Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်နိုင်ငံ၌ ပထမဦးဆုံးတည်ဆောက်ခဲ့သော ရေနံချက်စက်ရုံအား အဆင့်မြှင့်တင်မည်

ဗီယက်နမ်နိုင်ငံ၌ ပထမဦးဆုံး တည်ဆောက်ခဲ့သော နိုင်ငံ၏ အလယ်ပိုင်းဒေသ၊ ကွမ်ညိုင်ပြည်နယ်ရှိ Dung Quat Oil Refinery စက်ရုံ၏ ရေနံသန့်စင်ချက်လုပ်နိုင်စွမ်းကို တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၄၈၀၀၀ မှ ၁၇၁၀၀၀ သို့ အဆင့်မြှင့်တင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁.၂၆ ဘီလီယံ ကျခံဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံပိုင် PetroVietnam ၏ လက်အောက်၌ လုပ်ငန်းခွဲအဖြစ် အဆိုပါ ‌ရေနံချက်စက်ရုံအား လည်ပတ်လုပ်ကိုင်လျက်ရှိသည့် Binh Son ကုမ္ပဏီက ၎င်း၏အစုရှယ်ယာများမှ ဒေါ်လာ ၅၀၃ သန်းကိုထည့်ဝင်မည်ဖြစ်ပြီး ကျန်ပမာဏကို ချေးငွေရယူမှုဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိကာလ၌ ဧရိယာအကျယ်အဝန်း ၁၀.၆ ဟက်တာတွင် စက်ရုံတည်ဆောက်ထားရာမှ ဧရိယာ ၄၁ ဟက်တာအထိ တိုးချဲ့တည်ဆောက်ခြင်းကို ၂၀၂၈ ခုနှစ် ပထမ သုံးလပတ်၌ ပြီးစီးရန် လျာထားကြောင်း၊ စက်ရုံအား အဆင့်မြှင့်တင်ရာတွင် ကန့်ပါဝင်မှုများပြားသည့် ရေနံစိမ်းများကို ဥရောပ အဆင့်-၅ စံနှုန်းနှင့်အညီ သန့်စင်နိုင်ရေး ထပ်ဆောင်းနည်းပညာရပ်များပါဝင်သည့် အလုပ်ရုံများကို ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း၊ စက်ရုံအားအဆင့်မြှင့်တင်ရန် ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့သော်လည်း စက်ရုံဒီဇိုင်း၊ ငွေကြေးရရှိနိုင်မှုနှင့် အခြားအတည်ပြုမှုလုပ်ငန်းစဉ်များအရ ဆိုင်းငံ့ထားရှိခဲ့ကြောင်း၊ ယခုအခါ မူလလျာထားခဲ့သည့်တစ်ရက်လျှင် ‌ရေနံစည် ၁၉၂၀၀၀ ကို သန့်စင် ချက်လုပ်နိုင်ရန်မှ ‌ရေနံစည် ၁၇၁၀၀၀ သို့လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအား ဒေါ်လာ ၅၄၀ သန်း လျော့ချလျက် ဒေါ်လာ ၁.၂၆ ဘီလီယံသို့လည်းကောင်း ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

Dung Quat စီးပွားရေးဇုန်တွင် ၂၀၀၅ ခုနှစ်၌ တည်ဆောက်ခဲ့သော အဆိုပါ ရေနံချက်စက်ရုံ မှ သန့်စင်ပြီး ရေနံထွက်ကုန်များအား ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ရောင်းချခဲ့ပြီး လက်ရှိကာလတွင် နှစ်စဉ်ရေနံစိမ်း တန်ချိန် ၆.၅ သန်းမှ ကုန်ချောထုတ်လုပ်ပေးလျက်ရှိရာ ပြည်တွင်းလိုအပ်ချက်၏ ၃၅% ကို ဖြည့်ဆည်းပေးလျက်ရှိသည်။

Source: Vietnam News, May 09, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိုပက်နိုင်ငံများထံမှ အိန္ဒိယနိုင်ငံ၏ ရေနံစိမ်းဝယ်ယူမှု ကျဆင်းခဲ့ခြင်း

အိန္ဒိယနိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှု ကာလတစ်လျှောက်တွင် အိုပက် (OPEC) အဖွဲ့ဝင်နိုင်ငံများထံမှ ဝယ်ယူမှုမှာ ၂၀၂၃ ခုနှစ် ဧပြီလ၌ အနိမ့်ကျဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။

ကမ္ဘာ့စွမ်းအင်ကုန်စည်စီးဆင်းမှုကို လေ့လာဆန်းစစ်သည့် လန်ဒန်မြို့အခြေစိုက် Vortexa လီမိတက်၏ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံ၏ ၂၀၂၂ ခုနှစ် ဧပြီလအတွက် ရေနံစိမ်းတင်သွင်းမှုပမာဏတွင် အိုပက်အဖွဲ့ဝင်နိုင်ငံများသည် ဈေးကွက်ဝေစု ၇၂% ရရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၄.၆ သန်း တင်သွင်းခဲ့ရာတွင် အိုပက်အဖွဲ့ဝင်နိုင်ငံများထံမှ တင်သွင်းမှုမှာ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၂.၁ သန်း ပါဝင်သဖြင့် ဈေးကွက်ဝေစုအားဖြင့် ၄၆% သို့ လျော့ကျခဲ့ကြောင်း၊ ယခင်နှစ် ဖေဖော်ဝါရီလ၌ ရုရှား-ယူကရိန်း စစ်ပွဲစတင်ခဲ့သည့် နောက်ပိုင်း အိန္ဒိယသည် ဈေးနှုန်းသက်သာသော ရုရှားနိုင်ငံထုတ် ရေနံစိမ်းများကို ပိုမိုဝယ်ယူတင်သွင်းခဲ့ရာ တစ်ချိန်က အိန္ဒိယဈေးကွက်ဝေစု၏ ၉၀% ကို ရယူထားခဲ့သော အိုပက်နိုင်ငံများထံမှ ဝယ်ယူတင်သွင်းမှုမှာ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီက ရုရှားနိုင်ငံအနေဖြင့် အိန္ဒိယ ရေနံစိမ်းတင်သွင်းမှုဈေးကွက်၌ ဝေစုရရှိမှုမှာ ၁% ပင် မပြည့်ခဲ့သော်လည်း အိန္ဒိယရေနံကုမ္ပဏီများသည် ယခုနှစ် ဧပြီလအတွင်း တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၁.၆၇၈ သန်းကို ဝယ်ယူတင်သွင်းခြင်းဖြင့် ရုရှားနိုင်ငံ၏ အိန္ဒိယဈေးကွက်၌ ဝေစုရရှိမှုကို ၃၆% သို့ ရောက်ရှိစေခဲ့သည်။ Vortexa ၏ စာရင်းများအရ အိန္ဒိယ၏ ရုရှားနိုင်ငံထံမှ ရေနံစိမ်းတင်သွင်းမှုမှာ ၂၀၂၂ ခုနှစ် မတ်လတွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၆၈၆၀၀ သာရှိရာမှ ၂၀၂၃ ခုနှစ် မတ်လ၌ တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၆၄ သန်းသို့ တိုးတက်ခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, May 07, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ၌ ၂၀၂၃ ခုနှစ် ပထမ ၃ လအတွင်း ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂.၀၆ သန်း၊ တန်ဖိုးအားဖြင့် ဘတ်ငွေ ၃၈.၀၆ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်စည်ပမာဏ၌ ၈.၄၈% တိုးတက်လျက် တန်ဖိုးအားဖြင့် ၂၉.၂၆% တိုးတက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပထမ ၃ လပတ်၌ ဆန်တန်ချိန် ၂ သန်းကျော်တင်ပို့မှုတွင် အီရတ်နိုင်ငံသို့ ၁၆.၃၈% ၊ အင်ဒိုနီးရှားနိုင်ငံသို့ ၁၃.၀၈% ၊ အမေရိကန်ပြည်ထောင်စုသို့ ၈.၆၂% ၊ တောင်အာဖရိကနိုင်ငံသို့ ၈.၂၄% နှင့် ဆီနီဂေါနိုင်ငံသို့ ၅.၈၆% ပါဝင်ခဲ့ကြောင်း၊ ကုန်စည်၏အရည်အသွေးနှင့် ပြိုင်ဘက်ကင်းသည့် ကြန်အင်လက္ခဏာတို့အရ ထိုင်းဆန်သည် ကမ္ဘာ့ဈေးကွက်တွင် ရေပန်းစားကျော်ကြားမှုရှိကြောင်း၊ ကွဲပြားခြားနားသော စပါးမျိုးများအား စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပသို့ တင်ပို့ခြင်းမပြုမီ စံချိန်စံညွှန်းများ စစ်ဆေးမှုနှင့် ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေ စသည်တို့ကို ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သည့်တောင်သူများအနေဖြင့် ပိုမိုသိမြင်နားလည်စေရန် ရည်ရွယ်လျက် “ထိုင်းဆန်စပါး ညီလာခံ ၂၀၂၃” ကို ဧပြီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များ၌ ချင်းရိုင်မြို့တွင် နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာနက စီစဉ်ကျင်းပခဲ့ကြောင်း၊ ကမ္ဘာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်တင်ပို့မှုတွင် ဦးဆောင်နိုင်ငံ ဖြစ်လာစေရေး မျှော်မှန်း အကောင်အထည်ဖော်လျက်ရှိသော ထိုင်းဆန်စပါး မဟာဗျူဟာ (၂၀၂၀-၂၀၂၄) နှင့်အညီ အဆိုပါ ညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Anucha Burapachaisri က မေလ ၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၇.၅ သန်းမှ ၈ သန်းအထိ တင်ပို့နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source: The Nation Thailand, 2 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘာ့ဘဏ်က ယခုနှစ်တွင် နိုင်ငံတကာ ဆန်ဈေး ၁၇ ရာခိုင်နှုန်း တက်မည်ဟု ခန့်မှန်းထား

နိုင်ငံတကာဆန်ဈေးအနေဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လျက် ၂၀၂၃ ခုနှစ်တွင် တစ်တန်လျှင် ၅၁၀ ဒေါ်လာအထိ  ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းလျက်ရှိသည်။

ဝါရှင်တန်မြို့တွင် ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်သည့် နှစ်စဉ်ကုန်စည်ဈေးကွက်အလားအလာခန့်မှန်းချက်တွင် ယခုနှစ်ပထမသုံးလပတ်တွင် အားကောင်းသောဝယ်လိုအားနှင့် ကြပ်တည်းသည့်ထောက်ပံ့မှုများကြောင့် ဆန်ဈေးနှုန်းမှာ ၁၁ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဖော်ပြခဲ့သည်။

အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် အမေရိကန်ဒေါ်လာနှင့်ယှဉ်၍ ငွေကြေးများတန်ဖိုးတက်ခြင်းနှင့်အတူ အာရှဒေသအတွင်း ပွဲတော်များနှင့် ပြန်လည်သိုလှောင် စုဆောင်းခြင်းများကြောင့် ဝယ်လိုအားများပြားခြင်းဖြစ်ကြောင်း၊ ကြပ်တည်းသော ထောက်ပံ့မှုဟုဆိုရာတွင် တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာရှ၏ဆန်ထုတ်လုပ်သည့် နိုင်ငံများ ပါဝင်လျက်ရှိကြောင်း၊ ယခင်နှစ်၌ ပါကစ္စတန်နိုင်ငံတွင် ရေကြီးနစ်မြုပ်မှုကြောင့် စပါးရိတ်သိမ်းမှုနှင့် ဆန်တင်ပို့မှုထိခိုက်ခဲ့ခြင်းသည်လည်း ဆန်ဈေးနှုန်းများ မြင့်တက်စေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ၌ ဖော်ပြပါသည်။

ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ဆန်လုံးရှည်ဈေးနှုန်းအပေါ် အခြေခံ၍ နိုင်ငံတကာဆန်ဈေးနှုန်းများသည် ပျမ်းမျှ တစ်တန်လျှင် ၂၀၂၀ ပြည့်နှစ်တွင် ၄၉၇ ဒေါ်လာ၊ ၂၀၂၁ ခုနှစ်တွင် ၄၅၈ ဒေါ်လာနှင့် ယခင်နှစ်က ၄၃၇ ဒေါ်လာအထိ ကျဆင်းခဲ့သည်။

Source: Khmer Times, 30 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

မလေးရှားနိုင်ငံ၌ ရာသီဥတုကြောင့် စပါးစိုက်ခင်း ဟက်တာ ၈၀၀၀ ခန့် အထွက်နှုန်း ထိခိုက်ဖွယ်ရှိ

မလေးရှားနိုင်ငံ Kelantan ပြည်နယ်၌ စပါးစိုက်ခင်း ဟက်တာ ထောင်ချီမှာ ပူပြင်းသော ရာသီဥတုကြောင့် ယခုနှစ်တွင် မျှော်မှန်းထားသည့် အထွက်နှုန်းကို ရရှိနိုင်ဖွယ်မရှိကြောင်း သိရှိရပါသည်။

အဆိုပါ Kelantan ပြည်နယ်အတွင်း စပါးစိုက်ခင်း ၂၆၈၃၃ ဟက်တာအနက် ဒေသ ၅ ခုရှိ ဟက်တာ ၇၈၀၀ ခန့်မှာ ပူပြင်းသော ရာသီဥတုနှင့် မိုးခေါင်ရေရှားမှုဒဏ်ကို ကြုံတွေ့နေရကြောင်း၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၌ စိုက်ပျိုးပြီး ယခုနှစ်ဧပြီလတွင် ရိတ်သိမ်းသည့် ၂၀၂၂ ခုနှစ် ဒုတိယစပါးစိုက်ရာသီအတွင်း မုတ်သုံရာသီအပြောင်းအလဲဒဏ်ကို လယ်သမား ၃၉၀ နီးပါး ခံစားရခဲ့ကြောင်း၊ ဤအချက်က စပါးခင်းများ ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိပြီး အခြေအနေ ပိုမိုဆိုးရွားလာပါက ကောက်ပဲသီးနှံပင်များ၏ အရိုးတံများ ထိခိုက်ပျက်စီးမည်ဖြစ်ကြောင်း၊ ရာသီဥတုပူပြင်းမှုက ရေအရင်းအမြစ်များ ရှားပါးမှုကို ဖြစ်ပေါ်စေပြီး လယ်ကွင်းများသို့ ရေပေးဝေမှုကို အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေနေရကြောင်း၊ သို့ဖြစ်ရာ စပါးအထွက်နှုန်း လျော့ကျလာနိုင်ပြီး လယ်သမားများ၏ဝင်ငွေကိုလည်း သက်ရောက်မှုရှိလာနိုင်ကြောင်းဖြင့် ပြည်နယ်ရှိ Kemubu စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့မှ အထွေထွေမန်နေဂျာ Mohd Faizul Mustafa က ပြောကြားခဲ့သည်။

Kemubu စိုက်ပျိုးရေး အာဏာပိုင်အဖွဲ့ အနေဖြင့် လယ်သမားများ ကြီးမားစွာ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်အတွက် ရာသီဥတုဒဏ်ခံနေရသည့် ဒေသများသို့ ရွေ့လျားပန့်များ ပေးဝေခြင်း၊ စက်ရေတွင်းများ တူးဖော်ရန်အတွက် မြေအောက်ရေအရင်းအမြစ်များ ဖော်ထုတ်ခြင်းနှင့် ၎င်းတို့ အဖွဲ့ထံ၌ မှတ်ပုံတင်ထားသော ပန့်များအတွက် ဒီဇယ်လောင်စာများ ထောက်ပံ့ခြင်း စသည့် အစီအမံများ ဆောင်ရွက်ခဲ့ကြောင်း၊  စပါးစိုက်ခင်းများသို့ ရေရောက်ရှိရန်အတွက် ဆည်မြောင်းသွယ်၍ ရေပေးဝေခြင်းစနစ်ကိုလည်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Star, May 04, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယ၏ ဆန်တင်ပို့မှုမှာ ဝယ်လိုအားကောင်းမွန်မှုအရ ဆက်လက်ထိန်းသိန်းထားနိုင်ဖွယ်ရှိ

အိန္ဒိယနိုင်ငံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကောက်ပဲသီးနှံတင်ပို့မှုသည် ဝယ်လိုအားကောင်းမွန်မှုအရ စံချိန်တင်အရေအတွက်နှင့် တန်ဖိုးပမာဏ ရောက်ရှိခဲ့ရာ ဘာစမာတီမဟုတ်သောဆန်တင်ပို့သူ အိန္ဒိယကုန်သည်များသည် ထိုကဲ့သို့ တင်ပို့နိုင်မှုကို လက်ရှိဘဏ္ဍာနှစ်၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။

ဆန်တင်ပို့မှုတွင် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခြင်း၊ ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ထားခြင်း၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကဲ့သို့သော အာရှဝယ်လက်များ၏ ဝယ်ယူမှုကျဆင်းခြင်းစသည့် အခြေအနေများရှိသော်လည်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယ၏ ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုမှာ တန်ချိန် ၁၇.၇၈ သန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၆.၃၅ ဘီလီယံကျော်အထိ စံချိန်တင် ရောက်ရှိခဲ့သည်။ ယခင်နှစ်၌ ဘာစမာတီမဟုတ်သောဆန်တင်ပို့မှုမှာ တန်ချိန် ၁၇.၂၆ သန်းရှိပြီး တန်ဖိုးဒေါ်လာ ၆ ဒသမ ၁၂ ဘီလီယံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယ၏ ဆန်တင်ပို့မှုပမာဏစုစုပေါင်းမှာ တန်ချိန် ၂၂ ဒသမ ၂၈ သန်းရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁.၁၃ ဘီလီယံကျော် ရရှိခဲ့သည်။

ဘီနင်၊ အိုင်ဗရီကော့ဗ်နှင့် ဆီနီဂေါ ကဲ့သို့သော အာဖရိကနိုင်ငံများမှ အိန္ဒိယ၏ ဘာစမာတီမဟုတ်သောဆန်အပေါ် ၀ယ်လိုအားမြင့်မားမှုသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါနှင့် ဗီယက်နမ် တို့ကဲ့သို့ အာရှဖောက်သည်များထံမှ မှာယူမှု ကျဆင်းခြင်းကို ကာမိစေခဲ့သည်။

ဘီနင်နိုင်ငံသည် လွန်ခဲ့သည့်နှစ်က တန်ချိန် ၁.၅၂ သန်းဝယ်ယူမှုနှင့်  နှိုင်းယှဉ်ပါက ယခုနှစ်တွင် တန်ချိန် ၁.၅၅ သန်းကျော် ဝယ်ယူမှုဖြင့် အိန္ဒိယ၏ ဘာစမာတီမဟုတ်သောဆန်၀ယ်ယူမှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ အိုင်ဗရီကော့ဗ်အနေဖြင့် ယခင်နှစ်တန်ချိန် ၀.၉၃ သန်းမှ ယခုနှစ် တန်ချိန် ၁.၂၁ သန်း၊ ဆီနီဂေါအနေဖြင့် ယခင်နှစ် တန်ချိန် ၁.၀၉ သန်းမှ ယခုတန်ချိန် ၁.၃၃ သန်း၊ တိုဂိုနိုင်ငံအနေဖြင့် ယခင်နှစ် တန်ချိန် ၀.၆၇ သန်းမှ ယခုနှစ်တန်ချိန် ၀.၉၄ သန်း အသီးသီး ဝယ်ယူခဲ့ကြရာ အာဖရိကနိုင်ငံများအနက် ဘာစမာတီမဟုတ်သောဆန် ၀ယ်ယူမှုအများဆုံး ဖြစ်လာကြသည်။ အိန္ဒိယနိုင်ငံမှ ဆန်ဝယ်ယူမှုကို တရုတ်နိုင်ငံသည် တန်ချိန် ၁.၆၃ သန်းမှ ၁.၅ သန်းသို့ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တန်ချိန် ၁.၆၂ သန်းမှ ၀.၈၄ သန်းသို့ ထက်ဝက်နီးပါးမျှလည်းကောင်း လျှော့ချခဲ့ကြသည်။ အလားတူ နီပေါနိုင်ငံသည်လည်း ဆန်တန်ချိန် ၁.၃၈ သန်းမှ ၀.၇၆ သန်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့်လည်း ဆန်တန်ချိန် ၀.၇၀ သန်းမှ ၀.၆၄ သန်းသို့ အသီးသီး လျှော့ချဝယ်ယူခဲ့ကြသည်။ သို့ရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် ယခင်နှစ်၌ သီးနှံအထွက်ကောင်းမွန်မှုမရှိသည့် ပါကစ္စတန်ထံမှ ဈေးကွက်ဝေစုကို ရယူနိုင်ခဲ့သည်။

အိန္ဒိယဆန်တင်ပို့သူများအသင်းဥက္ကဌ Mr. BV Krishna Rao က အိန္ဒိယဆန်အပေါ် ဝယ်လို အားကောင်းလျက်ရှိသဖြင့် ယခုနှစ်တွင်လည်း တူညီသောတင်ပို့မှုပမာဏနှင့်တန်ဖိုးကို ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ထားကြောင်းနှင့် အိန္ဒိယ၏နေရာတွင် အစားထိုးနိုင်မည့် ဆန်တင်သွင်းသူ အခြားနိုင်ငံမရှိကြောင်း ပြောဆိုပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဆန်ကုန်သွယ်မှု၏ ၄၅ ရာခိုင် နှုန်းခန့်ကို ထောက်ပံ့ပေးလျက်ရှိသည်။

ယခင်နှစ်၌ ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ထားသော်လည်း အိန္ဒိယဆန် ဝယ်လိုအားမှာ ကောင်းမွန်ဆဲဖြစ်ကြောင်း၊ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ ဆန်တန်ချိန် ၂၂ သန်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်တွင် အလားတူ ဆန်ပမာဏတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ တန်ဖိုးမြင့်တက်မှုမှာ အစိုးရ၏ ပို့ကုန်အပေါ် အခွန်စည်းကြပ်မှုကြောင့်ဖြစ်ကြောင်း၊ လာမည့်မုတ်သုံရာသီတွင် အယ်နီညိုဖြစ်နိုင်ချေရှိသော စိုးရိမ်မှုများနှင့် ပတ်သက်၍ ရောင်းလိုအားအပေါ်  သက်ရောက်မှုမရှိနိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ်က အိန္ဒိယအရှေ့ပိုင်းရှိ ဘီဟာနှင့် အနောက်ဘင်္ဂလားဒေသများတွင် မိုးရွာသွန်းမှု အားနည်းခဲ့သော်လည်း တီလန်ဂါနာ အပါအဝင် အခြားပြည်နယ်များတွင် ရောင်းလိုအားမြင့်တက်ခဲ့ခြင်းကြောင့် အကျိုးသက်ရောက်မှု မရှိခဲ့ကြောင်းဖြင့် Mr. Rao က ပြောကြားခဲ့သည်။

Source: The Hindu Business Line, May 02, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြည်ပရောက်အလုပ်သမားများ၏ လွှဲပို့ငွေအပေါ် ဘဏ်များက ငွေလဲနှုန်း တိုးမြှင့်ဝယ်ယူ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၃၀-၄-၂၀၂၃ နေ့တွင် ဘဏ်လုပ်ငန်းရှင်များအသင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုလုပ်ငန်းရှင်များအသင်းတို့၏ အစည်းအဝေးကျင်းပခဲ့ရာ ပြည်ပရောက်အလုပ်သမားများ၏ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံခြားငွေလွှဲပြောင်းပေးပို့မှုကို အားပေးသည့်အနေဖြင့် ငွေလဲနှုန်းတိုးမြှင့်လဲလှယ်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေး၌ ပြည်ပရောက် ရွှေ့‌ပြောင်းအလုပ်သမားများနှင့် ပြည်ပ၌ အခြေချနေထိုင်မှုမရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏ လွှဲပို့ငွေအပေါ် ၁ အမေရိကန်ဒေါ်လာလျှင် ၁၀၇ တာကာနှုန်းဖြင့် ဝယ်ယူရာမှ ၁၀၈ တာကာနှုန်းသို့ တိုးမြှင့်ဝယ်ယူရန်နှင့် ငွေလဲနှုန်းကွာဟချက်များကို လျော့ချလျက် လက်ရှိကာလတွင် ဖြစ်ပေါ်နေသော အမျိုးမျိုးသောငွေလဲနှုန်းများအစား ငွေလဲနှုန်းတစ်ခုတည်းဖြင့် တဖြည်းဖြည်းအစားထိုးနိုင်ရန်အတွက် ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေကို လက်ရှိ ၁ အမေရိကန်ဒေါ်လာလျှင် ၁၀၅ တာကာနှုန်းဖြင့် ဝယ်ယူရာမှ ၁၀၆ တာကာနှုန်းသို့ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ငွေလဲနှုန်းအသစ်မှာ နောက်တစ်နေ့ အလုပ်လုပ်သည့်ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂ဝ၂၂ ခုနှစ် စက်တင်ဘာလအတွင်း ဘဏ်များသည် ပြည်ပရှိဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှ လွှဲပြောင်းပေးပို့သော ငွေများကို ၁ ဒေါ်လာလျှင် တာကာ ၁ဝ၇ နှုန်းဖြင့် လည်းကောင်း၊ ပို့ကုန်လုပ်ငန်းရှင်များထံမှ ဝယ်ယူရာတွင် ၁ ဒေါ်လာလျှင် တာကာ ၉၉ နှုန်းဖြင့် လည်းကောင်း ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ဧပြီလအစပိုင်းမှစတင်၍ ဘဏ်များသည် တင်ပို့သူများအား ၁ ဒေါ်လာလျှင် တာကာ ၁ဝ၄ နှုန်းဖြင့် ပေးချေခဲ့ကြသည်။

ပြည်ပရောက်နိုင်ငံသားများမှ တရားဝင်ငွေလွှဲပို့မှုလုပ်ဆောင်စေရေးဆွဲဆောင်မှုအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရက ငွေလဲနှုန်းအပေါ် ၂.၅ ရာခိုင်နှုန်းအား ထပ်ဆောင်းပေးအပ်ထားရာ ဘဏ်များအနေဖြင့် ပြည်ပရောက်အလုပ်သမားများ၏ လွှဲပို့ငွေအပေါ် ၎င်းပမာဏကို ထည့်သွင်းလျက် ၁ ဒေါ်လာလျှင် စုစုပေါင်း တာကာငွေ ၁၁၀.၇၀ နှုန်း ပေးချေမည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Daily Star, 1 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံက မလေးရှားသို့ ပထမဆုံးအကြိမ် ကြက်ဥများ တင်ပို့

အိမ်နီးချင်းမလေးရှားနိုင်ငံသည် အဓိကအခြေခံစားသောက်ကုန်များ လက်ငင်းပြတ်လပ်မှုအား လျော့ပါးသက်သာစေရန် ထိုင်းနိုင်ငံမှ ကြက်ဥများကို ပထမဆုံးအကြိမ်အနေဖြင့် တင်သွင်းခဲ့ကြောင်း ထိုင်းမွေးမြူရေးဖွံ့ဖြိုးမှုဌာနက ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အဆိုပါဌာန၏အကြီးအကဲ Mr. Somchuan Ratanamungklanon က မလေးရှားနိုင်ငံသို့ ကြက်ဥတင်ပို့ရန် ကနဦးညှိနှိုင်းရရှိမှုမှာ ယခုအချိန်မှ မေလ ၃၀ ရက်နေ့အထိ ဖြစ်ကြောင်း၊ ထိုင်းကုမ္ပဏီ ၄ ခုသည် မလေးရှားသို့ ကြက်ဥများတင်ပို့ရန် စိတ်ဝင်စားမှုရှိကြောင်း၊ ထိုင်းနိုင်ငံအတွင်း ကြက်ဥထုတ်လုပ်မှုနှင့် စားသုံးမှုမှာ ညီမျှသည့်အခြေအနေရှိသဖြင့် ယခုကဲ့သို့ ကြက်ဥတင်ပို့ခြင်းသည် ပြည်တွင်းရောင်းလိုအားအပေါ် သက်ရောက်မှုမရှိကြောင်း ပြောဆိုပါသည်။

ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပေါ်မှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်လာမှုနှင့်အတူ တိရိစ္ဆာန်အစာပြတ်လပ်မှု ဖြစ်ပေါ်ခြင်းက မလေးရှားနိုင်ငံ၌ စိုးရိမ်ဖွယ်ကောင်းအောင် ကြက်ဥများရှားပါးမှုကို ကြုံတွေ့ရလျက်ရှိကြောင်း၊ မလေးရှားနိုင်ငံသည် ယခင်နှစ် နိုဝင်ဘာလကပင် သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံတို့မှ ကြက်ဥများတင်သွင်းခဲ့ကြောင်း၊ မလေးရှားသတင်းမီဒီယာများမှ ဖော်ပြချက်အရ မလေးရှားနိုင်ငံသားများ၏ လစဉ် ပျမ်းမျှ ကြက်ဥစားသုံးမှုမှာ အလုံးရေ ၉၆၈ သန်း ခန့်ရှိကြောင်း သိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် တစ်ရက်လျှင် ကြက်ဥအလုံးရေ ၄၃ သန်းအထိ ထုတ်လုပ်နိုင်ပြီး ၎င်းအနက်မှ အလုံးရေ ၁.၅ သန်းကို ပြည်ပသို့ တင်ပို့နိုင်မှုရှိကြောင်း၊ ဒေသတွင်း၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် မတ်လတွင် ထိုင်ဝမ်က ကြက်မွေးမြူရေးထုတ်ကုန်တင်ပို့မှုကို ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ ကြက်ဥများတင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြက်ဥများတင်ပို့ရန် သဘောတူညီမှုအပေါ်  မလေးရှားနိုင်ငံဘက်မှ ယခုနှစ်ကုန်အထိ သက်တမ်းတိုးမြှင့်ပေးရန် ထိုင်းနိုင်ငံ၊ မွေးမြူရေးဖွံ့ဖြိုးမှုဌာနက မျှော်လင့်လျက်ရှိကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

Source: The Nation Thailand, April 28, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ရှေ့လာမည့် စိုက်ပျိုးရေးရာသီ၌ ကောက်ပဲသီးနှံတန်ချိန် ၃၃၂ သန်းအထိ ထွက်ရှိရန် အိန္ဒိယအစိုးရက လျာထား

အိန္ဒိယအစိုးရအနေဖြင့် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီ (ဇူလိုင်-ဇွန်)အတွင်း ပဲမျိုးစုံတန်ချိန် ၂၉.၂၅ သန်းအပါအဝင် ကောက်ပဲသီးနှံ တန်ချိန် ၃၃၂ သန်းအား ထုတ်လုပ်ရန် ရည်မှန်းထားသည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းမှုများရှိနေချိန်၌ မဟာဗျူဟာလုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်ထားရေးအတွက် ကျင်းပခဲ့သော ပြည်နယ်အရာရှိများ၏ ညီလာခံတွင် အဆိုပါလျာထားချက်များကို သတ်မှတ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဆီထွက်သီးနှံတန်ချိန် ၄၄ သန်းနှင့် နှံစားပြောင်းတန်ချိန် ၁၇ သန်း  ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။

အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ မဟာဗျူဟာသည် အထွက်နှုန်းနည်းသောဒေသများတွင် သင့်လျော်သော စိုက်ပျိုးရေးအလေ့အထကောင်းများ ဖြစ်ပေါ်စေခြင်းနှင့် အထွက်နှုန်း မြင့်မားစေသောမျိုးများ မိတ်ဆက်ခြင်းတို့မှတစ်ဆင့် ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ခြင်းတို့အပြင် သီးညှပ်စိုက်ပျိုးခြင်း၊ သီးနှံများဖြန့်ကျက်စိုက်ပျိုးခြင်းတို့မှတစ်ဆင့် စိုက်ပျိုးသည့်ဧရိယာ တိုးတက်ကျယ်ပြန့်လာစေရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီအတွက် ဒုတိယအကြိမ် ကြိုတင်ခန့်မှန်းမှုအရ နိုင်ငံ၏ ကောက်ပဲသီးနှံ ထုတ်လုပ်မှုအား တန်ချိန် ၃၂၃.၅ သန်း ခန့်မှန်းထားရာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၇.၉ သန်း တိုးတက်မှုရှိပြီး ဆန်၊ ပြောင်း၊ ကုလားပဲ၊ ပဲ၊ မုန်ညှင်း၊ ဆီထွက်သီးနှံနှင့် သကြား တို့ကို စံချိန်တင်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

အဆိုပါညီလာခံကို ဦးဆောင်သူ စိုက်ပျိုးရေးဝန်ကြီး Mr. Narendra Singh Tomar က စိုက်ပျိုးရေးကဏ္ဍသည် လွန်ခဲ့သော ၆ နှစ်အတွင်း ပျမ်းမျှအားဖြင့် နှစ်စဉ် ၄.၆ ရာခိုင်နှုန်းဖြင့် တိုးတက်မှုရှိခဲ့ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့်ဆက်နွှယ်နေသော ကဏ္ဍများသည် နိုင်ငံ၏ ဘက်စုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသာစွာ အထောက်အကူပြုခဲ့ခြင်း ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။ အစိုးရအနေဖြင့်  ဆန်နှင့် ဂျုံ ကဲ့သို့ ပိုလျှံမှုရှိသော ကောက်ပဲသီးနှံများကို စိုက်ပျိုးခြင်းမှ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် ပို့ကုန်ဝင်ငွေ မြင့်မားစွာရရှိစေသည့် သီးနှံများကဲ့သို့ ဖူလုံမှု မရှိသော ကောက်ပဲသီးနှံများသို့ ပြောင်းလဲစိုက်ပျိုးခြင်းဖြစ်သည့် လယ်ယာမြေဂေဟစနစ်ကို အခြေခံသော လယ်ယာမြေလွှဲပြောင်းစိုက်ပျိုးမှုအစီအစဉ်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးဒုတိယဝန်ကြီး Mr. Kailash Choudhary ကလည်း ၂၀၂၃ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာနှံစားပြောင်းများနေ့ (International Year of Millets- IYM) အဖြစ် ကျင်းပခဲ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ နှံစားပြောင်းဝယ်လိုအားမှာ မြှင့်တက်လာဖွယ်ရှိကြောင်း၊ ဤအခြေအနေက အိန္ဒိယ၏ နှံစားပြောင်း ထုတ်လုပ်မှုကို မြှင့်တင်နိုင်ပြီး စားသောက်ကုန်စနစ်တစ်ခုလုံးတွင် အဓိကအစိတ်အပိုင်းအဖြစ်ပါဝင်လျက် ကောင်းမွန်သော ချိတ်ဆက်မှုများ အခွင့်အလမ်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဆီထွက်သီးနှံနှင့် ပဲမျိုးစုံထုတ်လုပ်မှု၌ သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အထွက်ပမာဏများ ဆက်လက်တိုးမြင့်လာစေရန် အလေးပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုသည် ၂၀၂၀-၂၀၂၁ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၄၁.၈၆ ဘီလီယံရှိရာမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀.၂၄ ဘီလီယံအထိ တိုးလာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Source: The Hindu Business Line, May 03, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီမူဝါဒ ပြင်ဆင်သတ်မှတ်

အင်ဒိုနီးရှားနိုင်ငံ၌ ၁၈-၄-၂၀၂၃ ရက်နေ့တွင်ကျင်းပခဲ့သည့် စားအုန်းဆီမူဝါဒသုံးသပ်ရေး ညှိနှိုင်းအစည်းအဝေး၏ ရလဒ်များနှင့်အညီ စားသုံးဆီကဏ္ဍအပေါ် ထိန်းချုပ်သည့်မူဝါဒဖြစ်သည့် ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့်အစီအစဉ် (Domestic Market Obligation - DMO Scheme) ကို  ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမူဝါဒဌာနမှ ဌာနမှူး Mr. Kasan က ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှ စတင်ကျင့်သုံးမည့် အဆိုပါစားအုန်းဆီ မူဝါဒအသစ်အရ ဘူးသွင်းထုပ်ပိုးပြီးစနစ်နှင့် ဘူးသွင်းထုပ်ပိုးခြင်းမပြုပဲ  တစ်လုံးတစ်ခဲတည်း (Bulk) ဖြန့်ဖြူးသည့်စနစ်တို့ဖြင့် ထုတ်လုပ်သူများက အစိုးရထံ ရောင်းချပေးရမည့် စားအုန်းဆီပမာဏမှာ ယခင်က ၁ လလျှင် တန်ချိန် ၄.၅ သိန်း သတ်မှတ်ခဲ့ရာမှ ယခု ၁ လလျှင် တန်ချိန် ၃ သိန်းသာ ရောင်းချပေးရန် တာဝန်ရှိမည်ဖြစ်ကြောင်း၊ ပြည်ပသို့ စားအုန်းဆီတင်ပို့ရန်အတွက် ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့် DMO ပမာဏ သတ်မှတ်ချက် အခြေခံမြှောက်ဖော်ကိန်းအချိုးကိုမူ ၁း၆ မှ ၁း၄ သို့ လျော့ချခဲ့ကြောင်း၊ တစ်နည်းအားဖြင့် စားအုန်းဆီ ထုတ်လုပ်သူက  ပြည်တွင်း၌ တန်ချိန် ၃ သိန်း ရောင်းချပေးပါက ပြည်ပသို့ တန်ချိန် ၁၂ သိန်း တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ရာမဒန်နှင့် အိဒ် ပွဲတော်နောက်ပိုင်း ပြည်တွင်း စားသုံးဆီဝယ်လိုအား မြင့်တက်လာမှုအပေါ် ဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် DMO အစီအစဉ်အား ပြောင်းလဲပြင်ဆင် သတ်မှတ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းဈေးကွက်၌ Minyakita ခေါ် ဘူးသွင်းထုပ်ပိုးပြီး စားသုံးဆီများ ပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် လုပ်ငန်းရှင်များမှ ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့် စားအုန်းဆီ ပမာဏသတ်မှတ်ချက်တွင် ဘူးသွင်းထုပ်ပိုးပြီး စားအုန်းဆီ ၇၀% နှင့် Bulk စနစ်ဖြင့် ဖြန့်ဖြူးမည့် စားသုံးဆီ ၃၀% ပါဝင်မည်ဖြစ်ပါသည်။

အဆိုပါ စနစ်နှစ်မျိုးလုံးဖြင့် ဖြန့်ဖြူးသော စားသုံးဆီများသည် မကြာသေးမီက နိုင်ငံ၏ဒေသများစွာတွင် ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် အစိုးရအထောက်အပံ့ဖြင့် ထုတ်လုပ်ရောင်းချသည့် စားအုန်းဆီဈေးနှုန်းအား တစ်လီတာလျှင် အမြင့်ဆုံးလက်လီဈေးနှုန်း အင်ဒိုနီးရှား ရူပီး ၁၄၀၀၀ သတ်မှတ်ထားမှုအပေါ် ကျော်လွန်ရောင်းချမှုများရှိနေသည်ကို  စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်မှုကြီးကြပ်ရေးကော်မရှင်က (Business Competition Supervisory Commission) က ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ ဘူးသွင်းထုပ်ပိုးပြီး စားအုန်းဆီ ထုတ်လုပ်မှုသည် စုစုပေါင်းပြည်တွင်းရောင်းလိုအား၏ ၂၄% သာရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။

စားအုန်းဆီ လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးသူများနှင့် လက်လီရောင်းချသူများအနေဖြင့် မူဝါဒအသစ်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကုန်သွယ်မှုမူဝါဒဌာန၏ ဌာနမှူး Mr. Kasanက ပြောကြားခဲ့ပါသည်။

Source: TEMPO.CO, 27 April 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ