းဆောင်များက အဆိုပါကြေညာချက်မူကြမ်းအပေါ် စဉ်းစားဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် ၎င်းမူကြမ်းအား စည်းနှောင်မှုရှိသော သဘောတူညီချက်အဖြစ် မှတ်ယူနိုင်ခြင်း မရှိကြောင်းဖြင့် ထိုင်းနိုင်ငံအစိုးရ ပြောရေးဆို ခွင့်ရှိသူ Ms. Rachada Dhnadirek က ပြောကြားပါသည်။

ဒေသတွင်း ငွေပေးချေဆက်သွယ်ဆောင်ရွက်မှုကို ကြပ်မတ်ရန်နှင့် ‌ဒေသသုံးငွေကြေးသို့ ကူးပြောင်းမှုမြှင့်တင်ရေး လမ်းညွှန်ချက်များကို ချမှတ်နိုင်ရန်အတွက် အာဆီယံခေါင်းဆောင်များ သည် ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများသို့ တာဝန်ပေးအပ်ထားပြီးဖြစ် ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

Source: The Nation Thailand, May 09, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ